ယောက္ခမများကို နှုတ်ဆက်ဂါရဝပြုခြင်း
Vol. 29 Ch. 430
ထိုအချိန်တွင် စူးမိသားစုလည်း အလုပ်များနေကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခဲ့ကြသည်။ သူတို့၏အနာဂတ်သမက်လောင်း လာလည်မည်ဟု သိရပြီးနောက် စူးဟန်ရွှမ်က သူတို့မိသားစု၏စားသောက်ဆိုင်မှာ ဟင်းပွဲများကို မှာယူရန် သူကိုယ်တိုင် သွားခဲ့သည်။
စူးချင်းက အစေခံများနှင့် ကျေးကျွန်များအားလုံးကို ဖမ်းဆီးထားခဲ့သောကြောင့် သူမှ မသွားလျှင်လည်း သွားမည့်သူ မရှိပေ။ သမက်လောင်းကို ခမ်းနားသော ဧည့်ခံမှုဖြင့် ကြိုဆိုချင်နေသည့် စူးဟန်ရွှမ်တစ်ယောက် သူကိုယ်တိုင်ပြေးလွှားပြင်ဆင်နေပြီး ဧကရာဇ်၏စားတော်ပွဲနီးပါး ပြင်ဆင်ထားခဲ့သည်။ သူက စားသောက်ဆိုင်တွင် ရနိုင်သည့် ဟင်းပွဲများအားလုံးကို မှာကြားခဲ့သည့်အပြင် သိုးတစ်ကောင် ကင်ကာ အိမ်သို့ ပို့ပေးရန်လည်း အိမ်ထိန်းကို တောင်းဆိုခဲ့သေးသည်။ ယောက္ခမက သူ့၏သမက်ကို အမှန်တကယ် သဘောကျနေပြီး သမက်အပေါ် ဧည့်ဝတ်မကျေမည်ကို စိုးရိမ်နေခဲ့သည်။
ကျိရွှေရှန့်ကလည်း လက်ဆောင်များကို သယ်ကာ သူ့၏ကိုယ်ပိုင်သက်တော်စောင့်များနှင့်အတူ စူးအိမ်တော်၏အ၀င်ဝသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာသို့ သူ ရောက်သွားသည့်အချိန်က စူးမိသားစုစားသောက်ဆိုင်မှ စူးအိမ်တော်သို့ အစားအသောက်များ ပို့ဆောင်ပေးနေချိန်ဖြစ်ပြီး ရှည်လျားသော လူတန်းကြီးက လမ်းပေါ်ရှိလူများအားလုံးကို အံသြသွားစေခဲ့သည်။
စူးဟန်ရွှမ်က ယန်ကျစ်နှင့် တခြားသူများကို အတူခေါ်လာပြီး ကျိရွှေရှန့်ကို ကြိုဆိုရန် တံခါးဝသို့ ရောက်လာခဲ့သည်။ သူ့ယောက္ခမလောင်းကို မြင်လိုက်ရသောကြောင့် အံ့အားသင့်နေဆဲဖြစ်သည့် ကျိရွှေရှန့်တစ်ယောက် မြင်းပေါ်မှ အလျန်အမြန် ဆင်းကာ ရှေ့ကို စူးဟန်ရွမ်ဆီသို့ ရောက်သွားလိုက်သည်။ ထို့နောက် သူက သူ့အင်္ကျီကို မြှောက်တင်လိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ သူ့ယောက္ခမကို နှုတ်ဆက်လိုက်သည်။
“ဦးလေးစူး၊ ဘေးကင်း ကျန်းမာပါရဲ့လား? ဒီသမက်က ဦးလေးစူးကို ဂါရဝပြုဖို့ ရောက်လာခဲ့တာပါ"
ကျိရွှေရှန့်ကလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်သည်။ သူ စူးချင်းနှင့် အိမ်ထောင်မပြုရသေးသော်လည်း သူ့ကိုယ်သူ ဒီသမက်ဟု မှားယွင်းသုံးစွဲမိသွားခဲ့သည်။ စူးဟန်ရွှမ်ကတော့ သူ့၏သမက်လောင်း ရိုင်းစိုင်းသည်ဟု တွေးပင်မတွေးဘဲ ကျိရွှေရှန့် ပြန်ထနိုင်ရန် ရယ်ရယ်မောမော ကူညီပေးနေခဲ့သည်။
"ဟား ဟား၊ ထပါ၊ ထတော့။ ငါတို့က မိသားစုတွေပဲ၊ ဒီလောက် တခမ်းတနား ဦးညွှတ်နေစရာ မလိုပါဘူး”
"ညီလေးရွှေရှန့်၊ နောက်ဆို မင်း ငါ့ကို ဦးလေးယန်လို့ ခေါ်ရတော့မယ်"
ယန်ကျစ်၏အပြုံးက နွေဦးလေညင်းကဲ့သို့ တောက်ပနေလေသည်။
ရွှေရှန့်က အစ်ကိုစူး ခက်ခက်ခဲခဲ ရှာဖွေနေရတဲ့ သမက်လောင်း ဖြစ်လိမ့်မယ်လို့ သူတစ်မှတောင် မတွေးမိခဲ့ဘူး။ ခုတော့ ပုံပြင်ပြောသူတွေတောင် ဒါမျိုးကို တွေးပြီး ဇာတ်လမ်းဆင်နိုင်မှာ မဟုတ်ဘူး။ ဘယ်လောက်တောင် တိုက်ဆိုင်လွန်းရတာလဲ?
ကျိရွှေရှန့်၏သက်တော်စောင့်များက လက်ဆောင်များကို ခြံဝင်းထဲသို့ သယ်ဆောင်လာခဲ့ကြသည်။ ယောက္ခမကို ပထမဆုံးအကြိမ် လာဂါရဝပြုသည့်အချိန်၌ ကျိရွှေရှန့်က သူ့၏ရိုးသားမှုကို အပြည့်အဝ ဖော်ပြနိုင်ရန် ကြိုတင်ပြင်ဆင်လာခဲ့သည်။
စူးဟန်ရွှမ်ကလည်း ဤလူငယ်လေး ကျိရွှေရှန့်ကို အမြဲတမ်း သဘောကျခဲ့သူ ဖြစ်သည်။ ယခု သူ သူ့သမီးလေး၏အိမ်ထောင်ရေးအတွက် ကတိပေးထားခဲ့မိသူက စစ်သူကြီးရှောင်းဟမ်မှန်း သိလိုက်ရသောကြောင့် သူလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
စစ်သူကြီးရှောင်းဟမ်က တာ့ရှားပြည်ထောင်တွင် လူသိများသော ပုဂ္ဂိုလ်ဖြစ်သည်။ ပညာရှင်၊ လယ်သမား၊ လက်မှုပညာသည်နှင့် ကုန်သည်ဟူသော အဆင့်အတန်းလေးမျိုးတွင် ကုန်သည်က အနိမ့်ဆုံးအဆင့်သာ ဖြစ်သည်။ ပုံမှန်အဆင့်အတန်းများအတိုင်း လိုက်နာရမည်ဆိုလျှင် ကုန်သည်တစ်ဦး၏သမီးက မင်းမှုထမ်းမိသားစုသို့ အဓိကဇနီးအဖြစ် လက်ထပ်ဝင်ရောက်ရန် အရည်အချင်း မပြည့်မီပေ။ ကိုယ်လုပ်တော်ဖြစ်ရန်သာ အရည်အချင်း ပြည့်မီလေသည်။
သို့သော် စစ်သူကြီးရှောင်းဟမ်က ကုန်သည်ဖြစ်သည့်စူးဟန်ရွှမ်၏သမီးကို သူ့သား၏ဇနီးလောင်းအဖြစ် ရွေးချယ်ကာ စူးဟန်ရွှမ်ကို လုံလောက်သော မျက်နှာသာပေးခဲ့သည်။ ထို့ကြောင့် သူက အများသူငှာ၏အမြင်များကို ဂရုမစိုက်ဘဲ အသေးအဖွဲအရာများကို ဖယ်ရှားတက်သူ ဖြစ်ကြောင်း ရှုမြင်နိုင်သည်။ စစ်သူကြီးရှောင်းဟမ်က အမှန်တကယ် ယောက်ျားကောင်း ခေါင်းဆောင်ကောင်တစ်ယောက် ဖြစ်ခဲ့သည်။
စူးချင်းဘက်တွင်တော့ မိခင်ဖြစ်သူက သူမကို အဝတ်အစားအသစ်များ အတင်းပြောင်းဝတ်ခိုင်နေခဲ့သည်။ ထို့အပြင် ပုလဲများ၊ ကျောက်စိမ်းပုတီးစေ့လေးများဖြင့်ပါ အလှဆင်ထားရပြီး ထိုကဲ့သို့ မိန်းမဆန်ဆန် ၀တ်ဆင်ထားရခြင်းက စူးချင်းကို စိတ်မသက်မသာ ဖြစ်နေစေခဲ့သည်။
သူမ၏စကတ်ရှည်က ကျဉ်းမြောင်းလွန်းသဖြင့် သူမ လမ်းလျှောက်သည့်အခါ ခြေလှမ်းကျဥ်းကျဥ်းလေးသာ လှမ်းနေရသည်။ ဧရာမခြေလှမ်းကြီးများဖြင့် လမ်းလျှောက်လေ့ရှိသော စူးချင်အတွက် ဤသို့ လှလှပပ လမ်းလျှောက်နေရခြင်းက အဆုံးစွန်သော နှိပ်စက်မှုသာ ဖြစ်သည်။
သူမ လမ်းလျှောက်လိုက်တိုင်း သူမခေါင်းပေါ်ရှိ ကျောက်စိမ်းပုတီးစေ့လေးများ တုန်ခါသွားပြီး အသံများ ထွက်ပေါ်နေခြင်းကလည်း စူးချင်းကို အလွန်စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ရှေးခေတ်က လူတွေက သူတို့ကိုယ်သူတို့ ဘယ်လိုနှိပ်စက်ရမယ်ဆိုတာကို တော်တော် သိကြတာပဲ။ ဒါက ဘယ်လောက်လှနေလို့လဲ။ သူမရဲ့ခေါင်းတစ်ပြင်လုံးမှာ ရှုပ်ထွေးနေတဲ့ ဒီအသုံးအဆောင်ပစ္စည်းတွေကို ၀တ်ထားရတာက သူမကို ခေါင်းကိုက်စေတယ်လေ။ ပြီးတော့ ဒီဆူညံသံတွေကလည်း စိတ်ညစ်ဖို့ ကောင်းလွန်းတယ်။
"ကြည့်စမ်းပါဦး၊ ချင်းအာက ဘယ်လောက်တောင် လှလိုက်သလဲ!"
ယန်ရူရွှယ်က သူမ၏လက်နှစ်ဖက်ဖြင့် ပြင်ဆင်ပေးထားသော သူမ၏သမီးလေးကို ကြည့်နေပြီး သူမ၏မျက်လုံးများထဲတွင် ဂုဏ်ယူရိပ်များ ပြည့်နှက်လာပြန်သည်။ သူမ၏သမီးလေးက ကျောက်စိမ်းပန်းပွင့်လေးကဲ့သို့ လှပနေပြီး အနည်းငယ် ပြင်ဆင်၀တ်ဆင်လိုက်ရုံမျှဖြင့် အံ့မခန်းလှပနေပြီ ဖြစ်သည်။ ယန်ရူရွှယ်က စူးချင်းအား စည်းကမ်းများကို သင်ကြားပေးရန် ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်သည်။
“အခု သမီးက အိမ်ထောင်ပြုတော့မှာဆိုတော့ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားရမယ်။ ဘာကိုမှ ဒေါသတကြီးနဲ့ စိတ်လွတ်ကိုယ်လွတ် မလုပ်ရဘူး။ သိက္ခာရှိရှိ ယဥ်ယဥ်ကျေးကျေး ပြုမူရမယ်။ လမ်းလျှောက်တာ၊ ထိုင်တာ၊ အိပ်တာတွေကအစ သိမ်မွေ့နေရမယ်။ ရယ်ရင်လည်း သွားမပေါ်စေရဘူး၊ စကားပြောရင်လည်း အသံတိုးတိုးလေးနဲ့ နူးနူးညံ့ညံ့ ယဥ်ယဉ်ကျေးကျေး ပြောရမယ်”
“အမေ၊ အမေ၊ သမီး သိပါတယ်။ သမီး အပြင်ထွက်ပြီး ရွှေရှန့် ရောက် မရောက် သွားကြည့်လိုက်ဦးမယ်"
စူးချင်းက ထိုစကားသံများကို သည်းမခံနိုင်တော့ပေ။
သူမအမေရဲ့စကားတွေက ထန်စန်ကိုယ်တော် တရားစာ ရွတ်နေတဲ့အသံနဲ့တောင် တူနေပြီ။ သူမရဲ့အမေပြောသလိုသာ နေထိုင်ရမယ်ဆိုရင်တော့ သူမ အိမ်ထောင်မပြုတာကမှ ပိုကောင်းဦမယ်။
"ဒီကောင်မလေး"
ယန်ရူရွှယ်၏စကား မဆုံးခင်မှာပင် စူးချင်းက သူမ၏စကတ်ကို မတင်ကာ ထွက်ပြေးသွားခဲ့ပြီး ယန်ရူရွှယ်က စိုးရိမ်တကြီးဖြင့် သူမနောက်သို့ လိုက်ပါသွားခဲ့ရသည်။
"ချင်းအာ၊ သမီးရဲ့စကတ်ကို အောက်ချလိုက်၊ ကောင်းကောင်းမွန်မွန် လမ်းလျှောက်ရမယ်လေ"
စူးချင်း၏မျက်နှာတွင် အနက်ရောင်မျဉ်းများ ပြည့်နှက်နေပြီဖြစ်သည်။ သို့သော်လည်း သူမက သူမ၏အမေကို ပြန်လှည့်ကြည့်မိလိုက်ပြီး မိခင်ဖြစ်သူ၏မျှော်လင့်နေသော အကြည့်များအောက်တွင် သူမ၏စကတ်ရှည်ကို ပြန်ချကာ ကြာပန်းကဲ့သို့ ခြေလှမ်းသေးသေးလေးများသာ လှမ်းနေရတော့သည်။
Oh my god!! လမ်းလျှောက်ရတာ ပင်ပန်းလိုက်တာ။
မဖြစ်ဘူး၊ မနက်ဖြန်ကျရင် မော့ချန်ကို ပြန်မှ ဖြစ်မယ်။ အိမ်မှာဆက်နေရရင် ငါ ရူးသွားလိမ့်မယ်။
စူးချင်းက သူမ အတွေးနှင့် သူမ လမ်းလျောက်လာခဲ့ပြီး နောက်ဆုံးတွင် ဖခင်ဖြစ်သူ၏ ကျယ်လောင်သော ရယ်မောသံကို သူမ ကြားလိုက်ရသည်။ ထိုအသံကြောင့် ကျိရွှေရှန့် ရောက်လာပြီဟု သူမ တွေးမိသွားကာ သူမ၏စကတ်ရှည်ကို ပြန်ကောက်မလိုက်ရင်း ပြေးထွက်သွားပြန်သည်။
ယန်ရူရွှယ်က စိုးရိမ်တကြီးဖြင့် ခြေစောင့်လိုက်ပြီး စိတ်ဓာတ်ကျသွားခဲ့သည်။
သူမ ဘာကြောင့် သူမရဲ့သမီးလေးကို ကောင်းကောင်း မသင်ပေးနိုင်ရတာလဲ?
“ဒုတိယအဒေါ်၊ ချင်းအာက သူရဲကောင်းဆန်တဲ့မိန်းခလေးမျိုးပါ။ အဒေါ် ချင်းအာကို စည်းမျဥ်းစည်းကမ်းတွေ မသတ်မှတ်သင့်ဘူး။ အဲ့လိုမှမဟုတ်ရင် ချင်းအာ အရမ်းကြောက်ပြီး ထွက်ပြေးသွားလိမ့်မယ်"
လွမ်ဟုန်က စူးချင်း၏စရိုက်ကို ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။
ဒုတိယအဒေါ်က အစ်မချင်းအာကို အဲဒီလို စည်းကမ်းတွေ ချမှတ်ထားရင် သုံးရက်မပြည့်ခင် အစ်မ ထွက်ပြေးသွားမှာ သေချာတယ်။
“ငါတို့ ချင်းအာကို အခု မသင်ပေးရင် ဘယ်အချိန် သွားသင်ပေးမှာလဲ။ အရမ်း နောက်ကျသွားလိမ့်မယ်။ အိမ်ထောင်ကျပြီးလို့ စည်းကမ်းတွေကို မသိသေးရင် ယောက္ခမတွေက ချင်းအားကို သဘောကျမှာ မဟုတ်တော့ဘူး။”
ယန်ရူရွှယ်ကလည်း သူမ၏သမီးလေးအတွက် စဥ်းစားပေးနေခြင်းသာ ဖြစ်သည်။
မြင့်မြတ်တဲ့မိသားစုက မိဘတွေက အိမ်တော်ရဲ့သခင်မကို ဘယ်လိုလုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း နေခွင့်ပြုနိုင်ကြမှာလဲ?
“အဲဒါဆိုရင်တော့ ဒုတိယအဒေါ်အများကြီး စိတ်ပူနေစရာ မလိုတော့ပါဘူး။ ကျိရွှေရှန့်ရဲ့ မိဘတွေက စောစောစီးစီး သေသွားကြပြီ မဟုတ်ဘူးလား? သူ့မှာ အဖိုးတစ်ယောက်ပဲ ရှိတော့တယ်။ သူ့အဖိုးနဲ့ ချင်းအာက အသက်အရွယ်မတူတဲ့ မိတ်ဆွေတွေတောင် ဖြစ်နေကြပြီ၊ ကျိရွှေရှန့်ရဲ့အဖိုးက ချင်းအာရဲ့ပင်ကိုယ်စရိုက်ကို ဒုတိယအဒေါ်ထက်တောင် ရင်းနှီးနေဦးမယ်၊ အဲ့ကိစ္စက ချင်းအာအတွက် အခက်အခဲဖြစ်လာမှာ မဟုတ်ဘူး၊ ကျိရွှေရှန့်ရဲ့အဖိုးက ချင်းအာကို အတိုင်းအဆမဲ့ သဘောကျနေတာပါ”
စူးချင်း အကြောင်းပြောနေသည့်အချိန်တွင် လွမ်ဟုန်၏မျက်လုံးများမှ လေးစားသဘောကျမှုများ အပြည့်ရှိနေလေသည်။
အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးမှာ အစ်မချင်းအာလောက် ထူးချွန်တဲ့ မိန်းခလေး ရှိသေးလို့လား? ဘာလို့ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တွေးပြီး လိုက်ပြောင်းလဲပေးရမှာလဲ?
ယန်ရူရွှယ်ကတော့ စူးချင်း စည်းမျဉ်းစည်းကမ်းများကို မလေ့လာနိုင်သည့်အတွက် စိတ်မကောင်းဖြစ်နေဆဲပင်။
ထိုအချိန်တွင် စူးချင်းက သူမ၏စကတ်ရှည်ကို မတင်ကာ အတွင်းဆောင်ထဲမှ ပြေးထွက်လာခဲ့သည်။ သူမ အတွင်းခြံမှ ထွက်လာသည်နှင့် ချောမောသော ကျိရွှေရှန့်ကို လှမ်းမြင်လိုက်ရသည်။
သူက မှင်နက်ရောင်သားမွေးအဝိုင်းဖြင့် အနားကွပ်ထားသော ဝတ်ရုံရှည်ကို ၀တ်ဆင်ထားပြီး သူ၏သန်မာသော ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လာနေသောကြောင့် ထူးထူးခြားခြား ကြည့်ကောင်းနေလေသည်။
သူ့ထံတွင် ချောမောကြည်လင်ပြတ်သားသော မျက်နှာအသွင်အပြင်၊ ကျယ်ပြန့်သော မေးရိုးများနှင့် ထူထဲပြီး နက်မှောင်နေသော မျက်ခုံးများရှိနေခဲ့သည်။ သူ့၏ပါးလွှာသော နှုတ်ခမ်းများကလည်း သူ့၏ထူးကဲသော စိတ်နေသဘောထားကို အပြည့်အဝ ဖော်ပြနေပြန်သည်။
သူက အရင်တုန်းကလို ရိုးရှင်းတဲ့ လူငယ်လေးတစ်ယောက် မဟုတ်တော့ဘူး။ အခု သူ့ဘေးမှာ သက်တော်စောင့်တွေ ဝိုင်းရံနေပြီး မြင့်မြတ်တဲ့ ရောင်ဝါတွေ လွှမ်းခြုံထားတယ်။ သူက တကယ်ကို ကမ္ဘာ့ကြီးတစ်ခုရဲ့အုပ်စိုးရှင်လိုမျိုး ခန့်ညားထည်ဝါလွန်းတယ်။
ထိုအချိန်တွင် ကျိရွှေရှန့်၏ ကြည်လင်စူးရှသော မျက်လုံးများထဲ၌ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ စူးချင်း ဤကဲ့သို့အလွန်ကောင်းမွန်စွာ ၀တ်စားဆင်ယင်ထားသည်ကို သူ ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ သူမက နတ်သမီးလေးကဲ့သို့ လှပလွန်းနေခဲ့သည်။
စူးချင်းက အပြာနုရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး ထိုဂါဝန်ရှည်က သူမ၏သွယ်လျသော အသွင်အပြင်ကို အပြည့်အဝ ပုံဖော်ပေးနိုင်သည်။ ဝတ်စုံပေါ်မှ အရောင်ငြိမ်သည့် အဆင်တန်ဆာများကလည်း လှပလွန်းနေပြီး မွန်မြတ်မှုကိုလည်း ခံစားရစေသည်။ ထိုဝတ်စုံလေး၏ အင်္ကျီလက်များနှင့် ရင်ဘတ်နေရာများကို ရွှေချည်ဖြင့် ပန်းထိုးထားသည်။ သူမ၏ဝတ်စားဆင်ယင်မှုက အလွန်အကျွံ မဟုတ်သော်လည်း စူးချင်း၏ အေးစက်သော အသွင်အပြင်ကို လျော့ကျစေကာ ပိုနူးညံ့နေသလို ဖြစ်နေစေသည်။ သူမ၏အလှက မြင့်မြတ်သော ပျိုနီပန်းလေးကဲ့သို့ တောက်ပနေပြီး သူမကို မြင်သူတိုင်း အကြည့်မလွှဲနိုင်အောင် စွဲဆောင်ထားနိုင်သည်။
သူတို့၏အကြည့်များက လေထဲတွင် ရောယှက်နေခဲ့ပြီး တစ်ယောက်ကို တစ်ယောက် လုံးဝ အကြည့်မလွှဲနိုင်ကြသေးပေ။
စူးဟန်ရွှမ်က သူတို့၏ ဆက်ဆံရေး အလွန်ကောင်းမွန်သည်ကို မြင်လိုက်ရပြီး သူ့မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခု ထွက်ပေါ်လာကာ စူးချင်းကို လှမ်းပြောလိုက်သည်။
"ချင်းအာ၊ သမီးရဲ့ခင်ပွန်းလောင်းကို ဧည့်ခံဖို့ ပြင်ဆင်စရာ ရှိတာတွေ သွားပြင်လိုက်ဦး"
တာ့ရှားပြည်ထောင်၏ စည်းမျဉ်းများအရ လက်မထပ်ရသေးသော စုံတွဲများကို တွေ့ဆုံခွင့် မပြုရပေ။ သို့သော် ကျိရွှေရှန့်နှင့် စူးချင်းတို့က အမြဲတစေ အတူရှိနေခဲ့ကြသောကြောင့် စူးဟန်ရွှမ်က ဤစည်းမျဉ်းကို သူ့ဘာသာသူ ချိုးဖျက်ပစ်လိုက်သည်။
စူးဟန်ရွှမ်က ယန်ရူရွှယ်နှင့် အလွန်ခြားနားပြီး သူက အမြင်ကျဥ်းသူ မဟုတ်ပေ။ သူက သူ့သမီးလေးအတွက် အလွန် ဂုဏ်ယူနေခဲ့ပြီး မိန်းခလေးတစ်ယောက်က နာခံမှုသုံးမျိုးနှင့် အကျင့်သီလလေးပါးကို မဖြစ်မနေ သင်ယူရမည်ဟု သူ မတွေးထားခဲ့ပေ။
သူ့သမီးလေးသာ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဘူး၊ သွားပေါ်အောင် မပြုံးရဘူး၊ သွားသွား လာလာ စားစား အိပ်အိပ် စည်းမျဥ်းတွေအတိုင်း နေထိုင်ရမယ်ဆိုရင် သူ့သမီးလေးက စူးချင်း မဟုတ်တော့ဘဲ ရုပ်သေးရုပ် ဖြစ်သွားမှာပေါ့။
စူးဟန်ရွှမ်က သူ့သမီး၏လက်ရှိစရိုက်ကို အလွန်နှစ်သက်နေခဲ့သည်။
အမျိုးသမီးတစ်ယောက်က တစ်သက်လုံး အိမ်နောက်ဖေးမှာပဲ နေရမယ်လို့ ဘယ်သူက အတိအလင်း ဥပဒေထုတ်ထားလို့လဲ? သူ့သမီးက စာတက်သလို သိုင်းပညာလည်း ကျွမ်းကျင်တယ်။ သူ့သမီးလေးက ဘာလို့ တစ်သက်တာလုံး အိမ်ထဲမှာ ပိတ်မိနေတဲ့ မသိနားမလည်သော အမျိုးသမီးတွေနဲ့ ကလေးငယ်လေးတွေလို နေထိုင်နေရမှာလဲ?
စူးချင်း ထွက်သွားပြီးနောက် စူးဟန်ရွှမ်က ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။
"ရွှေရှန့်၊ မင်း ချင်းအားနဲ့ လက်ထပ်ပြီးရင် နောက်ထပ်ကိုယ်လုပ်တော်တွေ ထပ်ယူဦးမှာလား?"
သူ့သမီးလေးက တခြားမိန်းမများနှင့် ခင်ပွန်းကို မျှဝေနိုင်မည့်သူ မဟုတ်ကြောင်း စူးဟန်ရွှမ် ခံစားနေမိသည်။ အလယ်ပိုင်းလွင်ပြင်မှ အမျိုးသားများတွင် ဇနီးအပြင် ကိုယ်လုပ်တော်သုံးယောက်နှင့် မောင်းမမိဿံလေးပါး ရှိတတ်သည်မှာ ဓလေ့ထုံးတမ်းဖြစ်သော်လည်း ကျိရွှေရှန့်တွင် ထိုသို့သော ကိုယ်လုပ်တော်တစ်အုပ် ရှိနေမည်ကို သူ မလိုလားပေ။ စူးဟန်ရွှမ်က သူ့သမီးလေး နစ်နာရမည်ကို စိုးရိမ်နေမိသည်။
ဖခင်ဖြစ်သူ၏မေးခွန်းကို ကြားလိုက်ရသောကြောင့် တံခါးဝမှ စူးချင်းကလည်း ရပ်တန့်သွားခဲ့သည်။ ကျိရွှေရှန့်၏နှလုံးသားထဲမှ စကားလုံးများကို သူမလည်း ကြားချင်နေမိသည်။