သူ့ကို မေ့ပစ်လိုက်တော့
Vol. 28 Ch. 419
နှစ်ရက်အကြာတွင် စူးချင်းနှင့် ကျိရွှေရှန့်တို့ ကျင့်ရှီလျိုမြောင်သို့ ပြန်ရောက်လာခဲ့ကြသည်။ ကျိရွှေရှန့်နှင့် ရန်ရှစ်ခွမ်းတို့က စစ်စခန်းသို့ သွားကြပြီး စူးချင်းက အိမ်သို့ အရင်ပြန်လာခဲ့သည်။
အိမ်အပြန်လမ်းတွင် သူမတို့မိသားစု၏စားသောက်ဆိုင် ဖွင့်နေပြီကို သူမ မြင်လိုက်ရသည်။ စားသုံးသူများက သူမ ထင်ထားတာသည် ပိုများနေသောကြောင့် စူးချင်းက မြင်းပေါ်မှ ဆင်းကာ ကြည့်ရှုလိုက်မိသည်။ စားပွဲထိုးတစ်ယောက်က သူမကို မြင်သွားပြီး မြင်းကို ကူညီခေါ်သွားပေးရန် အမြန် ရောက်လာခဲ့သည်။ သူက အလွန်သတိထားနေဟန်ဖြင့် သူမကို တလေးတစား ကြိုဆိုခဲ့သည်။
“လူကြီးမင်း၊ အထဲကို ဝင်ပါခင်ဗျ”
စူးချင်းက သူမ မည်သူဖြစ်သည်ကို မဖော်ထုတ်ဘဲ စားပွဲထိုးနောက်မှ စားသောက်ဆိုင်ထဲသို့ လိုက်ဝင်သွားခဲ့သည်။ သူမ အထဲသို့ ရောက်သွားချိန်တွင် သူမတို့မိသားစုမှ အိမ်တော်ထိန်းကြီးက ဆိုင်ရှင်အဖြစ် တာဝန်ယူထားကာ အလုပ်ရှုပ်နေသည်ကို သူမ မြင်လိုက်ရသည်။
“သခင်မလေး”
အိမ်တော်ထိန်းက စူးချင်း စားသောက်ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်သွားပြီး သူ့ပေသီးကို အလျင်အမြန် ချလိုက်ကာ သူမကို နှုတ်ဆက်ရန် ရောက်လာခဲ့သည်။ သူက စူးချင်းကို အပြုံးဖြင့် ကြိုဆိုလိုက်ပြီး စားသောက်ဆိုင်၏ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ပြသလိုက်သည်။
“သခင်မလေး၊ ကြည့်ပါဦး ညနေစောင်းတာတောင် လူတွေ လာနေတုန်းပဲ။ ဒီရက်ပိုင်း ဆိုင်ဖွင့်ပြီးကတည်းက နေ့တိုင်း လူပြည့်နေတာလေ၊ ကျွန်တော်တို့ရဲ့ကျန်းနန်ချွမ်နဲ့ ပါးဝမ်စွေ့တောင် ကုန်ပစ္စည်းပြတ်တောက်တော့မယ်၊ သခင်မလေးလွမ်နဲ့ သူ(မ)ရဲ့လက်အောက်ငယ်သာတွေ အရက်ချက်ဖို့ အချိန်ပို လုပ်နေကြပေမယ့် မလုံလောက်သေးဘူး”
"အင်း၊ မဆိုးဘူး"
စူးချင်းက ခေါင်းညိတ်လိုက်သည်။
အရက်ချက်စက်ရုံကို ပိုချဲ့ရတော့မယ် ထင်တယ်။ မဟုတ်ရင် တာ့ထန်က အမှာစာတွေကို မပို့နိုင်တဲ့အပြင် စားသောက်ဆိုင်အတွက်တောင် လုံလောက်မှာ မဟုတ်တော့ဘူး။
"အစ်မဝမ်းကွဲ?"
လွမ်ဟုန်က လူအချို့ကို ခေါ်ကာ အရက်စည်များပို့ရန် စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။ သူမ တံခါးထဲသို့ ဝင်သွားချိန်တွင် ဝမ်းကွဲအစ်မ၏နောက်ကျောကို တွေ့လိုက်ရသောကြောင့် အလောတကြီး ပြေးသွားလိုက်သည်။
"မင်း ကိုယ်အလေးချိန်တောင် ကျသွားတယ်၊ အရမ်း ပင်ပန်းနေပြီလား?"
စူးချင်းက နောက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ဝမ်းကွဲညီမလေးကို ချက်ချင်း မမှတ်မိနိုင်လုနီးပါး ဖြစ်သွားရသည်။ သူမတွင် ဝိုင်းစက်သော မျက်နှာလေး ရှိခဲ့ဖူးသော်လည်း ယခု သူမ၏ ကိုယ်အလေးချိန် အများကြီး ကျသွားသောကြောင့် သူမ၏မျက်နှာက ဘဲဥပုံသဏ္ဍာန်နှင့် ဖြစ်သွားခဲ့သည်။ သူမ၏မျက်ဝန်းများက ယခင်ကထက် ပို၍ ကျယ်လာပုံရသည်။
ကျိရှောင်ယင်က သူမ၏မွေးစားအမေကြောင့် ကိုယ်အလေးချိန် ကျသွားခဲ့ခြင်းဖြစ်ကာ လွမ်ဟုန်ကတော့ ပင်ပန်းနွမ်းနယ်မှုကြောင့် ကိုယ်အလေးချိန် လျော့ကျသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမကလည်း ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးမျှသာ ဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးအားလုံးကို သူမ၏ပခုံးပေါ်တွင် တင်မထားသင့်ပေ။
“မပင်ပန်းပါဘူး”
လွမ်ဟုန်၏မျက်လုံးပြူးပြူးလေးများက ကယ်တင်ရှင်အား ကြည့်နေသည့် ပုံစံဖြင့် စူးချင်းကို ကြည့်နေကာ သူမ၏ မျက်ဝန်းများတွင် စိုးရိမ်ရိပ်လေးများ ရောထွေးနေခဲ့သည်။ သို့သော် စားသောက်ဆိုင်ထဲတွင် ဧည့်သည်များ များလွန်းနေသဖြင့် သူမ စူးချင်းကို မေးခွန်းများ မမေးနိုင်သေးပေ။ ထို့ကြောင့် သူမက သူမ၏ဝမ်းကွဲအစ်မကို မည်သူမှ မရှိသော အရပ်သို့ ခေါ်သွားနိုင်ရန် အကြောင်းပြချက်ရှာလိုက်သည်။
“အစ်မဝမ်းကွဲ၊ ဒုတိယအဒေါ်က အစ်မကို အရမ်းလွမ်းနေပြီ။ ကျွန်မတို့ မြန်မြန် အိမ်ပြန်ကြမယ်!"
“အင်း”
စူးချင်းက အလွယ်တကူ သဘောတူလိုက်ပြီး အိမ်တော်ထိန်းကို နှုတ်ဆက်လိုက်သည်။
"ကျွန်မတို့ အရင် ပြန်နှင့်မယ်"
"သခင်မလေး ဂရုစိုက်ပါ"
အိမ်တော်ထိန်းက စူးချင်းကို အလွန် လေးလေးစားစား ပြောဆိုဆက်ဆံလေ့ရှိသည်။
စူးမိသားစုအနေနဲ့ သူတို့ရဲ့မိသားစုကို ပြန်လည်တည်ဆောက်နိုင်ခဲ့တာက သခင်မလေးရဲ့ ကျေးဇူးတွေကြောင့်ပါ။ သခင်မလေးက သူ့အသက်ကို ကယ်တင်ဖို့ အန္တရာယ်တောထဲကိုတောင် တိုးဝင်ခဲ့ရသေးတယ်။ အဲ့ဒါကြောင့် သူက စူးမိသားစုနဲ့ သခင်မလေးအပေါ် သစ္စာစောင့်သိမယ်လို့ ကျိန်ဆိုထားပြီးပြီ။
စူးချင်းက လွမ်ဟုန်နှင့်အတူ စားသောက်ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။ စားပွဲထိုးက တာ့ဟေးကို စူးချင်းထံသို့ ချက်ချင်း ပြန်ခေါ်လာပေးခဲ့ပြီး လွမ်ဟုန်က စားပွဲထိုးကို ဝှေ့ယမ်းပြလိုက်ကာ "မင်းရဲ့အလုပ်နေရာကို ပြန်သွားလို့ ရပြီ!"
စူးချင်းက သူမကို တစ်ချက် ကြည့်လိုက်ပြီး လွမ်ဟုန်ထံတွင် ပြောစရာ တစ်ခုခု ရှိနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူမကပဲ စတင် မေးမြန်းလိုက်သည်။
"တစ်ခုခု ဖြစ်နေလို့လား?"
“အစ်မဝမ်းကွဲ၊ သခင်လေးချူ ပျောက်နေတယ်။ သူ ဘယ်ရောက်သွားလဲဆိုတာ အစ်မ သိလား?"
ချူကျင်းဖုန်း အဖမ်းခံရခြင်းအား မည်သူ့ကိုမျှ အသိပေးထားခြင်းမရှိဘဲ လျှို့ဝှက်ထားသောကြောင့် သူ မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူမျှ မသိခဲ့ကြပေ။
ချူကျင်းဖုန်း၏ကျေးကျွန်များက စူးအိမ်တော်သို့ပင် သွားရောက်ရှာဖွေခဲ့ကြပြီး ချူကျင်းဖုန်း ပျောက်ဆုံးနေကြောင်း သိပြီးသည့်နောက်တွင် လွမ်ဟုန်က အိပ်မပျော်နိုင်ဖြစ်နေကာ ထမင်းလည်း ကောင်းကောင်းမစားနိုင်တာ့ပေ။ သူမက သူ အန္တရာယ်ကျရောက်မည်ကို စိုးရိမ်နေပြီး သူမအတွက် ကူညီပေးမည့်သူကိုလည်း မရှာနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူမ၏အစ်မဝမ်းကွဲက စွမ်းအားကြီးမှန်း သိနေသောကြောင့် သခင်လေးချူကို ရှာတွေ့ရန် စူးချင်းအား အကူအညီ တောင်းချင်နေခဲ့သည်။
"ငါ မင်းကို သူနဲ့ အဆက်အသွယ် မလုပ်ဖို့ မပြောခဲ့ဘူးလား?"
စူးချင်းက လွမ်ဟုန်၏မေးခွန်းကို မဖြေဘဲ မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။ လွမ်ဟုန်က ချူကျင်းဖုန်း၏လုံခြုံရေးကို အမှန်တကယ် စိုးရိမ်နေခဲ့ပြီး စူးချင်းနှင့် စကားပြောသည့်အခါ သူမကိုယ်သူမ မထိမ်းချုပ်နိုင်တော့ပေ။
“သခင်လေးချူရဲ့ကျေးကျွန်တွေက အိမ်တော်ကို ရောက်လာပြီး သူ ပျောက်ဆုံးနေတယ်လို့ ပြောကြတယ်။ သခင်လေးချူက ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တယ်လေ။ အစ်မဝမ်းကွဲ၊ သူ့ကို ရှာကြရအောင်!"
"မင်း သူ့ကို မတွေ့သင့်တော့ဘူး၊ သူ့ကို မေ့ပစ်လိုက်တော့"
စူးချင်းက လွမ်ဟုန်ကို ထပ်ပြောခွင့်မပေးဘဲ အေးစက်စွာ ငြင်းဆိုလိုက်သည်။
သူမ ချူကျင်းဖုန်းကို မချစ်ဖို့ သူမရဲ့ဝမ်းကွဲလေးကို သတိပေးခဲ့တယ်။ ဒီကောင်မလေးက ဘာကြောင့် သူမရဲ့စကားကို နားမထောင်တာလဲ?
"အစ်မဝမ်းကွဲ?"
လွမ်ဟုန်က စူးချင်းကို ထပ်တောင်းပန်ရန် ပြင်လိုက်သော်လည်း စူးချင်း၏ အေးစက်သောအကြည့်များကြောင့် သူမ အလွန်ထိတ်လန့်သွားကာ သူမ၏စကားများကို ပြန်မျိုချလိုက်သည်။ သို့သော် သခင်လေးချူ တစ်ခုခု ဖြစ်ခဲ့သည်ဟု သူမ အိပ်မက်မက်ခဲ့သောကြောင့် သူမ၏နှလုံးသားထဲတွင် မီးတောက်နေသလို ခံစားနေရသည်။
"အိမ်ပြန်ကြရအောင်"
စူးချင်းက သူမကို ဆက်ပြောခွင့်မပေးတော့ပေ။ လွမ်ဟုန်ကတော့ သူမ၏အစ်မဝမ်းကွဲက အကြင်နာမဲ့ပြီး သွေးအေးလွန်းသည်ဟု ခံစားနေမိသည်။ ထို့ကြောင့် သူမက ဒေါသတကြီးဖြင့် ခြေစောင့်ကာ ဒေါသအလျောက် ပြန်ပြောလိုက်မိသည်။
“မပြန်ဘူး၊ ကျွန်မ မပြန်ဘူး။ ကျွန်မ သူ့ကို သွားရှာချင်တယ်"
စူးချင်းထံတွင် ဤနာခံမှုမရှိသောဝမ်းကွဲကို ချော့ရန် စိတ်ရှည်သည်းခံမှုများ ရှိမနေခဲ့ပေ။ သူမက လွမ်ဟုန်၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ရထားလုံးပေါ်သို့ တွန်းတင်လိုက်ပြီး ရထားထိန်းကို ရထားလုံး မောင်းခိုင်းလိုက်သည်။
"သွားတော့"
ရထားထိန်းကလည်း အလွန်ထိတ်လန့်နေပြီး ကြာပွတ်ကို ကမန်းကတန်း ဝှေ့ယမ်းကာ ရထားလုံးကို မောင်းနှင်သွားတော့သည်။ လွမ်ဟုန်က ဒေါသတကြီးဖြင့် ရထားလုံး၏ကန့်လန့်ကာကို မတင်လိုက်ပြီး စူးချင်းအား လှမ်းအော်နေပြန်သည်။
"အစ်မဝမ်းကွဲ၊ အစ်မက အရမ်း အနိုင်ကျင့်လွန်းတယ်"
စူးချင်းက သူမကို အေးစက်စွာ စိုက်ကြည့်နေသောကြောင့် လွမ်ဟုန်က သူမ၏နှုတ်ခမ်းများ စူထော်လာသည်အထိ ပြန်အော်ဟစ်ပြီးမှ ရထားလုံး၏ကန့်လန့်ကာကို ပြန်ချလိုက်ကာ သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့သည်။
လွမ်ဟုန်၏ငိုသံကို ကြားလိုက်ရသောကြောင့် စူးချင်း မျက်မှောင်ကြုတ်သွားရပြန်သည်။
ဒီချူကျင်းဖုန်းကလည်း လူယုတ်မာပဲ။ သူမရဲ့ဝမ်းကွဲညီမလေး စိတ်ထင်ရာစိုင်လောက်တဲ့အထိ စွဲလမ်းနေအောင် ပြူစားခဲ့သေးတယ်။
ချူကျင်းဖုန်းရဲ့ဇာတိရုပ် အမှန်ကို လွမ်ဟုန် မြင်အောင် ဘယ်လို လုပ်ပေးရမလဲ?
စူးချင်းက ထိုအရာများကအား ဖြေရှင်းရမည်ကို စိတ်အညစ်ဆုံး ဖြစ်သည်။
အရင်တုန်းကတော့ သူမတစ်ယောက်တည်း နေခဲ့ပြီး ဘာကိုမှ မစဉ်းစားတတ်ခဲ့ဘူး။ သူများတွေရဲ့ခံစားချက်ကိုလည်း ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ အခုတော့… ဘယ်လောက်တောင် ဒုက္ခတွေ များလိုက်သလဲ?
ကံကောင်းထောက်မစွာဖြင့် လွမ်ဟုန်က ခဏတာ ဝုန်းဒိုင်းကြဲခြင်းသာ ဖြစ်ပြီး အိမ်သို့ ပြန်ရောက်ချိန်တွင် သူမက ဘာမှမဖြစ်ခဲ့သလို မျက်ရည်များကို သုတ်လိုက်သည်။ ရထားလုံးပေါ်မှ ထွက်လာပြီးနောက် သူမ၏အသံက အနည်းငယ် တိုးဝင်နေသည့်တိုင် သူမက စူးချင်းကို တောင်းပန်ခဲ့သေးသည်။
“အစ်မဝမ်းကွဲ၊ ခုမှ ကျွန်မ ဒေါသထွက်သွားလို့ပါ။ စိတ်မဆိုးပါနဲ့နော်”
လွမ်ဟုန်က အမှားတစ်ခုခု လုပ်မိသည့် ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်ကို မြင်လိုက်သောကြောင့် စူးချင်း၏နှလုံးသားက ချက်ချင်းပျော့ပျောင်းသွားပြီး နူးညံ့သောလေသံဖြင့် ပြန်ပြောလိုက်သည်။
"ငါ စိတ်မဆိုးပါဘူး"
"ဒါဆို ကျွန်မ အရက်ချက်ရုံကို သွားလိုက်ဦးမယ်"
သူမ၏အစ်မဝမ်းကွဲကို ပြန်တောင်းပန်ပြီးနောက် လွမ်ဟုန်က အရက်ချက်ရုံသို့ သွားချင်ကြောင်း ပြောလိုက်သည်။ စူးချင်းက သူမ၏အတွေးသေးသေးလေးများကို မြင်နိုင်ခဲ့သော်လည်း ဘာမှ ထုတ်မပြောတော့ဘဲ ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်သည်။
"အင်း၊ ခနနေမှ အတူတူ သွားကြမယ်"
လွမ်ဟုန်ကတော့ အနည်းငယ် စိုးရိမ်နေမိသည်။ အမှန်တကယ်တွင် သူမက စူးချင်းအား အကြောင်းပြချက်ပေးနေဖြင်း ဖြစ်ကာ ချူကျင်းဖုန်း၏သတင်းကို စုံစမ်းရန် ချူအိမ်တော်သို့ သွားရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
"အထဲဝင်ကြမယ်"
စူးချင်းက သူမကို အကြောင်းပြချက် ရှာခွင့်မပေးတော့ဘဲ အိမ်နောက်ဘက်သို့ ဆွဲခေါ်သွားလိုက်သည်။
အစေခံများက ဥယျာဉ်ထဲမှ နှင်းများကို ရှင်းလင်းနေကြသည်။ လွမ်ဟုန်နှင့် စူးချင်းတို့ကို တွေ့သောအခါ သူမတို့ကို သခင်မလေးဟု တလေးတစား ခေါ်ဝေါ်နှုတ်ဆက်လိုက်ကြသည်။ အစေခံများကို ပြန်ကြည့်လိုက်သည့် စူးချင်း၏ အကြည့်က ဓားကဲ့သို့ စူးရှထက်မြက်နေသောကြောင့် အစေခံများက သူမကို မကြည့်ရဲတော့ဘဲ အလျင်အမြန် ခေါင်းပြန်ငုံ့လိုက်ကြသည်။
“အစ်မဝမ်းကွဲ ဘာဖြစ်လို့လဲ”
လွမ်ဟုန်က သူမ၏အစ်မဝမ်းကွဲ ကျေးကျွန်များအား အေးစက်စွာ ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သို့သော် ထိုလူများက ဘာအမှားမှ မလုပ်ထားကြပေ။
အစ်မဝမ်းကွဲက ဘာတွေလုပ်နေတာလဲ? အာဏာပြချင်နေတာလား?
"ဘာမှ မဖြစ်ဘူး"
စူးချင်းက သူမအကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ခပ်အေးအေး ပြန်ဖြေလိုက်သည်။ သို့သော် သူမက ထိုကျေးကျွန်များကို ပြန်ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်သည်။
ဒီအစေခံနဲ့ ကျေးကျွန်တွေ ရှာဖွေဖို့ ကူညီပေးခဲ့တဲ့သူက ချူကျင်းဖုန်းလေ။ အခု သူက ဟာဆာတိုင်းပြည်ရဲ့မင်းသားဖြစ်နေပြီး ယုတ်မာတဲ့ ရည်ရွယ်ချက်တစ်ခုခုကြောင့် ကျင့်ရှီလျိုမြောင်မှာ သူကိုယ်သူ ဖုန်းကွယ်ပြီး နေထိုင်နေခဲ့တာလေ။ သူမနဲ့ ရင်းနှီးဖို့ ကြိုးစားခဲ့တာလည်း အကြောင်းအရင်း ရှိနိုင်တယ်။ သူ စီစဉ်ပေးထားတဲ့ ကျေးကျွန်တွေကြားထဲမှာ သူလျှိုတွေ မရှိဘူးလို့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။
စူးချင်းက သူမ၏မိဘများနှင့် အဒေါ်၏မိသားစု အန္တရာယ်ကျရောက်နိုင်သည်ကို တွေးလိုက်မိပြီး ထိတ်လန့်သွားရသည်။
“သခင်”
ရှောင်-ဖက်တီးလေး-ချီက နောက်ထပ် ထပ်ဝလာပြန်ပြီး စူးချင်းဆီသို့ ခြေတိုတိုလေးများဖြင့် ပြေးလာနေခဲ့သည်။ သူမက အန္တာတိကရှိ ပင်ဂွင်းလေးတစ်ကောင်ကဲ့သို့ ချစ်စဖွယ် လူးလွန့်နေလေသည်။
"နင် ထပ်ဝလာပြန်ပြီလား?"
စူးချင်း အောက်သို့ ငုံ့လိုက်ပြီး ရှောင်ချီကို ကောက်ပွေ့လိုက်သည်။
ဒီအကောင်ငယ်လေးက အနည်းဆုံး ၁၀ ပေါင်လောက် တက်လာတာပဲ။ အစားအသောက်တွေကို ဘယ်လောက်တောင် စားနေလဲ မသိဘူး။
“သခင်၊ ရှောင်ချီ သခင်ကို အရမ်းလွမ်းတယ်"
ရှောင်-ဖက်တီးလေး-ချီက နှုတ်ခမ်းစူထားပြီး စူးချင်းကို သနားစဖွယ် ကြည့်နေခဲ့သည်။
ရှောင်ချီရဲ့သခင်က ရှောင်ချီကို အမြဲတမ်း ဘေးဖယ်ထားခဲ့တယ်။ ရှောင်ချီက သနားစရာအကောင်းဆုံး စနစ်ကလေးပါပဲ။
“....”
ရှောင်ချီ၏ ဒရမ်မာများနှင့် ရင်ဆိုင်လိုက်ရသောကြောင့် စူးချင်း၏မျက်နှာသေပေါ်မှ အေးစက်စက် မျက်ဝန်းများတွင် အပြုံးရိပ်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ ရှောင်ချီက ထက်မြက်လွန်းပြီး ထိုအရိပ်ကလေးကို အမိအရဖမ်းနိုင်ခဲ့သည်။ သူမကလည်း ပြုံးလိုက်ပြီး "သခင်ကလည်း ရှောင်ချီကို လွမ်းနေတယ်မလား? ရေးးးးး!"
စူးချင်းက ရှောင်ချီကို မျက်နှာလွှဲလိုက်သည်။
သူမ ရှောင်ချီကို ဆက်မကြည့်နိုင်တော့ဘူး။ အခု ရှောင်ချီက နေရောင်ခြည်ထက်တောင် တောက်ပနေသေးတယ်။
"ချင်းအာ ပြန်လာပြီ"
ယန်ရူရွှယ်က သူ့အစ်မနှင့်အတူ ခြံဝင်းထဲမှ နှင်းများကို ကြည့်ရန် ရှားရှားပါးပါး ရောက်လာခဲ့ခြင်း ဖြစ်သည်။ စူးချင်းနှင့် လွမ်ဟုန်တို့ အနောက်ဘက်ခြံဝင်းသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသောကြောင့် ယန်ရူရွှယ်က ချက်ချင်း ပျော်ရွှင်သွားပြီး သူမ၏သမီးလေးဆီသို့ လျှောက်လာခဲ့သည်။
“အမေ၊ အဒေါ်”
စူးချင်းက ရှောင်ချီကို မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်ပြီး သူမ၏အမေနှင့် အဒေါ်တို့ကို နှုတ်ဆက်လိုက်သည်။
"ချင်းအာ၊ သမီး ပင်ပန်းနေပြီလား? ဗိုက်ဆာနေလား? အမေ မီးဖိုချောင်ကို အရသာရှိတာ တစ်ခုခုချက်ပေးဖို့ သွားပြောခိုင်းလိုက်ရမလား?”
ယန်ရူရွှယ်က သူမ၏သမီးလေးအတွက် ကောင်းကင်မှ ကြယ်များကို ခူးယူပေးချင်သူ ဖြစ်ပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
"အမေ၊ အဖေ ဘယ်မှာလဲ? သမီး အမေတို့ကို ပြောစရာရှိတယ်"