မော့ချန်၏အကျပ်အတည်း
Vol. 28 Ch. 416
နန်းတွင်းမှ စေလွှတ်လိုက်သည့် တော်ဝင်သံတမန်က ချန်ယွိအား မြို့တံခါးဖွင့်ပေးရန် မောက်မောက်မာမာ အမိန့်ပေးနေခဲ့သည်။ သူ့နောက်တွင် ဝမ်မိသားစုစစ်တပ်မှ သံချပ်ကာဝတ်တပ်သား ထောင်ပေါင်းများစွာ ရှိနေပြီး သူတို့က မော့ချန်နှင့် ကျင့်ရှီလျိုမြောင်တို့၏ စီမံခန့်ခွဲမှုအာဏာကို ပြန်ရယူရန် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ရှောင်းမိသားစုစစ်တပ်မှ ကြွင်းကျန်ရစ်ခဲ့သည့် စစ်သည်များက သူ့အတွက် လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်နေသည်ဟု ဝမ်ရှန်းချန်က အမြဲလိုလို ခံစားနေရသည်။ သူ၏တော်ဝင်အမိန့်တော်မှာ ရှောင်းမိသားစုစစ်တပ်ကို အပြီးအပိုင် ဖျက်သိမ်းပြီး ဤနေရာ၏အုပ်ချုပ်မှုအာဏာကို ဝမ်မိသားစုစစ်တပ်ဖြင့် အစားထိုးရန် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မူလ ရှောင်းမိသားစုစစ်တပ်မှ စစ်သူကြီးများအားလုံးကို ဖယ်ရှားပြီး မြို့တော်သို့ ပြန်ပို့ရမည်ဖြစ်ကာ ဤနေရာတွင် ရှောင်းမိသားစုစစ်တပ်မှ မည်သည့်ကိုမှ ချန်ထားတော့မည် မဟုတ်ပေ။
တော်ဝင်သံတမန်က ဝမ်ယွိလင်၏စစ်တပ်ထက် နှစ်ရက်စောပြီး ထွက်ခွာလာခဲ့သည်။ ထို့ကြောင့် သူက စူးချင်းနှင့် ကျိရွှေရှန့်တို့၏ အတားအဆီးမှ လွတ်မြောက်သွားခဲ့ပြီး မော့ချန်သို့ စောစောရောက်လာခဲ့ခြင်းပင်။
တော်ဝင်သံတမန်က တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသည့် မြို့တံခါးများကို ကြည့်နေကာ သူ့မျက်နှာကြီးတစ်ခုလုံး မည်းမှောင်နေပြီး မြို့တံခါးအား ဖောက်ဝင်ရန် သူ့စစ်သည်များအား အမိန့်နေပေးခဲ့သည်။ ချန်ယွိက ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားပြီး သူ့လက်နက်ကို တင်းတင်း ဆုပ်ကိုင်ကာ မြိုတံတိုင်းပေါ်တွင် ရှိနေခဲ့သည်။ သူ အပေါ်စီးမှ ငုံကြည့်လိုက်ရာ အောက်ဘက်မှ စစ်တပ်၏ သံချပ်ကာချပ်ဝတ်များနှင့် တောက်ပြောင်နေသည့် လက်နက်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တော်ဝင်သံတမန်က မြို့ထဲသို့ ဝင်ရန် အမိန့်ပေးနေပုံနှင့် မတူဘဲ မော့ချန်ကို တိုက်ခိုက်ရန် ဤနေရာတွင် ရှိနေသကဲ့သို့ဖြစ်နေလေသည်။
တော်ဝင်သံတမန်ကလည်း ချန်ယွိဘက်မှ တံခါးဖွင့်ပေးရန် ငြင်းဆန်ခဲ့ပြီး ချပ်ဝတ်တန်ဆာ ဝတ်ဆင်ကာ လက်နက်ကိုပင် အဆင်သင့် ကိုင်ဆောင်ထားကြောင်း လှမ်းမြင်နေခဲ့သည်။
ချန်ယွိက တော်ဝင်ရုံးတော်ကို ဆန့်ကျင်ချင်နေတာလား? ဒါပေမယ့် သူက ဒီချန်ယွိလောက် အလေးအနက် ထားနေစရာလား? နန်းတွင်းက မော့ချန်ကို လစာတွေ၊ ရိက္ခာတွေ ဒါမှမဟုတ် လက်နက်တွေ ဘာမှ ပေးမထားဘူး။ ဘာမှ မရှိဘဲနဲ့ သူတို့ ဘယ်လောက် စွမ်းဆောင်နိုင်မှာတဲ့လဲ? သူတို့က နန်းတွင်းကို တွန်းလှန်နိုင်မယ်လို့ ထင်နေတာလား? ဒါက မသေခင် ထတောက်တဲ့ မီးတောက်လေးလို နောက်ဆုံးထွက်သက်အတွက် ရုန်းကန်တာပဲ ဖြစ်နိုင်လိမ့်မယ်။
ထို့ကြောင့်လည်း တော်ဝင်သံတမန်က ချန်ယွိကို အထင်သေး အမြင်သေးကြည့်ကာ မထီမဲ့မြင်ဖြင့် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
"ချန်ယွိ၊ မြို့တံခါးကို ဖွင့်ပြီး တော်ဝင်အမိန့်တော်ကို လက်ခံပါ"
“ရယ်စရာကောင်းလိုက်တာ၊ တော်ဝင်အမိန့်တော်တဲ့လား? ဒီချန်ယွိက တာ့ရှားပြည်ထောင်ရဲ့စစ်သည်တစ်ဦးပဲ၊ တာ့ရှားပြည်ထောင်က ဧကရာဇ်ရဲ့တော်ဝင်အမိန့်စာကိုပဲ လေးစားလိုက်နာတယ်၊ သစ္စာဖောက်တစ်ယောက်ရဲ့ အမိန့်ကို ဘယ်လို နာခံရမှာလဲ?"
ချန်ယွိက အေးစက်စွာ နှုာမှုတ်လိုက်ပြီး ကျယ်လောင်စွာ ပြစ်တင်ပြောဆိုလိုက်သည်။ မြို့ရိုးအောက်မှ တပ်ဖွဲများက ကျိုးမင်းဆက်၏အလံကို လွှင့်ထူထားသည့်အတွက် သူက အမိန့်တော်ဟု မသတ်မှတ်နိုင်ကြောင်း တုံ့ပြန်လိုက်သည်။ ထို့ကြောင့် သူက ထိုအမိန့်ကို နာခံမည် မဟုတ်ပေ။
ထို့အပြင် ၎င်းက တာ့ရှားပြည်ထောင်၏ စစ်မှန်သော စစ်တပ်ဖြစ်ခဲ့လျှင်ပင် သူက ၎င်းတို့၏အမိန့်အား နာခံတော့မည် မဟုတ်ပေ။ သူက သူ့သခင်လေးနောက်သို့ လိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
"ချန်ယွိ၊ မင်းက လက်ရှိဧကရာဇ်မင်းမြတ်ကို ကြိမ်းမောင်းရဲတဲ့အထိ ရဲတင်းလွန်းနေတာလား?"
တော်ဝင်သံတမန်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ချန်ယွိကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
“လူတိုင်းက သူပုန်တွေကို သတ်ပိုင်ခွင့်ရှိတယ်”
ချန်ယွိက ခပ်လှောင်လှောင် ပြန်တုံ့ပြန်လိုက်ပြီး ရှောင်းမိသားစုစစ်တပ်ကို ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
“မြို့တံခါးကို တိုက်ခိုက်ရဲတဲ့သူမှန်သမျှကို ချက်ချင်း သတ်ပစ်ကြစမ်း”
တော်ဝင်သံတမန်ကလည်း သူ့နောက်မှ တပ်ဖွဲ့များကို လက်ဝှေ့ယမ်းပြလိုက်ပြီး ဒေါသတကြီး အမိန့်ပေးလိုက်သည်။
“သွားကြစမ်း၊ မြို့တံခါးကို ဖျက်ပြီး ချန်ယွိကို အရှင်လတ်လတ် ဖမ်းခဲ့ကြ”
သူ့စကားသံ ဆုံးသွားသည်နှင့် ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရပြီး သူ့၏အနောက်ဘက်မှ တပ်ဖွဲဝင်များအားလုံး ကမောက်ကမ ဖြစ်နေကာ မီးခိုးငွေ့များ ပြည့်နှက်နေလေသည်။
ထိုအချိန်တွင် နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ပွားခဲ့ပြီး စူးချင်းက သူမထံတွင် ကျန်ရှိနေသော ဖောက်ခွဲရေးပစ္စည်းနှစ်စုံကို ဆက်တိုက်အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ရုတ်တရက်ပေါက်ကွဲမှုကြောင့် စစ်သည်များအားလုံး ပရမ်းပတာ ဖြစ်သွားခဲ့ရသည်။ ကောင်းစွာလေ့ကျင့်ထားသော စစ်မြင်းများပင် ထိုကြီးမားသောပေါက်ကွဲမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းတို့အပေါ်တွင် စီးနင်းလိုက်ပါနေသည့် စစ်သည်များအား မြေပြင်ပေါ်သို့ ခါချလိုက်ပြီး ၎င်းတို့၏ခွာများကို ကောင်းကင်သို့ ဦးတည်ကာ ခပ်မြင့်မြင့် မြှောက်ထားလိုက်ကြသည်။
အရာအားလုံး ပရမ်းပတာ ဖြစ်နေသည့် မြင်ကွင်းက တော်ဝင်သံတမန်၏မျက်နှာက သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
ဘာတွေ ဖြစ်နေတာလဲ? မော့ချန်မှာ လူသတ်လက်နက်ကြီးတော့ မရှိတော့ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?
ချန်ယွိကလည်း သူ့၏သခင်လေးနှင့် စူးချင်းတို့ လူတစ်စုအား ဦးဆောင်ကာ ဝမ်မိသားစုစစ်တပ်အား တိုက်ခိုက်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ့သခင်လေး ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ချန်ယွိ၏ယုံကြည်မှုက သိသိသာသာ တိုးလာခဲ့သည်။ သူက သူ့လက်အောက်ငယ်သားလူကို ကြိုးတံတား လျှော့ချရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး သခင်လေးကို ကြိုဆိုရန် ရှောင်းမိသားစုစစ်တပ်ကို ဦးဆောင်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် မြင်းတစ်ကောင်က တာ့ချန်ဘက်မှ မော့ချန်သို့ ဦးတည်ပြေးလွှားလာခဲ့ပြီး ထိုမြင်းပေါ်တွင် လိုက်ပါလာသူက ကျုံးယုံ ဖြစ်နေခဲ့သည်။ သူက မြို့ဆီသို့ အလျင်အမြန် ချဥ်းကပ်လာပြီး ကျိရွှေရှန့်နှင့် ဘေးချင်းယှဥ်ကာ စတင်တိုက်ခိုက်နေခဲ့သည်။
ကျုံးယုံ၏ ကြီးမားသော ခွန်အားက အကန့်အသတ်မဲ့သော စွမ်းအားဖြစ်နေပြီး သံတူကြီးတစ်စုံ ဖြစ်သွားရာ လမ်းတလျှောက်မှ ဝမ်မိသားစုစစ်သည်များ၏ဦးခေါင်းများ အပိုင်းပိုင်းခွဲခြေခဲနေရသည်။ ကျိရွှေရှန့်၊ စူးချင်း နှင့် ကျုံးယုံတို့က သေမင်းတမန်များကဲ့သို့ ဖြစ်နေပြီး ရဲစွမ်းသတ္တိပြည့်ဝသည်ဟု အမည်ကျော်ကြားခဲ့သော ဝမ်မိသားစုစစ်သည်များပင် သူတို့ကို မတားနိုင်တော့ပေ။
ချန်ယွိကလည်း သူ့လက်အောက်မှ စစ်သည်များကို မြို့ပြင်ထွက်ရန် အမိန့်ပေးလိုက်ပြီး သစ္စာဖောက်များကို သတ်ဖြတ်ရန် သူ့၏သခင်လေးနှင့် ပူးပေါင်းခဲ့သည်။
ဤတိုက်ပွဲက အလွန်ကြေကွဲဖွယ်ကောင်းလှသည်။ ကောလုံကျန်းနှင့် သူ့၏ညီအစ်ကိုများက စစ်ရေးအတက်များ သင်ကြားခဲ့ဖူးခြင်း မရှိပေ။ သူတို့က သူတို့၏ စိတ်အားထက်သန်မှုကြောင့်သာ တိုက်ခိုက်နေကြပြီး သူတို့အဖွဲ့မှ အသေအပျောက် အများဆုံး ဖြစ်နေခဲ့သည်။ သို့သော်လည်း မည်သူမျှ နောက်ဆုတ်သွားခြင်းမရှိဘဲ သူတို့က ဘဝ၏သေခြင်းနှင့် ရှင်ခြင်းကို ကျိရွှေရှန့်နှင့်အတူ ဖြတ်သန်းရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
မော့ချန်တွင် စစ်သည်နှစ်ရာအောက်သာ ရှိသော်လည်း နန်းတွင်းမှ သံချပ်ကာတပ်သား တစ်ထောင်ကျော် စေလွှတ်ခဲ့သည်။ ထို့ကြောင့် ကိန်းဂဏန်း ကွာဟချက်က ကြီးမားနေဆဲ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် စူးချင်းက သူတို့ထဲမှ ပထမတစ်သုတ်ကို အရင်သတ်ပစ်နိုင်ခဲ့သည်။
ကျိရွှေရှန့်နှင့် ကျူံးယုံတို့က ရဲရင့်လွန်းလှပြီး အားမာန်အပြည့်ဖြင့် ဦးဆောင်နိုင်သူများ ဖြစ်သည်။ သူတို့၏ဦးဆောင်မှုအောက်တွင် မော့ချန်မှ စစ်သည်များက သေရန်အဆင်သင့် ပြင်ထားပြီးဖြစ်ကာ ရန်သူကို ရွပ်ရွပ်ချွံချွံ ရင်ဆိုင်တိုက်ခိုက်နေကြသည်။ ထို့ကြောင့် ဤတိုက်ပွဲက ထူးထူးခြားခြား ပြင်းထန်လွန်းနေခဲ့သည်။
စူးချင်းက မော့ချန်မှ စစ်သည်များ မကြောက်မရွံ့ စတေးကြမည်ကို မကြည့်ရက်ပေ။ သူမက သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို စတင်အသုံးပြုခဲ့ပြီး သူမ တစ်ချက်လှုပ်ရုံဖြင့် တစ်ဖက်လူများ အတုံးအရုံး လဲပြိုကုန်ခဲ့သည်။ သူမ၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် မတ်မတ်ရပ်နိုင်ဆဲဖြစ်သည့် ဝမ်မိသားစုစစ်သည်များကိုပါ ထိတ်လန့်စေခဲ့သည်။ သို့သော်လည်း ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များ၏စိတ်ဓာတ်ရေးရာကိုတော့ မြှင့်တင်ပေးနိုင်ခဲ့သည်။ လူတိုင်းက စူးချင်း ပုံစံထုတ်ပေးထားသည့် အဆင့်မြင့်လက်နက်များကို ကိုင်ဆောင်ကာ အော်ဟစ်မာန်သွင်းရင်း ရှေ့သို့သာ ချီတက်နေကြတော့သည်။ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက စူးချင်း၏ တိုက်ခိုက်မှုကြောင့် ခုခံကာကွယ်နိုင်စွမ်းမဲ့ နေခဲ့ပြီး ရှောင်းမိသားစုစစ်သည်များ ပြေးဝင်လာချိန်တွင် စဥ်းတီတုန်းပါ် လည်စင်းပေးထားသလို ဖြစ်နေခဲ့ပြီး အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရနှုန်းက တဟုတ်ထိုး မြင့်တက်သွားတော့သည်။
"မြို့ထဲကို ပြန်ဝင်ကြတော့"
စူးချင်းက သူမတို့ဘက်မှ အသေအပျောက် ရှိမည်ကို စိုးရွံ့နေပြီး သူ့၏တပ်သားများကို မြို့ထဲသို့ ပြန်ဝင်ခိုင်းရန် ချန်ယွိကို လှမ်းအမိန့်ပေးလိုက်သည်။ သူမနှင့် ကျိရွှေရှန့်တို့လည်း တိုက်ပွဲမြေပြင်ကို ဖြတ်ကာ မြို့ဘက်သို့ ပြန်ဆုတ်ခွာလာခဲ့ကြသည်။ စူးချင်းက ရှောင်းမိသားစုစစ်တပ်မှ ဒဏ်ရာရစစ်သည်များအားလုံးကို ပြန်သယ်လာခဲ့ပြီး တစ်ယောက်ကိုမျှ ချန်မထားခဲ့ပေ။
စူးချင်းနှင့် ကျိရွှေရှန့်က အနောက်ဆုံးတွင် ချန်နေခဲ့ကြပြီး အခြားလူများကို မြို့ထဲသို့ အရင်ဝင်စေခဲ့သည်။ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကလည်း မြို့ထဲသို့ လိုက်ဝင်ရန် ကြိုးစားနေကြပြီး စူးချင်းက သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို နောက်တကြိမ် အသုံးပြုခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမတို့ ဘက်မှ လူများ မရှိတော့သောကြောင့် သူမ ဘာကိုမှ ဂရုမစိုက်စရာ မလိုတော့ပေ။ ထို့ကြောင့် သူမက နာကျင်အောင် တိုက်ခိုက်ရုံမဟုတ်တော့ဘဲ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို စတင်တော့သည်။
ဝမ်မိသားစုစစ်တပ်မှ စစ်သည်များ ဆက်တိုက် ပြိုလဲသွားခဲ့သည်။ ချန်ယွိက သူ့သခင်လေးနှင့် စူးချင်းတို့ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေပြီး သူ့တပ်ဖွဲ့ကို ဦးဆောင်နေပြန်သည်။ ဤနှစ်လမ်းသွား ထိုးစစ်ကြောင့် ဝမ်မိသားစုစစ်တပ် လုံးဝ ပြိုလဲသွားရတော့သည်။ ကျန်စစ်သည်များက ထိပ်တိုက် မတိုက်ဝံ့တော့ဘဲ မော့ချန်ကို ဝန်းရံရန် လီအနည်းငယ်အကွာအထိ ပြန်ဆုတ်ခွာသွားခဲ့ကြသည်။
"ရွှေရှန့်၊ ကျင့်ရှီလျိုမြောင်ကို မြန်မြန်သွားတော့၊ ကျွန်မ ဒီမှာ နေခဲ့မယ်"
စူးချင်းက ကျင့်ရှီလျိုမြောင် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေပြီး ကျိရွှေရှန့်အား ကျားတံဆိပ်ကို ယူပြီး ရန်ရှစ်ခွင်းထံသို့ သွားရန် အကြံပြုလိုက်သည်။
“အင်း”
ကျိရွှေရှန့်ကိုယ်တိုင်လည်း စူးချင်း၏တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။ သူမ ရှိနေလျှင် မော့ချန် ဘေးကင်းနေမည်ကိုတော့ သူ အသေအချာ သိနိုင်သေးသည်။ သူလည်း ရန်ရှစ်ခွမ်း တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေမိပြီး ကျင့်ရှီလျိုမြောင်သို့ အမြန်သွားရန် ဆုံးဖြတ်လိုက်သည်။
"ကျုံးယုံ၊ မင်း ရွှေရှန့်နဲ့ လိုက်သွား"
စူးချင်းက ကျိရွှေရှန့်အတွက် စိတ်ပူပြီး သူ့ကို ကာကွယ်ပေးရန် ကျုံးယုံကို လိုက်သွားစေခဲ့သည်။ ကျုံးယုံက ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောဘဲ ကျိရွှေရှန့်နောက်သို့ လိုက်ပါသွားခဲ့သည်။
တကယ်တော့ ဒီနေ့က သူ့အမေအတွက် စက္ကူတွေ မီးရှို့ရမယ့်နေ့ပါ၊ ဒါပေမယ့် မော့ချန်က အန္တာရယ် ကျရောက်နေခဲ့တယ်။ သူ့အတွက်တော့ နောက်မှ သူ့အမေအတွက် စက္ကူတွေ မီးရှို့ပေးပြီး တောင်းပန်လိုက်ရုံပါပဲ။ မော့ချန်နဲ့ သူရဲ့မွေးစားအစ်ကိုကို ကာကွယ်ပေးဖို့က ပိုအရေးကြီးတယ်လေ။
စူးချင်းက မလိုအပ်သည့် စွန့်စားမှုများကို မလုပ်ဘဲ မြို့တံခါးကို ပိတ်ထားရန် ချန်ယွိအား ညွှန်ကြားလိုက်သည်။
ဝမ်မိသားစုစစ်တပ်မှ စစ်သည်များတွင် အဓိကအားဖြင့် တောင်ဘက်မှ စစ်သည်များ ပါဝင်ကြပြီး သူတို့က မြောက်ဘက်မှ အအေးဒဏ်နှင့် နှင်းထူထပ်သော ရာသီဥတုဒဏ်ကို မခံနိုင်ကြပေ။ ထို့ပြင် သူတို့က အမိုးအကာ မရှိဘဲ လေပြင်းများတိုက်ခိုက်နေသည့် တောထဲတွင်သာ နေကြရပြီး ရေခဲတုံးများဖြစ်သည်အထိ အေးခဲမှုကို ခံစားကြရတော့မည် ဖြစ်သည်။ သူတို့ ယူလာသည့် ရိက္ခာခြောက်များ ကုန်သွားမည့်အချိန်ကလည်း သိပ်မကြာနိုင်ပေ။ သူတို့ အမဲလိုက်ချင်လျှင်ပင် နှင်းများပိတ်နေသည့် ဤအချိန်တွင် သားကောင်များက အပြင်ထွက်ခဲလှသည်။ ရက်အနည်းငယ်ကြာအောင် အေးခဲနေပြီး ဆာလောင်နေလျှင် သူတို့က အလွယ်တကူ အသတ်ခံရမည့် သွားမရှိသော ကျားများ ဖြစ်လာပေလိမ့်မည်။
မြို့ထဲသို့ ပြန်ရောက်လာပြီးနောက် စူးချင်းက ဒဏ်ရာရစစ်သည်များကို အရင် ကုသပေးခဲ့သည်။ ကောလုံကျန်း၏ဒဏ်ရာများက ပြင်းထန်နေပြီး သူ့ပါးစပ်ထဲမှ သွေးများအန်ထွက်နေပြီ ဖြစ်သည်။ သူ သေခါနီးပြီဟု သူ ခံစားနေရသော်လည်း သူ လုံးဝ နောင်တ မရပေ။
သူရဲဘောကြောင်တဲ့ဘဝမှာ နေထိုင်ရတာထက် သူရဲကောင်းတစ်ယောက်အနေနဲ့ တိုက်ပွဲမှာ သေရတာက ပိုကောင်းတယ်လေ။
စူးချင်းက သူ့ကို သွေးတိတ်ဆေးတစ်လုံး ပေးခဲ့ပြီး ဒဏ်ရာများကို ပတ်တီးစည်းပေးကာ ကောလုံကျန်း၏အသက်ကို ကယ်တင်ပေးခဲ့သည်။
ကျိရှောင်ယင်၊ လီရွှမ်းအာ၊ ကျန်းယွိရန်နှင့် အခြားသူများကလည်း ပြေးလာပြီး ကူညီပေးနေကြသည်။ ထိုမိန်းကလေးများအတွက် ထိခိုက်ဒဏ်ရာရသူများအား ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်တော့ပေ။ သွေးထွက်သံယို မြင်ကွင်းမျိုး ဖြစ်နေလျှင်ပင် သူမတို့က အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပြီး ဒဏ်ရာများကို ဂရုတစိုက် ကုသပေးနိုင်ကြသည်။
မြို့ပြင်မှ ဝမ်မိသားစုစစ်တပ်ကတော့ ထိုမျှလောက် ကံမကောင်းနိုင်ခဲ့ကြပေ။ စူးချင်း ဖောက်ခွဲပစ်ခဲ့သည့် ဖောက်ခွဲရေးပစ္စည်းက သူတို့ရဲ့စစ်တပ် သမားတော်ကို သတ်ပစ်ခဲ့ပြီး သူတို့ ယူလာသည့် ဆေးဝါးများကိုလည်း လွင့်စင်ပျက်ဆီးစေခဲ့သည်။ ထို့ကြောင့် ဒဏ်ရာရသူများကို ဆေးဝါးမပါဘဲ ပတ်တီးသာ ပတ်ထားပေးရသည်။
ရာသီဥတုက အေးစက်နေပြီး ရေများပင် အေးခဲနေပြီ ဖြစ်သည်။ သူတို့လည်း ဂွမ်းချည်သားအင်္ကျီများကို ၀တ်ဆင်ထားသည့်တိုင် တောင်ပိုင်းမှ စစ်သည်များအနေဖြင့် မြောက်ဘက်မှ လေပြင်းများကို ကျင့်သားမရသေးပေ။ ထို့ကြောင့် ဒဏ်ရာရရှိထားသူက လုံးဝ ခုခံမှုနိုင်စွမ်း မရှိတော့ဘဲ အများစုမှာ အေးခဲပြီး သေဆုံးသွားကြရသည်။
စူးချင်းကတော့ နောက်ရက်အနည်းငယ်ကြာအောင် ဘာမှ မလုပ်ဘဲ နေနေခဲ့သည်။ သူမက ဒဏ်ရာရသူများကို ကုသပေးပြီးခဲ့ပြီး နောက်ပိုင်းတွင် ပန်းပဲဖို၌သာ စတည်းချနေခဲ့သည်။ သူမ ဘာလုပ်နေသည်ကိုတော့ မည်သူမျှ မသိနိုင်ကြပေ။
ညဘက်တွင် မြို့ကို ဝိုင်းရံနေသော ဝမ်မိသားစုစစ်တပ်က အအေးဒဏ်ကို မခံနိုင်တော့ဘဲ အနွေးဓာတ်ရရှိစေရန် မီးပုံများ ဖိုခဲ့ကြသည်။ သို့သော် သူတို့ မီးဖိုပြီးသည်နှင့်တပြိုင်နက် ရန်သူအတွက် တိုက်ရိုက်ပစ်မှတ်များ ပြင်ဆင်ပေးသလို ဖြစ်သွားကာ မြှားများ ပြေးဝင်လာပြန်သည်။
သူတို့ အလွန်ကြောက်လန့်သွားပြီး မီးကို ပြန်ငြိမ်းသတ်ကာ အအေးဒဏ်ကိုသာ ဆက်လက်သည်းခံကြရပြန်သည်။ သုံးရက်အကြာတွင် စူးချင်းက ချန်ယွိကို မြို့တံခါးများ ဖွင့်ခိုင်းပြီး ဝမ်မိသားစုစစ်တပ်အား ဝန်းရံရန် ရှောင်းမိသားစုစစ်တပ်ကို ဦးဆောင်လာခဲ့သည်။