← Chapters

လုံးဝ မမျှော်လင့်ထားသော

Vol. 29 Ch. 427

လုံးဝ မမျှော်လင့်ထားသော

Vol. 29 Ch. 427

ထိုစစ်တပ်ကို ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ကျိ‌ရွှေရှန့်ဖြစ်ပြီး သူ့နောက်တွင် တာ့ထန်၏တတိယမင်းသားဖြစ်သော ယဲ့လွီချွမ်းနှင့် တာ့ထန်၏လက်ရွေးစင်စစ်သည်များက စူးချင်းဘက်မှ အားဖြည့်ကူညီရန် ရောက်ရှိလာခဲ့သည်။

ကျိ‌ရွှေရှန့်နှင့်ယဲ့လွီချွမ်းတို့ တပ်ဖွဲ့များကို ဦးဆောင်ကာ တိုက်ပွဲအတွင်း ဝင်ရောက်လာခြင်းက ယခင် အင်အားကွာခြားနေသည့် အခြေအနေကို ပြောင်းလဲသွားစေခဲ့ပြီး နှစ်ဦးနှစ်ဘက် အညီအမျှ ဖြစ်သွားကာ နှစ်ဖက်စလုံး အသေအကြေ တိုက်ခိုက်ကြတော့သည်။

ကျိ‌ရွှေရှန့်က ​​ဟာဆာပြည်ထောင်မှ တပ်သားများကို သတ်ဖြတ်နေရင်း စူးချင်းကို လိုက်ရှာနေကာ သူမ၏အမည်ကို ကျယ်လောင်စွာ အော်ခေါ်နေခဲ့သည်။

"ချင်းအာ... မင်း ဘယ်မှာလဲ?"

"ကျွန်မ ဒီမှာ"

စူးချင်းက ဟိန်ဟဲကျန့်ကျီကို ကြာပွတ်ဖြင့် ရစ်ပတ်ထားကာ သူမ၏မြင်းနောက်မှ ဆွဲခေါ်လာရင်း ကျိ‌ရွှေရှန့်ကို ပြန်အော်ပြောလိုက်သည်။ ထို့အပြင် သူမ၏လှံကို ဝေ့ယှမ်းနေရင်း သူမ သွားမည့်လမ်းအား ပိတ်ဆို့နေသည့် ဟာဆာစစ်သည်တပ်စုကို လမ်းကြုံ သတ်ပစ်လိုက်သေးသည်။ ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက သတ်ဖြတ်ခြင်း၏နတ်ဘုရား ဝင်ပူးထားကဲ့သို့ ဖြစ်နေပြီး ဘာကို မကြောက်ရွံ့တတ်သည့် ဟာဆာစစ်သည်များကိုပင် ကြောက်ရွံ့သွားစေခဲ့သည်။ စူးချင်း ရောက်လာသည်နှင့် သူမရှေ့တွင် မည်သူမှ ပိတ်မရပ်ရဲတော့ပေ။

စူးချင်းက သူတို့၏စစ်သူကြီးအား ခွေးတစ်ကောင်ကဲ့သို့ ဆွဲခေါ်သွားနေသည်ကိုလည်း ကူကယ်ရာမဲ့ ကြည့်နေကြရသည်။ သူတို့၏စစ်သူကြီးကို ကယ်တင်ရန် ပြေးဝင်သွားသူမှန်သမျှလည်း အသတ်ခံခဲ့ရပြီး နောက်ဆုံးတွင် မည်သူမျှ စူးချင်းနားသို့ မကပ်သွားရဲတော့ပေ။

ဟိန်ဟဲကျန့်ကျီကိုယ်တိုင်လည်း သူထံတွင် ယနေ့ကဲ့သို့ နေ့ရက်မျိုးရှိလာလိမ့်မယ်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ သူ အပေါ်စီးမှ ငုံကြည်ကာ အထင်သေးခဲ့မိသည့် မိန်းမတစ်ယောက်ထံမှ အဆွဲခေါ်ခံနေရခြင်းက ပြင်ပနာကျင်မှုများထက် များစွာပိုနက်ရှိုင်းသော အရှက်ရမှုကို ဖြစ်စေခဲ့သည်။ သူ့၏လက်အောက်ငယ်သားများရှေ့တွင် ထို့သို့ ဒရွတ်တိုက် ဆွဲခေါ်ခံရခြင်းကြောင့် သူ တွင်းတူးပြီးသာ ပုန်းနေချင်မိတော့သည်။

"ချင်းအာ၊ မင်း အဆင်ပြေရဲ့လား?"

ကျိ‌ရွှေရှန့်က စူးချင်းရှေ့သို့ ပြေးသွားခဲ့ပြီး သူမကို စိုးရိမ်တကြီး စစ်ဆေးကြည့်ရှုနေပြန်သည်။

စစ်ကူ မရောက်မချင်း သူတို့ကို အချိန်ဆွဲထားဖို့ သဘောတူခဲ့ကြတာ မဟုတ်ဘူးလား? ချင်းအာက ဘာကြောင့် တိုက်ပွဲကို အစောကြီး စတင်လိုက်ရတာတုန်း?

"ကျွန်မ အဆင်ပြေတယ်။ ဘာမှ မဖြစ်ဘူး။ သူက ဟာဆာရဲ့စစ်သူကြီးပဲ”

စူးချင်းက ကျိ‌ရွှေရှန့်ကို ခေါင်းခါလိုက်ပြီး သူမ၏ကြာပွတ်ကို ထပ်လှုပ်လိုက်ကာ ဟိန်ဟဲကျန့်ကျီကို ကျိ‌ရွှေရှန့်၏မြင်းရှေ့သို့ ပစ်ချပေးလိုက်သည်။ ဤတစ်ကြိမ်တွင် စူးချင်းက သူမ၏ခွန်အား အားလုံးနီးပါးကို အသုံးပြုလိုက်သောကြောင့် ဟိန်ဟဲကျန့်ကျီတစ်ယောက် ကြယ်များပင် မြင်လိုက်ရကာ သူ၏အတွင်းအင်္ဂါများ နေရာရွေ့သွားသည်ကို ခံစားလိုက်ရသည်။

အခြေအနေက မျှော်လင့်ချက်မဲ့နေပြီဖြစ်သောကြောင့် ဟိန်ဟဲကျန့်ကျီက ထွက်ပြေးရန် ကြိုးစားချင်နေသေးသည်။

သူတို့ရဲ့ နယ်ခြားခံတပ်က သူ့ရှေ့မှာတင် ရှိနေတာလေ။ အဲ့နေရာအထိ ပြေးဝင်နိုင်တာနဲ့ သူ ဘေးကင်းသွားလိမ့်မယ်။

သို့သော်လည်း ထိုတစ်လီခန့်သာရှိသည့် အကွာအဝေးက လက်ရှိအချိန်တွင် သူ့အတွက် လီထောင်ပေါင်းများစွာ ဝေးကွာနေသလို၊ တောင်တန်းတစ်ထောင်နှင့် မြစ်အစင်းတစ်သောင်းကွာခြားနေသလို ခံစားရစေသည်။ နောက်ဆုံးတွင် ပြေးရန်နေနေသာသာ သူ ထိုနေရာမှပင် မထနိုင်တော့ပေ။

တာ့ထန်နှင့် ဟာဆာတို့၏ စစ်သည်များက တိုက်ခိုက်ရာတွင် ထူးချွန်သူများဖြစ်ပြီး ရဲရင့်လွန်းကြသောကြောင့် သူတို့၏အင်အားက တန်းတူဖြစ်နေကာ နှစ်ဖက်စလုံးမှ စစ်သည်များ၏ အော်ဟစ်ကြွေးကြော်သံများက ကောင်းကင်အထိ မြည်ဟည်းနေလေသည်။ သို့ရာတွင် သူတို့၏တပ်မှူး ဖမ်းဆီးခံလိုက်ရသည့်အတွက် ဟာဆာတပ်သားများ၏ တိုက်ပွဲဝင်စိတ်ဓာတ်များက ချက်ချင်း ကျဆင်းသွားခဲ့သည်။ အကယ်၍ စစ်တပ်တစ်တပ်အနေဖြင့် တိုက်ခိုက်ရေးစိတ်ဓာတ် ဆုံးရှုံးသွားပါက တိုက်ပွဲတွင် မည်သို့မျှ မအောင်မြင်နိုင်တော့ပေ။ မကြာခင်မှာပင် သူတို့က တာ့ထန်စစ်သည်များ၏ ဝိုင်းရံ ပိတ်ဆို့မှုကို ရင်ဆိုင်လိုက်ကြရသည်။ တာ့ထန်စစ်သည်များက တောင်လဲတောင်ဖြို အနိုင်ယူခဲ့ကြပြီး ဟာဆာများအဖို့ နောက်ပြန်လှည့်ချင်လျှင်ပင် ပြန်လှည့်ခွင့်မရနိုင်တော့ပေ။

ကျိ‌ရွှေရှန့် ဦးဆောင်နေသည့် ရှောင်းမိသားစုတပ်ဖွဲ့နှင့် တတိယမင်းသား ဦးဆောင်နေသည့် တာ့ထန်စစ်သည်များက ဟာဆာစစ်သည်တစ်ထောင်ကျော်ကို ဝိုင်းဝန်း သတ်ဖြတ်ခဲ့ကြသည်။ အဖြူရောင် ဆီးနှင်းပေါ်တွင် အနီရောင်သွေးများ ဖုံးလွှမ်းနေပြီး ဟာဆာပြည်ထောင်ဘက်မှ ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

သူ့နယ်မြေတွင် ထိုသို့အပြီးတိုင် သုတ်သင်သတ်ဖြတ်ခံရခြင်းက ဟာဆာဘုရင် မည်သို့မျှ မမျှော်လင့်ထားသည့်အဖြစ်အပျက်တစ်ခု ဖြစ်သည်။ သူ မှားယွင်းဆုံးဖြတ်မိသော အမိန့်တစ်ခုက ဟာဆာပြည်ထောင်ကို ဘယ်တော့မှ ပြန်မလှည့်နိုင်တော့မည့် အခြေအနေဆိုးဆီသို့ ကျရောက်သွားစေခဲ့သည်။

“ကျေးဇူးတင်ပါတယ် သခင်မလေးစူး”

ယဲ့လွီချွမ်းက သူ့မြင်းကို စူးချင်းနားအထိ ကပ်လာပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

တကယ်တမ်းတော့ သူ ဟာဆာပြည်ထောင်ကို တိုက်ခိုက်နေတာ အချိန်တော်တော်လေး ကြာနေပြီ။ ဒီဟိန်ဟဲကျန့်ကျီက ရဲရင့်လွန်းတာကြောင့် သူ စစ်မြေပြင်မှာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရယ်။ အဲ့အတွက်နဲ့ သူ့ခမည်းတော်ကလည်း သူ့အပေါ် မကျေနပ်ကြောင်း ရှင်းရှင်းလင်းလင်း ဖွင့်ပြောပြီးပြီ။

အိမ်ထောင်ရေးနဲ့ မဟာမိတ်ဖွဲ့တာက သူတို့ကို ဓါးလှံဘေးကနေ ကယ်တင်နိုင်ပေမယ့် သူက သဘောမတူခဲ့ဘူး။ သူ့ခမည်းတော်က မင်္ဂလာကို ဟန်ဆောင်ကျင်းပပြီး ဟာဆာဘက်ကို အလစ်တိုက်ခိုက်ဖို့ အကြံပေးခဲ့တယ်။ ဒါပေမယ့် သူ ငြင်းဆန်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားမှာပေါ့။

အခြားတစ်ဖက်ကလည်း မင်္ဂလာပွဲအခမ်းအနားအတွင်းမှတောင် တာ့ထန်ကို တိုက်ခိုက်လာနိုင်တဲ့အကြောင်း သူ သူ့ခမည်းတော်ကို ပြောပြခဲ့တယ်။ တကယ်တော့ ဟာဆာဘက်ကလည်း ဒီလက်ထပ်ပေါင်းစည်းမှုကို အကြောင်းပြချက်အနေနဲ့ သုံးနေတာပါ။ သူတို့ရဲ့နောက်ဆုံးပန်းတိုင်က တာ့ထန်ကို အလစ်အငိုက် ဝင်စီးဖို့ပဲ။

ဒါပေမယ့် သူ ဘယ်လိုပဲ ရှင်းပြဖို့ ကြိုးစား ကြိုးစား သူရဲ့ခမည်းတော် ဧကရာဇ်အိုကြီးက သူ လက်ထပ်ပွဲကို ငြင်းလိုက်တာကြောင့် နှစ်နိုင်ငံကြား ရန်ငြိုးဖွဲ့ခြင်းတွေ ဖြစ်လာစေတယ်လို့ ခေါင်းမာနေသေးတယ်။ ပြီးတော့ သူကိုတောင် ဒီပြသနာတွေကို ဖြစ်စေပြီး ပြည်သူတွေကို ဒုက္ခရောက်စေတယ်လို့ စွပ်စွဲနေသေးတယ်။

ဒါပေမယ့် ဒီနေ့ ကျိ‌ရွှေရှန့်နဲ့ စူးချင်းက သူ့ကို ဒီလက်ဆောင်အကြီးကြီးပေးမယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ဘူး။ ဒါက တိုင်းပြည်နှစ်ခုကြားက စစ်ပွဲတွေ စတင်ကတည်းက တာ့ထန်ဘက်ကနေ ရရှိခဲ့တဲ့ အထူးခြားဆုံး အောင်ပွဲပဲ။ သူတို့ ဟိန်ဟဲကျန့်ကျီကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့ပြီဆိုမှတော့ ဟာဆာပြည်ထောင်ကို အနိုင်ယူဖို့က မခက်ခဲတော့ဘူး။ သူ့ခမည်းတော် သိရင် အရမ်းဝမ်းသာသွားမှာ သေချာတယ်။

"တတိယမင်းသား၊ ကျေးဇူးပြုပြီး...."

စူးချင်းက ဟာဆာတိုင်းပြည်သို့ သွားရောက်တိုက်ခိုက်မည့် ကြီးမားသောအင်အားစုအား ဦးဆောင်ရန် ယဲ့လွီချွမ်းကို ဖိတ်ကြားသည့် လက်ဟန်အမူအရာ ပြုလုပ်လိုက်သည်။

သူမ ဒီနေ့ ဒီမောက်မာရိုင်းစိုင်းတဲ့ တိုင်းပြည်ကို ဖျက်ဆီးပစ်မယ်။

"ချင်းအာ"

ကျိ‌ရွှေရှန့်က သူ့မြင်းကို စူးချင်းနားသို့ ထပ်တိုးလာပြီး တစ်ယောက်နှင့်တစ်ယောက် အပြုံးချင်း ဖလှယ်လိုက်ကြသည်။

ဤကိစ္စက ကျင့်ရှီလျိုမြောင်ကတည်းက သူတို့ ဆွေးနွေးဆုံးဖြတ်ခဲ့သည့် အစီအစဥ် ဖြစ်သည်။ ချူကျင်းဖုန်းက စူးချင်း၏ပြောင်းပြန်အကြေးခွံကို လာထိခဲ့ပြီး သူမ ချစ်ခင်ရသည့် မိသားစုဝင်များကို နာကျင်စေခဲ့သောကြောင့် ဟာဆာပြည်ထောင်ကို မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်တော့ပေ။

လွမ်ဟုန် ဘေးကင်းစေရန်အတွက် စူးချင်းက အရပ်မြင့်ပြီး ချူကျင်းဖုန်းနှင့် ကိုယ်လုံးကိုယ်ထည် ဆင်တူသည့် စစ်သည်တစ်ဦးကို ရွေးချယ်ခဲ့သည်။ ထို့နောက် သူမက ဆေးလုံးတစ်လုံးသုံးကာ ထိုစစ်သည်ကို ချူကျင်းဖုန်းအဖြစ် အသွင်ပြောင်းပေးခဲ့သည်။ တာ့ထန်နှင့် ဟာဆာကြားမှ ပဋိပက္ခကို အခွင့်ကောင်းယူပြီး တာ့ထန်ပြည်ထောင်ကို မျက်နှာသာပေးရန် စစ်ကူအဖြစ် ကမ်းလှမ်းခဲ့သည်။ သူမဘက်မှ စစ်သည်တစ်ဦးပင် မရွေ့ဘဲ ဟာဆာပြည်ထောင်ကို အကျိုးဆက်များ ခံစားခွင့်ခိုင်းခဲ့သည်။

ဤအကြံအစည်က အန္တရာယ်များလှသော်လည်း စစ်ဗျူဟာများကို ကျွမ်းကျင်နေပြီး ရဲရင့်လွန်းသော စူးချင်းက ဟာဆာတိုင်းပြည်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ အစပိုင်းတွင် ကျိ‌ရွှေရှန့်က စူးချင်းကို သတင်းသွားပို့စေချင်ခဲ့သော်လည်း လွမ်ဟုန်က စူးချင်း၏ဝမ်းကွဲဖြစ်နေသောကြောင့် သူသွားလျှင် ရန်သူ၏စစ်တပ်ကို အချိန်မဆွဲနိုင်ဘဲ သူတို့၏အစီအစဥ် ပျက်ဆီးသွားနိုင်ကြောင်း စူးချင်းက တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် သူမက ချူကျင်းဖုန်းအတုကို ဟာဆာတိုင်းပြည်သို့ ပို့ပေးခွင့်ရခဲ့ခြင်း ဖြစ်သည်။

လွမ်ဟုန်ကို ကယ်တင်ပြီးနောက်တွင် သူတို့ ဤနေရာတွင် နေရန် မလိုအပ်တော့ပေ။ ထိုသို့မဟုတ်လျှင် ဟာဆာပြည်ထောင်ကို သွားတိုက်ခိုက်မည့်တာ့ထန်တပ်ဖွဲ့အား ကူညီပေးနေရပေလိမ့်မည်။

စူးချင်းက ဒဏ်ရာရစစ်သည်များ၏ ဒဏ်ရာများကို ဆေးထည့်ပြီး ပတ်တီးစည်းပေးနေခဲ့သည်။ လူမသေသည့် စစ်ပွဲ မရှိသောကြောင့် သူတို့ ခေါ်ဆောင်လာသည့် ရှောင်မိသားစုစစ်သည် ရာဂဏန်းထဲမှ ငါးဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာအပြင်းအထန်ရကာ ထက်ဝက်ကျော်မှာ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြသည်။

“တစ်ယောက်မှ မကျန်ခဲ့စေနဲ့”

ကျိ‌ရွှေရှန့်က ကျဆုံးသွားသော စစ်သည်များအား ကျင့်ရှီလျိုမြောင်သို့ ပြန်သယ်လာရန် သူ့လူများအား အမိန့်ပေးလိုက်သည်။ ဒဏ်ရာ အပြင်းအထန် ရခဲ့သည့် စစ်သည်များက စူးချင်း၏ဆေးကို သောက်ခဲ့ပြီး သူတို့၏ဒဏ်ရာများ ပြန်လည်သက်သာလာခဲ့သည်။ သို့သော်လည်း ကျိ‌ရွှေရှန့် သူတို့ကို ရထားလုံးပေါ်ထိုင်စေကာ ပြန်ခေါ်လာခဲ့သည်။

ဤရထားလုံးများကို ဟာဆာပြည်ထောင်ဘက်မှ သိမ်းယူခံခြင်း ဖြစ်ပြီး ဤရထားလုံးများက သူတို့ ကျင့်ရှီလျိုမြောင်မှ ယူလာခဲ့သည့် ရထားလုံးလောက် မကောင်းသော်လည်း မြင်းစီးရသည်ထက်တော့ ပိုသက်တောင့်သက်သာ ဖြစ်နေသေးသည်။ ကျိ‌ရွှေရှန့်က ဒဏ်ရာရသူများ ရထားလုံးပေါ်တက်နိုင်ရန် သူကိုယ်တိုင် တွဲတင်ပေးနေပြီး ထိုစစ်သည်များကို အစွမ်းကုန် ဂရုတစိုက် စောင့်ရှောက်ပေးနေခဲ့သည်။

ဒဏ်ရာရသူများက သူတို့သခင်လေး၏ ကရုဏာနှင့် ဖြောင့်မတ်မှုကို လေးစားနေကြပြီး သူတို့ သေသည်အထိ သခင်လေးနောက်သို့ လိုက်ရန် တိတ်တဆိတ် ကတိပြုနေကြသည်။

ကျင့်ရှီလျိုမြောင်သို့ ဦးတည်ခဲ့သည့် အပြန်ခရီးက ချောမွေ့နေပြီး လေငြိမ်နေသောကြောင့် နှင်းပင်လယ်ကြီးကပင် သာယာနေကာ ကောင်းကင်ကြီးကလည်း ကြည်လင်နေခဲ့သည်။

သူတို့ မြို့သို့ ပြန်ရောက်လာပြီးနောက် စူးချင်းက လွမ်ဟုန်ကို စစ်စခန်းသို့ တိုက်ရိုက်ခေါ်ဆောင်လာခဲ့သည်။ သူမက ချူကျင်းဖုန်းကို စစ်ဆေးမေးမြန်းဖြစ်ပြီး ချူကျင်းဖုန်း၏မျက်နှာအစစ်အမှန်ကို သိနိုင်စေရန် လွမ်ဟုန်ကို ခန်းဆီးနောက်ကွယ်၌ ပုန်းအောင်နေစေခဲ့သည်။

လွမ်ဟုန်က ချူကျင်းဖုန်း လူကောင်းဖြစ်သည်ဟု ယုံကြည်နေဆဲဖြစ်ကာ စူးချင်း နားလည်မှုလွဲနေသည်ဟု တွေးထင်နေဆဲဖြစ်သည်။

စူးချင်းက သူမကို စကားအများကြီး မပြောတော့ဘဲ ချူကျင်းဖုန်း မည်သည့်လူစားမျိုးဖြစ်သည်ကို သူမဘာသာ နားထောင်ခွင့်ပေးလိုက်သည်။

"စစ်သည်တို့... ချူကျင်းဖုန်းကို ခေါ်လာခဲ့ကြ"

ကျိ‌ရွှေရှန့်က စူးချင်း၏ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပြီး ချူကျင်းဖုန်းကို ပင်မတဲဆီသို့ ခေါ်ထုတ်လာရန် သူ့လူများကို အမိန့်ပေးလိုက်သည်။

မကြာခင်မှာပင် စစ်သည်များက ချူကျင်းဖုန်းကို အကျဥ်းထောင်ထဲမှ ထုတ်လာကြသည်။ သူ အချိန်အတော်ကြာ အကျဥ်းကျနေခဲ့ပြီး နေရောင်ကို ရုတ်တရက် မြင်လိုက်ရသောကြောင့် ချူကျင်းဖုန်းက ကောင်းကင်ကို မော့ကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးနေလေသည်။

သူရဲ့တွက်ချက်မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေက မှန်ကန်ခဲ့ပုံရတယ်။

ချူကျင်းဖုန်းက သူ၏အကြံအစည်များ အောင်မြင်ခဲ့သည်ဟု ယူဆနေကာ တက်တက်ကြွကြွ ဖြစ်လာပြန်သည်။

စစ်သည်များက ချူကျင်းဖုန်းကို ပင်မတဲထဲသို့ တွန်းပို့လိုက်သည်။ စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က စားပွဲ၏နောက်တွင် ဘေးချင်းကပ်ထိုင်နေကြပြီး အတွန်းခံလိုက်ရသည့် ချူကျင်းဖုန်းကို အေးအေးဆေးဆေး လှမ်းကြည့်နေကြသည်။

ချူကျင်းဖုန်းက အချိန်အတော်ကြာ အချုပ်အနှောင်သိမ်း ခံခဲ့ရပြီး အနည်းငယ် အားနည်းနေဟန်ဖြင့် ဖျော့တော့နေသော်လည်း သူက သူ့ဆံပင်များကို သပ်သပ်ရပ်ရပ် ဖြီးသင်ထားဆဲဖြစ်သည်။ အဝတ်အစားအဟောင်းများကိုသာ အချိန်အကြာကြီး ဝတ်ဆင်ထားခဲ့ရသော်လည်း သူ့အင်္ကျီက ပြန့်ဖြူးနေဆဲဖြစ်သည်။ သူက သူ့အသွင်အပြင်ကို အတော်လေး အာရုံစိုက်ထားပုံရသည်။

"ချူကျင်းဖုန်း၊ မင်းကို ဘာလို့ ဒီနေရာကို ခေါ်လိုက်တာလဲ သိလား?"

ကျိ‌ရွှေရှန့်က တဲထဲသို့ တွန်းလွှတ်ခံလိုက်ရသည့် ချူကျင်းဖုန်းကို စိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးများက ‌ရေသေကန်ကဲ့သို့ မည်းမှောင်းနေကာ အေးစက်နေလေသည်။

လက်ရှိ ကျိ‌ရွှေရှန့်က ထောင်ဟွားဝူမှ ထွက်လာခါစ ကြမ်းတမ်းရိုင်းစိုင်းသည့် ကျေးတောသား မဟုတ်တော့ပေ။ သူက သူ၏စိတ်ခံစားမှုများအားလုံးကို အပြည့်အဝ ဖုံးကွယ်ထားနိုင်ပြီ ဖြစ်ကာ သူ့မျက်လုံးများက သြဇာအာဏာ အပြည့်ဖြင့် တစ်ဖက်လူကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ လွှမ်းမိုးထားနိုင်သောကြောင့် တစ်ဖက်လူများအဖို့ သူ့ကို ပြန်မကြည့်ဝံ့သည်အထိ ကြောက်ရွံ့စေနိုင်သည်။

ချူကျင်းဖုန်းကတော့ သူ့၏မျက်ခုံးကို ပင့်တင်လိုက်ပြီး သူ့၏အချစ်ပြိုင်ဘက်ကို ပြန်စိုက်ကြည့်နေခဲ့သည်။ သူ့၏နှုတ်ခမ်းထောင့်များကလည်း မထီမဲ့မြင်အပြုံးတစ်ခုကို သယ်ဆောင်ထားခဲ့သည်။

“ငါက ဟာဆာတိုင်းပြည်ရဲ့မင်းသားတစ်ပါးနော်။ မင်းမှာ ငါ့ကို စစ်ဆေးမေးမြန်းဖို့ အရည်အချင်း ရှိလို့လား?"

ခန်းဆီးနောက်ကွယ်တွင် ပုန်းနေသည့် လွမ်ဟုန်က ​​ချူကျင်းဖုန်း၏အသံကို ကြားသွားပြီး သူမ၏မသိစိတ်ကြောင့် သူ့ကို အပြေးအလွှား သွားတွေ့ချင်နေမိသည်။

All Chapters