← Chapters

တွက်ချက်မှု မှားယွင်းခဲ့ခြင်း

Vol. 29 Ch. 425

တွက်ချက်မှု မှားယွင်းခဲ့ခြင်း

Vol. 29 Ch. 425

"သူတို့က ကိုယ်တို့ကို အသုံးမဝင်တဲ့အရာတွေ မလုပ်ကြဖို့ ပြောထားတယ်၊ လွမ်ဟုန်နဲ့ လဲလှယ်ဖို့အတွက် ချူကျင်းဖုန်းကို ဟာဆာတိုင်းပြည်ဘက် ခေါ်ဆောင်လာဖို့ အထူးတောင်းဆိုထားတယ်"

ကျိ‌ရွှေရှန့်က စူးချင်းကို စာလှမ်းပေးလိုက်ပြီး သူ့မျက်ခုံးများက တွန့်ကွေးနေကာ ကြံရာမရ ဖြစ်နေခဲ့သည်။

အခုထိ မြို့ထဲမှာ သူလျှိုတွေ အများကြီး ရှိနေသေးတာပဲ။ အဲ့လိုမှမဟုတ်ရင် သူတို့ လွမ်ဟုန်ကို ရှာနေမှန်း ဘယ်လို သိနိုင်ကြမှာတဲ့လဲ?

"ဒါဆိုလည်း ချူကျင်းဖုန်းကို ခေါ်သွားကြတာပေါ့"

စူးချင်းက အေးစက်စက် လှောင်ပြုံးတစ်ခုဖြင့် တုံ့ပြန်စကားဆိုလိုက်သည်။

သူတို့ ခေါ်သွားတဲ့သူက လွမ်ဟုန် မဟုတ်ဘူးဆိုရင်တောင် ချူကျင်းဖုန်းကို လွှတ်ပေးဖို့ သူမ ကျိ‌ရွှေရှန့်ကို တောင်းဆိုပေးချင် တောင်းဆိုပေးမိဦးမယ်။ အခုတော့ လုံးဝ မဖြစ်နိုင်တော့ဘူး။

သူမ အမုန်းဆုံးက ဓားစာခံအဖြစ် ချုပ်နှောင်ပြီး အကျပ်ကိုင်တာပဲ။ ချူကျင်းဖုန်းဘက်က လွမ်ဟုန်ကို ဖမ်းထားပြီး သူမကို ခြိမ်းခြောက်ဖို့ ကြံရွယ်ခဲ့တာဆိုရင်တော့ သူတို့ရဲ့တွတ်ချက်မှုတွေ မှားယွင်းသွားပြီလို့ပဲ ပြောရတော့မယ်။

"သွားကြရအောင်။ စစ်သူကြီးယန်ကို ပြောပြီး ချူကျင်းဖုန်းကို ခေါ်သွားကြမယ်”

စူးချင်းက လူတိုင်းရှေ့တွင် ကျိ‌ရွှေရှန့်ကို အော်ပြောလိုက်သည်။ ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့က စိတ်ချင်းနီးစပ်ကြပြီး တစ်ယောက်၏အတွေးကို တစ်ယောက် နားလည်နေကြသည်။ ထို့ကြောင့် တစ်ယောက်၏မျက်လုံးကို တစ်ယောက်ကြည့်ရုံဖြင့် တစ်ဖက်လူ ဘာတွေးနေသည်ကို ပြောပြနိုင်သော တိတ်တဆိတ် နားလည်မှုမျိုးကို ပိုင်ဆိုင်ထားကြသည်။ ယခုလည်း ကျိရွှေရှန့်က စူးချင်းဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်ပြီး ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

"ကောင်းပြီ ဦးလေးရန်ကို သွားရှာပြီး သူ့ကို လွှတ်ခိုင်းကြတာပေါ့"

ဤသည်မှာ လူနေရပ်ကွက်တစ်ခု ဖြစ်ပြီး အရာရှိများနှင့် စစ်သည်များ ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် ပြည်သူများ ထိတ်လန့်တကြားဖြစ်ကာ အဆင်အခြင်မဲ့ ထွက်ပြေးနေကြသည်။ ထို့ကြောင့် လမ်းများပေါ်တွင် လူပေါင်းရာချီ ရှိနေခဲ့ပြီး သူတို့အားလုံး ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့၏စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။ ထို့နောက်တွင်မူ တချို့လူများက တိတ်တဆိတ် ပြန်ထွက်ခွာသွားခဲ့ကြသည်။

စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က စစ်စခန်းသို့ ပြန်သွားကာ ရန်ရှစ်ခွမ်းနှင့် တွေ့ဆုံနိုင်ရန် သတင်းပို့ခိုင်းခဲ့ကြသည်။ ထို့နောက် သူတို့သုံးယောက် ပင်မတဲထဲတွင် ခဏလောက် ဆွေးနွေးတိုင်ပင်နေခဲ့ကြပြီး မကြာခင် စစ်သည်အနည်းငယ်ကို ထပ်ခေါ်လိုက်ကြပြန်သည်။

တစ်ရှိးချန်(နှစ်နာရီ)ကြာပြီးနောက် စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က ဗိုက်ဝအောင် ဖြည့်လိုက်ကြပြီး စစ်သည်တစ်စုကို ဦးဆောင်ကာ အနည်းငယ် မူပျက်နေသည့် ချူကျင်းဖုန်းကို ကျင့်ရှီလျိုမြောင်မှ ခေါ်ထုတ်သွားခဲ့ကြသည်။

မြို့တံခါးက ပွင့်သွားပြီး ကြိုးတံတား နိမ့်ဆင်းလာချိန်တွင် လူအချို့က စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့၏ ယာဉ်တန်းကို ထိတ်လန့်တကြား ကြည့်နေကြပြန်သည်။ စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်လား မသိနိုင်သော်လည်း ရထားလုံး၏ကန့်လန့်ကာများကို အောက်မချထားခဲ့ပေ။ ထို့ကြောင့် အပြင်လူများပင် ရထားလုံးပေါ်တွင် ထိုင်နေသည့် ချူကျင်းဖုန်းကို ရှင်းရှင်းလင်းလင်း မြင်နေကြရသည်။

လမ်းမပေါ်တွင် လေထန်နေပြီး နှင်းများ ထူထပ်စွာကျနေခဲ့သည်။ စူးချင်းနှင့် ကျိ‌ရွှေရှန့်၏ အမူအရာများကလည်း အေးစက်နေခဲ့ပြီး ဤခရီးစဉ်က ခရီးကောင်းတစ်ခု မဟုတ်မှန်း သိသာနေခဲ့သည်။ ချူကျင်းဖုန်းကို ပြန်ရပြီးနောက် ဟာဆာ့တိုင်းပြည်က သူတို့ကို အလွယ်တကူ ပြန်ထွက်ခွာခွင့်မေးမည် မဟုတ်မှန်း သူတို့အားလုံး ရိပ်မိနေကြသည်။

စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့ကလည်း ထိုခက်ခဲမည့် တိုက်ပွဲအတွက် သူတို့၏နှလုံးသားများထဲမှ ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လွမ်ဟုန်က သူတို့ကြောင့် ဤမမျှော်လင့်ထားသော ဘေးဒုက္ခကို ခံစားခဲ့ရခြင်းဖြစ်ပြီး သူတို့ လွမ်ဟုန်ကို မဖြစ်မနေ ကယ်တင်ရမည် ဖြစ်သည်။

သူတို့ ထွက်ခွာလာပြီးနောက် မျက်လုံးပေါင်းများစွာက သူတို့ကို တလမ်းလုံး စောင့်ကြည့်နေခဲ့သည်။ ထိုမျက်လုံးများ၏တည်ရှိမှုကို ရိပ်မိနေသော်လည်း စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က မသိချင်ယောင် ဆောင်နေခဲ့ကြသည်။ စူးချင်း၏ရည်ရွယ်ချက်က သူမတို့ မရောက်မီ လွန်ဟုန်အား မသတ်စေရန် သူလျှိုများမှတဆင့် သူမတို့ လာနေကြောင်း အသိပေးချင်နေခြင်းသာ ဖြစ်သည်။

ထို့နောက် ကျိ‌ရွှေရှန့်က သူတို့ မရိပ်မိအောင် တိတ်တဆိတ် ခွဲထွက်သွားပြီး စူးချင်းက ချူကျင်းဖုန်းကို ခေါ်ဆောင်ကာ ဟာဆာတိုင်းပြည်၏နယ်စပ်ဆီသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။

ယနေ့တွင် နှင်းများ ထူထပ်စွာ ကျရောက်နေပြီး မြောက်လေက သူတို့၏မျက်နှာများကို ဓားဦးချွန်ဖြင့် ထိုးနေသလို ခပ်ကြမ်းကြမ်း တိုးဝင်နေလေသည်။ နှင်းများ တစ်ပေထက် မြင့်လာချိန်တွင် ရထားလုံးများက ရှေ့သို့ မရွေ့နိုင်တော့ပေ။ စူးချင်းက ချူကျင်းဖုန်းကို မြင်းတစ်ကောင် ပေးလိုက်ပြီး သူမ၏မြင်းနောက်မှ စီးနင်းစေခဲ့သည်။

လမ်းတွင် ချူကျင်းဖုန်းက စကားတစ်ခွန်းမှ မပြောသလို စူးချင်းကလည်း သူ့ကို ချုပ်နှောင်ထားခြင်း မရှိပေ။ ဟာဆာတိုင်းပြည်၏နယ်နိမိတ်သို့ ရောက်လာမှသာ စူးချင်းက ချူကျင်းဖုန်းအား ကြိုးချဉ်ထားရန် သူမ၏လူများကို အမိန့်ပေးလိုက်သည်။

ဟာဆာပြည်ထောင်က တာ့ထန်ပြည်ထောင်ပြီးလျှင် ဒုတိယအင်အားအကြီးဆုံး ဖြစ်သည်။ နယ်မြေကျယ်ပြောပြီး သန်မာသော စစ်သည်များရှိသလို သူတို့မျိူးနွယ်မှ ယောက်ျားများအားလုံးက အတော်လေး သန်မာကြသည်။ သူတို့က အမဲသားနှင့် သိုးသားများကိုသာ စားသောက်ကြပြီး တိုက်ခိုက်သတ်ဖြတ်ရခြင်းကို အထူးနှစ်သက်ကြသည်။

ဟာဆာက တိရစ္ဆာန်မွေးမြူရေးကို အဓိကအားကိုးကာ နေထိုင်စားသောက်ကြပြီး ကောင်းကင်က သူတို့အတွက် ကျယ်ပြောသည့် မြက်ခင်းပြင်ကြီး ပေးထားသည်ဟု ယုံကြည်ကြသည်။ စားကျက်များအတွင်း လွှတ်ပေးထားသော သိုးများအတွက် အဆုံးမရှိ နူးညံ့သောမြက်ပင်များကို ပိုင်ဆိုင်ကြသည်။ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း သူတို့က လယ်ယာလုပ်ကိုင်နည်းကို မသိကြသေးပေ။ လယ်လုပ်တတ်လျှင်ပင် သူတို့က မလုပ်ချင်ကြဘဲ အစာမစား မရှိလျှင် လုယူစားသောက်တတ်ကြပြီး ထိုသို့ လုယူနိုင်ခြင်းကိုပင် ဂုဏ်ယူနေသူများ ဖြစ်ကြသည်။

စူးချင်းက ချူကျင်းဖုန်းကို ဟာဆာ၏နယ်စပ်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီး အဖွဲ့ကို ရပ်တန့်ရန် သူမ၏လက်ကို မြှောက်ကာ အချက်ပေးလိုက်သည်။ ဟာဆာမှ လူများကို နယ်စပ်တွင် လူလဲလှယ်ရန် စာထဲ၌ ဖော်ပြထားခဲ့သောကြောင့် ဖြစ်သည်။

ခပ်ကြမ်းကြမ်းတိုက်ခတ်လာသည့် လေတသုတ်ကြောင့် နှင်းဖြူများ ကောင်းကင်သို့ လွင့်စင်သွားချိန်တွင် ဟာဆာတိုင်းပြည်၏နယ်စပ်၌ ထိပ်တန်းစစ်သည်တော်တစ်စု ထွက်ပေါ်လာခဲ့သည်။ သူတို့က ရုတ်တရက် ရောက်လာမှန်း မသိ ရောက်လာကာ တဖြည်းဖြည်း ပိုများလာပြီး အဆုံးအစ မရှိသည့် အမည်းရောင် လူစုလူဝေးကြီး ဖြစ်သွားခဲ့သည်။

ထိုတပ်ဖွဲ့ကြီးကို ခေါင်းဆောင်လာသူက တောင်ကုန်းကဲ့သို့ သန်မာသော စစ်သူကြီးတစ်ဦး ဖြစ်သည်။ သူ၏ခေါင်းပေါ်တွင် မှင်ရောင်သားမွေးဦးထုပ်တစ်လုံး ဆောင်းထားပြီး ထိုဦးထုပ်၏ဘေးနှစ်ဖက်စလုံး၌ အနက်ရောင် အမြီးနှစ်ချောင်း ချည်နှောင်ထားသည်။ သူ၏ ထူထဲသော မျက်ခုံးများအောက်တွင် စူးရှသော ကျားသစ်မျက်လုံးတစ်စုံ ရှိနေပြီး သူ့၏တင်းတင်းစေ့ထားသော နှုတ်ခမ်းများက သူ မောက်မာမှန်းသိသာနေသည်။ သူ၏ ထန်းရွက်ကဲ့သို့ ကြီးမားသော လက်ဖဝါးထဲတွင် သံကောင်းဖြင့် ပြုလုပ်ထားသည့် သုံးခွလှံတစ်ချောင်း ရှိနေခဲ့သည်။

ထိုသုံးခွလှံကြီးကပင် အနည်းဆုံး ကျင်းတစ်ရာခန့် လေးလံနေပုံရသည်။ ထိုလူက ဟာဆာပြည်ထောင်၏ နာမည်ကျော်စစ်သူကြီး ဟိန်ဟဲကျန့်ကျီ ဖြစ်သည်။ သူ့ထံတွင် တောင်များကို ဖြိုခွင်းနိုင်ပြီး ပင်လယ်များကို မှောက်လှန်နိုင်သော ခွန်အားရှိသည်ဟု ပြောဆိုကြသည်။ သူက ဟာဆာပြည်ထောင်၏ နံပါတ်တစ် စစ်သည်တော် ဖြစ်ပြီး အသန်မာဆုံးသူလည်း ဖြစ်သည်။ သူက ပင်ကိုစရိုက်အရ ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး မရေမတွက်နိုင်သော လူများကို သတ်ခဲ့ဖူးသည်။ သူထံတွင် ထူးချွန်သော စစ်ရေးအောင်မြင်မှုများ ရှိခဲ့သောကြောင့် ဟာဇပြည်ထောင်၏ဧကရာဇ်ကပင် သူ့ကို လေးစားကာ ယုံကြည်မှု အပြည့်အဝ ပေးထားခဲ့သည်။

သူ့နောက်တွင် ဟာဆာပြည်ထောင်၏ ထိပ်တန်းတပ်ဖွဲ့ဝင်များနှင့် ဟိန်ဟဲကျန့်ကျီကိုယ်တိုင်ကိုယ်ကျ ထုလုပ်ထားသည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် သံချပ်ကာစစ်သည်များ ရှိနေခဲ့သည်။ သူတို့က လေ့ကျင့်သား ပြည့်ဝနေကာ တိုက်ပွဲတိုင်းလိုလို အောင်ပွဲဆင်နိုင်သူများ ဖြစ်ကြသည်။

စူးချင်းက ဟိန်ဟဲကျန့်ကျီကို အေးစက်စွာ ကြည့်နေခဲ့သည်။

ဓားစာခံတွေ လဲလှယ်ဖို့ ဒီလိုကြီးမားတဲ့ လူစုလူဝေးကြီး ခေါ်လာစရာလား? သူတို့က ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ဖို့ ပြင်ဆင်လာတဲ့ပုံစံ ဖြစ်နေပြီလေ။ ဆိုတော့ သူတို့က ရည်ရွယ်ချက်ကောင်းတွေနဲ့ လာကြတာ မဟုတ်မှန်း သိသာနေပြီပဲ။

ဟိန်ဟဲကျန့်ကျီကလည်း စူးချင်းကို ကြည့်နေခဲ့ပြီး သူ့၏မျက်လုံးထဲတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေလေသည်။

အဲ့မိန်းမက သြဇာအာဏာကြီးမားတဲ့သူလို့ သူ ကြားဖူးတယ်။ အခုတော့ သူမက ကလေးမလေးသာသာပဲ။ သူမရဲ့သွယ်လျတဲ့ခါးလေးက သူ တစ်ချက်ဖိတာနဲ့ ကျိုးသွားနိုင်တယ်။

ဒီလို မိန်းမငယ်လေး တစ်ယောက်အတွက် သူ့လို တန်ခိုးကြီးတဲ့စစ်သူကြီးက ကိုယ်တိုင်ကိုယ်ကျရောက်လာဖို့ လိုအပ်လို့လား? ဒါက ကြက်တစ်ကောင်ကို သားသတ်ဓားနဲ့ သတ်ခိုင်းနေတာ မဟုတ်ဘူးလား?

ဟိန်ဟဲကျန့်ကျီက သူ့နှလုံးသားထဲမှ မထီမဲ့မြင်ပြုနေခဲ့ပြီး သူ့လေသံတွင် မုန်းတီးမှုနှင့် မောက်မာမှုများ ပြည့်နှက်နေလေသည်။

"ဟေး ဟိုးဘက်က မိန်းမ မင်းကဘယ်သူလဲ?"

"ငါ့ညီမ ဘယ်မှာလဲ?"

စူးချင်းက သူ့စကားကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူမ ဘယ်သူလဲဆိုတာ သူ သိပြီးသားမလား? ဘာလို့ လာထပ် မေးနေရတာတုန်း? ဘယ်သူက သူနဲ့ အချိန်ဖြုန်းချင်နေလို့လဲ?

"ငါတို့ရဲ့ ဒုတိယမင်းသားက ဘယ်မှာလဲ?"

စူးချင်းက အေးစက်ပြီး မောက်မာလွန်းကာ သူ့ကို အလေးအနက် မထားမှန်း သိလိုက်ရသောကြောင့် ဟိန်ဟဲကျန့်ကျီက မျက်မှောင်ကြုတ်သွားပြီး စူးချင်းကို အသံကျယ်ကျယ်ဖြင့် ပြန်မေးလိုက်သည်။ သူ့၏အော်သံကြီး ဝက်ဝံတစ်‌ကောင်၏ဟိန်းဟောက်သံနှင့် ယှဉ်နိုင်ပြီး မြောက်လေကလည်း တိုက်ခတ်နေသောကြောင့် လူအများ၏နားစည်များကိုပင် လှုပ်ခါသွားစေခဲ့သည်။ ဟိန်ဟဲကျန့်ကျီက စူးချင်းကို အစွမ်းပြလိုက်ခြင်းဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ အတိမ်အနက်အား သူမ သိသွားစေရန် တမင်တကာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

"ငါ့ညီမ!"

ဟိန်ဟဲကျန့်ကျီကို စိုက်ကြည့်နေသည့် စူးချင်းက စိတ်မရှည်ဖြစ်လာပြီး သူမ၏လေသံက ပိုမာလာသည်။

ဓားစာခံတွေ လဲလှယ်ဖို့ ရောက်လာခဲ့ကြပေမယ့် လွမ်ဟုန်ကို မတွေ့ရသေးဘူး။ သူတို့ သူမနဲ့ ကစားချင်နေတာလား?

“စိတ်ဝင်စားစရာပဲ”

စူးချင်းက သူ့ကို မကြောက်ဘဲ ပြန်အော်နေသည်ကို မြင်လိုက်ရသောကြောင့် ဟိန်ဟဲကျန့်ကျီက ရယ်မောလိုက်သည်။

သူမက အခြားသူတွေနဲ့ မတူတောတော့ အမှန်ပဲ။ သူကလည်း အဲ့လို ရိုကျိုးမှုမရှိတဲ့ မိန်းခလေးတွေကိုမှ နာခံသွားအောင် လုပ်ပေးချင်တာလေ။

ဟိန်ဟဲကျန့်ကျီက သူ့နောက်မှ လူအုပ်ကို လက်ဝှေ့ယမ်းပြလိုက်ရာ သူတို့က သူတို့နောက်မှ ရထားလုံးကို ပြသရန် ဘေးနှစ်ဖက်သို့ ဖယ်ရှားပေးလိုက်ကြသည်။ ရထားလုံး၏ကန့်လန့်ကာ ပွင့်သွားပြီး ကြိုးထုတ်ခံထားရပုံပေါ်သည့် လွမ်ဟုန်ကို လှမ်းမြင်လိုက်ရသည်။ သူမ၏ ပါးစပ်ထဲကိုလည်း ပုဝါတစ်ထည်ဖြင့် ချည်နှောင်ထားပြီး မိန်းမငယ်လေးက ထိတ်လန့်နေပုံရကာ သူမ၏မျက်နှာတွင် မျက်ရည်များ ပြည့်နေလေသည်။ လေနှင့် ဆီးနှင်းများ သည်းထန်စွာ ရွာကျနေသဖြင့် စူးချင်းက သူမ၏ဝမ်းကွဲကို ရှင်းရှင်းလင်းလင်း မတွေ့ရပေ။

ဤလူရိုင်းများက သူမကို မည်သည့်နေရာသို့ ခေါ်လာမှန်း မသိသောကြောင့် လွမ်ဟုန်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။

“သူ့ပါးစပ်က ပုဝါကို ဖယ်ပေး။ ငါ သေသေချာချာ ကြည့်ချင်တယ်”

စူးချင်းက သူမ၏ဝမ်းကွဲကို တစ်ချက်သာ ကြည့်ကာ သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သံသယဖြစ်နေဟန်ဖြင့် ဟိန်ဟဲကျန့်ကျီကို အမိန့်ပေးလိုက်သည်။

“ကောင်းပြီ”

ဟိန်ဟဲကျန့်ကျီက စူးချင်းကို စိတ်ဝင်စားနေပြီး သူမ၏သဘောထားအတွက် စိတ်မဆိုးတော့ပေ။ သူက သူ့စစ်သည်များကို မေးငေါ့ပြကာ အမိန့်ပေးလိုက်သည်။

“အဲဒီကလေးမလေးကို သွားခေါ်လာခဲ့။ ကြိုးဖြည်ပေးပြီး ပုဝါကိုပါ ဖွင့်ပေးလိုက်"

ဟိန်ဟဲကျန့်ကျီ၏လက်အောက်ခံ စစ်သည်များက အလွန်ထူးဆန်းနေသလို ခံစားနေကြရသည်။

သူတို့ရဲ့စစ်သူကြီးက ဘယ်အချိန်ကတည်းက မိန်းမတစ်ယောက်ရဲ့စကားကို နားခံသွားခဲ့တာလဲ?

သူတို့ ဒီကိုဓားစာခံ လဲလှယ်ဖို့ လာတ မဟုတ်ဘဲ တစ်စုံတစ်ဦးကို ဖမ်းချင်လို့ရောက်လာတာလေ။ သူတို့ရဲ့စစ်သူကြီးက အဲ့ဒါကို မေ့သွားပြီလား?

ဤစစ်သည်များက သူတို့၏နှလုံးသားထဲမှ အကျယ်ကြီးအော်ကာ စောဒကတက်နေကြသော်လည်း ဟိန်ဟဲကျန့်ကျီ၏အမိန့်ကို မလိုက်နာဘဲ နေရဲသူတော့ လုံးဝ မရှိချေ။ သူတို့က ရထားလုံးရှေ့သို့ သွားပြီး လွမ်ဟုန်ကို ဆွဲထုတ်လာကြသည်။ လွမ်ဟုန်က ကြောက်လန့်တကြား ရုန်းကန်လိုက်သည်။

ဒီလူရိုင်းတွေက သူမကို ဘာလုပ်ကြမလို့လဲ?

အပြင်းအထန် ရုန်းကန်နေသည့် လွမ်ဟုန်၏မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လာပြန်သည်။ သူမ၏ပါးစပ်ကို ပိတ်ဆို့ထားသောကြောင့် အကူအညီတောင်းရန် သူမ၏နှာခေါင်းကိုသာ အသုံးပြုနိုင်ပြီး သူမ၏အစ်မဝမ်းကွဲက သူမကို ကယ်တင်ရန် ကောင်းကင်ပေါ်မှ ဆင်းသက်လာဖို့ သူမ မျှော်လင့်နေမိသည်။

All Chapters