အမှန်တရား ပေါ်လွင်လာပြီ
Vol. 29 Ch. 428
လွမ်ဟုန်က မသိစိတ်ဖြင့် ချူကျင်းဖုန်းကို သွားတွေ့ရန် ခြေလှမ်းပြင်လိုက်သော်လည်း စူးချင်း ကြိုတင်စီစဉ်ထားသည့်သူများက သူမကို တားဆီးခဲ့ကြသည်။ လွမ်ဟုန်ကလည်း သူမ သူမ၏ဝမ်းကွဲကို မလွန်ဆန်နိုင်မှန်း သိနေသောကြောင့် ပြန်ငြိမ်သက်သွားခဲ့သည်။
အစ်မဝမ်းကွဲရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် အခုအချိန်က သူမအပေါ်ထားတဲ့ ချူကျင်းဖုန်းရဲ့သဘောထားကို သိခွင့်ရမယ့် အချိန်ပဲ။
ကျိရွှေရှန့်က မထီမဲ့မြင်ပြုနေသည့် ချူကျင်းဖုန်း၏ မောက်မောက်မာမာ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို လှောင်ပြောင် ရယ်မောလိုက်သည်။
“ပျက်သုန်းသွားတဲ့ တိုင်းပြည်ရဲ့မင်းသားက ဘယ်နေရာမှာ လာပြီး မောက်မာနေတာလဲ?”
ချူကျင်းဖုန်းက ကျိရွှေရှန့်၏စကားကို လုံးဝ မယုံကြည်ပေ။ သူက သူ့အင်္ကျီလက်ဝကျယ်များကို မာန်ပါပါ လှန်တင်လိုက်ပြီး မောက်မာမှုအပြည့်ဖြင့် ပြန်တုန့်ပြန်လိုက်သည်။
“ငါတို့ ဟာဆာပြည်ထောင်ရဲ့ စစ်သည်တွေက အရမ်းသန်မာတယ်။ စစ်မြင်းကြီးတွေက အရမ်းအားကောင်းတယ်၊ တိုင်းပြည်ပျက်သုန်းတယ်တဲ့လား? ဟား ဟား ရယ်စရာတွေ လာပြောနေတယ်"
ကျိရွှေရှန့်က မာနကြီးနေဆဲဖြစ်သော ချူကျင်းဖုန်းကို ကြည့်ကာ ပြုံးလိုက်ပြီး “ပုံမှန်ဆိုရင်တော့ ဟာဆာပြည်ထောင်က နောက်ထပ် ရှစ်နှစ်ကနေ ဆယ်နှစ်လောက်အထိ တောင့်ခံနိုင်ဦးမှာပေါ့၊ ဒါပေမယ့် အခုတော့ မင်းကြောင့် ဟာဆာပြည်ထောင် ပျက်သုန်းသွားပြီလို့ပဲ ပြောရတော့မယ်။ အခု မင်းအဖေနဲ့ အစ်ကိုက တာ့ထန်ရဲ့အကျဉ်းသားတွေ ဖြစ်နေပြီ။ ဒီလက်ဆောင်က တော်တော် အံ့သြဖို့ကောင်းတာပဲ”
“မဟုတ်တာတွေ မပြောနဲ့”
ကျိရွှေရှန့်၏ တည်ငြိမ်သော အမူအရာကြောင့် ချူကျင်းဖုန်း မတည်ငြိမ်နိုင်တော့ပေ။ သူက စူးချင်းကို ကြည့်လိုက်ပြီး သူ့စိတ်ထဲမှ ထိတ်လန့်မှုကို ထိန်းထားရန် ကြိုးစားနေခဲ့သည်။ သူက စူးချင်းကို ဆွဲဆောင်ရန် ချိုချိုသာသာ ပြုံးလိုက်ပြီး “စူးချင်း၊ ငါ လုပ်ခဲ့သမျှက မင်းကြောင့်ပဲ။ သူက တောသားလူရိုင်းတစ်ယောက်ပဲ။ မင်းနဲ့မထိုက်တန်ဘူး၊ ငါကမှ မင်းအတွက် သင့်တော်တဲ့သူ၊ မင်းအတွက် စစ်မှန်တဲ့ လက်တွဲဖော်ပဲ၊ ငါ ထီးနန်းဆက်ခဲပြီးရင် မင်းက ဟာဆာပြည်ထောင်ရဲ့ဘုရင်မ ဖြစ်လာလိမ့်မယ်”
ချူကျင်းဖုန်း၏ ထိုစကားကို ကြားလိုက်ရချိန်တွင် လွမ်ဟုန်က သူမအပေါ်သို့ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး သူမ၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့သွားတော့သည်။
ဒါဆို ချူကျင်းဖုန်းက သူမရဲ့အစ်မဝမ်းကွဲကို သဘောကျနေတာလား? နောက်ဆုံးတော့ သူမက သူ့အတွက် ဟာသသက်သက် ဖြစ်နေခဲ့တာပေါ့လေ။
"ချူကျင်းဖုန်း၊ နင် အချစ်မှာ အရူးအမူး ပျော်ဝင်နေတဲ့ သခင်လေးတစ်ယောက်လို အကြာကြီး ဟန်ဆောင်နေရတာ မပျင်းသေးဘူးလား?"
စူးချင်းက စိတ်ကောင်းမဝင်ဖြစ်နေခဲ့ပြီး ယခုထက်ထိ သူမနှင့် ကစားနေဆဲဖြစ်သော ချူကျင်းဖုန်းကို ကြည့်ကာ လှောင်ပြောင်ရှုံချလိုက်သည်။
“နင်က ငါ့ရဲ့အစွမ်းအစတွေကို မြင်သွားပြီး ငါ့ကို လှည့်ကွက်တွေနဲ့ ဆွဲဆောင်ချင်နေတာမလား? နင့်က နင့်ရုပ်ရည်ကို ဗန်းပြပြီး ငါ နင့်ကို ချစ်မိသွားပြီး နင် ထီးနန်း ရအောင် ကူညီပေးဖို့ သိမ်းသွင်းချင်နေတာပဲ။ ကံမကောင်းတာက ငါ့မျက်လုံးထဲမှာ နင်က ရွေ့ရှန့်ရဲ့လက်သည်းခွံတစ်ခွံလောက်တောင် တန်ဖိုး မရှိဘူး။ နင် ဘယ်လောက်ပဲ ဟန်ဆောင်ချစ်ခင်ကြင်နာမှုပြနေပါစေ ငါ့အတွက်တော့ အသုံးမဝင်ဘူး။ အဲ့တော့ နင်က အထိတ်တလန့်ဖြစ်သွားပြီး ငါ့ရဲ့မိသားစုနဲ့ ဝမ်းကွဲကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တယ်။ ပြီးတော့ ငါ နင်တို့တိုင်းပြည်မှာ လက်အောက်ခံဖို့ ငါ့ကို အတင်းအကြပ် ဖိအားပေးဖို့ တွေးခဲ့တာမလား? ကံမကောင်းတာကတော့ နင့်ရဲ့ကြိုးစားအားထုတ်မှုတွေ အားလုံး ပျက်စီးသွားပြီ။ စစချင်းမှာ ဟာဆာက နင့်ကို ပြန်ရဖို့ ကျင့်ရှီလျိုမြောင်ဘက်ကို ညှိနှိုင်းလာခဲ့ရင် နင် နင့်တိုင်းပြည်ကို နင် ပြန်နိုင်ပြီး မင်းသားအဖြစ် ဆက်နေလို့ ရနေသေးတယ်။ အခုတော့ ငါ့မိသားစုကို လာထိချင်တဲ့ နင့်အတွက်ကြောင့် ဟာဆာပြည်ထောင် ပြိုလဲသွားပြီ"
စူးချင်း၏ စကားများက ချူကျင်းဖုန်း၏ နားကို လေးလံသော တူတစ်ချောင်းနှင့် အထုခံနေရသလို ခံစားရစေခဲ့သည်။ သူ၏ မာယာဆန်သော မျက်လုံးများက စူးချင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။
“မင်း လိမ်နေတာ၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"
သူတို့ရဲ့တိုင်းပြည်က အရမ်းအင်အားကြီးတဲ့ တိုင်းပြည်လေ။ ဘာလို့ နေ့ချင်းညချင်း ပျောက်ကွယ်သွားရမှာလဲ?
မဖြစ်နိုင်ဘူး။ သူ လုံးဝ မယုံဘူး!
သို့သော် စူးချင်းနှင့် ကျိရွှေရှန့်တို့၏ အေးစက်ပြီး မောက်မာလှသော အမူအရာများ နှင့် မထီမဲ့မြင်အကြည့်များက သူ့ကို ထိတ်လန့်နေစေသည်။
သူ စူးချင်းရဲ့အင်အားကို အရင်က မြင်ဖူးခဲ့တယ်။ သူမက စစ်သည်ထောင်ပေါင်းများစွာကို သူမတစ်ယောက်တည်း ခုခံနိုင်တယ်။ သူက သူမရဲ့ခွန်အားကို မြင်ခဲ့တာကြောင့် သူမကို သိမ်းသွင်းချင်ခဲ့တာလေ။
သူ သူ့ရဲ့အလှတရားကို ထောင်ချောက်အဖြစ် အသုံးပြုခဲ့ပေမယ့် အချိန်ဘယ်လောက်ကြာကြာ အလုပ်မဖြစ်ခဲ့ဘူး။ သူမရဲ့မျက်လုံးထဲမှာ အဲ့ဒီမိုက်မဲပြီး ရိုင်းစိုင်းတဲ့ တောသားပဲ ရှိတယ်။ နောက်ပိုင်း သူ အဖမ်းခံရတာတောင်မှ သူမက သူမနဲ့ဘာမှ မဆိုင်သလို ခပ်အေးအေး ကြည့်နေခဲ့သေးတယ်။ ဒါက အမျိုးသမီးတွေနဲ့ ဆက်ဆံရာမှာ ကောင်းမွန်လွန်းခဲ့တဲ့ သူ့ကို သူ တစ်ခါမှ မခံစားခဲ့ဖူးတဲ့ ရှုံးနိမ့်မှုမျိုး ခံစားရစေခဲ့တယ်။
နောက်ပိုင်း လွမ်ဟုန်က သူ့ကို စွဲလမ်းနေမှန်း သူ သိလိုက်ရတယ်။ သူ လွမ်ဟုန်ဆီကနေ စူးချင်းရဲ့သတင်းအချက်အလက်တွေ အများကြီး ရနိုင်ခဲ့ပြီး စူးချင်းက သူမရဲ့မိသားစုကို အရမ်းတန်ဖိုးထားတာကို သူ သိလာခဲ့ရတယ်။ အဲ့ဒါကြောင့် သူက ဒီအကြံအစည်ကို စပြီး အကောင်အထည်ဖော်ထားခဲ့တာပါ။
သူက စူးချင်းရဲ့မိဘတွေနဲ့ မောင်လေးကို အသုံးချပြီး သူမကို သိမ်းသွင်းဖို့နဲ့ သူမ မနာခံရင် အတင်းအကြပ် ဖိအားပေးဖို့ စီစဥ်ထားခဲ့တာပါ။ သူမ ဟာဆာတိုင်းပြည်ကို ရောက်လာတာနဲ့ သူမ ဒုက္ခရောက်နေတုန်း သူ သူမကို ကယ်တင်ပေးလိုက်မယ်။ အဲ့လိုဆိုရင် သူက မိန်းမလှလေးကို ကယ်တင်ပေးတဲ့ သူရဲကောင်းဖြစ်လာမှာ သေချာတယ်။ မိန်းခလေးတွေဆိုတာ သူမတို့ စိတ်ပျက်အားငယ်နေတဲ့ အခြေအနေမှာ လှည့်စားဖို့ အလွယ်ဆုံးပဲ။
ဒါက ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနဲ့ သတ်ပစ်ဖို့ ကြံစည်ထားတဲ့ သူ့အစီအစဉ်ပဲ။ ဒီလိုမှမဟုတ်ရင် သူ့ခမည်းတော်က ကျင့်ရှီလျိုမြောင်ကို ညှိနှိုင်းဖို့ လူတွေ လွှတ်ပေးနိုင်ပြီး သူလည်း ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်တယ်၊ ဒီလောက်ဒုက္ခတွေ ကြုံနေစရာ မလိုဘူး။
ပြဿနာက ဘယ်ကနေ စလာတာလဲ? ဟာဆာတိုင်းပြည်ရဲ့စစ်သူကြီးနဲ့ သူ့ရဲ့ထိပ်တန်း စစ်သည်တွေနဲ့ ဒီကလေးမလေးတစ်ယောက်ကိုတောင် မဖမ်းနိုင်ကြဘူးတဲ့လား?
“ပျက်သုန်းသွားတဲ့ လူမျိုးစုရဲ့မင်းသားက တန်ဖိုး မရှိတော့ဘူး။ စစ်သည်တို့ လာကြစမ်း၊ သူ့ကို ဆွဲခေါ်သွားပြီး သတ်ပစ်လိုက်တော့”
ကျိရွှေရှန့်က သူ့အဝတ်အစားများပေါ်မှ ဖုန်မှုန့်များကို ခါချနေရင်း ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်သည်။ သူ့၏အမူအရာတွင် ဘုရင်မင်းမြတ်တစ်ပါး၏ အရိပ်အယောင်များ ပါဝင်နေခဲ့ပြီး တောသား အရိုင်းအစိုင်း တစ်ယောက်၏ အရိပ်အယောင်ဟူ၍ မြူတစ်မှုန်စာပင် ရှိမနေခဲ့ပေ။
ချူကျင်းဖုန်းက ပို၍ပင် ထိတ်လန့်လာပြီး စူးချင်းကို ကြည့်ကာ အကူအညီတောင်းလိုက်သည်။
"စူးချင်း၊ ငါမှာ မင်းအတွက် လေးနက်တဲ့ ခံစားချက်တွေ ရှိတယ်၊ မင်း ငါ့ကို ဒီလို ဆက်ဆံတယ်လား"
“ငါ့မိသားစုက ငါ့ရဲ့ နောက်ဆုံးစည်းပဲ။ ငါ့မိသားစုကို ထိလိုက်ကတည်းက နင်က ငါအတွက် သေလူ ဖြစ်သွားပြီ
စူးချင်းက ပရော်ပရီ လုပ်နေဆဲဖြစ်သည့် ချူကျင်းဖုန်းကို အေးစက်စွာ ကြည့်နေခဲ့ပြီး သူမ၏အသံက တည်ငြိမ်နေဆဲဖြစ်သော်လည်း လူသတ်ချင်နေသည့်အရိပ်အယောင်များ ပါဝင်နေသေးသည်။
"ချင်းအာ"
လွမ်ဟုန်က ခန်းဆီးနောက်မှ မျက်ရည်အဝဲသားဖြင့် ထွက်လာခဲ့သည်။ ချူကျင်းဖုန်းက စူးချင်းထံမှ ထွက်လာသည့် လူသတ်အရိပ်အငွေ့ကြောင့် အလွန်ထိတ်လန့်နေပြီး သူမ၏ အေးစက်သော မျက်လုံးများမှတဆင့် သူ့တိုင်းပြည်၏ကျရှုံးမှု သတင်းက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ယနေ့တွင် သူ ကြီးစွာသော ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရတော့မည်ကို သူ နားလည်လိုက်သည်။
လွမ်ဟုန်ကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးထဲမှ မျှော်လင့်ချက်အလင်းရောင်များ ထွက်ပေါ်လာပြီး သူမကို လှမ်းအကူအညီတောင်းလိုက်သည်။
"လွမ်ဟုန်၊ ငါ့ကို ကယ်ပေးပါ။ ငါ ပြန်သွားပြီးရင် ငါ့အဖေကို မင်းနဲ့ လက်ထပ်ပေးခိုင်းမယ်"
သူက လွမ်ဟုန်ကို ဆွဲဆောင်ရန် သူ့၏မျက်နှာကို အသုံးပြုနေဆဲဖြစ်ပြီး လွမ်ဟုန်က သူ့ကို ကယ်တင်မည်ဟု ယုံကြည်နေခဲ့သည်။ အတွေ့အကြုံမရှိသော ဤကလေးမလေးက သူ့ကို စွဲလမ်းနေပြီ ဖြစ်ကာ ယခု သူက သူမကို သွေးဆောင်ရန် ကြင်ယာတော်မင်းသမီးတစ်ပါး၏ မြင့်မြတ်သောလက္ခဏာကို အသုံးပြုလိုက်သောကြောင့် သူမက သူ့ကို ကယ်ရန် သူမ၏အသက်ကိုပင် စွန့်လိမ့်မည်ဟု သူ တွေးထားခဲ့သည်။
လွမ်ဟုန်က ချူကျင်းဖုန်းကို ဝမ်းပမ်းတနည်း စိုက်ကြည့်နေခဲ့သည်။
သူမက စိတ်ကူးယဉ်ဆန်ပေမယ့် မိုက်မဲတဲ့သူတော့ မဟုတ်ဘူး။ ခုနက သူမ ခန်းဆီးနောက်ကနေ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားခဲ့တယ်။ ဒီလူက သူမနဲ့ သူမရဲ့အစ်မဝမ်းကွဲကို တစ်ချိန်လုံး လှည့်စားနေခဲ့တာ။ သူက သူမတို့နှစ်ယောက်စလုံးကို သူ့ရုပ်ရည်နဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေခဲ့ပြီး သူက အရာအားလုံးကို အမှန်တကယ် တွက်ချက်ထားခဲ့တယ်။
အဲ့ဒါကြောင့် တာ့ထန်မှာ သူမကို ကယ်တင်ခဲ့တဲ့အချိန်ကစပြီး သူ့ဆီမှာ ရည်ရွယ်ချက်တွေ ရှိနေခဲ့တယ်။ ဒုက္ခရောက်နေတဲ့ ကောင်မလေးကို ကယ်တင်ခဲ့တဲ့ သူ့ရဲ့သူရဲကောင်းဆန်ဆန် လုပ်ရပ်ကြောင့် သူမ သူ့ကို လေးလေးနက်နက် ချစ်မိသွားခဲ့တာက နောက်ဆုံးမှာ ရယ်စရာ ဖြစ်လာခဲ့ပြီ။ အရာအားလုံးက သူ့ရဲ့တွက်ချက်မှုတွေပဲ။
ဒါပေမယ့် သူမ သူ သေသွားတာကို မကြည့်ရက်နိုင်သေးဘူး။
လွမ်ဟုန်က ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်လာပြီး သူမ၏ပြတ်ပြတ်သားသား မရှိခြင်းနှင့် စိတ်ခံစားမှုလွန်ကဲခြင်းတို့ကြောင့် သူမကိုယ်သူမ မုန်းတီးနေခဲ့သည်။
စူးချင်းက သူမ၏ဝမ်းကွဲကို တိတ်တဆိတ် ကြည့်နေခဲ့ပြီး နှစ်သိမ့်စကားပင် ဝင်မပြောခဲ့ပေ။
လွမ်ဟုန်က မဖြစ်မနေ သူမဘာသာ ကျော်ဖြတ်ရလိမ့်မယ်။
လွမ်ဟုန်က အကြိမ်အနည်းငယ် စိတ်လွန်ဆွဲနေခဲ့ပြီး သူမ၏ နှလုံးသားကို မာကြောအောင် ပြန်ထိန်းလိုက်သည်။ ထို့နောက် သူမက ချူကျင်းဖုန်း၏မျက်နှာကို လှမ်းရိုက်လိုက်ကာ သူ့၏ချစ်ခင်ကြင်နာသောအကြည့်များ ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများထဲမှ ရက်စက်ကြမ်းကြုတ်မှုများကို သူမ မြင်လိုက်ရသည်။ လွမ်ဟုန်က အေးစက်စွာ လှောင်ပြောင်ရယ်မောလိုက်ပြီး "သွားသေလိုက်တော့!"
စူးချင်းက သူမ၏ဝမ်းကွဲ စိတ်ပိုင်းဖြတ်နိုင်သွားပြီးကို တွေ့လိုက်ရသောကြောင့် ဝမ်းသာသွားခဲ့သည်။
လွမ်ဟုန်က ယောက်ျားတစ်ယောက်အတွက် အသက်ကို အသေခံမယ့် မိန်းမမျိုးဖြစ်နေမှာကို သူမ တကယ်ကြောက်နေမိတာပါ။
ကျိရွှေရှန့်က ချူကျင်းဖုန်း အသုံးမဝင်တော့ကြောင်း နားလည်သွားပြီး အေးစက်စွာ အမိန့်ထပ်ပေးလိုက်သည်။
"သူ့ကို ဆွဲထုတ်သွားပြီး ခုတ်ပိုင်းလိုက်တော့!"
မင်း ငါ့ဆီကနေ ချင်းအာကို လုယူချင်တယ်ပေါ့။ ငါ မင်းကို ငရဲရောက်အောင် ပို့ပေးလိုက်မယ်။
"မဟုတ်ဘူး၊ မင်း ငါ့ကို သတ်လို့ မရဘူး။ ငါက ဟာဆာရဲ့မင်းသားပဲ။ ငါတို့ စစ်ပွဲမစခင် မင်း ငါ့ကို သတ်လိုက်ရင် ဟာဆာပြည်ထောင်ကို စစ်ကြေညာသလို ဖြစ်သွားလိုက်မယ်!"
ဤတစ်ကြိမ်တွင် ချူကျင်းဖုန်းက အမှန်တကယ် အထိတ်တလန့် နေပြီး သူ၏ ချောမောလှပသော သခင်ငယ်လေးပုံရိပ်ပင် ပျောက်ကွယ်သွားခဲ့သည်။ သူက ကျိရွှေရှန့်အား ကျယ်လောင်စွာ အော်ဟစ်ငြင်းခုန်နေခဲ့ပြီး သူ့၏ဆွဲဆောင်မှုပြင်းသည့် သံလိုက်လို အသံမျိုးလည်း မရှိတော့ပေ။ သူ အသံတတ်နေလျှင် သူ့ခေါင်းပျောက်သွားမည်ကို စိုးရိမ်နေပြီး ထိတ်လန့်တကြား အော်ဟစ်နေခဲ့သည်။
"သူ့ကို ခေါ်ထုတ်သွားတော့"
ကျိရွှေရှန့်က ချူကျင်းဖုန်းကို အထင်အမြင်သေးနေသည့်အကြည့်များဖြင့် ကြည့်ကာ အမိန့်ထပ်ပေးလိုက်သည်။
ဒီကောင်က ရဲရဲဝင့်ဝင့်နဲ့ အေးအေးဆေးဆေး ရင်ဆိုင်နေရင် သူ ယောက်ျားတစ်ယောက်အနေနဲ့ လေးစားပေးနိုင်ပါသေးတယ်။ အခုတော့ ဒီကောင်က သူရဲဘောကြောင်လွန်းတယ်။ ဒါနဲ့များ သူ့ရဲချင်းအာကို လိုချင်တပ်မက်ရဲသေးတယ်။
စူးချင်းနှင့် ကျိရွှေရှန့်တို့က သူတို့ကိုယ်သူတို့ ယုံကြည်လွန်းသောကြောင့် ချူကျင်းဖုန်းကို လုံးဝ အလေးအနက် မထားခဲ့ကြပေ။ ထို့ကြောင့် သူ့ကို သေသေချာချာ မချည်နှောင်ထားဘဲ သူ့လက်များကိုသာ ကြိုးချည်ထားခဲ့ကြသည်။
ချူကျင်းဖုန်းက သူ သေရတော့မည်ကို နားလည်သွားပြီး အသက်ရှင်နိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ သူက ဒေါသတကြီး အော်ဟစ်နေရင်း ဝမ်းနည်းစွာရပ်နေသော လွမ်ဟုန်အနီးသို့ တိုးလာခဲ့သည်။ တချိန်တည်မှာပင် သူက သူ့လက်တွင် ချည်ထားသောကြိုးကို ဖျက်တောက်ရန် သူ၏ အတွင်းအားကို လျှို့ဝှက်စွာ အသုံးပြုနေခဲ့ပြီး ကြိုးပျက်သွားချိန်တွင် လွမ်ဟုန်ကို ဖမ်းဆွဲလိုက်သည်။
လွမ်ဟုန်က ထိတ်လန့်တကြား ထအော်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူမ နောက်ကျသွားခဲ့သည်။ ချူကျင်းဖုန်းက သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားရင်း စူးချင်းကို အပြင်းအထန် ခြိမ်းခြောက်လိုက်သည်။
“ငါ့ကို သွားခွင့်ပေး မဟုတ်ရင်… သူ(မ)ကို ငါနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်”
စူးချင်းက အလျင်စလို ဖြစ်မနေဘဲ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ချူကျင်းဖုန်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ ထို့နောက်တွင် သူမက ခံစားချက်မဲ့နေသော အသံဖြင့် တစ်လုံးချင်း ထပ်ပြောလိုက်သည်။
"ငါ နင့်ကို လွှတ်ပေးလိုက်ရင်တောင် နင် ကျင့်ရှီလျိုမြောင်ကနေ လွတ်နိုင်မှာတဲ့လား?"