ဝမ်းကွဲညီမ ပျောက်သွားပြီ
Vol. 28 Ch. 420
“သမီးအဖေနဲ့ ဦးလေးက အရက်ချက်ရုံကို သွားကြတယ်လေ။ အရက်ချက်ရုံကို တိုးချဲ့ချင်တယ်လို့ သူတို့ ပြောနေတာကို အမေ ကြားတယ်”
သူမ၏သမီးလေးက ဖခင်ဖြစ်သူကို ရှာနေမှန်း သိလိုက်ရသောကြောင့် ယန်ရူရွှယ်က ခင်ပွန်းဖြစ်သူ ရှိနေသည့်နေရာကို အမြန်ပြောပြလိုက်သည်။
“ဒါဆို သမီး သွားကြည့်လိုက်ဦးမယ်"
စူးချင်းထံတွင်လည်း ထိုအစီအစဉ် ရှိနေခဲ့ပြီး သူမ၏အဖေက သူမထက် ရှေ့တစ်လှမ်းသာနေခဲ့မည်ဟုတော့ စူးချင်း မမျှော်လင့်ထားခဲ့ပေ။
သူမရဲ့အဖေက တကယ်ကို စီးပွားရေးသမားပီသလွန်းတယ်၊ သူက စီးပွားရေးအခွင့်အလမ်းကို ဘယ်လိုဆုပ်ကိုင်ရမှန်း သေချာပေါက် သိနိုင်လွန်းတယ်။
"အိုး? သမီး အခုမှ ပြန်ရောက်တာလေ"
ယန်ရူရွှယ်က သူမ၏သမီးလေးကို စကားနည်းနည်းလေးပင် မပြောရသေးဘဲ သူမ၏သမီးက ပြန်ထွက်သွားရန် ပြင်နေသောကြောင့် သူမ မကျေမနပ် ဖြစ်နေခဲ့သည်။
"သမီး ခဏပဲ သွားပြီး ပြန်လာမှာပါ"
စူးချင်းက မိခင်ဖြစ်သူ၏ တွန့်ဆုတ်မှုကို မြင်သွားခဲ့ပြီး သူမက တာဝန်မကျေသည့် သမီးတစ်ဦးဖြစ်နေကြောင်း ခံစားမိသွားခဲ့သည်။
သူမ သူမရဲ့မိသားစုကို ပြန်အသိအမှတ်ပြုပြီးကတည်းက အမေ့ရဲ့အနားမှာ သုံးရက်ကြာအောင်တောင် မနေခဲ့ဘူး။ သူမ ရောက်လာတိုင်း အလျင်အမြန် ပြန်ထွက်သွားတတ်ပြီး အမေရဲ့နှလုံးသားကို ဒဏ်ရာတွေပဲ ပေးနေမိတယ်။
“အမေ သမီးနဲ့အတူ လိုက်ခဲ့လို့ရမလား?"
ယန်ရူရွှယ်က အတွင်းဆောင်တွင်သာ နေထိုင်ပြီး အိမ်၏အတွင်းပိုင်းကိစ္စများကို စီမံဆောင်ရွက်တတ်သူ ဖြစ်သည်။ သူမ စီးပွားရေးကိစ္စများကို စိတ်မဝင်စားသော်လည်း သမီးဖြစ်သူနှင့် အတူရှိနေချင်သောကြောင့် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
ဘယ်လောက် ပျင်းရိစရာကောင်းတဲ့နေရာပဲဖြစ်ဖြစ် သူမရဲ့သမီးလေးနဲ့ အတူရှိနိုင်နေသရွေ့ သူမ ပျော်နေမှာပါ။
“ရပါတယ်၊ အမေ လိုက်ခဲ့လေ”
စူးချင်းက သူမ၏အမေကို မငြင်းရက်သောကြောင့် လိုက်ခွင့်ပြုလိုက်သည်။ ထို့အပြင် သူမ၏အမေကိုလည်း သတင်းကောင်းလေး နားထောင်စေချင်သေးသည်။
“ငါလည်း လိုက်မယ်”
ယန်ရုပင်းကတော့ အရက်ချက်စက်ရုံသို့ ပထမဆုံးအကြိမ် သွားခြင်းမဟုတ်ပေ။ သူမက သူမ၏သမီးဖြစ်သူကို စိတ်ပူသောကြောင့် ထိုနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးနေပြီ ဖြစ်သည်။ သို့သော်လည်း ယနေ့တွင် သူမ၏တူမလေး ပြန်ရောက်နေသောကြောင့် ပျော်ပျော်ပါးပါး အတူတူ သွားလိုခြင်းဖြစ်သည်။
“ကောင်းတာပေါ့!”
စူးချင်းက အပြုံးလေးဖြင့် သဘောတူလိုက်ပြီး လွမ်ဟုန်ကို လှည့်ကြည့်လိုက်ရာ လွမ်ဟုန်က မရှိတော့ပေ။ သူမတို့ စကားပြောနေတုန်း လွမ်ဟုန် တိတ်တဆိတ် ထွက်သွားပုံရပြီး သူမ ဘယ်သွားနေသည်ကို မှန်းဆလိုက်မိသောကြောင့် စူးချင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။
လွမ်ဟုန်က သူမ ထင်ထားတာထက် ပိုနက်နက်နဲနဲ ပျော်ဝင်နေပုံရတယ်။
"အယ်? လွမ်ဟုန် ဘယ်မှာလဲ? အခုန သမီးနဲ့အတူ ရောက်လာတာမဟုတ်ဘူးလား?"
ယန်ရုပင်းကလည်း သူမ၏သမီး မရှိတော့သည်ကို သတိပြုမိသွားခဲ့သည်။ သူမက စူးချင်း၏အနောက်သို့ ကြည့်လိုက်ပြီး သူမဘာသာ ရေရွတ်လိုက်သည်။
“…”
စူးချင်းက လွမ်ဟုန် ချူကျင်းဖုန်းအတွက် အရူးလိုဖြစ်နေသည့်အကြောင်း သူမ၏အဒေါ်ကို မပြောရက်ပြန်ပေ။ သူမက နောက်ပိုင်းမှ လွမ်ဟုန်နှင့် စကားပြောရန် အခွင့်အရေးတစ်ခုရှာရမည်ဟုသာ တွေးလိုက်တော့သည်။
သို့သော်လည်း လွမ်ဟုန်က လေထုထဲတွင် ပျောက်ကွယ်သလို ပျောက်ဆုံးသွားခဲ့ပြီး ညအချိန်ရောက်ပြီးသည့်တိုင် သူမ ပြန်မလာနိုင်ဖြစ်နေလိမ့်မည်ဟုတော့ စူးချင်း မမျှော်လင့်ထားခဲ့ပေ။
သူမ၏အမေနှင့် အဒေါ်တို့ အတူတူ လိုက်ပါလာသောကြောင့် စူးချင်းက မြင်းမစီးတေ့ဘဲ ရထားလုံးဖြင့်သာ လိုက်ပါလာခဲ့သည်။ သူမ လမ်းတစ်လျှောက်လုံး ပြေးလွှားလာခဲ့ရပြီး ယခုမှ သူမ ကောင်းကောင်း အနားယူနိုင်ခဲ့သည်။ စူးချင်းက မိခင်၏ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံစားနေရင်း အလိုလိုက်ခံရသည့် ကလေးလေးတစ်ဦးကဲ့သို့ ပြူမူနေခဲ့သည်။
စူးချင်း မိခင်ဖြစ်သူကို ယခုကဲ့သို့မှီနွဲ့နေခြင်းက ပထမဆုံးအကြိမ် ဖြစ်ပြီး ယန်ရူရွှယ်၏ မျက်လုံးများထဲတွင် အေးချမ်းသည့်မေတ္တာအငွေ့အသက်များ ပြည့်လျှံနေလေသည်။ ယန်ရူရွှယ်က သူမ၏အဖိုးတန်သမီးလေးကို ချစ်မြတ်နိုးစွာ ကြည့်နေခဲ့ပြီး သမီးဖြစ်သူ၏ အေးစက်သော လက်လေးကို ကိုင်လိုက်မိချိန်တွင်တော့ သူမ၏နှလုံးသားက နာကျင်သွားပြန်သည်။
"ချင်းအာ၊ သမီးရဲ့လက်တွေ အရမ်းအေးတယ်။ အမေ နွေးအောင် လုပ်ပေးမယ်"
စူးချင်းကလည်း မငြင်းဆန်ခဲ့ပေ။ မိခင်ဖြစ်သူ၏လက်များက ဝါဂွမ်းကဲ့သို့ နူးညံ့ပျော့ပျောင်းနေပြီး အနွေးမီးဖိုလေးကဲ့သို့ ပူနွေးနေလေသည်။ စူးချင်းက ဤနွေးထွေးသောအခိုက်အတန့်ကို အပြည့်အဝ ကျေနပ်ခံစားနေခဲ့သည်။
သူမ အချိန်အတော်ကြာ တိုက်ပွဲနဲ့ နပန်းလုံးပြီး တိုက်ခိုက်သတ်ဖြတ်တာတွေကိုပဲ လုပ်ခဲ့ရတယ်။ ဒါပေမယ့် သူမက ဒီလိုရိုးရှင်းတဲ့ ပျော်ရွှင်မှုလေးတွေကို နှစ်သက်တာပါ။
မကြာမီ ရထားလုံးက အရက်ချက်ရုံ၏အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာက အလုပ်ရုံ တိုးချဲ့ရန် မလုံလောက်သောကြောင့် စူးဟန်ရွှမ်နှင့် လွမ်ချင်းရှန်တို့က အိမ်နီးနားချင်းများကို သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံတိုးချဲ့ရန်အတွက် တခြားသူများ၏အိမ်များကို စျေးကြီးပေးကာ ဝယ်ယူနေခဲ့ကြသည်။
သူတို့ မိသားစုသုံးစုနှင့် ညှိနှိုင်းပြေလည်သွားပြီ ဖြစ်သော်လည်း ကျန်မိသားစုနှစ်စုက စူးဟန်ရွှမ်တို့ အိမ်များ ဝယ်ယူချင်နေသည်ကို အခွင့်ကောင်းယူကာ တမင်တကာ ဈေးတိုးတောင်းနေခဲ့ကြသည်။ သူတို့က ကာလပေါက်ဈေးထက် ငါးဆ ပိုမြင့်သည့်ငွေကို တောင်းဆိုနေခဲ့ကြသည်။ သူတို့မိသားစုနှစ်စုကို ပေးလိုက်လျှင် ကျန်မိသားစုသုံးစုက သူတို့ နစ်နာသည်ဟု ထင်ကာ ပိုက်ဆံထပ်တောင်းလာမည်ကို တွေးမိကြောင့် စူးဟန်ရွှမ်တို့ကလည်း သူတို့၏တောင်းဆိုမှုကို မလိုက်လျောနိုင်ကြပေ။
စူးချင်းနှင့် ယန်ရူရွှယ်တို့ ရောက်ရှိသွားချိန်တွင် ထိုမိသားစုနှစ်စုနှင့် ဆွေးနွေးမှု ပြီးဆုံးခါစအချိန်ဖြစ်ပြီး စူးဟန်ရွှမ်တစ်ယောက် အလွန်ဒေါသထွက်နေကာ သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေလေသည်။
ဒီမိသားစုနှစ်စုက ဘာလို့ ဒီလိုစိတ်ပျက်စရာကောင်းတဲ့စကားတွေကို ပြောနေကြတာလဲ? အခုတာ့ ငါးဆကတောင် မလုံလောက်တော့ဘူးတဲ့။ ဆယ်ဆပေးရမယ်ဆိုပဲ။ ဒါက အိမ်နောက်ဖေးမှာ မီးလောင်နေတုန်း အိမ်ရှေ့ကနေ အချောင်ဝင်နှိုက်တာ မဟုတ်ဘူးလား?
စူးချင်းက ရထားလုံးပေါ်မှ အရင် ခုန်ဆင်းလိုက်ပြီး သူမ၏အမေနှင့် အဒေါ် ရထားလုံးပေါ်မှ ဆင်းနိုင်ရန် ကူညီပေးဖို့ နောက်ပြန်လှည့်လိုက်သည်။ ထိုအချိန်တွင် သူမ၏အဖေနှင့် ဦးလေးတို့က အရက်ချက်ရုံ၏ဘေးအိမ်မှ အုံ့မှိုင်းသောမျက်နှာများဖြင့် ထွက်လာသွားသည်ကို သူမ မြင်လိုက်ရသည်။
"အဖေ၊ ဦးလေး"
စူးချင်းက သူတို့ကို လှမ်းခေါ်လိုက်ပြီး သူ့သမီးလေး၏အသံကို ကြားလိုက်ရချိန်တွင် စူးဟန်ရွှမ်၏မျက်နှာက ချက်ချင်း ပြုံးသွားပြီး သူ့ဒေါသများက ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။
"ချင်းအာ... သမီး ဘယ်တုန်းက ပြန်ရောက်တာလဲ? ဘာလို့ အနားမယူဘဲ ဒီကို ရောက်လာရတာတုန်း”
“အဖေ၊ သမီး အိမ်ပြန်ရောက်ရောက်ချင်း အဖေ ဒီမှာ ရှိနေတယ်လို့ အမေက ပြောခဲ့တယ်။ သမီး အဖေ့ကို တွေ့ဖို့ လိုက်လာခဲ့တာ"
စူးချင်းက သူမ၏အမေကို ကူတွဲပေးရင်း အရက်ချက်ရုံ၏ခြံဝင်းထဲသို့ ဝင်လာကာ အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ ခြံထဲတွင် ကောက်နှံများ စုပုံနေပြီး ကုန်ကြမ်းများကို ကောင်းစွာ ပြင်ဆင်ထားပုံရာ အလုပ်ရုံ၏ မီးခိုးခေါင်းတိုင်ကလည်း မီးခိုးငွေ့များ လျှံထွက်နေပြီး အရက်ချက်နေကြပုံပေါ်သည်။
"ဘာလို့ ခဏလောက် မနားရတာလဲ?!"
စူးဟန်ရွှမ်က သူ့သမီးလေးနှင့်အတူ ခြံဝင်းထဲသို့ လိုက်ဝင်လာခဲ့သည်။ သို့သော် လမ်းခရီးကြောင့် ပင်ပန်းနွမ်းနယ်နေမည့် သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေဆဲပင်။
ဒီကောင်မလေးက ဘာလို့ ဒီလောက်တောင် ခက်ခက်ခဲခဲ အလုပ်ကြိုးစားနေရတာလဲ? ယောက်ျားတွေတောင် ဒီလို ခရီးကြမ်းကို မခံနိုင်ဘူး။ ပြီးတော့ သူမရဲ့လုပ်ငန်းကလည်း တာ့ထန်အထိတောင် ခြေဆန့်ပြီးနေပြီ။ သူမရဲ့စီးပွားရေးတွေကိုလည်း ကြည့်လိုက်ဦး။ ဧကရာဇ်နဲ့ တော်ဝင်မင်းသားတဲ့၊ သူ့သမီးလေးက ဒီလောက် အရှိန်အဝါကြီးနေတော့ သူတောင် ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်နေမိတယ်။
ဒါတောင်မှ သူ့သမီးလေးက မိန်းခလေးတစ်ယောက် ဖြစ်နေလို့နော်၊ တကယ်လို့ သူ့သမီးလေးသာ ယောက်ျားတစ်ယောက်ဖြစ်နေခဲ့ရင် သူမက ဒီတိုင်းပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေလောက်ပြီ။
စူးချင်းကတော့ သူမ၏ဖခင် တွေးနေသည့်အတွေးများကို မသိနိုင်ခဲ့ပေ။ သူမက သူမ၏မိခင်ကို ကူတွဲထားပေးရင်း အရက်ချက်နေသည့် အလုပ်သမားများကို လိုက်ကြည့်နေခဲ့သည်။ ဤအလုပ်သမားများကို စူးဟန်ရွှမ်ကိုယ်တိုင် ရွေးချယ်ခေါ်ယူထားခဲ့ခြင်း ဖြစ်ပြီး အများစုက ကျင့်ရှီလျိုမြောင်သို့ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များ ဖြစ်သည်။ ထို့ကြောင့် သူတို့က ဤအလုပ်ကို မြတ်နိုးကြပြီး ကြည့်ကြည့် မကြည့်ကြည့် အလုပ်ကိုသာ ကြိုးကြိုးစားစား လုပ်နေခဲ့ကြသည်။
သူတို့သူဌေး ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင်တော့ သူတို့က ပိုအားတက်သွားကာ အလုပ်ကို ပိုကြိုးစားကြတော့သည်။ ဖားဖိုကို ဆွဲသူကပင် မီးဖိုထဲသို့ ကျောက်မီးသွေးများ ထပ်ထည့်လိုက်ပြီး ဖားဖိုကြီးကို ကြိုးစားပမ်းစား ဆွဲနေလေသည်။
“ချင်းအာ၊ အဖေတို့ဘက်ကနေ ပို့ပေးရမယ့် ပမာဏက ထုတ်နိုင်တာထက် ပိုများနေပြီ။ အဲ့ဒါကြောင့် အဖေက ဒီအလုပ်ရုံကို တိုးချဲ့ဖို့ စီစဥ်ထားတယ်၊ ဒီနားက အိမ်တွေ အကုန်လုံးကို ဝယ်ဖို့လည်း တွေးထားပြီးပြီ”
စူးဟန်ရွှမ်က သူ့ စီစဥ်ထားသမျှ သူ့သမီးလေးကို ပြောပြနေပြီး စူးချင်းက အပြုံးလေးဖြင့် အေးအေးချမ်းချမ်း နားထောင်နေခဲ့သည်။
သူမကို မသိတဲ့သူတွေကတော့ သူမက ချမ်းသာတဲ့မိသားစုက နူးညံ့သိမ်မွေ့တဲ့ မိန်းမပျိုလေးလို့ပဲ ထင်ကြမှာပေါ့။ အခုလို အချိန်မျိုးဆိုရင်တော့ သူမမှာ ရက်စက်တတ်တဲ့ တစ်ဖက်ခြမ်းရှိနေလို့ လိုက်ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။
“အဖေ၊ သမီးလည်း အဖေ့လို့ပဲ တွေးထားတယ်။ တာ့ထန်ဘက်ကလည်း တဖြည်းဖြည်းနဲ့ အမှာစာတွေ ပိုများလာနိုင်တယ်။ စားသောက်ဆိုင်ရဲ့စီးပွားရေးကလည်း အရမ်းကောင်းနေတော့ ထုတ်လုပ်မှုကို အမီလိုက်မှရတော့မယ်"
အစပိုင်းတွင် အလုပ်ရုံက စားသောက်ဆိုင်၏အနောက်ဘက်ခြံတွင် ရှိခဲ့သော်လည်း စူးဟန်ရွှမ်က ဤမျှကြီးမားသောဝယ်လိုအားကို ကြိုတွေးနိုင်ခဲ့ပြီး လုပ်ငန်းချဲ့ထွင်ရန်အတွက် ဤနေရာကို ကြိုဝယ်ထားခဲခြင်း ဖြစ်သည်။ သူက အလွန်ရဲရင့်သော စီးပွားရေးသမားစစ်စစ် ဖြစ်သည်။
“အဖေက ဒီအနီးနားက အိမ်သုံးလုံးကို ဝယ်ပြီးပြီ။ သူတို့ ပြောင်းရွေ့ပြီးတာနဲ့ ခြံဝန်းတွေကို အကုန်ပြန်ပေါင်းပြီး အရက်စည်တွေ သိုလှောင်ဖို့ မြေအောက်ခန်းတွေ စတူးတော့မယ်”
စူးဟန်ရွှမ်က သတင်းကောင်းသာ ပြောနေခဲ့ပြီး သတင်းဆိုးကိုတော့ ဖုံးအုပ်ထားလိုက်သည်။ မိသားစုနှစ်စုက သူတို့၏အိမ်များကို ရောင်းချရန် ငြင်းဆိုနေကြောင်း စူးချင်းကို မပြောပြခဲ့ပေ။
"အရမ်း ကောင်းတယ်"
စူးချင်းက အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်ပြန်သည်။ သူမက အဖေဖြစ်သူနှင့် စကားပြောနေရင်း အလုပ်လုပ်နေသည့် အလုပ်သမားများကို လိုက်ကြည့်နေခဲ့သည်။ ထိုအလုပ်သမားများကလည်း သူမကို တိတ်တဆိတ် ပြန်ကြည့်နေကြသည်။
ဒါက စူးမိသားစုရဲ့ အကြီးဆုံးသမီးလား? သူမက အရမ်းလှတယ်။
စူးချင်းက ပတ်ပတ်လည်ကို အကဲခတ်နေခဲ့ပြီး သံသယဖြစ်ဖွယ်ကောင်းသည့် မည်သူကိုမျှ မတွေ့ရပေ။ အရက်ချက်ရုံက အလွန်အရေးကြီးပြီး အကယ်၍ သူလျှိုတစ်ဦးက နည်းပညာကို ခိုးယူရန် ဝင်ရောက်လာပါက သို့မဟုတ် အဆိပ်ခတ်ရန် ခိုးဝင်လာပါက ၎င်းက ကြီးမားသောကိစ္စ ဖြစ်လာလိမ့်မည်။
"ပြန်သွားကြရအောင်!"
ယန်ရူရွှယ်က အတွင်းဆောင်တွင်သာ နေထိုင်လေ့ရှိသေ အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်သည်။ ယခု အလုပ်သမားများ၏ ရင်ဘတ်ဗလာ ခန္ဓာကိုယ်များကို မြင်တွေ့လိုက်ရသောကြောင့် သူမ၏မျက်နှာက နီရဲသွားပြီး မိန်းမများ မကြည့်သင့်ဟု ယူဆကာ သမီးဖြစ်သူကိုပါ ဆွဲခေါ်နေခဲ့သည်။
ယန်ရုပင်းက ညီမဖြစ်သူထက် ပိုပွင့်လင်းသည်။ ထိုသို့မဟုတ်လျင်လည်း လွမ်ဟုန် နေ့တိုင်းနေ့တိုင်း အလုပ်သွားနေသည်ကို သူမ ခွင့်ပြုခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် သူမက ဤမြင်ကွင်းကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပြီး ညီမဖြစ်သူ ပြန်ထွက်သွားချိန်တွင်လည်း သူမက အေးအေးဆေးဆေး ပြန်လိုက်သွားခဲ့သည်။
သူမတို့ ခြံဝင်းထဲသို့ ပြန်ရောက်လာချိန်တွင် သူမက သူမ၏ခင်ပွန်း လွမ်ချင်းရှန်ကို တွေ့သွားပြီး သူ့ကို လှမ်းမေးလိုက်သည်။
"ချင်းရှန်၊ လွမ်ဟုန်ကို တွေ့သေးလား?"
"သူ(မ)က အရက်စည်တွေ ပို့ပေးဖို့ စားသောက်ဆိုင်ကို သွားတယ်လေ"
လွမ်ချင်းရှန်က ပြုံးလိုက်ပြီး သမီးဖြစ်သူ၏ အရည်အချင်းရှိမှုကို ဂုဏ်ယူနေဟန်ဖြင့် သူ့ဇနီးကို ပြောပြလိုက်သည်။
“မဟုတ်သေးဘူး။ သူ(မ) ချင်းအာနဲ့ အိမ်ကို ပြန်လာပြီးပြီ၊ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်း ပြန်ပျောက်သွားတယ်။ သူ(မ) ဒီကို ရောက်နေလို့ ကျွန်မ ထင်နေတာ"
ယန်ရုပင်းက အနည်းငယ် စိုးရိမ်သွားပြီး သူမ၏ညာဘက်မျက်ခွံက တစ်စုံတစ်ခု ဖြစ်ပျက်သွားသလို တုန်ခတ်လာခဲ့သည်။
ဇနီးဖြစ်သူ စိတ်ပူနေသည်ကို မြင်လိုက်သောကြောင့် လွမ်ချင်းရှန်က ခပ်မြန်မြန် ထပ်ပြောလိုက်သည်။
"ရှင်မ စိတ်ပူနေဖို့ မလိုလောက်ပါဘူး။ ဟုန်အာက စားသောက်ဆိုင်ကို ပြန်သွားနေတာလည်း ဖြစ်နိုင်ပါတယ်”
“သွားကြည့်ရအောင်။ ကျွန်မ ဘာလို့ ဒီလောက် စိတ်မသက်မသာဖြစ်နေတာလဲ?"
ယန်ရုပင်းက စိတ်ပူနေဆဲဖြစ်ကာ သူမ၏ခင်ပွန်းကို အမြန်ဆွဲခေါ်လိုက်သည်။
စူးချင်းက သူမ၏မိဘများအား သူမနှင့် ကျိရွှေရှန့်အကြောင်း ပြောပြရန် ပြင်ဆင်လိုက်သော်လည်း သူမ၏အဒေါ်ဖြစ်သူက သူမ၏ဦးလေးအား စိုးရိမ်တကြီး ဆွဲခေါ်သည်နေကို သူမ မြင်လိုက်ရသည်။ သူမ လှည့်ပတ်ကြည့်ခဲ့သောကြောင့် လွမ်ဟုန် အလုပ်ရုံတွင် မရှိသည်ကို သူမ တွေးမိသွားခဲ့သည်။
အဒေါ်ဖြစ်သူ အလွန်အမင်း စိုးရိမ်နေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သူမ၏မိဘများကို ခွင့်တောင်းလိုက်သည်။
"အဖေနဲ့ အမေ၊ သမီး ခဏလောက် အပြင်သွားလိုက်ဦးမယ်"
"ထပ်ပြီး သွားဦးမှာလား?"
ယန်ရူရွှယ်က သူမ သမီး၏လက်လေးကို အလျင်စလို ဆုပ်ကိုင်လိုက်ပြီး လွှတ်ပေးရန် ငြင်းဆန်နေသောကြောင့် စူးချင်းတစ်ယောက် ထပ်ရှင်းပြနေရပြန်သည်။
"သမီး လွမ်ဟုန်ကို သွားရှာချင်လို့ပါ"
လွမ်ဟုန် ဘယ်သွားလဲဆိုတာကို သူမ ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် သူမရဲ့အဒေါ်နဲ့ ဦးလေးကိုတော့ မပြောချင်ဘူး။ အဲ့တော့ သူမဘာသာပဲ သွားရှာရတော့မယ်...