အလောတကြီး လိုက်ဖမ်းခြင်း
Vol. 28 Ch. 406
"စစ်သည်တို့... သူတို့ နောက်ကို လိုက်သွားပြီး စစ်ဆေးကြည့်ကြစမ်း"
ဝမ်တဲလုံက စူးချင်းနှင့် ကျိရွှေရှန့်တို့၏နောက်သို့ လိုက်ရန် လူများ စေလွှတ်ဖို့ မြို့စောင့်တပ်ဖွဲ့မှူးကို အမိန့်ပေးခဲ့သည်။ သူက မြို့ရိုးပေါ်တွင် ရှိနေပြီး ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း ကျိရွှေရှန့်၏နောက်ကျောကို မြင်လိုက်ရခြင်းက သူ့အတွက် မိတ်ဆွေဟောင်းတစ်ယောက်ကို သတိရသွားစေခဲ့သည်။
သူ စိတ်သက်သက်သာသာ နေနိုင်ဖို့ဆိုရင် ဒီအဲ့လူ သေမှဖြစ်မယ်။
“ဟုတ်ကဲ့”
မြို့စောင့်တပ်ဖွဲ့မှူးက လက်သီးအုပ်ကာ အမိန့်ကို နာခံကြောင်း တုံ့ပြန်လိုက်သည်။ သူက လူတစ်စုကို ခေါ်ကာ မြို့တံခါး ဖွင့်ပေးလိုက်ပြီး တံခါးပေါက်မှ အလျင်အမြန် ထွက်စေကာ စူးချင်းနှင့် ကျိရွှေရှန့်တို့ ထွက်ခွာသွားသည့်လမ်းကြောင်းအတိုင်း လိုက်ခိုင်းလိုက်သည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က မြင်းကိုယ်စီဖြင့် ခရီးဆက်နေပြီး အနောက်မှ ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ကြရသည်။
“ရှေ့က လူတွေ စစ်ဆေးစရာရှိတယ်၊ ရပ်လိုက်ကြစမ်း”
စူးချင်း လှည့်ကြည့်လိုက်ရာ ဝမ်မိသားစုစစ်တပ်မှ သံချပ်ကာဝတ် စစ်သည်တစ်ဒါဇင်ကျော်က မြင်းများဖြင့် သူမတို့ နောက်မှ လိုက်လာနေသည်ကို တွေ့လိုက်ရသည်။
ကျိရွှေရှန့်ကလည်း မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ပြီး သူ့၏ကျားမျက်ဝန်းသဏ္ဍန်မျက်လုံးထဲမှ အမုန်းတရားများ ထွက်ပေါ်လာသည်။ စူးချင်းက သူမ၏အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။
"သူတို့ကို သတ်မှာလား"
"အင်း... မင်း အရင်သွားနှင့်၊ ကိုယ် သူတို့ကို ရှင်းလိုက်မယ်"
ကျိရွှေရှန့်က မြင်းကို ထိန်းထားရင်း သူ့အဖေ၏ လွမ်တောင်ကို ထုတ်ယူလိုက်သည်။
အခုတော့ ဝမ်မိသားစုစစ်တပ်က လူတွေရဲ့သွေးတွေနဲ့ ကောင်းကင်ဘုံမှာ ရှိနေတဲ့ သူ့ဖခင်ရဲ့ဝိညာဉ်ကို ယဇ်ပူဇော်ရမယ့်အချိန် ရောက်လာပြီ။
“အတူတူ တိုက်ရအောင်။ ဒါကို တက်နိုင်သမျှ အမြန်အဆုံးသတ်ကြမယ်"
စူးချင်းက အချိန်မဖြုန်းချင်တော့ဘဲ သူမ၏မြင်းကို ကျိရွှေရှန့်၏မြင်းနှင့် ဘေးချင်းကပ် ရပ်လိုက်သည်။ ထို့နောက် သူမက သူမတို့ဆီသို့ ချဉ်းကပ်လာနေသည့်အဖွဲ့ကို မျက်နှာသေဖြင့် စိုက်ကြည့်နေကာ သူမ၏မျက်လုံးများက အေးစက်ပြီး ရက်စက်ကြမ်းကြုတ်မှုများ လျှံထွက်နေလေသည်။ သူမ၏မျက်ဝန်းထဲတွင် ထိုလူများက သေလူများသာ ဖြစ်နေခဲ့သည်။
“ကောင်းပြီလေ”
ကျိရွှေရှန့်က သဘောတူလိုက်သည်။ သူက ဝမ်မိသားစုစစ်တပ်မှ လူများကို သူ့လက်ဖြင့် ကိုယ်တိုင်သတ်ချင်သော်လည်း စူးချင်းက သူ၏ဇနီးလောင်း ဖြစ်ပြီး ယခု သူတို့က သူတို့၏အဖေအတွက် အတူတူလက်စားချေနိုင်တော့မည် ဖြစ်သည်။
ဝမ်မိသားစုစစ်တပ်မှ လူများကလည်း မောက်မာသူများဖြစ်ကြကြီး သူတို့က ဝမ်ယွိလင်မှ လွဲ၍ အခြားမည်သူ့ကိုမျှ မျက်စိထဲမထားတတ်ကြပေ။ ယခုလည်း သူတို့က စူးချင်းနှင့် ကျိရွှေရှန့်ကို သားသတ်ရုံမှ သိုးငယ်လေးများကို ကြည့်နေသည့်အကြည့်မျိုးဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့် ထိုလင်မယားက အရှုံးပေးပြီး ဒူးထောက်ကာ သနားခံ တောင်းပန်လာကြလိမ့်မည်ဟု သူတို့ ထင်နေကြသည်။
"စစ်သည်တို့၊ သူတို့ကို ဖမ်းပြီး ကြိုးတုတ်ထားလိုက်"
အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသည့်စစ်သည်က သူ့နောက်မှ စစ်သည်များကို လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်ပြီး ကျိရွှေရှန့်နှင့် စူးချင်းကို အေးစက်စွာ ကြည့်နေလေသည်။ ဆိုလိုသည်မှာ သူကိုယ်တိုင် ဖမ်းရန်ပင် မထိုက်တန်ဘူးဟု ပြောနေသယောင်ဖြစ်နေခဲ့သည်။
"မင်း အရင်လာခဲ့!"
ကျိရွှေရှန့်က သူ့၏လွမ်တောင်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ဓားသွားက ရိပ်ခနဲ လက်လာကာ သတ်ဖြတ်ခြင်းရောင်ဝါတစ်ခု ပျံ့နှံ့လာခဲ့သည်။ သူ့စကားမဆုံးခင်မှာပင် ကျိရွှေရှန့်က တစ်ဖက်မှ ခေါင်းဆောင်ဆီသို့ တိုးဝင်သွားပြီ ဖြစ်သည်။
စူးချင်းက သူမ၏လက်ထဲတွင် လက်နက် မရှိသောကြောင့် သူမက တာ့ဟေး၏ဗိုက်တစ်ဝိုက်ကို သူမ၏ခြေထောက်များကို ဖိညှစ်လိုက်သည်။ တာ့ဟေးက သခင်ဖြစ်သူ၏အမိန့်ကို နားလည်နိုင်ပြီး နောက်လိုက်စစ်သည်များကို သူ့မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေလေသည်။ စူးချင်းက သူမ၏ ကြာပွတ်ကို ဝှေ့ယမ်းကာ အနီးဆုံးစစ်သည်ထံမှ သံမဏိဓားကို လုယူလိုက်သည်။ သူမက ဓား၏လက်ကိုင်ကို ကြာပွတ်ဖြင့်ပတ်ကာ လှမ်းဆွဲလိုက်ပြီး တချိန်တည်းမှာပင် တစ်ဖက်မှ ဓားသွားက စစ်သည်တစ်ချို့၏လည်ပင်းများကို ဖြတ်တောက်ပြီးသား ဖြစ်နေခဲ့သည်။
နှစ်ပေါင်းများစွာ စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့သည့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များခမျာ ရှောင်တိမ်းရန် အခွင့်အရေးပင် မရလိုက်ပေ။ ရှေ့တန်းမှ စစ်သည်သုံးယောက် လည်ပင်းများ ပြတ်တောက်သွားပြီး နေရာအနှံ့သွေးများ ပြန့်ကျဲသွားသည်။ သူတို့၏ အလောင်းများက မြင်းပေါ်မှ ပြုတ်ကျသွားပြီး ကျန်စစ်သည်များ အားလုံး ထိတ်လန့်သွားကြသည်။
ဒါက ဘယ်လို သိုင်းပညာမျိုးလဲ? သူမက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ?
စစ်သည်သုံးဦးကို သတ်ပြီးနောက်တွင်လည်း စူးချင်းက မရပ်တန့်ခဲ့ပေ။ သူမက သူမ၏ ကြာပွတ်ကို ထပ်ဝှေ့ယမ်းလိုက်ပြီး သံမဏိဓားက လေထဲသို့ ပျံတက်လာပြန်သည်။ တုံ့ပြန်မှု မြန်ဆန်သော စစ်သည်တချို့က တိုးဝင်လာသော ဓားကို ပိတ်ဆို့ရန် သူတို့၏လက်နက်များကို လျင်မြန်စွာ ထုတ်ယူခဲ့သော်လည်း စူးချင်း၏ခွန်အားက များလွန်းနေသောကြောင့် သူတို့၏ လက်နက်များကို တုန်ခါကာ လွှင့်ထွက်သွားခဲ့သည်။
စူးချင်းက မျက်စိတစ်မှိတ်အတွင်း စစ်သည်လေးငါးခြောက်ယောက်ကို သတ်ပစ်လိုက်ပြီ ဖြစ်သည်။ သူမက လူမရှိသောတိုင်းပြည်ထဲသို့ ဝင်ရောက်သွားသလိုမျိုး ဝမ်မိသားစုစစ်တပ်မှ လူများထဲသို့ တိုးဝင်ကာ သူတို့၏ခေါင်းများကို ဖြုတ်ချနေခဲ့သည်။
စူးချင်းတစ်ယောက် ထောင်ပေါင်းစုံမှလူများအား သတ်ဖြတ်နေချိန်တွင် ကျိရွှေရှန့်ကလည်း စစ်သည်ခေါင်းဆောင်ကို ဖြေရှင်းပြီး ဖြစ်သည်။ ထို့နောက် သူက ထွက်ပြေးရန်ပြင်နေသော စစ်သည်များကို တားဆီးရန် မြင်းစီးရင်း သူ့ဓားကို ဝှေ့ယမ်းနေကာ သူ့မြင်းဖြတ်သွားရာ လမ်းတစ်လျှောက် ခေါင်းပြတ်များ ပြုတ်ကျလာတော့သည်။
ကျိရွှေရှန့်နှင့် စူးချင်းတို့က ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြပြီး သူတို့က သတ်ဖြတ်ခြင်းနတ်ဘုရားနှစ်ပါးနှင့် ဆင်တူနေကာ ထိုစစ်သည်များအားလုံးကို ငရဲသို့ ပို့ပေးလိုက်ကြသည်။
ခဏအကြာတွင် မာနထောင်လွှားနေသည့် စစ်သည်များ အားလုံး သူတို့လက်ချက်ဖြင့် သေဆုံးသွားတော့သည်။
စူးချင်းက တွင်းတူးရန်ပင် ပျင်းလွန်းသောကြောင့် အလောင်းပျော်ဆေးမှုန့်ကို ထုတ်ကာ အလောင်းများအား ချက်ချင်း ဖျောက်ဖျက်ပစ်လိုက်သည်။
ဝမ်မိသားစုစစ်တပ်မှ လူများ သူတို့နောက်သို့ နောက်တစ်ကြိမ် ထပ်လိုက်လာမည်ကိုလည်း သူမတို့က လုံးဝ ဂရုမစိုက်တော့ပေ။ သူတို့က မြင်းကိုယ်စီဖြင့် လော့ချန်သို့ ခရီးဆက်ခဲ့ကြသည်။
ထိုနေရာတွင် ကျန်နေသည့် မြင်းများက ၎င်းတို့၏သခင်များကို ဆုံးရှုံးခဲ့ရသည်တိုင် စစ်မြင်းများ ဖြစ်နေသောကြောင့် သူတို့ဘာသာ ကျင့်ချန်သို့ ပြန်သွားကြသည်။ ဝမ်တဲလုံက ထိုစုံတွဲအား စစ်ဆေးမေးမြန်းရန် စောင့်ဆိုင်းနေဆဲဖြစ်သော်လည်း သူ စေလွှတ်လိုက်သည့် လူများ တစ်ဦးတစ်ယောက်မျှ ပြန်မရောက်လာနိုင်ဖြစ်လိမ့်မည်ဟုတော့ သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
စစ်မြင်းတွေ ပြန်ရောက်လာပေမယ့် လူတွေ ပြန်ပါမလားဘူးဆိုတော့ ဆိုလိုတာက သူတို့သေပြီ။
“နောက်ထပ် လူတွေ ခေါ်ပြီး ထပ်လိုက်သွားစမ်း”
ဝမ်တဲလုံက သူ တွေ့လိုက်သည့် အမျိုးသားက ရှောင်းဟမ်နှင့် ပတ်သတ်နေနိုင်သည်ဟူသော သူ့၏ခန့်မှန်းချက်ကို ထပ်လောင်း အတည်ပြုနိုင်ခဲ့ပြီး နှောင့်နှေးမနေဝံ့တော့ဘဲ ချက်ချင်း ထပ်လိုက်သွားရန် အမိန့်ပေးလိုက်သည်။ သူက မြို့ထဲသို့ ပြေးဆင်းပြီး သူ့ဦးလေးအား သတင်းပေးရန်အတွက် စခန်းသို့ ပြန်သွားခဲ့သည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က ထိူလူများ သူတို့နောက်မှ ဆက်လိုက်လာမည်ဟု ခန့်မှန်းထားပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့က စိတ်ရှုပ်စရာများကို ဖယ်ချရန် လမ်းမကြီးများပေါ်မှ ဆင်းလာခဲ့ကြပြီး လမ်းသေးသေးလေးများကို ရွေးကာ ခရီးဆက်ခဲ့ကြသည်။ သူတို့ ထွက်ပြေးလာစဥ်က ရှာတွေ့ခဲ့သော လမ်းသေးသေးလေးများ ရှိနေသောကြောင့် အဆင်ပြေသွားခဲ့သည်။
ညရောက်လာချိန်တွင် ကျိရွှေရှန့်နှင့် စူးချင်းတို့က တောင်ပေါ်ဘုရားကျောင်းတစ်ခုတွင် အနားယူနေခဲ့ကြသည်။ ထိုတောင်ပေါ်ဘုရားကျောင်းက သူတို့ ထွက်ပြေးလာစဥ်က နောက်ဆုံး တည်းခိုခဲ့သည့် နေရာဖြစ်ပြီး နှစ်ယောက်သား နေရာဟောင်းကို ပြန်ရောက်လာကြခြင်းပင်။
ကျိရွှေရှန့်က သူ့အတွက် နေ့ရောညပါ ခရီးသွားနေခဲ့ရသော စူးချင်းအတွက် စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် သူက ယောက်ျားတစ်ယောက်၏တာဝန်ကို ယူကာ ထင်းရှာရန်နှင့် အမဲလိုက်ရန် သွားနေခဲ့ပြီး စူးချင်းကို တောင်ပေါ်ဘုရားကျောင်းတွင် အနားယူစေခဲ့သည်။
စူးချင်းကလည်း သူမ အနည်းငယ် ပင်ပန်းနေသလို ခံစားနေရသောကြောင့် သူမ၏ခေါင်းအား တိုင်ကို မှီထာရင်း မှေးနေခဲ့သည်။ သူမ အိပ်ပျော်ခါနီးတွင် သစ်ကိုင်းကျိုးကျသံတစ်ခုကို ကြားလိုက်ရသောကြောင့် စူးချင်းက သူမ၏မျက်လုံးများကို ချက်ချင်း ပြန်ဖွင့်လိုက်သည်။
ထို့နောက် စူးချင်းက မတ်တပ်ထရပ်လိုက်ပြီး ဘုရားကျောင်း၏အဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ခန်းမ၏အ၀င်ဝသို့ ရောက်သောအခါ အသက်ရှုသံနှင့်အတူ ပေါ့ပါးသော ခြေသံများ အများအပြား ထွက်ပေါ်လာသည်။ လူတစ်စုက တောင်ပေါ်ဘုရားကျောင်းကို တိတ်တဆိတ် ဝိုင်းရံထားပုံရပြီး သူမ၏ခေါင်းပေါ်ရှိ ကြွေပြားများမှပင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စူးချင်းက အပေါ်သို့ မော့ကြည့်လိုက်ပြီး ခေါင်မိုးပေါ်သို့ တက်လာသည့်လူကို တွန်းချရန် သူမ၏လက်ကို မြှောက်လိုက်သည်။
ထိုလူက ဝမ်မိသားစုစစ်တပ်၏စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ ပြုတ်ကျသွားသည်နှင့် သူက အချက်ပြရန် လေချွန်လိုက်ပြီး အပြင်မှ လူများက အိမ်ထဲသို့ မြှားများ ပစ်သွင်းလာကြသည်။
စူးချင်းက ထိုနေရာမှ ခုန်ထွက်ကာ ထိုလူကို ဖမ်းဆွဲလိုက်ပြီး သူမအတွက် ဒိုင်းတစ်ခုအဖြစ် အသုံးပြုလိုက်သည်။
သူတို့ အချင်းချင်း မြှားနဲ့ပစ်တာက သူမအတွက် အရှုံးမရှိဘူးလေ။
"အား အား!"
ခဏအကြာတွင် အပြင်ဘက်မှ အော်ဟစ်သံများနှင့် လက်နက်ချင်းထိသံများ ထွက်ပေါ်လာပြန်သည်။ စူးချင်းက ခေါင်မိုးပေါ်သို့ ခုန်ဆင်းတက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ တောင်ပေါ်ဘုရားကျောင်းက အမှန်တကယ် ဝိုင်းရံခံထားရသည်။ ကျိရွှေရှန့်က ဘုရားကျောင်းဆီသို့ အမြန် ပြန်ပြေးလာပြီး ထိုဝိုင်းရံထားသည့် လူများထဲသို့ ပြေးဝင်ကာ စတင်သတ်ဖြတ်နေခဲ့သည်။
ဤလူများက သူမတို့ ခုနက သတ်ခဲ့သည့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များထက် ပိုကျွမ်းကျင်ကြောင်း စူးချင်း နားလည်လိုက်သည်။ သူတို့ထံတွင် ဖွဲ့စည်းပုံတစ်ခု ရှိနေပြီး လူအနည်းငယ်က ကျိရွှေရှန့်ကို ဝိုင်းရံထားကာ သူ့ကို ပိတ်လှောင်ရန် ဗျူဟာခင်းကျင်းမှုပုံစံကို အသုံးပြုနေကြသည်။
ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် စူးချင်းက သူမ၏လေးကို စနစ်ထဲမှ ထုတ်ယူကာ သူတို့ကို အပေါ်စီးမှ ချိန်ရွယ်ထားလိုက်သည်။ သူမက ကျိရွှေရှန့်၏မြှားနှစ်ပြိုင်ထက် ပိုပြင်းထန်သော မြှားသုံးစင်းကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်သည်။
မြှားများက လေတိုးသံများနှင့်အတူ ထိုလူများ၏ ဦးခေါင်းများကို ဖောက်ဝင်နေပြီး အလောင်းများ မြေပြင်တွင် ပိုပို များလာသည်ကို တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်က သူ့အတွက် ကွက်လပ်တစ်ခု ရှာတွေ့သွားကာ သူ့ကို ဝိုင်းထားသည့်လူများအား သတ်ပစ်လိုက်သည်။
ထိုလူများက သူတို့ကို သတ်ရန် ရည်ရွယ်ချက်ရှိရှိ ရောက်လာပုံရသောကြောင့် ကျိရွှေရှန့်၏လွမ်တောင်နှင့် စူးချင်း၏လေးနှင့်မြှားက အဆက်မပြတ် လှုပ်ရှားနေကာ ရန်သူကို မညှာမတာ တုံ့ပြန်သတ်ဖြတ်နေခြင်းပင်။ မြေပြင်ပေါ်၌ အလောင်းများ ပိုများလာချိန်တွင် လူအချို့က မီးကျဥ်ဖောက်ကာ အချက်ပြပြီး အကူအညီ လှမ်းတောင်းလိုက်ကြသည်။
အနီးနားမြို့များရှိ ဝမ်မိသားစုစစ်တပ်မှ တပ်ခွဲများက အချက်ပြမီးကို မြင်ပြီး သူတို့အား လာကူမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် ဤသည်မှာ သူတို့၏ စိတ်ကူးယဉ်ဆန်သော အတွေးမျှသာ ဖြစ်သည်။ စူးချင်းနှင့် ကျိရွှေရှန့်တို့တွင် တိကျသော စိတ်ချင်းဆက်သွယ်မှုရှိပြီး လွမ်တောင်ကလည်း အလွန်ထက်ရှလွန်းလှသည်။ မည်သည့်လက်နက်မှ လွမ်တောင်ကို ခုခံနိုင်စွမ်းမရှိခဲ့ဘဲ မကြာမီတွင် မည်သူမျှ အသက်ရှင်ကျန်ရစ်နေနိုင်ခြင်း မရှိတော့ပေ။
“ကိုယ်တို့ ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး။ သွားကြရအောင်!"
ကျိရွှေရှန့်က သွေးများ ဖုံးလွှမ်းနေသော တောင်ပေါ်ဘုရားကျောင်းထဲသို့ ဝင်လာခဲ့ပြီး ဤအန္တရာယ်ရှိသောနေရာမှ အမြန်ထွက်ခွာရန် စူးချင်းကို လှမ်းပြောလိုက်သည်။
"ကောင်းပြီ၊ ဒီည လော့ချန်ကို ရောက်အောင်သွားကြမယ်"
စူးချင်းက ခေါင်းညိတ်လိုက်သည်။
အခြေအနေက အရေးတကြီး ဖြစ်နေပြီ၊ ဘာတွေ မှားသွားမှန်းတောင် မသိနိုင်တော့ဘူး။ ဝမ်မိသားစုစစ်တပ်က ဘာကြောင့် သူမတို့နောက်ကို ရုတ်တရက် လိုက်လာရတာလဲ?
ချိုးယုံခန်းက ကျင်းချန်မှာ ရှိနေတာ ဖြစ်နိုင်လား? သူက သူမနဲ့ ရွှေရှန့်ကို တွေ့သွားပြီး သူ့ရဲ့ ဘုန်းအသရေနဲ့ စည်းစိမ်ဥစ္စာအတွက် ဝမ်မိသားစုစစ်တပ်ကို သတင်းပို့လိုက်တာလား?
“ကောင်းပါပြီ”
စူးချင်းက ကျိရွှေရှန့်၏စကားကို သဘောတူလိုက်ပြီး သူမထံတွင် ထိုစစ်သည်များ၏ အလောင်းများအား ကိုင်တွယ်ဖို့ အချိန်မရှိသောကြောင့် သူတို့ကို နောက်ရောက်လာမည့် ဝမ်မိသားစုစစ်တပ်မှ လူများအတွက် ချန်ထားပေးခဲ့လိုက်သည်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က လမ်းငယ်လေးများအတိုင်းသာ ခရီးဆက်ခဲ့ကြပြီး သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် ဝမ်မိသားစုစစ်တပ်မှ တပ်ဖွဲ့တစ်ခုက တောင်ပေါ်ဘုရားကျောင်းကို ရှာတွေ့သွားကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်။
ကျိရွှေရှန့်က သူ့ကိုယ်ပေါ်မှ သွေးစွန်းနေသော အဝတ်များကို ပြောင်းလဲ ဝတ်ဆင်လိုက်ပြီး သူနှင့် စူးချင်းတို့က စူးချင်း၏အသွင်ပြောင်းဆေးဖြင့် သူတို့၏မျက်နှာကို ပြောင်းကာ လော့ချန်သို့ ပြေးသွားခဲ့ကြသည်။ လော့ချန်ရှိ မြို့စောင့်တပ်သားများက ကျင်းချန်မှ မြို့စောင့်တပ်သားများလောက် ချဲ့ကားခြင်း မရှိပေ။ ကျိရွှေရှန့်နှင့် စူးချင်းတို့က လူအုပ်ကြီးနှင့်အတူ မြို့ထဲသို့ လိုက်ပါသွားခဲ့သည်။ သူတို့ ရထားလုံးတစီးနားမှ ဖြတ်သွားချိန်တွင် လေက ရထားလုံး၏ကန့်လန့်ကာကို ပင့်တင်လိုက်သည်။ ရထားလုံးပေါ်ရှိလူက အပြင်သို့ လှမ်းကြည့်လိုက်ပြီး စူးချင်း စီးလာသည့် မြင်းနက်ကြီးကို မြင်လိုက်ရသောကြောင့် သူ အလွန်အမင်း တုန်လှုပ်သွားပုံရသည်။