ကြက်ကို သတ်ဖို့ သံတူအကြီးကြီး သုံးနေသလို ဖြစ်သွားလိမ့်မယ်
Vol. 30 Ch. 450
“မရဘူး၊ မြို့တံခါးကို ဘယ်လိုဖောက်ခွဲရမယ်ဆိုတာ ရှင် မသိဘူး။ ကျွန်မ သွားမယ်။ ဘာအန္တရာယ်မှ မရှိဘူး။ ဘယ်အရာကမှ ကျွန်မကို ထိခိုက်အောင်မလုပ်နိုင်ဘူး”
စူးချင်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။ ရှောင်းကျဲယွိက အချိန်ကို မတွက်ဆနိုင်ဘဲ သူ့ကိုယ်သူ ပြန်ဖောက်ခွဲမိမည်ကို သူမ စိုးရိမ်နေခဲ့သည်။
စူးချင်းက ရှောင်းကျဲယွိ၏အဖြေကို မစောင့်ဘဲ မြင်းပေါ်သို့ ခုန်ဆင်းကာ လက်ပစ်ဗုံးများ အားလုံးကို မြေပြင်ပေါ်သို့ ချပြလိုက်သည်။ စုစုပေါင်း လက်ပစ်ဗုံး ၁၈ လုံး ကျန်နေသေးသည်ကို ရှောင်းကျဲယွိတွေ့လိုက်ရသည်။
"ရွှေရှန့်၊ ဒီလက်ပစ်ဗုံးနှစ်လုံးကို ယူထားလိုက်။ ကျင်းချန်ထဲကို ရောက်တာနဲ့ ကျွန်မတို့ဘက်က ဆုံးရှုံးမှုတွေကို လျှော့ချဖို့ စစ်တပ်လျားကို အရင်ဆုံးသွားပြီး ဗုံးခွဲလိုက်”
စူးချင်းက ရှောင်းကျဲယွိထံသို့ လက်ပစ်ဗုံးနှစ်လုံး လှမ်းပေးလိုက်ရင်း သူ လုပ်ရမည့်အစီအစဥ်ကို ပြောပြလိုက်သည်။ ကျန်နေသည့် လက်ပစ်ဗုံး ဆယ့်ခြောက်လုံးက မြို့တံခါးကို ဖောက်ခွဲရန် လုံလောက်နေပြီ ဖြစ်သည်။
ရှောင်းကျဲယွိက လက်ပစ်ဗုံးနှစ်လုံးကို လှမ်းယူလိုက်ပြီး စူးချင်းက ကျန်လက်ပစ်ဗုံး ၁၆ လုံးကို တစ်ဝက်စီခွဲကာ စုချည်နေသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း စနက်တံရှစ်ခုကို တစ်ပြိုင်တည်း ဆွဲထုတ်ရန် မဖြစ်နိုင်သလို သူ ခံစားနေရသည်။
ထိုစနက်တံရှစ်ခုကို မဆွဲနိုင်သေးမီ စနက်တံ ဖြုတ်ပြီးသား လက်ပစ်ဗုံးများ ပေါက်ကွဲသွားနိုင်သည်ဟု သူ တွက်ဆလိုက်မိသောကြောင့် ရှောင်းကျဲယွိက စူးချင်းကို စိုးရိမ်တကြီးပြန်မေးလိုက်သည်။
"ချင်းအာ၊ ဒါက အရမ်းအန္တရာယ်ကြီးတာ မဟုတ်ဘူးလား?"
"ဟင့်အင်း လုံးဝ အန္တရာယ် မရှိဘူး"
စူးချင်းက ဝိုင်ယာရှစ်ချောင်းလုံးကို သူမ၏လက်ချောင်းများပေါ်ဖြင့် စုစည်းကာ ဖြုတ်ရမည့်နည်းလမ်းကို နမူနာလုပ်ပြလိုက်သည်။
“ဒါတွေကို ဒီလို ဆွဲထုတ်ပြီး ပစ်လိုက်ရုံပဲ"
"ကိုယ် သိပြီ၊ ကိုယ် သွားမယ်"
ရှောင်းကျဲယွိက စူးချင်းထံမှ လေ့လာလိုက်ပြီး မြို့တံခါးကို သူ သွား ဖောက်ခွဲရန် တောင်းဆိုလိုက်သည်။ သို့သော် စူးချင်းက သူမ၏မြင်းကို အဆင်သင့်ပြင်ထားပြီး ဖြစ်သည်။ သူမက မြင်းပေါ်မတက်ခင် ရှောင်းကျဲယွိကို ချိုချိုသာသာ ပြုံးပြလိုက်ပြီး မြင်းပေါ်သို့ တက်သွားခဲ့သည်။ သူမ၏ဟန်ပန်က အပြင်းအထန် တိုက်ခိုက်တော့မည့် သိမ်းငှက်ကဲ့သို့ သတ်ဖြတ်ချင်းရောင်ဝါများ တောက်ပနေလေသည်။
ထိုရောင်ဝါက မည်သူ့ကြောင့်မျှ လုံးဝ ရပ်တန့်သွားမည် မဟုတ်ဘဲ စူးချင်း ပြောထားသကဲ့သို့ သူမကို ဘယ်အရာကမျှ မထိခိုက်စေနိုင်ပုံရသည်။
စူးချင်းက သူမ၏လက်ထဲတွင် လက်ပစ်ဗုံးတစ်တွဲ ကိုင်ထားပြီး ကျန်တစ်တွဲကို ရှောင်းကျဲယွိ၏ရှေ့၌ သူမ၏အိတ်ထဲသို့ ထည့်လိုက်သည်။ သို့သော်လည်း အမှန်တကယ်တွင် သူမက ၎င်းကို စနစ်ထဲသို့ ထည့်လိုက်ခြင်းဖြစ်သည်။
"ရှောင်ချီ၊ ငါ့နောက်ကို လိုက်ခဲ့၊ ငါ ပစ်ပြီးတာနဲ့ နင် စပစ်တော့"
စူးချင်းက ရှောင်ချီကို အမိန့်ပေးလိုက်သည်။ ရှောင်ချီကလည်း သခင်ဖြစ်သူထံမှ ဤကဲ့သို့ အရေးကြီးသည့် အလုပ်တစ်ခု အပ်နှင်းခံရခြင်းအတွက် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။ သူမက သူမ၏သွေးများ ဆူပွက်လာသလို ခံစားလိုက်ရပြီး ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ရှောင်ချီက သခင် ပေးတဲ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်မှာပါ"
စူးချင်းက သူမ၏ခြေထောက်များကြားမှ မြင်းနက်ကြီးဝမ်းဗိုက်ကို သူမ၏ခြေဖနှောင့်ဖြင့် ဖိကာ စထွက်ရန် အချက်ပြလိုက်သည်။
"သွား"
မြင်းနက်ကြီးက သူ့၏ခွာလေးဘက်လုံးကို ကြွကာ နှင်းများပေါ်သို့ ပြေးတက်သွားပြီး မြို့တံခါးဆီသို့ ပြေးသွားတော့သည်။ သခင်ဖြစ်သူက အံ့သြထိတ်လန့်ဖွယ်ကောင်းလောက်အောင် ရဲရင့်နေသောကြောင့် မြင်းကြီးတွင်ပင် သူမထံမှ လူသတ်အရိပ်အငွေ့ကို နားလည်နိုင်ပြီး အားမာန်အပြည့်ဖြင့် ပြေးလွှားနေကာ ၎င်း၏မျက်လုံးကြီးများတွင် စူးရှသော အလင်းရောင်များ တောက်ပနေခဲ့သည်။
မြို့ရိုးပေါ်ရှိ ကင်းလှည့်တပ်သားများက စူးချင်း၏အော်သံကို ကြားလိုက်ကြသော်လည်း အမျိုးသမီးတစ်ဦးက ကျင်းချန်ကို ခြိမ်းခြောက်မှု မပြုနိုင်ဟု တွေးကာ သူမကို လျစ်လျူရှုထားခဲ့ကြသည်။
သို့သော် စူးချင်း မြင်းစီးလာပြီး မြို့တံခါးဆီသို့ ချဥ်းကပ်လာသည်ကို တွေ့လိုက်ရချိန်တွင်တော့ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သူတို့ ရိပ်စားမိသွားခဲ့သည်။ ထိုအချိန်မှသာ မြို့တံတိုင်းပေါ်သို့ ဝပ်ချလိုက်ပြီး အော်ဟစ်အမိန့်ပေးလိုက်ကြသည်။
"မင်း ဘာလာလုပ်တာလဲ? မြန်မြန် ပြန်လှည်းသွားစမ်း၊ မဟုတ်ရင် မြှားနဲ့ အပစ်ခံရမယ်"
“ပစ်”
စူးချင်းက အကွာအဝေးကို သေချာ တွက်ဆနေခဲ့ပြီး သူမ လုံလောက်သည့်အကွာအဝေးအထိ ရောက်လာကြောင်း သေချာသွားချိန်တွင် ရှောင်ချီကို အမိန့်ပေးလိုက်သည်။ သူမကိုယ်တိုင်လည်း ဝါယာကြိုးရှစ်ချောင်းကို သူမ၏လက်ချောင်းများဖြင့် ရစ်ပတ်ကာ ဆွဲထုတ်လိုက်ပြီး မြို့တံခါးဆီသို့ ပစ်သွင်းလိုက်သည်။
ရှောင်းကျဲယွိက စူးချင်းအနောက်မှ ထိတ်လန့်တကြား စောင့်ကြည့်နေခဲ့သည်။ သူမ မြို့တံခါးဆီသို့ လက်ပစ်ဗုံးနှစ်တွဲ ပစ်လိုက်သည်ကို သူ မြင်လိုက်ရပြီး ကျယ်လောင်သည့် ပေါက်ကွဲသံ ၂ ခု ကြားလိုက်ရသည်။
တဖျပ်ဖျပ် တောက်ပနေသော မီးတောက်များ၏ ရှေ့တွင် စူးချင်းက သူမ၏မြင်းကို ရပ်ကာ ကြီးမားလေးလံသော မြို့တံခါးကြီး တစ်စစီ လွင့်ပျံသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
"တက်... တိုက်ကြ.... သူတို့ကို သတ်ပစ်!"
ရှောင်းကျဲယွိက အော်ဟစ်အမိန့်ပေးနေရင်း စစ်သည်နှစ်ရာကို ဦးဆောင်ကာ မီးများတောက်လောင်နေသော မြို့တံခါးဆီသို့ ပြေးဝင်လာခဲ့သည်။ မြို့ရိုးပေါ်ရှိ အစောင့်များက ပေါက်ကွဲသံကြောင့် အလွန်တုန်လှုပ်နေကြပြီး သူတို့၏နားများထံတွင် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံရှည်ကြီး မြည်ဟီးနေလေသည်။ မြို့တံတိုင်းများကလည်း မြေနဂါးကြီး လှန်လိုက်သကဲ့သို့(ငလျင်လှုပ်သကဲ့သို့) တုန်လှုပ်သွားသည်ကို သူတို့ ခံစားလိုက်ရသည်။
သူတို့ သတိပြန်ဝင်လာချိန်တွင် ရှောင်းကျဲယွိနှင့် သူ့၏လက်ရွေးစင်စစ်သည်များ ကျင်းချန်ထဲသို့ ပြေးဝင်လာသည်ကို သူတို့ တွေ့လိုက်ရသည်။ တစ်ချို့က စည်ရိုက်တံများကို ကောက်ယူလိုက်ကြပြီး စည်များကို အစွမ်းကုန် ရိုက်နှက်နေကြသည်။ တစ်ချို့ကလည်း ကျွဲတံပိုးခရာများကို အဆက်မပြတ် မှုတ်ကာ သူတို့၏စစ်တပ်ဆီသို့ အဆက်ပေးအကူအညီတောင်းနေကြသည်။
ရှောင်းကျဲယွိက ကျင်းချန်၏ခံစစ်ကို အလွန်ရင်းနှီးနေခဲ့သည်။ သူက စစ်စခန်း၏တည်နေရာကိုပင် အတိအကျ သိထားခဲ့သောကြောင့် အချက်ပေးသံများ မြည်လာချိန်တွင် သူနှင့် သူ၏ လက်ရွေးစင်စစ်သည်များက ဝမ်မိသားစု၏စစ်စခန်းဆီသို့ ရောက်နေခဲ့ပြီး ဖြစ်သည်။
စစ်စခန်းထဲသို့ လက်ပစ်ဗုံးနှစ်လုံး ကျရောက်လာပြီး ပေါက်ကွဲသံ ၂ ချက်နှင့်အတူ မီးများ စတင်လောင်ကျွမ်းလာခဲ့သည်။ အိပ်ပျော်နေသော ဝမ်မိသားစုစစ်သည်များက အချက်ပေးစည်နှင့် ခရာသံများကြောင့် အိပ်ယာမှ လူးလဲထကာ သူတို့၏လက်နက်များကို လှမ်းယူနေရင်း အပေါ်သို့ မြှောက်တက်ကာ ကောင်းကင်ထဲသို့ လွင့်ပျံသွားကြရသည်။
အသက်ရှင် ကျန်နေသေးသည့် စစ်သည်များအားလုံးကလည်း ထိတ်လန့်တုန်လှုပ်နေကြပြီး အဝတ်အစားများပင် မဝတ်နိုင်ကြတော့ပေ။ သူတို့က တွေ့ရာလက်နက်ကို ဆွဲကိုင်ရင်း တဲများထဲမှ ပြေးထွက်လာကြသည်။ အပြင်တွင် ရှောင်းကျဲယွိက အဆင်သင့် စောင့်နေပြီ ဖြစ်ကာ သူက သူ့စစ်သည်များကို ရှေ့သို့ ချီတက်ရန် အမိန့်ပေးနေရင်း ထွက်လာသည့် လူများ၏ဦးခေါင်းများကို မုန်လာဥလှီးသလို စတင်ခုတ်ထစ်တော့သည်။
စူးချင်းက မြို့ရိုးပေါ်မှ စစ်သည်များအားလုံးကို သုတ်သင်လိုက်ပြီး ရှောင်းကျဲယွိကို ကူညီရန် ပြေးလာခဲ့သည်။ သူတို့နှစ်ဦးက ဝမ်မိသားစုစစ်တပ်စခန်းကို သွေးဖြင့် ဆေးကြောရန် လက်ရွေးစင်စစ်သည်များကို ဦးဆောင်နေခဲ့သည်။
အော်သံများ ပို ပိုတိုးလာချိန်တွင် မီးတောက်များအောက်မှ ညတခွင်လုံး အနီရောင်ဆိုးခံလိုက်ရသည်။ ကျင်းချန်ရှိ ဝမ်မိသားစုတပ်သားများ အားလုံး စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထိုအရာက သူတို့အတွက် ကြီးကျယ်သော အောင်ပွဲဖြစ်သည်။ ကျင်းချန်ရှိ ထိပ်တန်းစစ်သည် ရှစ်ရာကို သုတ်သင်ရန် သူတို့ဘက်မှ စစ်သည်နှစ်ရာသာ အသုံးပြုခဲ့ရသည်။ စစ်ပွဲများတွင် အမြန်နှုန်းကလည်း အားသာချက်တစ်ခု ဖြစ်လာတတ်သည်။
တည်းခိုစခန်းတွင် ရှိနေသည့် ကျောက်မီးသွေးတွင်းမှ လွတ်မြောက်လာခဲ့သော ဝမ်မိသားစုစစ်တပ်မှ စစ်သည်များလည်း ထိုပေါက်ကွဲသံကို ကြားခဲ့ရပြီး ထိတ်လန့်သွားကြသည်။
ဘာလို့ သူတို့ နောက်ကို လိုက်ပြီး တိုက်ခိုက်နေရတာလဲ?
"မြို့ကို အမြန်ကာကွယ်ကြ"
ဒဏ်ရာရနေသည့် တပ်မှူးက ကျောက်မီးသွေးတွင်းမှ လွတ်မြောက်လာသော သူ့စစ်သည်များကို စုစည်းကာ လက်နက်များ ယူဆောင်စေပြီး ကျင်းချန်မှ ဝမ်မိသားစု စစ်တပ်အား ကူညီရန် အမိန့်ပေးလိုက်သည်။ သို့သော် သူတို့ တည်းခိုစခန်းမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်းတပ်သားတစ်စု တည်းခိုစခန်းဆီသို့ ပြေးလာနေသည်ကို သူတို့ တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသည့် အမျိုးသမီးက နေ့ခင်းဘက်တွင် ကျောက်မီးသွေးတွင်း၌ သူတို့အားလုံးကို သတ်ခဲ့သော နတ်ဆိုးမကြီး ဖြစ်နေလေသည်။
"သူတို့ကို သတ်"
စူးချင်းက သူမ၏နောက်မှ စစ်သည်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။ သူမ၏ ရှင်းလင်းပြတ်သားသော အမိန့်သံက အေးစက်နေသည့် လူသတ်အရိပ်အငွေ့များကို သယ်ဆောင်လာသလို ခံစားရစေသည်။
ကျောက်မီးသွေးတွင်းမှ လွတ်မြောက်လာခဲ့သည့် ဝမ်မိသားစုတပ်သားများက စူးချင်း၏ရဲစွမ်းသတ္တိကို ကြောက်လန့်နေပြီ ဖြစ်သည်။ သူတို့လည်း ဝမ်မိသားစုစစ်တပ်၏ဂုဏ်သတင်းအတွက် စွမ်းစွမ်းတမံ ပြန်လည်တိုက်ပွဲဝင်ချင်သော်လည်း အင်အားမရှိဘဲ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည်။
စူးချင်းက စစ်သူကြီးကို မသတ်သေးဘဲ သူ ကျင်းချန်မှ ထွက်ပြေးရန် သူ့နောက်သို့ လိုက်ကာ ဖိအားပေးနေခဲ့သည်သည်။
ထိုတပ်မှူးက သူ့၏ချပ်ဝတ်တန်ဆာနှင့် သံမခောက်ကို လွှင့်ပစ်ပြီး မြို့တော်ဆီသို့ ပြေးသွားသည်ကို မြင်လိုက်ရမှ စူးချင်းက သူမ၏မြင်းကို လှည့်ကာ မြို့ထဲသို့ ပြန်ဝင်လာခဲ့သည်။
မြို့တံခါးကတော့ လုံးဝပျက်ဆီး သွားခဲ့ပြီ ဖြစ်သည်။ ရှောင်းကျဲယွိက လက်သမားပညာ ကျွမ်းကျင်သော စစ်သည်များကို စုစည်းစေကာ သစ်သားများ စုဆောင်းခိုင်းပြီး ညတွင်းချင်း မြို့တံခါးအသစ်တစ်ခု ပြုလုပ်နိုင်ရန် သူကိုယ်တိုင် ဦးဆောင်နေရပြန်သည်။
စူးချင်းက ရှောင်းကျဲယွိ၏ နေရာအနှံ့ ပြေးလွှားရင်း အလုပ်ရှုပ်နေရသည်ကို ကြည့်နေကာ အနည်းငယ် စိတ်မကောင်းဖြစ်နေမိသည်။
မြို့တံခါးကို ဖောက်ခွဲဖို့ လက်ပစ်ဗုံးကို သုံးလိုက်တာက အကြံကောင်းတစ်ခုလို့ ထင်ရစေတယ်၊ ဒါပေမယ့် အခု မြို့တံခါးက အသုံးမဝင်တော့ဘူး။ အခု သူမတို့က မြို့ကို သိမ်းပြီးပြီဆိုတော့ မြို့က သူမတို့အပိုင် ဖြစ်သွားပြီ။ တခြားသူတွေက လာတိုက်တဲ့အချိန် မြို့တံခါးမရှိရင် ခုခံဖို့ မလွယ်တော့ဘူး။ ပြီးတော့ လက်ပစ်ဗုံးတွေကိုလည်း အများကြီး ဖြုန်းတီးခဲ့မိတယ်။
တကယ်လို့ အခုအချိန်မှာ ဝမ်မိသားစုစစ်တပ်က စစ်သည်တွေ အများကြီးနဲ့ မြို့ကို ပြန်လာတိုက်ရင် သူမတို့ရဲ့လက်ရှိအင်အား ကွာဟမှုက အရမ်းကို ကြီးမားနေလိမ့်မယ်။
သူမတို့ စစ်သည်နှစ်ရာ ခေါ်လာခဲ့ပေမယ့် တိုက်ပွဲမှာ စစ်သည် တစ်ဒါဇင်ကျော် ကျဆုံးခဲ့ပြီး တစ်ဝက်နီးပါးလောက် ဒဏ်ရာရခဲ့တယ်။ အခု လက်ကျန်စစ်သည်အင်အားက တစ်ရာဝန်းကျင်ပဲ ရှိတော့တယ်။
နောက်ဆုံးတွင် စူးချင်းက ဤအတွေ့အကြုံမှ သင်ခန်းစာ ယူလိုက်ပြီး နောက်တစ်ကြိမ်တွင် ယခုကဲ့သို့ မတိုက်ခိုက်တော့ရန် ကောက်ချက်ချလိုက်သည်။
တကယ်တော့ သူမ မြို့တံတိုင်းပေါ်ကို မတက်နိုင်တာမှ မဟုတ်တာ။ သူမအတွက် မြို့ရိုးပေါ်က အစောင့်တပ်သားတွေကို သတ်ဖို့ဆိုတာ လွယ်ကူနေလွန်းတာမှ ကြက်ကိုသတ်ဖို့ သံတူအကြီးကြီးကို သုံးနေသလို ဖြစ်နေလိမ့်မယ်။
စူးချင်းက သူမ၏အမှားအတွက် ပြင်ဆင်ရန် လမ်းများပေါ်တွင် လျှောက်သွားရင်း ပန်းပဲဆိုင်တစ်ဆိုင်ကို လိုက်လံရှာဖွေနေခဲ့သည်။ သူမ မြို့၏အနောက်ဘက်ခြမ်းတွင် ပန်းပဲဆိုင်တစ်ဆိုင် ရှာတွေ့ခဲ့သော်လည်း တံခါးပိတ်ထားခဲ့သည်။ စူးချင်းက သော့ကို ချိုးလိုက်ပြီး ထိုဆိုင်ထဲသို့ ဝင်သွားခဲ့သည်။ သူမက မီးဖိုကို မီးမွှေးလိုက်ပြီး ဖားဖိုကိုပါ တခါတည်း ပြင်ဆင်လိုက်သည်။ တစ်ညတာလုံး မရပ်မနား အလုပ်လုပ်ပြီးနောက် သူမ လက်ပစ်ဗုံးအခွံ ၃၀ ကျော် ပြုလုပ်နိုင်ခဲ့သည်။
ရှောင်းကျဲယွိက သူ့စစ်သည်များကို ဦးဆောင်ကာ မြို့တံခါးကို ညတွင်းချင်း ပြန်တည်ဆောက်နေခဲ့သည်။ ကျင်းချန်မှ သာမန်ပြည်သူလူထုများက ဆူပူသံများကြောင့် အပြင်သို့ လုံးဝ မထွက်ရဲကြပေ။ သူတို့က အလွန်ကြောက်လန့်နေကြပြီး တညတာလုံး အိမ်များထဲတွင် ပုန်းအောင်နေကြသော်လည်း လုံးဝ မအိပ်ရဲကြပေ။ တောင်ပိုင်းမှ လူရိုင်းများ သို့မဟုတ် ဟူလူမျိုးများ မြို့ကို လာရောက်တိုက်ခိုက်ခြင်း ဖြစ်မည်ကိုလည်း သူတို့ စိုးရိမ်နေကြသည်။
ဥမင်လိုဏ်ခေါင်းရှိသူများက ထိုလိုဏ်ခေါင်းများထဲသို့ပင် ဝင်ပုန်းနေကြသည်။ တောင်ပိုင်းမှ လူရိုင်းများနှင့် ဟူလူမျိုးများ ကျင်းချန်ကို ရံဖန်ရံခါ တိုက်ခိုက်လေ့ရှိသောကြောင့် မိသားစုများစွာက စစ်ဘေးဒဏ်မှ ရှောင်ရှားရန် လိုဏ်ခေါင်းများ တူးဖော်ထားခဲ့ကြသည်။
ရှောင်းကျဲယွိက မိုးလင်းသည်အထိ အလုပ်များနေခဲပြီး မြို့တံခါးများက ခိုင်ခံသင့်သလောက် မခိုင်ခံသေးပေ။ သူ မြို့သူမြို့သားများအား မနှောင့်ယှက်ချင်လျှင်ပင် လက်သမားများနှင့် သစ်သားများလိုအပ်နေသောကြောင့် ထိုအရာများ ရနိုင်ရန် မြို့သူမြို့သားများထံမှ အကူအညီတောင်းရတော့မည် ဖြစ်သည်။
ထိုအချိန်မှသာ စူးချင်း ပျောက်ဆုံးနေကြောင်း သူ သတိပြုမိသွားခဲ့သည်။ မနေ့ညက ဝမ်မိသားစုစစ်တပ်မှ လူများကို ကောင်းကောင်းမအိပ်ခိုင်းနိုင်ဘူးဟု သူမ ပြောခဲ့ပြီး ကျောက်မီးသွေးတွင်းမှ ပြန်ပြေးသွားသည့် ထိုလူများကို မောင်းထုတ်ရန် သူမနှင့်အတူ စစ်သည်အချို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သူ သူမကို မတွေ့ရတော့ပေ။
"စူးချင်းကို တွေ့ကြသေးလား?"
ရှောင်းကျဲယွိက သူ့၏သက်တော်စောင့်တစ်ယောက်ကို မေးလိုက်ပြီး ထိုသက်တော်စောင့်က အမှန်တကယ် သိနေခဲ့သည်။
“သခင်မလေးက သူ(မ) ပန်းပဲဆိုင် သွားရှာမယ်လို့ ပြောသွားပါတယ်။ သခင်လေး ဘာမှ မစိုးရိမ်ဘဲ မြို့တံခါးကို အမြန် ပြန်ပြင်ဖို့လည်း မှာသွားပါတယ်”
ပန်းပဲဆိုင်လား?