အစ်မဝမ်းကွဲလား?
Vol. 29 Ch. 426
စူးချင်းက သူမ၏မြင်းပေါ်တွင် အေးအေးဆေးဆေး ထိုင်နေဆဲဖြစ်ကာ စစ်သည်များ တွန်းထိုးခေါ်ဆောင်လာသည့် မိန်းခလေးကို လှမ်းကြည့်နေခဲ့သည်။ ထိုမိန်းခလေးက သူမ၏ညီမဝမ်းကွဲလေး ဟုတ် မဟုတ် အတည်ပြုချင်သောကြောင့် စူးချင်းက သူမကို လွမ်ဟုန်ဟု လှမ်းခေါ်လိုက်သည်။
"လွမ်ဟုန်"
အစ်မဝမ်းကွဲလား?
လွမ်ဟုန်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး အသံကြားရာအရပ်သို့ အံ့သြတကြီး လှမ်းကြည့်လိုက်သည်။ သို့သော် လေပြင်းနှင့် ဆီးနှင်းများ အပြင်းအထန် ကျဆင်းနေသောကြောင့် သူမ၏မျက်လုံးများကိုပင် ကောင်းကောင်း မဖွင့်နိုင်ခဲ့ပေ။ လွမ်ဟုန်က စူးချင်း၏နံဘေးသို့ ပြေးသွားရန်ကြိုးစားလိုက်သော်လည်း သန်မာသည့်လူနှစ်ယောက်က သူမကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားပြီး သူမ လှုပ်ပင်မလှုပ်နိုင်ခဲ့ပေ။ ထိုကြောင့် လွမ်ဟုန်က ငိုကြွေးနေရင်း အင်အားရှိသလောက် အော်ပြောလိုက်သည်။
"ချင်းအာ၊ ကျွန်မပါ။ ကျွန်မကို မြန်မြန် ကယ်ပါဦး"
သူမ၏ညီမဝမ်းကွဲ ဖြစ်ကြောင်း အတည်ပြုပြီးနောက် စူးချင်းက လွမ်ဟုန်ကို လွှတ်ပေးရန် ဟိန်ဟဲကျန့်ကျီအား ထပ်တောင်းဆိုလိုက်သည်။
"ဓားစာခံတွေ လဲလှယ်ရအောင်"
"ဟား ဟား၊ ဓားစာခံတွေ လဲလှယ်မယ်တဲ့လား? မင်းက အတည်ပြုပြီးပြီ၊ ဒါပေမယ့် ငါတို့ဘက်က အတည်မပြုရသေးဘူး။ ငါတို့ရဲ့ ဒုတိယမင်းသား ဘယ်မှာလဲ?"
ဟိန်ဟဲကျန့်ကျီက စူးချင်းကို ပို၍ စိတ်ဝင်စားလာခဲ့သည်။ ဤကလေးမလေးက ဆန်းကြယ်လွန်းသည်ဟု သူ တွေးနေခဲ့ပြီး စူးချင်း၏သဘောထားကြောင့် စိတ်ဆိုးသွားခြင်းမျိုး မရှိခဲ့ပေ။ သူက သူ့ခေါင်းကို မော့ကာ ကျယ်ကျယ်လောင်လောင် ရယ်မောပြီး အလွန်ပျော်ရွှင်နေပုံရသည်။
"ဒီမှာ!"
စူးချင်းက ချူကျင်းဖုန်းကို ထုတ်ပေးရန် သူမ၏လူများအား အမိန့်ပေးလိုက်သည်။ သူတို့၏ဒုတိယမင်းသားကို မြင်လိုက်ချိန်တွင် ဟိန်ဟဲကျန့်ကျီက ပြုံးလိုက်ပြီး မြင်းပေါ်မှ လက်သီးအုပ် နှုတ်ဆက်လိုက်သည်။
"ဒုတိယမင်းသား၊ လာရောက် ကယ်တင်ဖို့ နောက်ကျသွားတဲ့အတွက် အပြစ်မမြင်ပါနဲ့"
“...”
ချူကျင်းဖုန်းက ဘာမှ ပြန်မပြောဘဲ ဟိန်ဟဲကျန့်ကျီကို တစ်ချက်သာ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ဟိန်ဟဲကျန့်ကျီ၏အကြည့်များက စူးချင်းဆီသို့ ရောက်လာပြီး သူမကို လှမ်းမေးလိုက်သည်။
"ငါတို့ရဲ့ဒုတိယမင်းသားက ဘာလို့ စကား မပြောတာလဲ?"
“ငါ သူ့ကို ဆွံ့အဆေးလုံး တိုက်ထားတယ်။ တစ်ရှီးချန်ကြာပြီးရင် သူ့ဘာသာသူ ပြန်ကောင်းသွားလိမ့်မယ်”
စူးချင်းက ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေပြီး မာနထောင်လွှားနေဆဲဖြစ်သည်။ သူမက ဟိန်ဟဲကျန့်ကျီကို လုံးဝ အလေးမနက် မထားခဲ့ပေ။
“...”
ဟိန်ဟဲကျန့်ကျီက သံသယရှိနေဆဲဖြစ်သော်လည်း ယခု သူတို့က သူ့နယ်မြေအတွင်းတွင် ရှိနေသောကြောင့် သူ့ကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူအဖြစ် ယုံကြည်နေခဲ့သည်။
သူမက သူတို့ကို ဘာဒုက္ခပေးနိုင်မှာမလို့လဲ? သူက ဘာလို့ ကြောက်နေရမှာတုန်း?
ဟိန်ဟဲကျန့်ကျီက စူးချင်းကို အမိန့်ထပ်ပေးလိုက်သည်။
"မင်း ငါတို့ရဲ့ ဒုတိယမင်းသားကို လွှတ်ပေးလိုက်တာနဲ့ ငါတို့လည်း မင်းရဲ့ဝမ်းကွဲကို လွှတ်ပေးမယ်"
"တပြိုင်တည်းလွှတ်ပေးကြမယ်"
စူးချင်းက ချူကျင်းဖုန်းကို ရှေ့သို့ တွန်းပို့ခိုင်းလိုက်ပြီး ဟိန်ဟဲကျန့်ကျီအား သူမ၏ညီမဝမ်းကွဲကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကာ နှစ်ဖက်စလုံး တချိန်တည်း လွှဲပြောင်းပေးရန် တောင်းဆိုလိုက်သည်။
"ဟား ဟား မင်းက တော်တော်သတိကြီးတာပဲ"
ဟိန်ဟဲကျန့်ကျီက စူးချင်းကို တော်တော်လေး သဘောကျနေခဲ့ပြီး သူ့အတွေးနှင့်သူ ပျော်ရွှင်နေခဲ့သည်။
မင်း ငါ့ရဲ့နယ်မြေထဲ ရောက်နေပြီလေ။ ထွက်သွားနိုင်မယ်လို့ ထင်နေသေးတာလား?
"စစ်သည်တို့... အဲဒီမိန်းကလေးကို လွှတ်ပေးလိုက်"
ဟိန်ဟဲကျန့်ကျီက အပြင်းအထန် ရယ်မောနေခဲ့ပြီး မျက်ရည်များပင် ထွက်ကျလာခဲ့သည်။ သူက မြင်းပေါ်တွင် ထိုင်နေရင်း သူ့နောက်မှ စစ်သည်များကို လက်ဝှေ့ယမ်းပြကာ အမိန့်ပေးလိုက်သည်။ ထို့နောက် သူ၏ကျားသစ်မျက်လုံးများက စူးချင်း၏လှပသော မျက်နှာကို စိုက်ကြည့်ရင်း ပြီတီတီဟန်ဖြင့် ထပ်ပြောလာပြန်သည်။
“မိန်းမပျိုလေး၊ မင်းက ဒီစစ်သူကြီးရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်လား? ဒီစစ်သူကြီးက မင်းကို သေသေချာချာ ဂရုစိုက်ပေးမှာပါ"
စူးချင်းက လူသေတစ်ယောက်ကို ကြည့်နေသည့်အကြည့်မျိုးဖြင့် သူ့ကို အေးတိအေးစက် ပြန်ကြည့်လိုက်သည်။
လွမ်ဟုန် ငါ့အနားသို့ ဘေးဘေးကင်းကင်းနဲ့ ပြန်ရောက်လာတဲ့အချိန်အထိ အဲ့လူမည်းမျက်ကန်းကောင်ကို ခဏလောက် မောက်မာခွင့်ပေးထားလိုက်မယ်။
စူးချင်း၏ အေးစက်စက်အမူအရာကို မြင်လိုက်ရသောကြောင့် ဟိန်ဟဲကျန့်ကျီက ပို၍ပင် ရယ်မောလိုက်သေးသည်။
“မင်း ဒီစစ်သူကြီးကို လက်ထပ်ပြီးရင်တော့ မင်း ပြုံးတတ်ဖို့ သင်ယူရမယ်နော်။ ဒီစစ်သူကြီးက မျက်နှာသေနဲ့မိန်းမတွေကို မကြိုက်ဘူး”
စူးချင်းက သူမ၏ဝမ်းကွဲ လုံခြုံသည့်နေရာသို့ ရောက်လာသည်အထိ စောင့်ကြည့်နေပြီးမှ မြင်း၏ဝမ်းဗိုက်ကို သူမ၏ခြေဖနှောက်ဖြင့် ကန်လိုက်သည်။ တာ့ဟေးက သူ့၏သခင်ထံမှ အချက်ပြမှုကို နားလည်နိုင်ပြီး မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။ စူးချင်းက လွမ်ဟုန်၏ခါးကို ကြာပွတ်ဖြင့် ရစ်ပတ်ကာ ဆွဲယူလိုက်ပြီး လွမ်ဟုန်ကို သူမ၏ မြင်းကျောပေါ်သို့ တင်ကာ သူမနောက်တွင် ထိုင်စေလိုက်သည်။
“ကောင်းတယ်၊ ကောင်းလိုက်တဲ့ မြင်းစီးစွမ်းရည်”
စူးချင်း၏ လှပပြီး ခန့်ညားသော မြင်းစီးစွမ်းရည်ကို မြင်လိုက်ရသောကြောင့် ဟိန်ဟဲကျန့်ကျီက ဝမ်းသာအားရ အော်ဟစ်လိုက်ပြန်သည်။ သို့သော်လည်း သူက ယခုအချိန်ထိ စူးချင်းကို အလေးအနက်မထားသေးပေ။
မိန်းကလေးတစ်ယောက်က ကမ္ဘာကြီးကို ဇောက်ထိုးလှန်နိုင်မယ်တဲ့လား?
“ဒုတိယမင်းသားကို ပြန်ခေါ်လာခဲ့”
သူက သူ့စစ်သည်များကို အမိန့်ပေးလိုက်သော်လည်း သူ့စစ်သည်များက ဒုတိယမင်းသားကို ပြန်မခေါ်နိုင်မီ သူတို့၏ဒုတိယမင်းသား နောက်ပြန်လှည့်သွားသည်ကို သူ တွေ့လိုက်ရသည်။
"ဟမ့်၊ မင်းက ငါ့ကို လှည့်စားရဲတယ်ပေါ့"
ထိုဒုတိယမင်းသားက အတုဖြစ်သည်ကို သဘောပေါက်သွားချိန်တွင် ဟိန်ဟဲကျန့်ကျီ၏မျက်နှာက ပျက်ယွင်းသွားပြီး ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေလေသည်။ သူက သူ့၏သုံးခွချွန်လှံရှည်ကြီးကို ကိုင်မြှောက်ရင်း သူ့၏လက်အောက်ငယ်သားများအား အော်ဟစ်အမိန့်ပေးလိုက်သည်။
"စစ်သည်တို့... ဒီမိန်းမနှစ်ယောက်ကလွဲရင် အားလုံးကို သတ်ပစ်လိုက်ကြစမ်း"
“ညီမဝမ်းကွဲ၊ ရထားလုံးထဲမှာ စောင့်နေလိုက်ဦးနော်”
စူးချင်းက သူမ၏ကြာပွတ်ကို ထပ်သုံးကာ လွမ်ဟုန်ကို ရထားလုံးဆီသို့ ပို့ပေးခဲ့သည်။ လွမ်ဟုန်က သူမ၏ နားရွက်များဆီသို့ တိုးဝင်လာသည့် လေတိုးသံကိုသာ ခံစားလိုက်ရပြီး ဘာဖြစ်သွားမှန်းပင် မသိရဘဲ ရထားလုံးပေါ်သို့ ရောက်သွားခဲ့သည်။ သို့သော် သူမက သူမ၏အစ်မဝမ်းကွဲအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ရထားလုံး၏အတွင်းထဲသို့ အမြန်ဝင်သွားလိုက်သည်။
စူးချင်း၏ဘက်တွင် စစ်သည်တစ်ရာသာ ရှိနေပြီး တစ်ဖက်တွင် ထိပ်တန်းစစ်သည် ထောင်ပေါင်းများစွာ ရှိနေခဲ့သည်။ သူတို့ဘက်မှ အရေအတွက်က များလွန်းနေသောကြောင့် လူတစ်ရာကို အလွယ်တကူ သုတ်သင်ရှင်းလင်းနိုင်မည်ဟု ဟိန်ဟဲကျန့်ကျီ ယုံကြည်ထားခဲ့သည်။
သူတောင် လှုပ်ရှားဖို့ မလိုလောက်ဘူး။ ကောင်းပြီလေ... တိုက်ပွဲကို အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်မယ်။
သို့သော်လည်း သူ လှောင်ပြောင်ကျီစားခဲ့သည့် အမျိုးသမီးက ထိုမျှထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟုတော့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူမ၏လက်ထဲတွင် သာမန်လှံတစ်ချောင်းကိုသာ ကိုင်ဆောင်ထားသော်လည်း လျှပ်စီးကဲ့သို့ စွမ်းအားမျိုးကို ပိုင်ဆိုင်နေခဲ့သည်။ သူမ ဝှေ့ယမ်းလိုက်သည့် လှံတစ်ချက်က ဟာဆာပြည်ထောင်မှ စစ်သည်အများအပြားကို လဲကျသွားစေခဲ့ပြီး သူတို့၏လည်ချောင်းများ ပြတ်တောက်နေကာ အသက်ရှင်ရန် အခွင့်အလမ်း မရှိတော့ပေ။
ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ?
ဟိန်ဟဲကျန့်ကျီက လေပြင်းနှင့် နှင်းများကြားထဲတွင် ရှေ့ဆုံးမှ ဦးဆောင်နေသည့် စူးချင်းကို အံ့သြတကြီး လှမ်းကြည့်နေခဲ့သည်။ ယခုတကြိမ်တွင် သူက ပထမဦးဆုံးအကြိမ်အဖြစ် သူမကို သူ့နှလုံးသားအောက်ခြေမှ အလေးအနက် ကြည့်လိုက်ခြင်း ဖြစ်သည်။
ဘာနည်းနဲ့ပဲဖြစ်ဖြစ် ဒီမိန်းခလေးကို ရအောင် သိမ်းသွင်းရမယ်လို့ ဒုတိယမင်းသား ပြောခဲ့တာ အံ့သြစရာ မရှိတော့ဘူး။ သူမတစ်ယောက်တည်းက တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာရဲ့အင်အားနဲ့ ညီမျှနေပြီ။ အရင်တုန်းက သူ အများကြီး မတွေးခဲ့မိဘူး။ မိန်းမတစ်ယောက်က ဒီလောက် အစွမ်းထက်နေမယ်လို့ သူ လုံးဝ မယုံနိုင်ခဲ့ဘူး။
အခု အဲ့မိန်းမကြောင့် တစ်ဖက်က စစ်သည်တွေရဲ့အားမာန်တွေ ကောင်းကင်အထိ မြင့်တက်နေတာကို သူ မြင်လိုက်ရတယ်။ သူတို့ရဲ့အော်သံတွေက ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်စေတယ်။ ရန်သူအရေအတွက်က ဆယ်ဆကျော်နေတာတောင် သူတို့က မကြောက်ကြတော့ဘူး။ သူတို့အားလုံးက သူတို့၏ အသက်တွေကိုတောင် ဂရုမစိုက်တော့ဘဲ ရှေ့ကိုပဲ ချီတက်နေကြပြီ။
နောက်ဆုံးတွင် ဟိန်ဟဲကျန့်ကျီက ရန်သူကို လျှော့မတွက်ဝံ့တော့ပေ။ သူက သူ့လက်ထဲမှ သုံးခွချွန်လှံကို မြှောက်လိုက်ပြီး သူကိုယ်တိုင် တိုက်ပွဲထဲသို့ ဝင်လာခဲ့သည်။
သူ ဒီမိန်းမကို အရှင်လတ်လတ် ဖမ်းရမယ်။ အရှင်လတ်လတ် မဖမ်းနိုင်ရင် သတ်ပစ်ရမယ်။ ဒီမိန်းမကို အဲ့ဘက်မှာ အသက်ရှင်ခွင့်ပေးထားလို့ မဖြစ်တော့ဘူး။ အဲ့လိုမှမဟုတ်ရင် သူတို့ အလယ်ပိုင်းလွင်ပြင်ကို တိုက်ခိုက်တဲ့အခါ ဒီမိန်းမက အကြီးမားဆုံး အတားအဆီးဖြစ်လာလိမ့်မယ်။
“ဘေးဖယ်ကြစမ်း”
ဟိန်ဟဲကျန့်ကျီက သူ့၏စစ်မြင်းကြီးကို စီးကာ စူးချင်းဆီသို့ ဦးတည်လိုက်သည်။ သူက သူ၏ဘုန်းတန်ခိုးအပေါ် အလွန်ယုံကြည်မှုရှိနေခဲ့သည်။ သူက စူးချင်း၏ အရည်အချင်းများကို အသိအမှတ်ပြုပေးလိုက်သော်လည်း ပြိုင်ဘက်ကို လျှော့တွက်နေဆဲဖြစ်ကာ သူ့၏အင်အားကိုပင် အပြည့်အဝ အသုံးမပြုခဲ့ပေ။
သူမဆီသို့ ပြေးဝင်လာနေသည့် သုံးခွချွန်လှံကို မြင်လိုက်သည်နှင့်တပြိုင်နက် စူးချင်းက သူမ၏လှံကို ပေါ့ပေါ့ပါးပါး မြှောက်တင်လိုက်သည်။ သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကြောင့် သူမ၏ခွန်အားက ကျင်းပေါင်းတစ်ထောင်နှင့်တူညီနေပြီ ဖြစ်သည်။ လှံနှင့် သုံးခွချွန်လှံတို့ လေထဲတွင် တိုက်မိသွားပြီး သံချင်းပွတ်တိုက်သံများ ထွက်ပေါ်လာသည်။
ဟိန်ဟဲကျန့်ကျီတစ်ယောက် သူ့လက်တစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရပြီး သူ့၏သုံးခွချွန်လှံကြီး လွတ်ကျလုနီးပါး ဖြစ်သွားရသည်။ ထို့ကြောင့် သူ သူ့ပြိုင်ဘက်ကို လုံးဝ လျှော့မတွက်ရဲတော့ဘဲ သူ၏ ခွန်အားရှိသမျှကို အသုံးချကာ အစွမ်းကုန် တိုက်ခိုက်တော့သည်။ သူက သုံးခွချွန်လှံကို တဝုန်းဝုန်း မြည်အောင် ဝှေ့ယမ်းလိုက်ပြီး တောင်များကို ဖျက်ဆီးနိုင်လောက်သော အင်အားဖြင့် စူးချင်းထံသို့ ထိုးစိုက်လိုက်သည်။
သူ စတင် တိုက်ခိုက်ချိန်တွင် သူက စူးချင်းကို အနိုင်ယူရန် လူအင်အား သာလွန်နေသည့် သူတို့ဘက်မှ အားသာချက်ကို အသုံးချရန် တွက်ချက်ထားခဲ့သည်။ ဤအမျိုးသမီးက မည်မျှပင် အစွမ်းထက်ပြီး ကြောက်ဖို့ကောင်းနေသည်ဖြစ်စေ သူတို့ဘက်မှ မဆုတ်မနစ် တိုက်ခိုက်နေသရွေ့ သူမတို့ဘက်မှ ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။
စူးချင်းက သူမဘက်မှ အသေအပျောက် ရှိလာသည် မြင်သွားပြီး ဟိန်ဟဲကျန့်ကျီကို တတ်နိုင်သမျှ အမြန်ဆုံး လက်စသတ်ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏လှံက နဂါးတစ်ကောင်ကဲ့သို့ သုံးခွချွန်လှံကို ရစ်ဝိုင်းထားခဲ့ပြီး စူးချင်းက ထိုသုံးခွချွန်း၏ဘယ်ဘက်ဆုံးအချွန်ကို သူမ၏လှံဖြင့် ကျွမ်းကျွမ်းကျင်ကျင် ထိုးကော်လိုက်သည်။ ကျင်းတစ်ရာကျော် အလေးချိန်ရှိသည့် သုံးခွချွန်လှံက လွင့်ထွက်သွားပြီး ဟိန်ဟဲကျန့်ကျီ၏နောက်မှ စစ်သည်များပေါ်သို့ ပြန်ပြုတ်ကျသွားခဲ့သည်။
ယခုတစ်ကြိမ်တွင် ဟိန်ဟဲကျန့်ကျီ၏စစ်သည်တော် အများအပြား ကြေမွသွားကာ မြေပြင်ပေါ်တွင် အလောင်းများ တန်းစီသွားပြန်သည်။ ဟိန်ဟဲကျန့်ကျီကလည်း သူ့လက်နက်ကို ဆုံးရှုံးလိုက်ရသောကြောင့် ကြောက်ရွံ့ထိတ်လန့်သွားပြီး ချက်ချင်း ဖြူဖျော့သွားတော့သည်။ သူက အလျင်အမြန် တုံ့ပြန်လိုက်ပြီး သူ့မြင်းကို ချက်ချင်း ပြန်လှည့်လိုက်သည်။
သူ့မှာ လက်နက်ရှိနေတာတောင် ဒီအမျိုးသမီးကို အနိုင်မယူနိုင်ခဲ့ဘူးလေ။ လက်နက်မရှိတော့ရင် သူ သူမရဲ့လှံအောက်မှာ သေသွားမှာပေါ့။
သူက သူ့၏သုံးခွချွန်လှံကို ပြန်ကောက်ယူပြီး စူးချင်းနှင့် ထပ်မံတိုက်ခိုက်လိုသော်လည်း စူးချင်းက သူ့ကို အခွင့်အရေးမပေးတော့ပေ။ သူမက သူမ၏လက်ကို မြှောက်လိုက်ပြီး မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုမြှားတိုးလေးက ဟိန်ဟဲကျန့်ကျီ၏လည်ပင်းဆီသို့ ပျံသန်းသွားပြီး ဟိန်ဟဲကျန့်ကျီက လေတိုးသံကြောင့် မြင်းပေါ်သို့ ဝပ်ချလိုက်သည်။ ထိုမြှားတိုလေးက သူ့ဆံပင်များပေါ်မှ ဖြတ်ပြေးသွားပြီး သူ့ရှေ့က စစ်သည်တစ်ယောက်အား ထိမှန်သွားခဲ့သည်။ ထိုစစ်သည်၏မျက်နှာက ချက်ချင်း မည်းမှောင်လာပြီး သူ၏ ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျလာသည်။ မြှားတွင် အဆိပ်ရှိနေသောကြောင့် ဟိန်ဟဲကျန့်ကျီတစ်ယောက် ပိုထိတ်လန့်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက အဆိပ်ပါတဲ့ လျှို့ဝှက်လက်နက်ကို သုံးနေတာလား? မင်းက လူကြီးလူကောင်း မဟုတ်ဘူး!"
"ငါက မိန်းမတစ်ယောက်ပဲ"
စူးချင်းက အေးစက်စွာ ပြန်ပြောလိုက်ပြီး ဟိန်ဟဲကျန့်ကျီ၏နော်ကျောကို သူမ၏လှံဖြင့် လှမ်းထိုးလိုက်ပြန်သည်။
"ဝူ...........ဝူ...........”
ကျွဲတံပိုးခရာသံများ၏ မြည်ဟီးသံနှင့်အတူ စစ်တပ်ကြီးတစ်တပ်က ကောင်းကင်မှ ရုတ်ခြည်းထွက်ပေါ်လာသလို ထွက်ပေါ်လာကာ စူးချင်းနောက်သို့ ရောက်ရှိလာခဲ့သည်။