ယောက္ခမလောင်းကို သွားတွေ့ရမယ့် သမက်လောင်း
Vol. 29 Ch. 429
"ဒါဆို ငါ့ကို လွှတ်ပေးဖို့ ချင်းအာကိုပဲ ဒုက္ခပေးရတော့မယ်"
လွမ်ဟုန်ကို ဓားစာခံအဖြစ် ဖမ်းထားနိုင်သောကြောင့် ချူကျင်းဖုန်းက ယခင်ကအတိုင်း လျှာရိုးမရှိ ပေါ့ပါးသောလေသံဖြင့် ပြန်ပြောဆိုလိုက်ကာ သူ့၏ပုံမှန် ပေါ့ပါးသွက်လက်သည့်အမူအရာသို့ ပြန်ပြောင်းသွားခဲ့သည်။ သူက ကျိရွှေရှန့်ကဲ့သို့ နာမည်ပြောင်ဖြင့် စူးချင်းကို ခေါ်ဝေါ်နေခဲ့သည်။
ကျိရွှေရှန့်က ဒေါသတကြီး ပြေးဝင်လာပြီး ချူကျင်းဖုန်းကို ခုတ်ရန် သူ့ဘေးနားရှိ အစောင့်၏ခါးမှ ဓါးကို ဆွဲထုတ်လိုက်သည်။
ချင်းအာဆိုတဲ့ နာမည်က သူခေါ်နိုင်တဲ့ နာမည်မို့လား?
"မင်း မလာနဲ့။ မင်း လာရင် ငါ သူ့ကို လည်ပင်းညှစ်သတ်ပစ်လိုက်မယ်။ အဲဒါဆိုရင် မင်းက ချင်းအာရဲ့ဝမ်းကွဲကို သတ်တဲ့အတွက် ချင်းအာက မင်းကို မုန်းသွားမှာနော်"
သူ့ထံတွင် အားကိုးရာရှိနေသောကြောင့် ချူကျင်းဖုန်းက ကျိရွှေရှန့်ကို လုံးဝ မကြောက်တော့ပေ။ သူက သူ့လက်ထဲကို အားအနည်းငယ် စိုက်ထုတ်လိုက်ရာ လွမ်ဟုန်၏မျက်နှာက နီရဲလာပြီး သူမ၏ပါးစပ်မှ နာကျင်စွာ ညည်းသူသံများ ထွက်ပေါ်လာသည်။
"ရွှေရှန့်၊ ဘာလို့ ကြက်ကို သတ်ဖို့ သားလှီးဓားကို သုံးရမှာလဲ?"
စူးချင်း၏ လျစ်လျူရှုသောစကားကြောင့် ချူကျင်းဖုန်း၏နှလုံးသားက သူ့လည်ချောင်းဆီသို့ ခုန်တက်လာပြန်သည်။
လွမ်ဟုန်က စူးချင်းရဲ့ဝမ်းကွဲတစ်ယောက်ပဲ။ စူးချင်းက လွမ်ဟုန်ရဲ့ အသက်နဲ့ သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ရင် သူ ဘယ်လိုလုပ်ရမလဲ?
သို့သော် စူးချင်း၏ နောက်ဆက်တွဲစကားများက သူ့ကို အနည်းငယ် စိတ်အေးသွားစေခဲ့သည်။
"ငါ နင့်ကို လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် ငါ့ရဲ့ဝမ်းကွဲကို အရင်လွှတ်ပေးရမယ်"
စူးချင်းက ချူကျင်းဖုန်းနှင့် တစ်မီတာသာသာဝေးကွာသည့် နေရာတစ်ခုအထိ လျှောက်သွားလိုက်ပြီးမှ ထိုနေရာတွင် ရပ်နေကာ လွမ်ဟုန်ကို လွှတ်ပေးရန် လက်ဟန်ပြလိုက်သည်။
“နင် ငါ့ရဲ့ဝမ်းကွဲကို လည်ပင်းညှစ်သတ်လိုက်ရင် ငါ့ကို ခြိမ်းခြောက်ဖို့ ဓားစာခံ ရှိတော့မှာ မဟုတ်ဘူးနော်”
စူးချင်းက အေးဆေးတည်ငြိမ်လွန်းသောကြောင့် ချူကျင်းဖုန်း စိတ်မသက်မသာ ဖြစ်လာပြန်သည်။
သူမက လွမ်ဟုန်ကို တန်ဖိုးထားပုံပေါ်နေသော်လည်း သူမ၏မျက်လုံးများက မှန်းဆမရနိုင်ပေ။ ထိုအကြည့်များက ငြိမ်သက်နေပုံရသော ရေကန်၏ မျက်နှာပြင်အောင်မှ ဝဲဂယက်များကဲ့သို့ ဖြစ်နေပြီး ခန့်မှန်းရခက်စေသည်။
ဤအရာက ချူကျင်းဖုန်းကို ပို၍စိတ်မသက်မသာဖြစ်စေပြီး သူ သတိမပေါ့ရဲပေ။ သူ့လက်ကို အနည်းငယ် ဖြေလျော့မိလျှင်ပင် စူးချင်းက လွမ်ဟုန်အား ပြန်လုသွားမည်ကို သူ ကြောက်နေမိသည်။
“ရှေ့ကနေ လမ်းပြပေး”
ချူကျင်းဖုန်းက စူးချင်းကို ခေါင်းညိတ်ပြလိုက်ပြီး သူမ လှည့်စားမည်ကို စိတ်ပူစရာ မလိုအောင် သူမကို ရှေ့မှ သွားခိုင်းလိုက်သည်။
စူးချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်တွင် အေးစက်သည့် အပြုံးတစ်ပွင့် ပေါ်လာပြန်သည်။ သူမက သူ့ကိုခေါင်းညိတ်ပြလိုက်ရင်း ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
“ကောင်းပြီလေ”
ချူကျင်းဖုန်းက စူးချင်းကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ပြီး သူမ သူတို့အနီးသို့ ရောက်လာချိန်တွင် သူက လွမ်ဟုန်ကို ရှေ့တွင် ကာထားကာ လွမ်ဟုန့်နောက်သို့ ဝင်ပုန်းနေလိုက်သည်။
"ရှောင်ချီ"
စူးချင်းက စနစ်ထဲမှ ရှောင်ချီအား အမိန့်ပေးလိုက်သည်။ ရှောင်ချီက သူမ၏သခင်နှင့် စိတ်ချင်းအဆက်အသွယ် ရှိနေပြီး မေးဆေးမှုန့်ကို ချက်ချင်းယူကာ သခင်ဖြစ်သူထံ လှမ်းပေးလိုက်သည်။
စူးချင်းက ချူကျင်းဖုန်းရှေ့မှ ဖြတ်လျှောက်နေရင်း သူ့ကို ရုတ်တရက် ပြုံးပြလိုက်သည်။ စူးချင်း၏ ပဟေဌိဆန်သော အပြုံးကြောင့် ချူကျင်းဖုန်းတစ်ယောက် ထိတ်လန့်သွားပြန်ပြီး အော်ဟစ်လိုက်သည်။
"မင်းက ဘာကို ရယ်နေတာလဲ? မြန်မြန်သွားလေ!"
စူးချင်းက သူမ၏လက်ကို မြှောက်လိုက်ရာ ချူကျင်းဖုန်းက အလွန်ထိတ်လန့်သွားပြီး လွမ်ဟုန်ကို ဖမ်းဆွဲရင်း နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားခဲ့သည်။ စူးချင်းက သူမ၏ဆံပင်အား သပ်တင်လိုက်သည်ကိုသာ သူ မြင်လိုက်ရပြီး သူ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသောကြောင့် သူမ၏မျက်လုံးများထဲမှ ထွက်ပေါ်လာသည့် ကဲ့ရဲ့လှောင်ပြောင်ရိပ်များကိုလည်း သူ မြင်လိုက်ရသေးသည်။ ချူကျင်းဖုန်း၏မျက်နှာတွင် မကျေမနပ်ဖြစ်သွားသည့်အမူအရာများ ပေါ်လာပြန်သည်။
သူက ဒီလောက်ရှက်စရာကောင်းတဲ့ အတိုင်းအတာအထိ ဒီမိန်းမကို ကြောက်နေမိတာလား?
ထားပါတော့လေ... အခုမှတော့ အရှက်ရမှာကို တွေးမတော့ဘူး။ အရေးကြီးဆုံးက အသက်ကို ကာကွယ်နိုင်ဖို့ပဲ။
ထူးဆန်းသောရနံ့တစ်ခု သူ့၏ဝင်သက်ထဲသို့ တိုးဝင်လာချိန်တွင် ချူကျင်းဖုန်းက တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရကာ အသက်ရှူအောင့်ထားလိုက်သည်။ သို့တိုင်အောင် သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့သေးသည်။ ရှောင်ချီ ဖော်စပ်ထားသော မေ့ဆေးမှုန့်ကို တစ်ရှိုက်ရှူသွင်းမိပါက ဆင်ရိုင်းတစ်ကောင်ပင် ချက်ချင်း သတိလစ်ပြီး လဲကျသွားနိုင်သည်။
ချူကျင်းဖုန်း၏အသိစိတ်က ဝေဝါးလာပြိး လွမ်ဟုန်၏လည်ပင်းကို ဆုပ်ကိုင်ထားသည့် သူ့လက်ချောင်းများလည်း ပြေလျှော့သွားကာ နောက်ပြန်လဲကျသွားတော့သည်။
လွမ်ဟုန်လည်း သတိလစ်သွားပြီး ချူကျင်းဖုန်းနှင့်အတူ နောက်ပြန်လဲကျသွားခဲ့သည်။ သို့သော် စူးချင်းက သူမကို ပြန်ဆွဲထားလိုက်ပြီး ချူကျင်းဖုန်း၏လက်ထဲကို လဲကျမသွားစေရန် တားဆီးထားခဲ့သည်။
ကျိရွှေရှန့်က ချူကျင်းဖုန်းကို အပြင်ဘက် နှင်းတော်ထဲသို့ ဆွဲခေါ်သွားပြီး ရေအေးဇလုံကို လောင်းချလိုက်ရာ သတိလစ်နေသော ချူကျင်းဖုန်းတစ်ယောက် တုန်တုန်ယင်ယင်ဖြင့် ခုန်ထလာခဲ့ရသည်။ ကျိရွှေရှန့်က သူ့ဆီသို့ ဓားတစ်ချောင်း ပစ်ပေးလိုက်သည်။
"မင်း စိတ်ဖြောင့်လက်ဖြောင့် သေလို့ရအောင် ငါ ပို့ပေးမယ်"
ကျိရွှေရှန့်က သူ့၏ချင်းအာကို တပ်မက်နေသည့် ဤခွေးအား သူကိုယ်တိုင် သတ်ရန် ဆုံးဖြတ်လိုက်သည်။
“ရတယ်လေ”
ချူကျင်းဖုန်းကလည်း သူ မလွတ်မြောက်တော့နိုင်မှန်း သိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ မသေခင် ကျိရွှေရှန့်အား သူနှင့်အတူ ခေါ်သွားရန် ဆုံးဖြတ်လိုက်ပြီး ဓားကို ကောက်ယူကာ ကျိရွှေရှန့်ဆီသို့ ပြေးလာခဲ့သည်။
"အား!"
သူက ကျိရွှေရှန့်ကို တစ်ချက်တည်း သတ်ပစ်နိုင်ရန် မျှော်လင့်နေပြီး အားကုန်သုံးကာ ပြေးဝင်လာခဲ့သည်။
ဆောင်းရာသီအလယ်တွင် ရေစက်ကလေးများပင် အေးခဲသွားနိုင်ပြီး ချူကျင်းဖုန်းက ရေတစ်ဇလုံလောင်းချခံထားရတာ သူ့တစ်ကိုယ်လုံး ရေခဲတုံးကဲ့သို့ အေးခဲလုနီးပါး ဖြစ်နေခဲ့သည်။ သူ့၏လှုပ်ရှားမှုက ပြင်းထန်နေသော်လည်း ခွန်အားက မရှိတော့ပေ။ ကျိရွှေရှန့်က ချူကျင်းဖုန်း၏ဓားကို သူ့ဓားဖြင့် တစ်ချက်ရိုက်ထုတ်လိုက်ပြီး နောက်တစ်ချက်က ချူကျင်းဖုန်း၏ရင်ဘတ်ဆီသို့ တိုးဝင်လာသည်။
ချူကျင်းဖုန်းက သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်လာသည့် ဓားရှည်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ပြီး လက်မခံနိုင်ဖြစ်နေသော မျက်နှာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကာ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ရင်း သေဆုံးသွားခဲ့သည်။
စူးချင်းကလည်း လွမ်ဟုန် ပြန်သတိရလာစေရန် ပြုစုပေးခဲ့ပြီး လွမ်ဟုန်က ချူကျင်းဖုန်း သေဆုံးသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုချင်နေသောကြောင့် စူးချင်းက သူမကို ပင်မဆီမှ ပြန်ခေါ်ဆောင်လာခဲ့သည်။
လွမ်ဟုန်က နှင်းတောထဲသို့ လဲကျသွားသည့် ချူကျင်းဖုန်းကို လှမ်းမြင်လိုက်ရသည်။ သူ့၏ စွဲမက်ဖွယ်မျက်လုံးများက သူမကို စိုက်ကြည့်နေဆဲဖြစ်သော်လည်း သူမ၏ မျက်ရည်များကတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမက အံကို တင်းတင်းကြိတ်ကာ သူမ၏နှလုံးသားထဲမှ မစတင်ရသေးသော ချစ်ခြင်းမေတ္တာကို မြှုပ်နှံလိုက်တော့သည်။
"အိမ်ပြန်ကြမယ်၊ အဒေါ်က မင်းကို လွမ်းနေလောက်ပြီ!"
စူးချင်းက ညီမဝမ်းကွဲလေး၏ ပခုံးကို လှမ်းဖက်လိုက်ရင်း အိမ်ပြန်ရန် အကြံပြုလိုက်သည်။ သို့သော်လည်း လွမ်ဟုန်၏ ခန္ဓာကိုယ်လေး တုန်ယင်နေသည်ကို သူမ ခံစားနေရသည်။ ထိုအခြေအနေတွင် သူမ လွမ်ဟုန်ကို နှစ်သိမ့်ပေးစရာ စကားမရှိသလို မည်သို့ နှစ်သိမ့်ပေးရမည်ကိုလည်း သူမ မသိခဲ့ပေ။ သူမ၏ညီမဝမ်းကွဲလေး စိတ်လုံခြုံစေရန်အတွက် လွမ်ဟုန်၏လက်လေးများကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပေးထားလိုက်သည်။
"ချင်းအာ၊ မင်းရဲ့တစ်ဝမ်းကွဲကို အရင်ပြန်ပို့ပေးလိုက်ပါ။ ကိုယ် ချူကျင်းဖုန်းရဲ့ကိစ္စတွေကို ရှင်းလင်းပြီးမှ မင်းအိမ်ကို လိုက်လာခဲ့မယ်"
ကျိရွှေရှန့်က သူမတို့နားသို့ လျှောက်လာရင်း စူးချင်းကို လှမ်းပြောလိုက်သည်။ သူက စူးချင်းကို သိမ်မွေ့သောမျက်ဝန်များဖြင့် ကြည့်နေရင်း သူ့၏မျက်လုံးများထဲတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပျော်ဝင်နေလေသည်။
ချူကျင်းဖုန်း၏ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းမည်ဟု ပြောနေခဲ့သော်လည်း အမှန်တကယ်တွင် ကျိရွှေရှန့်က သူ သန့်ရှင်းနေစေရန် ရေချိုးပြီး သူ့အဝတ်အစားများကို အဝတ်ကောင်းများနှင့် ပြောင်းလဲဝတ်ဆင်ချင်နေခြင်းဖြစ်သည်။ ဤသည်မှာ သူ့ယောက္ခမအိမ်သို့ တရားဝင် သွားရောက်လည်ပတ်ရမည့် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ခမ်းနားနေရမည် ဖြစ်သည်။
ထို့အပြင် ချူကျင်းဖုန်းကို စစ်တန်းလျား၌ ချုပ်နှောင်ထားခဲ့သော်လည်း သူ အစီအစဥ်များ ဆက်လုပ်နေနိုင်သောကြောင့် စစ်တန်းလျားအတွင်း ကြံရာပါရှိနေပြီဟု သတ်မှတ်နိုင်သည်။
သူလျိုကို တွေ့အောင်ရှာရမယ်၊ ဒါက ထိပ်တန်းဦးစားပေးပဲ။
“အင်း”
စူးချင်းက ကျိရွှေရှန့် ဘာတွေတွေးနေမှန်း မသိခဲ့ပေ။ သူ အမှန်ကတယ် ချူကျင်းဖုန်း၏အလောင်းကို ကိုင်တွယ်ဖြေရှင်းလိုသည်ဟု သူမ ထင်နေသောကြောင့် ခေါင်းညိတ်ကာ သူမ၏ညီမဝမ်းကွဲကို အိမ်ပြန်ပို့ရန် သဘောတူလိုက်သည်။
စူးချင်းက လွမ်ဟုန်ကို အိမ်သို့ ပြန်ခေါ်လာပြီး ယန်ရုပင်းက သူမ၏သမီးလေးကို နေ့ရောညပါ လွမ်းဆွတ်တမ်းတနေပြီး နေမကောင်းဖြစ်နေကြောင်း သိလိုက်ရသည်။ သူမက အဖျားရှိန်ဖြင့် သတိလစ်နေကာ ရောက်တက်ရာရာများ ပြောဆိုနေခဲ့သည်။ လွမ်ဟုန်ကို ကယ်တင်ပေးရန်လည်း ဆက်တိုက်အော်ဟစ်နေခဲ့သည်။
လွမ်ချင်းရှန်က သူ့၏ဇနီးကို ပြုစုစောင့်ရှောက်ပေးနေရင်း သူ့သမီးအတွက်လည်း စိတ်ပူနေခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် သူက မယုံနိုင်လောက်အောင် ညည်းသိုးသိုး ဖြစ်နေပြီး သူ့၏ပါးစပ်ထဲတွင် အရည်ကြည်ဖုကြီးများ ပြည့်လာခဲ့သည်။ သူ့အသံကလည်း အက်ရှရှဖြစ်နေပြီး စကားပင် မပြောနိုင်တော့ပေ။
ယန်ရုရွှယ်ကလည်း သူမ၏အစ်မကို တချိန်လုံး ပြုစုစောင့်ရှောက်ပေးနေခဲ့သည်။ သူမကလည်း ယခင်က အလားတူ နှိပ်စက်ညှဉ်းပန်းမှုမျိုး ကြုံတွေ့ခဲ့ဖူးသည်။ ထိုအရာက မည်သည့်စကားလုံးနှင့်မျှ နှစ်သိမ့်မရနိုင်သော နှလုံးသားဆီမှ နာကျင်ကိုက်ခဲမှုသာ ဖြစ်သည်။
သားသမီးတွေက မိခင်တွေရဲ့အသွေးအသားလေ။ အသွေးအသားမရှိဘဲ အသက်ရှင်နိုင်ကြလို့လား?
“အမေ”
လွမ်ဟုန်က သူမ၏အမေ နေမကောင်းဖြစ်နေကြောင်း သိသွားခဲ့ပြီး မိခင်ဖြစ်သူ၏အခန်းဆီသို့ ပြေးသွားတော့သည်။ သူမက အခန်းထဲသို့ မဝင်ရသေးခင်မှာပင် သူမ၏အမေကို လှမ်းခေါ်နေလေသည်။
သတိလစ်နေဆဲဖြစ်သော ယန်ရုပင်းကလည်း သမီးဖြစ်သူ၏ခေါ်သံကို သတိပြုမိသွားပုံဖြင့် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထို့နောက် သူမက လွမ်ချင်းရှန်၏လက်ကို ဆွဲကာ အလောတကြီး ပြောလိုက်သည်။
"ဟုန်အာ၊ ဟုန်အာ ပြန်လာပြီ"
လွမ်ချင်းရှန်ကတော့ သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်နေသေးသည်။ သူက သူ့မျက်လုံးများကို ပွတ်သပ်ကာ တံခါးဆီကို လှမ်းကြည့်လိုက်သည်။ သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အခန်းထဲသို့ နေရောင်ခြည်များ ဝင်ရောက်လာပြီး သူတို့၏သမီးလေးက နေရောင်အောက်၌ ရပ်နေလေသည်။
လွမ်ဟုန် ပြန်ရောက်လာပြီးနောက်၊ ယန်ရုပင်း၏ရောဂါအများစု ပြန်သက်သာသွားခဲ့သည်။ စူးချင်းက သူမ၏သွေးခုန်နှုန်းကို စမ်းသပ်ကာ အဖျားပျောက်ဆေး ညွှန်ကြားပေးလိုက်သည်။
သူမရဲ့အဒေါ်က စိတ်ကြောင့်ရောဂါ ဖြစ်နေတာလေ။ သူမရဲ့စိုးရိမ်စိတ်က သူမရဲ့ခန္ဓာကိုယ်ကို တိုက်ခိုက်နေတာဆိုတော့ စိတ်သက်သာရာရသွားတာနဲ့ ရောဂါက မြန်မြန်ဆန်ဆန် သက်သာသွားပြီ။
စူးချင်းက သူမ၏အဒေါ်အတွက် ဆေးညွှန်ကြားပေးနေစဉ် ကျိရွှေရှန့်က စစ်တန်းလျားအတွင်း ပုန်းအောင်းနေသော သူလျှိုတစ်ဦးကို ရှာတွေ့ခဲ့သည်။ ထိုသူလျှိုက စားဖိုဆောင်မှ ဖြစ်ပြီး ချူကျင်းဖုန်းအတွက် အစားအစာများ ပို့ဆောင်ပေးနေရသူ ဖြစ်သည်။ ချူကျင်းဖုန်းက သူ့အတွက် သတင်းကူပို့ပေးရန် ထိုစစ်သည်အား ရွှေလျန် ၁၀၀ ရာ လာဘ်ထိုးထားခဲ့သည်။
ရှောင်းမိသားစုစစ်တပ်တွင် ထိုကဲ့သို့သောလူမျိုးကို ဆက်ထားရန် မဖြစ်နိုင်တော့သောကြောင့် စစ်စည်းကမ်းအရ တိုက်ရိုက် အပြစ်ပေးခဲ့သည်။
သူလျှိုနှင့် ဆက်ဆံပြီးနောက် ကျိရွှေရှန့်က ရေချိုးပြီး သူ့အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ သူက သူ့မုတ်ဆိတ်မွေးများကို ဂရုတစိုက် ရိတ်လိုက်ပြီး ဆံပင်ကိုလည်း ဂရုတစိုက် ဖြီးသင်လိုက်သည်။ ထို့နောက် မှန်ထဲတွင် သူ့ကိုယ်သူ အဖန်ဖန် ပြန်ကြည့်လိုက်ပြီး သူရဲကောင်းပီသသော ဟန်ပန်နှင့် ရဲစွမ်းသတ္တိရှိဟန် ထူးကဲသောပုံရိပ်ကို မြင်လိုက်ရမှ စိတ်သက်သာရာ ရသွားခဲ့သည်။
ကျိရွှေရှန့်က သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ၀တ်စားပြင်ဆင်ပြီး ဈေးဝယ်ရန် ထွက်လာခဲ့သည်။ သူက တန်ဖိုးကြီးလက်ဆောင်များ ပြင်ဆင်ခဲ့ပြီး သူ့၏စစ်သည်များကို ခေါ်ကာ စူးမိသားစုအိမ်တော်သို့ ထွက်လာခဲ့သည်။ လမ်းတလျှောက်တွင် သူက သတို့သမီး သွားကြိုတော့မည့် သတို့သားကဲ့သို့ တက်ကြွနေလေသည်။