← Chapters

အရေးပေါ် ရှာဖွေမှု

Vol. 29 Ch. 422

အရေးပေါ် ရှာဖွေမှု

Vol. 29 Ch. 422

ရှောင်ချီက သူမ၏ ခြေတံတိုတိုလေးများကို မြှောက်ကာ ဝင့်ကြွားဟန်အပြည့်ဖြင့် အိမ်ထဲမှ ထွက်လာခဲ့ပြီး ချစ်စရာကောင်းသည့် ရှောင်ချန်က သူမနောက်မှ လိုက်ပါလာလေသည်။

ရှောင်ချီက လူဆိုးတစ်ကောင် ပျံသန်းသွားအောင် ကန်ထုတ်လိုက်သည်ကို မြင်လိုက်ရသောကြောင့် ရှောင်ချန်က ဝမ်းသာအားရ ခုန်ပေါက်နေခဲ့သည်။

"အိုး၊ ရှောင်ချီက အရမ်းတော်တာပဲ!"

သူမ၏မောင်လေး လုံခြုံနေပြီး ပျော်ရွှင်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် နောက်ဆုံးတွင် စူးချင်း၏နှလုံးသားလည်း ငြိမ်သက်သွားခဲ့ရသည်။ ရှောင်ချီ ကန်ထုတ်လိုက်သည့်လူကို သူမ လှမ်းကြည့်လိုက်ရာ ခြံဝင်း၏သန့်ရှင်းရေးအား တာဝန်ယူရသည့် အစေခံတစ်ယောက်ဖြစ်ကြောင်း သူမ သိလိုက်ရသည်။ ပုံမှန်အားဖြင့် သူက သခင်များအပေါ် လေးစားမှုရှိပြီး အမြဲတမ်းရိုရိုသေသေ ဆက်ဆံပြောဆိုတတ်ကာ သူ့အမူအရာများအားလုံးက ပုံမှန်သာဖြစ်သည်။

သို့သော်လည်း သူက စူးအိမ်တော်အတွင်းသို့ ချူကျင်းဖုန်း စေလွှတ်ထားခဲ့သည့် သူလျှိုတစ်ဦး ဖြစ်နေခဲ့သည်။ စူးချင်းက ထိုလူ့ဆီသို့ လျှောက်သွားလိုက်ပြီး ထိုလူ၏ကြောက်လန့်တကြား အကြည့်များအောက်တွင် သူ့၏လက်ချောင်းများကို လှမ်းကိုင်လိုက်သည်။ ထို့နောက် သူမ အနည်းငယ် အားစိုက်ထုတ်လိုက်ရုံဖြင့် အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့သည်။

"အား!"

ထိုအစေခံက နာကျင်ကြီးစွာ အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

"ပြောစမ်း၊ လွမ်ဟုန်ကို ဘယ်ကို ပို့လိုက်တာလဲ? မင်းတို့ရဲ့လျှို့ဝှက်စခန်းက ဘယ်မှာလဲ?”

စူးချင်းက ထိုအစေခံ၏လက်ချောင်းသုံးချောင်းကို အညှာအတာမဲ့ နင်းထားရင်း အေးစက်စွာ မေးမြန်းလိုက်သည်။

"မသိဘူး၊ ငါ ဘာမှ မသိဘူး"

သူလျှိုအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရသူများအားလုံးက ပြင်းထန်သော လေ့ကျင့်မှုများကို ခံယူခဲ့ကြရပြီး သေလောက်အောင် နာကျင်နေသည့်တိုင် ဘာကိုမှ ဝန်မခံဘဲ တောင့်ခံနိုင်လေ့ရှိကြသည်။

သို့သော်လည်း စူးချင်းကတော့ ထိုကိစ္စကို လုံးဝ ဂရုမစိုက်ပေ။ သူမက ထိုအစေခံ၏ပါးစပ်ထဲသို့ ဆေးတစ်လုံး ပစ်ထည့်လိုက်ပြီး လက်ဖက်ရည်တစ်ခွက်၏တစ်ဝက်ကုန်စာပင် မပြည့်သေးသည့်အချိန်အတွင်း ထိုလူက အရာအားလုံးကို ဝန်ခံလိုက်တော့သည်။

“အိမ်တော်ထိန်းက လျိုရှင်းလမ်းရဲ့ တတိယမြောက်ခြံမှာ စောင့်... စောင့်နေတာပါ၊ ကျွန်တော်ရဲ့တာဝန်က သခင်လေးချန်ကို အဲ့နေရာအထိ ခေါ်သွားပေးဖို့ပါပဲ”

ထိုသို့ ​ပြော​ပြီး​နောက်တွင် ထိုအစေခံက သူ့​အရိုးများ ဆွဲ​ထုတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့မျက်နှာက သေလုနီးပါး ပြာနှမ်းသွားကာ သူ့မျက်လုံးများကလည်း အသက်မဲ့သွားခဲ့ပြီ ဖြစ်သည်။

သူ ဝန်ခံလိုက်တာနဲ့ သူ့ရဲ့မိသားစုဝင်တွေအားလုံး ကွပ်မျက်ခံရမယ် ဆိုတာကို သူ သိပါတယ်။ ဒါပေမယ့်လည်း ဒီပြင်းထန်လှတဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုတော့ သူ တောင့်မခံနိုင်ခဲ့ဘူး။

“ကိုယ် လျိုရှင်းလမ်းကို ဝန်းရံဖို့ ရန်ရှစ်ခွမ်းကို သွားရှာလိုက်မယ်။ မင်း အိမ်မှာ နေခဲ့ပြီး ရှောင်ချန်နဲ့ မင်းရဲ့မိဘတွေကို ကာကွယ်ပေးထားလိုက်ဦး"

ကျိ‌ရွှေရှန့်က ထိုကိစ္စ မည်မျှ လေးနက်မှန်း နားလည်နေခဲ့သည်။ လွမ်ဟုန်ကို ကယ်တင်နိုင်ရန် အချိန်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မျက်တောက်တစ်ခတ်စာတိုင်းကို အမိအရ ဆုပ်ကိုင်နိုင်ရန် ကြိုးစားရတော့မည် ဖြစ်သည်။ ထို့သိုမဟုတ်ဘဲ ထိုလူများ မြို့ပြင်သို့ ထွက်သွားပြီးဖြစ်ပါက သူတို့ကို ရှာဖွေရန် ပို၍ခက်ခဲသွားပေလိမ့်မည်။

“အင်း”

စူးချင်းက ချွင်းချက်မရှိ သဘောတူလိုက်သည်။

ရွှေရှန့်က တပ်ဖွဲ့တွေကို ဦးဆောင်နိုင်နေပြီဆိုတော့ သူမကိုယ်တိုင် ဝင်ပါစရာမလိုတော့ဘူး။ အခုအချိန်မှာ သူမရဲ့မိသားစုဝင်တွေကို ကာကွယ်ပေးဖို့ သူမ အိမ်မှာနေမှ ဖြစ်မယ်။

သို့ရာတွင် ဤနေရာ၌ ဆူညံပွတ်လောရိုက်နေသည့်တိုင် သူမ၏အမေက အပြင်သို့ ထွက်မလာခဲ့သေးပေ။ ထို့ကြောင့် စူးချင်းက တစ်ခုခု မှားနေပြီဟု ခံစားသွားပြီး ရှောင်ချန်ရှေ့တွင် ထိုင်ကာ သူ့ကို မေးမြန်းလိုက်သည်။

"ရှောင်ချန်၊ အမေ ဘယ်မှာလဲ? အမေတို့ ပြန်မလာကြသေးဘူးလား?"

“မလာသေးဘူး”

ရှောင်ချန်က ခေါင်းယမ်းလိုက်သည်။ စူးချင်းက ရှောင်ချီကို တစ်ချက်ကြည့်လိုက်ရာ ရှောင်းချီက စူးချင်းကို ပြန်ကြည့်ရင်း ခေါင်းယမ်းနေလေသည်။

"သခင်၊ သခင်မကြီးတို့က ပြန်မလာသေးပါဘူး"

စူးချင်း၏မျက်နှာအမူအရာက ညှို့မှိုင်းသွားပြန်သည်။

သူမနဲ့ သူမရဲ့အမေက တစ်ချိန်တည်းနီးပါး အရက်ချက်ရုံကနေ ပြန်ထွက်ခွာလာခဲ့ကြတယ်။ အခု သူမ‌တောင် အိမ်ပြန်ရောက်နေမှတော့ သူမရဲ့အမေလည်း ပြန်ရောက်သင့်နေပြီ။ ပြန်မရောက်လာသေးရင်တော့ တစ်ခုခု ဖြစ်နေတာ သေချာသွားပြီ။

စူးချင်းက ရှောင်ချီကို ထပ်အမိန့်ပေးလိုက်သည်။

"ရှောင်ချီ၊ ရှောင်ချန့်ကို ကာကွယ်ထားပါ"

ကျိ‌ရွှေရှန့်က စူးချင်းကို အံ့သြတကြီး လှမ်းကြည့်လိုက်သည်။

ရှောင်ချီက အိမ်မွေးတိရစ္ဆာန်ငယ်လေးလေ။ ဘယ်လိုဖြစ်ပြီး ရှောင်ချန်ကို အဲ့အကောင်ငယ်လေးဆီမှာ ယုံယုံကြည်ကြည် အပ်နှံနေရတာလဲ?

"ရှောင်ချန်ကို မင်းနဲ့အတူ လိုက်သွားလိုက်လေ!"

သူ့ယောက်ဖ၏လုံခြုံရေးအတွက် စိုးရိမ်နေသည့် ကျိ‌ရွှေရှန့်က စူးချင်းကို အကြံပေးလိုက်သည်။

"ရှောင်ချီ ရှိရင် အဆင်ပြေတယ်"

စူးချင်းက ရှောင်ချီ၏စွမ်းရည်ကို အလွန်ယုံကြည်နေခဲ့သည်။

အဆင့်မြင့်သိုင်းသမား သုံးယောက်ကနေ ငါးယောက်အထိ ရောက်လာရင်တောင် ရှောင်ချီရဲ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး။ အဲ့တာက ချဲ့ကားတာ မဟုတ်သလို ‌ရှောင်ချီဆီမှာ အဖျက်အားပြင်းထန်တဲ့လက်နက်တစ်ခုလည်း ရှိနေသေးတယ်။ သူမ ရှောင်ချန်ကို ခေါ်သွားရင် လူကယ်တင်ဖို့ အဆင်မပြေ ဖြစ်သွားလိမ့်မယ်။

"ကိုယ် ဦးလေးရန်ဆီကို ရောက်ရင် သူ့ကို ကာကွယ်ဖို့ လူတွေ လွှတ်ခိုင်းလိုက်ပေးမယ်"

ကျိ‌ရွှေရှန့်ကတော့ စိတ်ပူနေဆဲပင်။ ရှောင်ချန်က စူးချင်းအတွက် မည်မျှအရေးကြီးသည်ကို သူ သိနေပြီး ရှောင်ချန် တစ်ခုခု ဖြစ်သွားခဲ့လျှင် စူးချင်းက သူမကိုယ်သူမ ဘယ်တော့မှ ခွင့်လွှတ်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူက ထိုကလေး၏ဘေးကင်းလုံခြုံ‌ရေးကို ဦးစားပေးခဲ့ပြီး စူးအိမ်တော်ကို ကာကွယ်ရန် ရန်ရှစ်ခွမ်းအား တပ်ဖွဲ့များ စေလွှတ်ခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် တိုက်ဆိုင်လွန်းစွာဖြင့် ယန်ကျစ်နှင့် သူ့၏သက်တော်စောင့်အဖွဲ့ဝင်များ ပြန်ရောက်လာခဲ့သည်။

သူတို့ ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်မိကြသည်။

အခုတော့ ရှောင်ချန်ကို ကာကွယ်ပေးနိုင်မယ့် တစ်ယောက်ယောက် ရှိလာပြီ။

"ဦးလေးယန် ကျေးဇူးပြုပြီး ရှောင်ချီ့ကို ကာကွယ်ပေးပါဦး"

ဤနေရာ၌ ယန်ကျစ် ရှိနေလျှင် သူမ အေးအေးချမ်းချမ်း ထွက်သွားနိုင်မည် ဖြစ်သောကြောင့် စူးချင်းက ယန်ကျစ်ကို တောင်းဆိုလိုက်သည်။

ယန်ကျစ်က ရာနှင့်ချီသော သိုးဝဝကြီးများကို ဆွဲခေါ်ကာ တာ့ချန်မှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ ခရီးအကွာအဝေးကြောင့် ပင်ပန်းနွမ်းနယ်နေပြီး အိမ်ထဲသို့ ဝင်လာပြီးချိန်အထိ ရေတစ်ငုံပင် မသောက်ရသေးပေ။ သို့သော် စူးချင်းက ရှောင်ချန့်ကို ကာကွယ်ပေးရန် အလောတကြီး တောင်းဆိုနေသောကြောင့် တစ်ခုခုဖြစ်နေမှန်း သူ ခန့်မှန်းနိုင်သွားပြီး စူးချင်းကို စိတ်မသက်မသာ ပြန်မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ?"

"လူတစ်ချို့က ကျွန်မကို ခြိမ်းခြောက်ဖို့ ရှောင်ချန်နဲ့ ကျွန်မရဲ့မိဘတွေကို ပြန်ပေးဆွဲချင်နေတာ..."

စူးချင်းက လက်ရှိ ဖြစ်ပျက်နေသည့်အခြေအနေများကို အတိုချုံးရှင်းပြလိုက်သည်။ ယန်ကျစ်က သူမတို့အတွက် ယုံကြည်စိတ်ချရသူဖြစ်သောကြောင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ပေ။

“ကောင်းပြီ၊ မင်း စိတ်အေးအေးနဲ့ သူတို့ကို သွားကယ်လိုက်ပါ။ ဒီဘက်ကို စိတ်ပူမနေနဲ့တော့၊ ဒီအိမ်မှာ ငါနဲ့ ငါ့ညီအစ်ကိုတွေ ရှိနေမယ်၊ ဘာပြဿနာမှ မရှိစေရဘူး”

ထိုစကားကို နားထောင်ပြီးနောက် ယန်ကျစ်ကလည်း လက်ရှိအခြေအနေ၏ အရေးတကြီးပုံကို ခန့်မှန်းနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူက ရှောင်ချန်နှင့် စူးမိသားစုကို ကာကွယ်ပေးရန် တာဝန်ယူမည်ဖြစ်ကာ စူးချင်းကို ပြတ်ပြတ်သားသား အာမခံလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးယန်"

စူးချင်းက ယန်ကျစ်ကို ကျေးဇူးတင်လိုက်ပြီး ကျိ‌ရွှေရှန့်နှင့်အတူ စူးအိမ်တော်မှ ထွက်လာခဲ့သည်။ အလျင်လိုနေသောကြောင့် နှစ်ယောက်သား မြင်းများကို အရှိန်အဟု အပြည့်ဖြင့် စီးနှင်းလာခဲ့ကြသည်။

ကျိ‌ရွှေရှန့်က ရန်ရှစ်ခွမ်းကို ရှာဖွေရန် စစ်တန်းလျားဆီသို့ ဦးတည်လိုက်သည်။ အရေးတကြီးကိစ္စဖြစ်နေသောကြောင့် မြို့တံခါးများကို ချက်ခြင်းပိတ်စေကာ အိမ်တိုင်းကို ရှာခိုင်းရန် သူ တွေးထားခဲ့သည်။

စူးချင်းက သူမ၏မိဘများ ဘေးကင်းနေကြောင်း အတည်ပြုရန် အရက်ချက်ရုံသို့ အရင် သွားလိုက်သည်။ ထိုနေရာတွင် သူမ၏အဖေနှင့် ဦးလေးသာ ရှိနေပြီး သူမ၏အမေနှင့် အဒေါ်တို့ကို မတွေ့ရတော့ပေ။

"ချင်းအာ၊ ဘာဖြစ်လို့လဲ?"

စူးဟန်ရွှမ်က သူ့သမီး ပြန်ရောက်လာသည်ကို မြင်သွားပြီး အံ့အားသင့်သွားကာ အလောတကြီး မေးမြန်းလိုက်သည်။

"ကျွန်မ အဖေနဲ့ ဦးလေးကို အိမ်ပြန်ပို့ပေးမယ်"

စူးချင်းက သူတို့ကို ချက်ချင်း မရှင်းပြတော့ဘဲ အိမ်ပြန်ပို့ရင်း လမ်းတွင် စကားပြောရန် တွေးထားလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ?"

လွမ်ချင်းရှန်ကလည်း စိတ်မသက်မသာဖြစ်နေဟန်ဖြင့် စူးချင်းကို လှမ်းမေးလိုက်သည်။

“အဖေနဲ့ ဦးလေး... လွမ်ဟုန် အဖမ်းခံထားရတယ်။ အခု ရွှေရှန့်နဲ့ ကျွန်မ လွမ်ဟုန်ကို ကယ်တင်ဖို့ ကြိုးစားနေပြီ၊ တစ်ဖက်လူတွေရဲ့ရည်ရွယ်ချက်က အဖေတို့အားလုံးကို ဖမ်းဖို့ပဲ၊ အဲ့တော့ ကျွန်မတို့ အိမ်ကို မြန်မြန်ပြန်မှ ဖြစ်မယ်”

စူးချင်းက သူတို့ကို အတိုချုံး ရှင်းပြလိုက်ပြီး ရထားလုံးပေါ်သို့ မြန်မြန်တက်ရန် တိုက်တွန်းလိုက်သည်။

"ဘယ်သူက လွမ်ဟုန်ကို ခေါ်သွားရဲလဲ?"

သူ့သမီး အဖမ်းခံလိုက်ရကြောင်း ကြားလိုက်ရချိန်တွင် လွမ်ချင်းရှန်တစ်ယောက် ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားလိုက်ရသည်။

ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ဘူးလေ။ သူ့သမီးက လော့ချန်မှာ တစ်ကြိမ် အဖမ်းခံခဲ့ရပြီး သေလုနီးပါး ဖြစ်ဖူးသေးတယ်။

“အခု အသေးစိတ်ရှင်းပြဖို့ အချိန်မရှိတော့ဘူး။ အတိုချုပ်ပြောရရင် ကျွန်မ ဝမ်းကွဲညီမလေးကို ကယ်တင်ပေးမယ်လို့ ကတိပေးတယ်။ ဦးလေးတို့ အိမ်ကို ပြန်ပြီး အေးအေးဆေးဆေး စောင့်နေပါနော်၊ ဒါပေမယ့် အပြင်ကိုတော့ လုံးဝ မထွက်သွားပါနဲ့”

စူးချင်းက သူ့ဦးလေးကို ရှင်းပြနေရင်း အချိန်မဖြုန်းချင်တော့ဘဲ သူမ၏အဖေကို အတင်း ဆွဲခေါ်လိုက်သည်။

“ယောက်ဖ၊ အိမ်ကို ပြန်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်ကြရအောင်။ ချင်းအာနဲ့ ရွှေရှန့်က လွမ်ဟုန်ကို ကယ်တင်ပေးနိုင်မှာပါ”

စူးဟန်ရွှမ်က သူ့သမီး၏ခွန်အားနှင့်စွမ်းရည်ကို ယုံကြည်နေသောကြောင့် လွမ်ချင်းရှန်ကို သူနှင့်အတူ အိမ်ပြန်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းရန် ဖျောင်းဖျလိုက်သည်။

ယောက်ဖရေ.. အိမ်ပြန်ကြမယ်၊ ချင်းအာရဲ့အလုပ်တွေကို မနှောင့်နှေးစေနဲ့။

လွမ်ချင်းရှန်က တွေဝေတုံ့ဆိုင်းနေခဲ့ပြီး စူးဟန်ရွှမ်က သူ့ကို ရထားလုံးပေါ် ဘယ်လို ဆွဲခေါ်သွားမှန်းပင် သူ မသိတော့ပေ။

သူ့သမီးလေး အရမ်းကြောက်နေမှာကို သူ စိုးရိမ်နေတယ်။

စူးချင်းက သူတို့ကို စူးအိမ်တော်သို့ ပြန်ပို့လိုက်ပြီး လျိုရှင်းလမ်းသို့ အမြန်ထွက်လာခဲ့သည်။

သူမ ရောက်သွားချိန်တွင် ထိုလမ်းကြားထဲမှ ခြံဝင်းက အလွတ်ဖြစ်နေကာ လူများက ထွက်ပြေးသွားကြပြီ ဖြစ်သည်။ စူးချင်းက သူတို့ ချန်ထားရစ်ခဲ့သည့် လက်ဖက်ရည်ခွက်ကို ကိုင်ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်က ပူနေသေးသောကြောင့် သူတို့ အဝေးကြီးသို့ မရောက်နိုင်သေးကြောင်း ထပ်ခန့်မှန်းလိုက်သည်။

ထို့နောက် သူမက မည်းမှောင်နေသောအမူအရာဖြင့် မြို့တံခါးဆီသို့ ဦးတည်လိုက်ပြန်သည်။

သူတို့ ဒီလောက် အလျင်စလို ထွက်သွားရတဲ့ ပထမအကြောင်းအရင်းက သူတို့ တစ်ယောက်ယောက်ကို ဖမ်းမိသွားလို့ ဖြစ်နိုင်တယ်။ ဒုတိယအကြောင်းရင်းကတော့ စူးအိမ်တော်မှာ ရှိနေတဲ့ သူလျှို အဖမ်းခံလိုက်ရတာကို သတင်းရသွားလို့ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် သူတို့ ကိုယ်တိုင် အဖမ်းခံရမှာ ကြောက်လို့ ထိတ်လန့်တကြား ထွက်ပြေးကြတာ ဖြစ်နိုင်တယ်။

သူတို့ လွတ်မြောက်ချင်ရင် မြို့တံခါးကို မဖြစ်မနေ ဖြတ်သွားရမယ်။

ထိုအတွေးကြောင့် စူးချင်းက သူတို့နောက်သို့ လိုက်ရန် မြို့တံခါးဆီသို့ ဦးတည်လိုက်ခြင်း ဖြစ်သည်။

စူးချင်း မြို့တံခါးဆီသို့ ရောက်လာချိန်တွင် မြို့တံခါးကို ပိတ်ထားပြီး ဖြစ်ကာ မြို့ပြင်သို့ ထွက်ခွာချင်သူများက တန်းစီစောင့်ဆိုင်းနေလေသည်။

ဘာဖြစ်တာလဲ?

အားလုံးက ကြောက်လန့်တကြား ဖြစ်သွားကြပြီး မြို့ထဲတွင် အိမ်​ရှိ​များက မိမိတို့၏အိမ်များဆီသို့ အလျင်အ​မြန် ​ပြန်သွား​ကြတော့သည်။ ကျိ‌ရွှေရှန့်က သူတို့အားလုံးကို တားဆီးလိုက်ပြီး ရှာဖွေစစ်ဆေးပြီးမှသာ ပြန်လွှတ်ပေးနေခဲ့သည်။ ထိုအရာက သာမန်ပြည်သူများကို ပိုကြောက်ရွံ့စေခဲ့သည်။ ရဲရင့်သူအချို့က ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ပြန်အဖမ်းခံရပြီး ပြင်းပြင်းထန်ထန် စစ်ဆေးခံနေကြရသည်။

တခဏတာအတွင်း ငိုယိုများ တုန်လှုပ်ချောက်ချားစွာ ညည်းသူသံများ ထွက်ပေါ်လာပြန်သည်။

ကျိ‌ရွှေရှန့်က ရန်ရှစ်ခွမ်းနှင့်အတူ ရှိနေခဲ့ပြီး သူက စူးချင်း မရောက်မီ မြို့တံခါးသို့ ရောက်လာကာ တစ်မြို့လုံးကို ရှာဖွေရန် မြို့တံခါးကို ချက်ချင်း ပိတ်စေခဲ့သည်။ စူးချင်းကို တွေ့လိုက်ရချိန်တွင် သူက သူမကို နှစ်သိမ့်ပေးရန် သူ့မြင်းနှင့်အတူ ချဥ်းကပ်လာခဲ့သည်။

“ချင်းအာ၊ ဦးလေးရန်နဲ့ ကိုယ် တစ်မြို့လုံးကို ရှာဖွေဖို့ တပ်တွေ ဖြန့်ထားပြီးပြီ၊ မင်း စိတ်မပူနဲ့တော့နော်”

သို့သော် စူးချင်းက မြို့ကို ရှာဖွေပြီးသည့်အချိန်အထိ မစောင့်နိုင်တော့ပေ။

တကယ်လို့ အဲ့လူတွေက သူမရဲ့အမေနဲ့ အဒေါ်ကို ခေါ်သွားပြီးပြီဆိုရင် သူတို့ ကျင့်ရှီလျိုမြောင်ကနေ ထွက်သွားလိမ့်မယ်။ တမြို့လုံး ရှာဖွေပြီးတဲ့အချိန်ကို စောင့်နေရင် သူတို့ နောက်ကို လိုက်ဖို့ နောက်ကျသွားမှာပေါ့။

"သူတို့က ကျွန်မရဲ့အမေနဲ့ အဒေါ်ကို ခေါ်သွားပြီးတာ ဖြစ်နိုင်မလား? မြို့တံခါးကို ဖွင့်ပေး။ ကျွန်မ သူတို့နောက်ကို လိုက်သွားမယ်"

All Chapters