← Chapters

လွှမ်းမိုးထိန်းချူပ်နိုင်စွမ်းအပြည့်နဲ့ ရှောင်ချီ

Vol. 29 Ch. 421

လွှမ်းမိုးထိန်းချူပ်နိုင်စွမ်းအပြည့်နဲ့ ရှောင်ချီ

Vol. 29 Ch. 421

စူးချင်းက လွမ်ဟုန် ချူကျင်းဖုန်း၏ နေအိမ်သို့ သွားနေပြီး သူ့အခြေအနေကို သွားမေးနေသည်ဟု မှန်းဆလိုက်သည်။

တကယ်တော့ အချစ်နွံ့မှာနစ်နေတဲ့ မိန်းခလေးတစ်ယောက်ကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး။

"အမေလည်း သူမနဲ့အတူ လိုက်ခဲ့မယ်"

ယန်ရူရွှယ်က အရက်ချက်ရုံတွင် နေရသည်ကို မကြိုက်သလို သူမသမီးလေး၏အနားတွင်လည်း အမြဲရှိနေချင်သောကြောင့် စူးချင်းနှင့် လိုက်သွားချင်နေခဲ့သည်။

“အမေ၊ အမေနဲ့ အဒေါ် အိမ်ကို အရင်ပြန်နှင့်တော့နော်။ သမီး လွမ်ဟုန်ကို ရှာပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်"

စူးချင်းက မိခင်ဖြစ်သူကို တားဆီးလိုက်သည်။

သူမ လွမ်ဟုန်နဲ့ စကား သေသေချာချာ ပြောမှ ဖြစ်‌တော့မယ်။ အဲ့တာကြောင့် ဘယ်သူကိုမှ ခေါ်သွားလို့ မဖြစ်ဘူး။ မိန်းကလေးတစ်ယောက်ရဲ့အရှက်သိက္ခာက အရေးကြီးတယ်လေ၊ အဲ့တော့ ဒီကောင်မလေး ချူကျင်းဖုန်းကို စွဲလမ်းနေတဲ့အကြောင်း သိတဲ့သူနည်းလေ ပိုကောင်းလေပဲ။

“အင်းပါ၊ အဲ့ဒါဆို သမီး သတိထားရမယ်နော်”

သူမ သဘောတူရုံမှတပါး ရွေးချယ်စရာ မရှိသောကြောင့် ယန်ရူရွှယ်က အင်တင်တင် သဘောတူလိုက်ပြီး သမီးဖြစ်သူ ထွက်ခွာသွားသည်ကို လိုက်ကြည့်နေခဲ့သည်။

စူးချင်းက အရက်ချက်ရုံမှ ထွက်လာခဲ့ပြီး ချူကျင်းဖုန်း၏နေအိမ်သို့ အရင်သွားလိုက်သည်။

လွမ်ဟုန်အနေနဲ့ ချူကျင်းဖုန်းအကြောင်းစုံစမ်းချင်ရင် ဒီနေရာကို ရောက်လာမှာ သေချာတယ်။

စူးချင်း ချူအိမ်တော်သို့ ရောက်သွားချိန်တွင် တံခါးပိတ်သွားသည်ကိုသာ တွေ့လိုက်ရပြီး တံခါးစောင့်ပင် မရှိတော့ပေ။ သူမက လှေကားထစ်များကို တက်သွားလိုက်ပြီး တံခါးခေါက်လိုက်သည်။

“တံခါးဖွင့်ပေးပါဦး”

သူမ အချိန်အတော်ကြာ တံခါးခေါက်နေခဲ့သော်လည်း တံခါးဖွင့်ရန် မည်သူမျှ ရောက်မလာပေ။ တင်းကျပ်စွာ ပိတ်နေသော ဝင်းတံခါးကို စိုက်ကြည့်နေသည့် စူးချင်း၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး သူမက ရုတ်တရက် နံရံပေါ်သို့ ခုန်တက်ကာ ခြံဝင်းအတွင်းရှိ အခြေအနေကို ငုံ့ကြည့်လိုက်သည်။

ခြံဝင်းကြီးတစ်ခုလုံး တိတ်ဆိတ်နေသောကြောင့် စူးချင်းက တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရပြီး ခြံဝင်းထဲသို့ ခုန်ဆင်းသွားလိုက်သည်။ သူမ ခြံ၏အရှေ့နှင့် အနောက်အကုန်လုံးကို လိုက်ရှာခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ရတော့ပေ။

စူးချင်းက မျက်မှောင်ကြုတ်လိုက်ပြန်သည်။ သူမက အခြေအနေကို အတိအကျ သိချင်နေပြီး ချူကျင်းဖုန်း၏ စားသောက်ဆိုင်သို့ ထပ်မံရောက်သွားခဲ့ပြန်သည်။ ယခင်က အချိန်တိုင်း ဧည့်သည်များ ပြည့်နှက်နေတတ်သည့် စားသောက်ဆိုင်က ယခုအခါ တိတ်ဆိတ်ခြောက်ကပ်နေလေသည်။ အတွင်းထဲတွင် ပစ္စည်းများ သိမ်းဆည်းနေသည့် စားပွဲထိုးနှစ်ယောက်သာ ရှိနေပြီး သူတို့၏ဆိုင်ရှင်ကိုတော့ အရိပ်အယောင်ပင် မတွေ့ရတော့‌ချေ။

စူးချင်း ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ချိန်တွင် စားပွဲထိုးနှစ်ယောက်က သူတို့ လုပ်နေသည့်လုပ်လက်စများကို ရပ်လိုက်ပြီး သူမကို လှမ်းပြောလိုက်သည်။

"လူကြီးမင်း၊ ကျွန်တော်တို့ရဲ့ဆိုင်က ပိတ်သွားပါ​ပြီ"

"ပိတ်သွားတာလား??"

စူးချင်းက မျက်ခုံးပင့်လိုက်သည်။

ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုဖြစ်နိုင်မှာလဲ?

"ဘယ်တုန်းက ပိတ်လိုက်တာလဲ?"

စူးချင်းက စားပွဲထိုးနှစ်ယောက်ကို ထပ်မေးလိုက်သည်။

“ဒီနေ့ ပိတ်တာပါ။ ပြန်ဖွင့်မယ့်အချိန်ကို အသိပေးပါ့မယ်"

စားပွဲထိုးနှစ်ဦးက စူးချင်း သူတို့၏စားသောက်ဆိုင်မှ ထွက်ခွာရန် ဝန်လေးနေသည်ဟု ထင်နေခဲ့ကြသည်။ အမှန်တကယ်တွင် သူတို့လည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူတို့ရဲ့ဆိုင်ရှင်က ဘာကြောင့် စားသောက်ဆိုင် ပိတ်မယ်လို့ ရုတ်တရက် ပြောလာခဲ့တာလဲ?

"မင်းတို့ရဲ့ဆိုင်ရှင်က ဘယ်မှာလဲ?"

စူးချင်းက တစ်ခုခု မှားနေသည်ကို အသေအချာ ခံစားမိသွားပြီး အေးစက်စွာ ထပ်မေးလိုက်သည်။

"သူ ထွက်သွားပြီ"

"သူ ဘယ်ကို သွားတာလဲ?"

"ကျွန်တော်တို့ မသိဘူး။ ဆိုင်ရှင်က မပြောဘူး”

ထိုစားပွဲထိုးနှစ်ယောက်ထံမှ အသုံးဝင်နိုင်မည့်အချက်အလက်များ ရရှိနိုင်ရန် မဖြစ်နိုင်ကြောင်း နားလည်လိုက်ရသဖြင့် စူးချင်းက မေးခွန်းများ မေးမြန်းခြင်းကို ရပ်တန့်လိုက်ပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူမက ဆိုင်ရှင် ရှိ မရှိ သေသေချာချာ စစ်ဆေးချင်နေသေးသည်။

စူးချင်းက စကားတစ်ခွန်းမှ မပြောဘဲ အပေါ်ထပ်သို့ တက်ရန် ဖြတ်လျှောက်သွားသည်ကို မြင်လိုက်ရသောကြောင့် စားပွဲထိုးနှစ်ယောက်က သူမကို ဖမ်းဆွဲလိုက်ကြသည်။

“ဟေ့ မိန်းခလေး၊ အပေါ်ကို မတက်နဲ့။ ငါတို့ဆိုင်က မဖွင့်တော့ဘူး”

စူးချင်းက သူတို့ကို လျစ်လျူရှုပြီး အပေါ်ထပ်သို့ တည့်တည့်တက်သွားလိုက်ရာ အပေါ်တွင် ဗလာကျင်းနေပြီး ဆိုင်ရှင်က အမှန်တကယ် မရှိတော့ခြင်း ဖြစ်သည်။

စူးချင်းက နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး အပေါ်ထပ်သို့ လိုက်လာသည့် စားပွဲထိုးနှစ်ယောက်ကို မေးလိုက်သည်။

"မင်းတို့ရဲ့ဆိုင်ရှင်က ဘယ်နေရာမှာ နေတာလဲ?"

စားပွဲထိုးနှစ်ယောက်က စူးချင်းကို သံသယဖြင့် ကြည့်နေကြပြီး ဤမိန်းမငယ်လေးက သူတို့၏ ဆိုင်ရှင်ကို ကလဲ့စားချေရန် ဤနေရာသို့ ရောက်လာသည်ဟု သူတို့ ခံစားနေကြရသည်။

"ကျွန်တော်တို့ မသိဘူး"

နှစ်ယောက်သား တစ်ချိန်တည်း ခေါင်းယမ်းကာ မျက်နှာလွှဲသွားကြသည်။ စူးချင်းက သူတို့ဆီသို့ လှမ်းသွားကာ အေးစက်သည့်အသံဖြင့် အမိန့်ပေးလိုက်သည်။

“ပြော”

ငြင်းဆန်ရန် အခွင့်အ‌ရေးမျိုး လုံးဝ ရှိမနေသည့် စူးချင်း၏ လေသံနှင့် ပြင်းထန်သော ရောင်ဝါကြောင့် ထိုစားပွဲထိုးနှစ်ယောက်လုံး အလွန်ကြောက်လန့်သွားကာ ထပ်မဖုံးကွယ်ရဲတော့ဘဲ ဆိုင်ရှင် ရှိနေသည့်နေရာကို ရိုးရိုးသားသား ဝန်ခံလာကြသည်။

သူတို့ ပြောပြနေသည့် လမ်းအကွေ့အကောက်များက ရှာရတော်တော် ခက်သောကြောင့် စူးချင်းက အချိန်ကုန်သက်သာစေရန် စားပွဲထိုးတစ်ယောက်ကို လမ်းပြခိုင်းခဲ့သည်။

သူမတို့ ဆိုင်ရှင်၏အိမ်သို့ ရောက်လာခဲ့သော်လည်း တံခါးကို သော့ခတ်ထားပြီး လူတစ်ယောက်မှ မရှိတော့ပေ။

"သူ ဘယ်ကို သွားနေတာလဲ?"

စူးချင်းက စားပွဲထိုးကို ခပ်မာမာ ထပ်မေးလိုက်သည်။ စားပွဲထိုးက ကြောက်လန့်နေပြီး တုန်ယင်နေကာ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အမူအရာဖြင့် ပြန်ဖြေလာခဲ့သည်။

“ကျွန်တော် မသိဘူး၊ ဆိုင်ရှင်က ထွက်သွားတဲ့အချိန်မှာ နေ့လည်စာ စားနေတဲ့လူတွေ အများကြီးပဲ။ သူက ဧည့်သည်တွေကို ထွက်သွားခိုင်းပြီး ဆိုင်ပိတ်တော့မယ်လို့ ပြောခဲ့တယ်၊ တခြား ဘာမှ မပြောခဲ့ဘူး”

နေလည်စာ စားတဲ့အချိန်လား?

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူမ နေ့လယ်က အိမ်ပြန်ရောက်လာတယ်။ ဆိုင်ရှင်ကလည်း နေ့လည်မှာ ထွက်သွားတယ်။ ဒါက တိုက်ဆိုင်လွန်နေပြီ။

လွမ်ဟုန်က ဒီဆိုင်ရှင်ကို လာရှာခဲ့တာလား?

စူးချင်းက သူမ၏စိတ်ထဲမှ မေးခွန်းပေါင်းများစွာနှင့်အတူ အိမ်ပြန်လာခဲ့သည်။ သူမက သူမ၏အမေနှင့် အဒေါ် စိတ်ပူနေမည်ကို စိုးရိမ်သောကြောင့် အိမ်ထဲသို့ မဝင်ခင် တံခါးစောင့်ကို လှမ်းမေးလိုက်သည်။

“သခင်မလေးလွမ်ဟုန် ပြန်ရောက်ပြီလား?”

"ပြန်မလာသေးပါဘူး၊ ဒါပေမယ့် တစ်စုံတစ်ယောက်က သခင်မလေးအတွက် စာတစ်စောင် ပို့ထားပါတယ်"

တံခါးစောင့်က ခေါင်းယမ်းလိုက်ပြီး စူးချင်းကို စာတစ်စောင် လှမ်းပေးလိုက်သည်။ မည်သူမျှ ဖောက်မကြည့်နိုင်ရန် ထိုစာကို အနီရောင်တံဆိပ်ဖြင့် ချိတ်ပိတ်ထားသည်။

ထိုကဲ့သို့ လေးနက်သော စာက စူးချင်း၏ သံသယကို ပို၍ နှိုးဆွပေးနေခဲ့သည်။ စူးချင်းက စာအိတ်ကို ဆုတ်ဖြဲကာ စာကို သွန်ချလိုက်သည်။

ကျိ‌ရွှေရှန့်က စစ်စခန်းမှ ပြန်လာခဲ့ပြီး သူ့၏ယောက္ခမများကို နှုတ်ဆက်ရန် စူးအိမ်တော်သို့ အပြေးရောက်လာခဲ့သည်။

သူ့ယောက္ခမက သူ့အတွက် ဒီလို ဇနီးကောင်းတစ်ယောက် ပေးခဲ့တဲ့အတွက် သူက ယောက္ခမတွေကို ကောင်းကောင်း ကျေးဇူးတင်ရမယ်။

သို့သော် စူးချင်းက စာအိတ်တစ်အိတ်ကိုင်ရင်း စူးအိမ်တော်၏တံခါးဝတွင် ရပ်နေသည်ကို သူ အဝေးမှပင် လှမ်းမြင်လိုက်ရသည်။ ထို့ကြောင့် သူက မြင်းပေါ်က ခုန်ဆင်းပြီး သူမဆီသို့ ပြေးသွားလိုက်သည်။

"ချင်းအာ မင်း ဘာတွေ ကြည့်နေတာလဲ?"

"တစ်ယောက်ယောက်က စာတစ်စောင် ပို့ပေးခဲ့တယ်"

စူးချင်းက စာကို ဖတ်နေရင်း မျက်မှောင်ကြုတ်နေကာ နောက်ပိုင်းတွင် သူမ၏အမူအရာက ပိုအေးစက်ပြီး ပိုမှောင်မိုက်လာခဲ့သည်။

"စာက ဘာတဲ့လဲ?"

ကျိ‌ရွှေရှန့်က စူးချင်း၏ အမူအရာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ပြီး ထိုစာက ပြသနာတစ်ခုခု သယ်ဆောင်လာသည်ကို တွေးမိသွားပြီး ကမန်းကတန်း ထပ်မေးလိုက်သည်။

“ကြည့်လိုက်”

စူးချင်းက စာကို ကျိ‌ရွှေရှန့်ဆီသို့ လှမ်းပေးလိုက်သည်။ သူမ၏အမူအရာက ဒွါဒသမလ၏ ရေခဲနှင့် နှင်းများကဲ့သို့ အေးစက်နေလေသည်။

"သူတို့ လွမ်ဟုန်ကို ပြန်ပေးဆွဲသွားကြတယ်"

စူးချင်း၏စကားကို ကြားလိုက်ရချိန်တွင် ကျိ‌ရွှေရှန့်၏အမူအရာကလည်း လေးနက်လာခဲ့ပြီး သူက စာကို အမြန် ဖတ်ကြည့်လိုက်သည်။

[နောက်သုံးရက်အကြာ ဟာဆာ့နယ်စပ်မှာ ချူကျင်းဖုန်းနဲ့ သခင်မလေးလွမ်ကို လူချင်းလဲလှယ်မယ်]

စာက တစ်ကြောင်းတည်းသာ ရှိသော်လည်း အကြောင်းအရာက ထိတ်လန့်စရာဖြစ်သည်။ ချူကျင်းဖုန်းက ဟာဆာပြည်ထောင်၏မင်းသား ပါးထူလု ဖြစ်သည်။ ရန်ရှစ်ခွမ်းက သူ့ကို ဖမ်းမိပြီးနောက် ကျင့်ရှီလျိုမြောင်၏လျှို့ဝှက်အကျဉ်းထောင်ထဲတွင် အကျဉ်းချထားခဲ့သည်။

ရန်ရှစ်ခွမ်းက ထိုကဲ့သို့ အရေးကြီးသည့်အကျဉ်းသားများကို ချုပ်နှောင်ရန် ထိုလျှို့ဝှက်အကျဥ်းခန်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တည်နေရာက စစ်စခန်း၏အလယ်တွင် ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထောင်နှင့်ချီသော စစ်သည်များ နေ့စဉ် စောင့်ကြပ်နေသလို ဖြစ်နေခဲ့ပြီး ယင်ကောင်များပင် မပျံနိုင်သည့်အတွက် အကျဥ်းထောင်ထဲသို့ မည်သူမျှဖောက်မဝင်နိုင်ကြပေ။

ချူကျင်းဖုန်း၏လူများက သူတို့ တတ်နိုင်သမျှ ကြိုးစားခဲ့ကြသော်လည်း သူတို့၏ဒုတိယမင်းသား ပါးထူလုကို မကယ်တင်နိုင်ကြသေးပေ။ သို့သော် စူးချင်း မည်မျှ အစွမ်းထက်သည်ကို သူတို့ သိထားသောကြောင့် စူးချင်းထံမှ အကူအညီရရန် သူတို့ မျှော်လင့်နေကြသည်။ စူးချင်းက လွမ်ဟုန်နှင့် အလဲအလှယ် လုပ်နိုင်ရန် စစ်စခန်းကို ဖောက်ဝင်ပြီး ချူကျင်းဖုန်းကို သွားကယ်မည်ဟု သူတို့ တွေးထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စူးချင်း ကျင့်ရှီလျိုမြောင်သို့ ပြန်ရောက်ရောက်ချင်း လွမ်ဟုန်ကို ပြန်ပေးဆွဲသွားခဲ့ခြင်း ဖြစ်သည်။

“အိမ်မှာ သူလျှိုတွေ ရှိနေတယ်လို့ ကျွန်မ သံသယရှိတယ်”

စူးချင်း၏ အမူအရာက လုံးဝ ပျက်ယွင်းနေခဲ့သည်။ သူမ ယခင်ကတည်းက သံသယရှိနေခဲ့သော်လည်း ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။ သူမက ဤသူလျှိုများကို အချိန်မီ မဖမ်းခဲ့သောကြောင့် သူတို့ လွမ်ဟုန်ကို ဖမ်းသွားနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဒါဆို အကုန်လုံးကို ဖမ်းပြီး စစ်ဆေးမေးမြန်းရမယ်”

ကျိ‌ရွှေရှန့်ကလည်း ထိုကိစ္စကို အတော်လေး အလေးအနက်ထားနေခဲ့သည်။

ဟာဆာပြည်ထောင်ဘက်ကနေ ကျင့်ရှီလျိုမြောင်ကို မတိုက်ခိုက်ဖူးသေးဘူး ဆိုပေမယ့် သူတို့ရဲ့ဧကရာဇ်က အမြဲတမ်း ဆင်ကြံ ကြံတတ်တဲ့သူမျိုးပဲ။ သူတို့ရဲ့မင်းသားလေးကိုတောင် ကျင့်ရှီလျိုမြောင်အထိ ပို့ထားမှ‌တော့ အစီအစဉ် ကြီးကြီးမားမား ရှိရမယ်။

တကယ်တော့ လွမ်ဟုန်ကို ချူကျင်းဖုန်းနဲ့ လဲလှယ်ဖို့ဆိုတာ တန်ဖိုးချင်း မတူညီဘူးလေ။ ရန်ရှစ်ခွမ်းက ဟာဆာတိုင်းပြည်ရဲ့မင်းသားတစ်ပါးကို သူတို့နဲ့ဘာမှ မသက်ဆိုင်တဲ့ မိန်းခ‌လေးနဲ့ လဲပေးမယ်တဲ့လား?

အဲ့ဒါကြောင့်လည်း သူတို့က လွမ်ဟုန်ကို မဖမ်းခင် ချင်းအာ ပြန်လာတဲ့အထိ စောင့်နေခဲ့ကြတာ ဖြစ်နိုင်တယ်။ ပထမတစ်ချက်အနေနဲ့ စူးချင်း ဘယ်လောက်အစွမ်းထက်တဘ်ဆိုတာကို သူတို့ သိနေကြတယ်။ ဒုတိယတစ်ချက်အနေနဲ့ကတော့ သူတို့က စစ်စခန်းရဲ့အခြေအနေတွေကိုတောင် သိနေလို့ပဲ။

"အိမ်ထဲ ဝင်ကြရအောင်"

စူးချင်းကလည်း ကျိ‌ရွှေရှန့်၏အတွေးအတိုင်း တစ်ထပ်တည်း တွေးနေခဲ့သည်။

သူတို့ လွမ်ဟုန်ကို ဖမ်းလိုက်တာက သူမကို ခြိမ်းခြောက်ဖို့ပဲ။ သူမက လွမ်ဟုန်ရဲ့ လုံခြုံရေးကို စိတ်ပူပြီး သူမရဲ့မိသားစုဝင်အတွက် အကျဥ်းထောင်ကို သွားဖောက်ဖို့ သူတို့ မျှော်လင့်နေကြတာပဲ။

ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့က အိမ်ထဲသို့ အမြန် ပြေးဝင်လာခဲ့သည်။ သူတို့ အတွင်းခြံဝင်းထဲသို့ လှမ်းဝင်လိုက်ချိန်တွင် တံခါးကို စောင့်နေသည့် ကျေးကျွန်နှစ်ယောက်ကိုသာ တွေ့လိုက်ရသည်။ စူးချင်း ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် သူတို့၏မျက်နှာများ၌ ထိတ်လန့်သွားသည့် အမူအရာများ ပေါ်လာပြီး ကမန်းကတန်း အော်ဟစ်လိုက်ကြသည်။

“သခင်မလေး”

စူးချင်းက သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ကန်ထုတ်လိုက်သည်။ ကျိ‌ရွှေရှန့်က ရှေ့တိုးလာပြီး ဆူညံသံများ ထပ်မထွက်စေရန် သူတို့၏ အပ်စိုက်မှတ်များကို ဖိနှိပ်လိုက်သည်။ အစေခံနှစ်ယောက်က အလွန်နာကျင်နေပြီး အော်ဟစ်ချင်နေကြသော်လည်း အသံမထွက်နိုင်တော့ပေ။ သူတို့ ပြေးချင်နေသည့်တိုင် လှုပ်ဖို့ပင် မတတ်နိုင်တော့ပေ။ စူးချင်းနှင့် ကျိ‌ရွှေရှန့်က အိမ်၏အတွင်းပိုင်းဆီသို့ ဆက်ဝင်သွားသည်ကိုသာ သူတို့ ကြည့်နေလိုက်ရသည်။

စူးချင်းက သူမ၏မိခင်နှင့် ရှောင်ချန်တို့၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေခဲ့သည်။ သူမ မိခင်ဖြစ်သူ၏ခြံဝင်းထဲသို့ ပြေးဝင်သွားလိုက်ရာ သူမ ဝင်ဝင်သွားချင်း အိမ်ထဲမှ အနက်ရောင်အရိပ်တစ်ခု လွင့်ပျံလာသည်ကို လှမ်းမြင်လိုက်ရသည်။

All Chapters