← Chapters

စေ့စပ်‌ကြောင်းလမ်းခြင်း

Vol. 29 Ch. 431

စေ့စပ်‌ကြောင်းလမ်းခြင်း

Vol. 29 Ch. 431

"ဦးလေးစူး၊ ကျွန်တော် ရှောင်းကျဲယွိ... ချင်းအာလို ထူးခြားတဲ့ မိန်းခလေးနဲ့ တွေ့ခွင့်ရခဲ့တာက ကောင်းကင်က ကျွန်တော့်ကို ကောင်းချီးပေးခဲ့လို့ပါ။ ချင်းအာက ကျွန်တော်အတွက် အကန့်အသတ်မဲ့ အလင်းရောင်လို လင်းလက်တောက်ပနေတဲ့ ပုလဲလုံးလေးပါ။ အခြားမိန်းမတွေကတော့ ငါးမျက်လုံးသာသာပါပဲ။ ဘယ်ငါးမျက်လုံးက တောက်ပတဲ့ပုလဲလုံးလေးကို ယှဉ်နိုင်မှာလဲ? နောင်အနာဂါတ်မှာ ကျွန်တော်ရဲ့ကိုယ်ပိုင်အဆင့်အတန်းက ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်ဘေးမှာ ချင်းအာတစ်ယောက်ပဲ ရှိနေမှာပါ၊ တခြားမိန်းမတွေ မရှိစေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်”

ကျိ‌ရွှေရှန့်က သူ နန်းတက်လျှင်တောင် သူ့ထံတွင် နန်းဆောင်သုံးဆောင်နှင့် ခြံဝင်းခြောက်ခု ဘယ်တော့မှ ရှိလာမည်မဟုတ်ဘူးကြောင်း စူးဟန်ရွှမ်ကို ကတိပေးရန် သူ့၏အမည်အရင်းကို အလေးအနက် အသုံးပြုခဲ့သည်။

သူ့စိတ်ထဲမှာ ဘယ်သူကမှ ချင်းအာကို မယှဉ်နိုင်ပါဘူး။

သူ့မှာ ပုလဲလုံးလေး ရှိနေမှတော့ အမြင်ကို လှည့်စားရုံသက်သက်ဖြစ်တဲ့ ငါးမျက်လုံးတွေကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားနိုင်တော့မှာလဲ?

"ကောင်းတယ် ကောင်းတယ်။ မင်းရဲ့စကားကြောင့် ငါ ချင်းအာကို မင်းလက်ထဲထည့်ဖို့ စိတ်ဒုံးဒုံးချနိုင်သွားပြီ။ ချင်းအာရဲ့စရိုက်က နည်းနည်း မာနကြီးပြီး သီးသန့်နေတတ်တယ်။ ချင်းအာက သူ့(မ)ရဲ့ခင်ပွန်းကို တခြားတစ်ယောက်နဲ့ မျှဝေမှာ မဟုတ်ဘူး၊ မင်း ကိုယ်လုပ်တော် ထပ်ရွေးတဲ့နေ့က ချင်းအာ မင်းကို ထားသွားတဲ့နေ့ဖြစ်နိုင်တယ်”

စူးဟန်ရွှမ်က သူ့သမက်ကို လေးစားနေပြီး သဘောတကျ ကြည့်နေပြန်သည်။

လူကောင်းတွေက ဖြောင့်မတ်ခြင်းတရားနဲ့ သစ္စာစောင့်သိမှုကို တန်ဖိုးထားကြတယ်။ မဟုတ်ရင် ဒီလူက ဘယ်လောက်ပဲ ရာထူးမြင့်ပြီး အာဏာရှိနေပါစေ သူ သူ့သမီးလေးကို စိတ်ဖြောင့်ဖြောင့်ထည့်ပေးလိုက်မှာ မဟုတ်ဘူး။

အခု သူ သူ့သမီးရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း ကျိ‌ရွှေရှန့်ကို ပြောပြပြီးပြီ။ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံတွေ့ရတာ မကြာသေးပေမယ့် သူ သူ့သမီးလေးရဲ့ ပင်ကိုယ်စရိုက်ကို တော်တော် ရှင်းရှင်းလင်းလင်း သိထားပြီးပြီ။ ချင်းအာက စာငှက်ငယ်လေးတွေ ပျံသန်းလာရင် မထီမဲ့မြင်ပြုပြီး အဝေးကြီးကို ပျံသန်းသွားမယ့် အင်အားကြီးမားတဲ့ လင်းယုန်ကြီးပဲ။

ယခင် ကျိ‌ရွှေရှန့် ဖြစ်ခဲ့ဖူးသော ယခု ရှောင်းကျဲယွိကလည်း စူးဟန်ရွှမ်ကို ပြတ်ပြတ်သားသား ပြန်တုံ့ပြန်လိုက်သည်။

"ဦးလေးစူး၊ စိတ်မပူပါနဲ့၊ အဲလိုနေ့မျိုး ဘယ်တော့မှ ရောက်မလာစေရပါဘူး"

ရှောင်းကျဲယွိ၏နှလုံးသားထဲမှ စကားများက စူးချင်းကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။

တကယ်တော့ ရှေးခေတ်က အမျိုးသားတွေက သူတို့ရဲ့ဇနီးမယားအပေါ် သစ္စာရှိဖို့ မလွယ်ဘူး။ သူတို့မှာ ကိုယ်လုပ်တော်နဲ့ မောင်းမမိဿံတွေ ရှိတတ်ကြပြီး သူတို့က အဲ့လို လူမှုပတ်ဝန်းကျင်နဲ့ အသားကျနေကြတဲ့သူတွေပဲ။ သူမရဲ့အဖေကတော့ သူမကို တကယ် နားလည်တယ်။ သူမ ရှောင်းကျဲယွိကို ဘယ်လောက်ပဲချစ်နေပါစေ တခြားမိန်းမတစ်ယောက်နဲ့တော့ ဘယ်တော့မှ မျှဝေခစားနေမှာ မဟုတ်ဘူး။

မိန်းမတွေ အများကြီးလိုချင်ရင် သူမနဲ့ ပတ်သတ်ခွင့် မရှိဘူး။ သူမနဲ့ အတူနေချင်ရင် တခြားမိန်းမတွေအကြောင်း တွေးခွင့်တောင် မရှိတော့ဘူး။

သူမအတွက်တော့ အချစ်ဆိုတာ တစ်ခုတည်းပဲ ရှိပြီး တုနှိုင်းမဲ့တဲ့အရာပဲ။

ရှေးခေတ်မှာ တစ်လင်တစ်မယားဘဝနဲ့ တစ်သက်လုံးနေတဲ့သူတွေ မရှိဘူးလို့ ဘယ်သူပြောလဲ? သူမရဲ့အဖေမှာ သူမရဲ့အမေပဲ ရှိသလို သူမရဲ့ဦးလေးမှာလည်း သူမရဲ့အဒေါ်ပဲ ရှိတယ်။ သူတို့မှာ ကိုယ်လုပ်တော်တွေ လုံးဝ မရှိဘူး။

ရှောင်းကျဲယွိက ဒါကိုတောင် မလုပ်နိုင်ရင် သူမက အချစ်မျက်ကန်းဖြစ်သွားလိမ့်မယ်။ သူမရဲ့ပင်ကိုယ်စရိုက်အရဆိုရင်တော့ အဲ့လိုမျိုးရှောင်းကျဲယွိက ဒီကမ္ဘာကြီးပေါ်မှာ မရှင်သန်သင့်တော့ဘူး။

ရှောင်းကျဲယွိတစ်ယောက် အခန်းထဲတွင် ထိုင်နေရင်း ရုတ်တရက် သူ့ဦးရေပြားများ ထုံကျင်လာသလို ခံစားလိုက်ရသည်။ တံခါးအပြင်ဘက်မှ သတ်ဖြတ်ချင်းရောင်ဝါတစ်ခု လွင့်ပျံလာပြီး ထိုအအေးဓာတ်က သူ့ကျောရိုးပေါ်သို့ပင် ပြေးဝင်လာခဲ့သည်။

ချင်းအာ ဖြစ်နိုင်လား?

ရှောင်းကျဲယွိတစ်ယောက် အထိတ်တလန့် မျက်တောင်ခတ်နေမိပြန်သည်။

သူ့ရဲ့ချင်းအာမှာပဲ ဒီလိုပြင်းထန်တဲ့လူသတ်အရိပ်အယောင် ရှိတာလေ။

သူ တံခါးအပြင်ဘက်သို့ တစ်ချက်ငဲ့ကြည့်လိုက်ရာ မြေပြင်ပေါ်မှ အရိပ်တစ်ရိပ်ကို တွေ့လိုက်ရသောကြောင့် ရှောင်းကျဲယွိ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သော်လည်း ချက်ချင်းပင် စိတ်ရှုပ်ထွေးမှုအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။

သူမက ဘယ်သူကို သတ်ချင်နေပြန်တာလဲ?

ရှောင်းကျဲယွိက သူ စောစောက ပြောခဲ့သည့်စကားများကို ပြန်တွေးရန် ခက်ခက်ခဲခဲ ကြိုးစားနေခဲ့သည်။

သူ ချင်းအာ စိတ်ဆိုးစေမယ့်စကားမျိုး ဘာမှ မပြောခဲ့ပုံပါပဲ။

သူမ တစ်ယောက်တည်းနဲ့ တစ်သက်လုံး အတူနေမယ်လို့ပဲ ပြောခဲ့တာပါ၊ အဲ့တာတောင်မှ သူမက မကျေနပ်သေးဘူးလား?

ရှောင်းကျဲယွိက သူ့စိတ်ထဲမှ ရေရွတ်နေရင်း အတွေးနယ်ချဲ့နေပြန်သည်။

သူ ခုနက ပြောခဲ့တဲ့စကားတွေက ချင်းအာရဲ့ဆန္ဒကို မဆန့်ကျင်ခဲ့ဘူးမလား? မဟုတ်မှ သူ အသံကျယ်ကျယ်နဲ့ ပြောခဲ့သင့်တာလား။ ဒါမှမဟုတ် ချိုချိုမြိန်မြိန် နူးနူးညံ့ညံ့ ပြောခဲ့သင့်တာလား?

“အဟမ်း... အဟမ်း…”

ရှောင်းကျဲယွိက သူ့၏ဆုံးဖြတ်ချက်ကို စူးချင်း နားလည်သွားစေရန် မည်သို့ထပ်ပြောရမည်ကို တွေးနေရင်း ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။

"ချင်းအာ.... အစ်မ ဒီမှာ ဘာရပ်လုပ်နေတာလဲ?"

လွမ်ဟုန်က သူမကို ကယ်တင်ရန် ကူညီပေးခဲ့သည့် ရှောင်းကျဲယွိကို ကျေးဇူးတင်ရန်အတွက် ဆေးကြောသန့်စင်ကာ အဝတ်အစားအသစ်များ ပြောင်းလဲဝတ်ဆင်လာခဲ့သည်။ သူမ တံခါးဝသို့ ရောက်လာချိန်တွင် တစ်စုံတစ်ခု တွေးတောနေပုံဖြင့် တံခါးဝတွင် တွေတွေကြီး ရပ်နေသည့် သူမ၏ဝမ်းကွဲကို မြင်လိုက်ရသောကြောင့် လှမ်းမေးလိုက်သည်။

ရှောင်းကျဲယွိက ပြုံးလိုက်ပြီး သူ့မျက်လုံးများထဲတွင် ကြယ်ရောင်များ တောက်ပလာခဲ့သည်။

သူ မျှော်လင့်ထားတဲ့အတိုင်း ချင်းအာ ဖြစ်နေတာပဲ။

"ဘာလို့ အဲ့လောက် ‌အော်နေရတာလဲ?"

လွမ်ဟုန်က ရှက်ရွံ့သွားသည့် စူးချင်း၏အမူအရာကို မြင်သွားပြီး သူမ၏ပါးစပ်ကို ထိတ်လန့်တကြား ပြန်အုပ်လိုက်သည်။ ထို့နောက် သူမက စူးချင်းကို အသံတိုးတိုးလေးဖြင့် ထပ်မေးလိုက်သည်။

"အစ်မ ခိုးနားထောင်နေတာလား?"

သူမ၏ညီမဝမ်းကွဲလေးက သူမကို တိုက်ရိုက်မေးလိုက်သောကြောင့် စူးချင်းက ပို၍ပင် ရှက်ရွံ့လာသလို ခံစားလိုက်ရပြီး ဘာမှပြန်မပြောတော့ဘဲ ခေါင်းငုံ့ကာ ရှေ့သို့ အမြန် လျှောက်လှမ်းလိုက်သည်။ သူမက ခြေလှမ်းကျယ်များဖြင့်သာ လမ်းလျှောက်လေ့ရှိပြီး ယခု သူမ၏ ခြေထောက်များကို ချည်နှောင်ထားသည့် ရှည်လျားသော၀တ်စုံကို ဝတ်ဆင်ထားခဲ့သည်အား သူမ မေ့သွားခဲ့သည်။ သူမ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူမ၏စကတ်စကို သူမဘသာ ပြန်နင်းမိကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ရှောင်းကျဲယွိက လွမ်ဟုန်၏အော်သံကြောင့် တံခါးပေါက်သို့ ထွက်လာနေပြီ ဖြစ်သည်။ စူးချင်း လဲကျသွားသည်ကို မြင်လိုက်ချိန်တွင် သူက ဒုက္ခရောက်နေသည့် ကောင်မလေးကို ကယ်တင်ရန် ချက်ချင်း ပြေးသွားလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်သည်။

“ရှင်မ၊ သတိထား”

ရှောင်းကျဲယွိက စူးချင်း၏နား နားသို့ ကပ်ကာတိုးတိုးလေး ပြောလိုက်ပြီး ရွှတ်နောက်နောက်ပုံစံဖြင့် သူမကို မျက်လုံးမှိတ်ပြနေပြန်သည်။ သူ၏အပြုံးက နွေဦးလေပြေကဲ့သို့ တောက်ပနေပြီး သူက စူးချင်း၏လက်များကိုပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူမ၏ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲ၌ မှီနေစေခဲ့သည်။

စူးချင်းက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။

“အကျင့်မကောင်းတဲ့လူ”

"ချင်းအာ၊ ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ လိုချင်တာပါ"

ရှောင်းကျဲယွိက စူးချင်း၏ စူးစူးရှရှ မျက်စောင်းလေးကို ကြည့်နေခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပန်းများပွင့်လာနိုင်သည်အထိ ပြုံးနေခဲ့သည်။ သူ့မျက်လုံးများထဲတွင် ချစ်ခြင်းမေတ္တာအရိပ်အယောင်များ ပြည့်နှက်နေပြီး သူ့အသံကလည်း နွေဦးလေညင်းကဲ့သို့ နူးညံ့နေလေသည်။

ရှောင်းကျဲယွိ၏ ချိုသာသော စကားကြောင့် စူးချင်း၏မျက်နှာက နီရဲသွားပြန်သည်။

ဒီလူက ပရောပရည်လုပ်တဲ့နေရာမှာ အတော်ဆုံးပဲ။

“အိုး၊ ဒီဝတ်စုံက သမီးနဲ့ မလိုက်ဖက်ဘူး။ သမီးရဲ့အမေကို အဖေ ပြောတာကို လုံးဝ နားမထောင်ဘူး"

သူ့၏သမီး လဲကျလုနီးပါး ဖြစ်သွားသည်ကို မြင်လိုက်ရသောကြောင့် စူးဟန်ရွှမ်၏ နှလုံးသားထဲသို့ ထိတ်လန့်မှုများ ဝင်ရောက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့၏သမက်လောင်းက သူ့သမီးကို အလျင်အမြန် ဖမ်းမိသွားခဲ့သည်။

တော်သေးတာပေါ့... ရွှေရှန့်မှာ သွက်လက်ပြီး လုံလောက်တဲ့ အရည်အချင်းတွေ ရှိလို့ပေါ့၊ အဲ့လိုမှ မဟုတ်ပဲ သူ့သမီးလေး လဲကျပြီး မျက်နှာကို ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ?

"ဟုတ်တယ် ဒီဝတ်စုံက သိပ်အဆင်မပြေဘူး"

စူးချင်းက ရှောင်းကျဲယွိကို ချက်ချင်း ပြန်တွန်းထုတ်လိုက်သည်။ သူ့၏ပွေ့ဖက်မှုနှင့် သူ့ရနံ့များက သူမကို စွဲလန်းစေသော်လည်း လူမြင်ကွင်းတွင် ဤမျှလောက် ရင်းနှီးဖို့ကတော့ သူမ၏ပင်ကိုယ်စရိုက်နှင့် မကြိုက်ညီပေ။ စူးချင်းက ထိုဝတ်စုံကို လုံးဝ မကြိုက်သောကြောင့် လူတိုင်း၏ရှေ့မှာပင် သူမ၏စကတ်စကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။ လျန်တစ်ရာမျှတန်သော ဘရိုကိတ်ဝတ်စုံလေးက ပျက်စီးသွားခဲ့ရသည်။

ရှောင်းကျဲယွိကတော့ ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေသည့် မျက်ဝန်းများဖြင့် စူးချင်းကို ပြုံးပြုံးကြီး စိုက်ကြည့်နေခဲ့သည်။

သူ့ရဲ့ချင်းအာက တံခါးအပြင်ကို ဘယ်တုန်းကမှ မထွက်ဘူးဘဲ မိုးမပင်လေးတွေကို ယိုင်နဲ့နဲ့ လမ်းလျောက်တတ်တဲ့ အတွင်းဆောင်ထဲက မိန်းမတွေလိုမျိုး မဟုတ်ဘူး။ အဲ့ဒီမိန်းခလေတွေက သူ့ချင်းအာလို စစ်တိုက်နိုင်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့တောင် မစောင့်ရှောက်နိုင်ကြဘူး။

သူ့ချင်းအာက အကောင်းဆုံး ဖြစ်နေတုန်းပဲ။ သူမက ရဲရင့်ပြီး သူရဲကောင်းဆန်တယ်။ သူမက သူနဲ့အတူ ဘေးချင်းယှဥ်တိုက်ခိုက်ပေးနိုင်တဲ့ သူရဲ့သူရဲကောင်းမလေးပဲ။

သမီးဖြစ်သူ၏ ရိုင်းစိုင်းသော အပြုအမူကို မြင်လိုက်ရချိန်တွင် စူးဟန်ရွှမ်၏မေးရိုးများ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူက လက်ဆောင်ပစ္စည်းများ ပြန်ပေးလိုက်ရမည်ကို ကြောက်လန့်နေကာ ရှောင်းကျဲယွိအား အမှတ်တမဲ့ လှည့်ကြည့်လိုက်သည်။

"သမီး ဟင်းပွဲတွေ သွားကြည့်လိုက်ဦးမယ်!"

စူးချင်းက သူမ၏၀တ်စုံကို ဆုတ်ဖြဲလိုက်ပြီး ချက်ချင်း လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူမက သူမ၏အဖေကို ယောင်ဝါးဝါး လှမ်းပြောလိုက်ပြီး ခြေလှမ်းကျယ်ကြီးများဖြင့် ထွက်ခွာသွားခဲ့သည်။

သူမ၏နောက်ကျောက ထင်းရှူးပင်ကဲ့သို့ ဖြောင့်တန်းနေပြီး သူမ၏ခြေလှမ်းများကလည်း အားမာန် ပြည့်နေကာ လေနှင့်အတူ ရွှေ့လှးနေသလို ထင်ရစေသည်။ ရှောင်းကျဲယွိက သူမကို အလွန် သဘောကျနေပြီး လုံးဝ အကြည့်မလွှဲနိုင်ခဲ့ပေ။ သူက သူမ ထွက်သွားသည်ကို ကြည့်နေရင်း ပြုံးရုံသာပြုံးနေခဲ့သည်။

သူ့သမီးအပေါ်ထားသည့် ရှောင်းကျဲယွိ၏ သဘောထားကို နားလည်သွားသောကြောင့် စူးဟန်ရွှမ်တစ်ယောက် သက်ပြင်းချလိုက်မိပြန်သည်။

တော်သေးတာပေါ့.... သူ့သမက်လောင်းက သူ့သမီးအပေါ် အပြစ်မမြင်ရှာဘူး။

ဒါက ကောင်းကင်ဘုံကနေ တွဲဖက်ပေးလိုက်တဲ့ ကံကြမ္မာပဲ။

"ကျွန်မကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်‌လေးကျိ"

လွမ်ဟုန်က ရှောင်းကျဲယွိကို အရိုအသေပေးလိုက်ရင်း သူမကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောလိုက်သည်။

“ညီမဝမ်းကွဲ၊ မင်း အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ ပြီးတော့ ငါ ငါ့ရဲ့မူရင်းနာမည်ဖြစ်တဲ့ ရှောင်းကျဲယွိဆိုတဲ့ နာမည်ကို ပြန်ပြောင်းပြီးသွားပြီ"

ရှောင်းမိသားစုစစ်တပ်ကို ပြန်တာဝန်ယူပြီးကတည်းက ရှောင်းကျဲယွိက သူ၏မူလအမည်ကို ပြန်ပြောင်းရန် ပြင်ဆင်နေခဲ့သည်။

ဒီနေ့ကို အခွင့်အရေးကောင်းအဖြစ်သုံးပြီး သူ့နာမည်ကို ပြန်ပြောင်းလိုက်ပြီ။ အနာဂတ်မှာ ကျိ‌ရွှေရှန့်ဆိုတာ မရှိတော့ဘူး။ ယခု သူက ရှောင်းမိသားစုရဲ့သားကောင်းရတနာ၊ ရှောင်းမိသားစုစစ်တပ်ရဲ့ ခေါင်းဆောင် တပ်မှူးရှောင်းကျဲယွိပဲ။

"ဒါက... ဒါဆိုလည်း... ကျေးဇူးတင်ပါတယ် သခင်လေးရှောင်း"

လွမ်ဟုန်က ခဏတာ အံ့အားသင့်သွားခဲ့သော်လည်း သူမက အလျင်အမြန် တုံ့ပြန်နိုင်သူ ဖြစ်သောကြောင့် သူမ၏စကားကို ချက်ချင်း ပြောင်းလဲနိုင်ခဲ့သည်။

မကြာမီ ဟင်းပန်းကန်များနှင့် အရက်များ သယ်လာခဲ့ကြပြီး အစေခံများနှင့် ကျေးကျွန်များ မရှိတော့သောကြောင့် သက်တော်စောင့်များပင် ကူသယ်ပေးနေရပြီး တော်တော်အသက်ဝင်နေခဲ့သည်။

လွမ်ချင်းရှန်က သူ့ယောက်ဖအတွက် ပျော်ရွှင်ပေးနေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ့သမီးလေး၏ အိမ်ထောင်ရေးကို ပို၍ စိုးရိမ်လာခဲ့သည်။

သူ ဘာလုပ်သင့်လဲ? အခု စူးချင်းအတွက် မင်္ဂလာပွဲကို စီစဉ်ပြီးသွားပြီ၊ သူ့သမီးလေးကလည်း တဖြည်းဖြည်း အသက်ကြီးလာပြီ၊ ဒါပေမယ့် အခုထိ သင့်တော်တဲ့သူ မတွေ့သေးဘူး။

ဘာပဲဖြစ်ဖြစ် သူ့သမီးလေးကို သာမန်လူတစ်ယောက်နဲ့ လက်ထပ်ပေးဖို့တော့ စိတ်ကူး မရှိဘူး။ သူ အရင်က ဘယ်သူ့ကိုမှ မသိခဲ့ပေမယ့် အခုတော့ ရှောင်းမိသားစုစစ်တပ်ရဲ့တပ်မှူးကို သူ သိနေပြီလေ။ ဒီလိုအခွင့်အရေးကောင်းကို သူ လက်လွတ်ခံလို့ မဖြစ်ဘူး။

ထို့အတွေးများကြောင့် လွမ်ချင်းရှန်က ရှောင်းကျဲယွိကို စတင်မေးမြန်းတော့သည်။

"သခင်လေးရှောင်း၊ မင်းရဲ့စစ်တပ်ထဲမှာ လူကောင်းတွေ ရှိလား?"

ရှောင်းကျဲယွိက မယုံနိုင်စရာကောင်းလောက်အောင် အလွန်ထက်မြက်လှပြီး လွမ်ချင်းရှန် ဘာတွေတွေးနေသည်ကိုပင် သူ ခန့်မှန်းနိုင်ကာ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်ရဲ့စစ်တပ်ထဲမှာ လူကောင်းတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ တစ်ချို့က စာပေနဲ့ သိုင်းပညာနှစ်မျိုးလုံး ကျွမ်းကျင်ကြတယ်။ ပြီးတော့ အရမ်း သတ္တိရှိပြီး ရဲရင့်တဲ့ လူတစ်ချို့လည်းရှိတယ်၊ ဦးလေးက ဘယ်လိုပုံစံမျိုးကို ပိုသဘောကျလဲ?”

All Chapters