← Chapters

အမှန်တရား

Vol. 29 Ch. 432

အမှန်တရား

Vol. 29 Ch. 432

“လွမ်ဟုန်က ရုပ်ရည်ကိုလည်း အာရုံစိုက်သေးတယ်။ ဒါပေမယ့် စာပေရော သိုင်းပညာမှာပါ ကျွမ်းကျင်တဲ့ လူငယ်သူရဲကောင်းတွေကိုတော့ ပိုကြိုက်တယ်။ ချောမောတဲ့ အသွင်အပြင်ရှိပြီး ကောင်းမွန်တဲ့ စရိုက်လက္ခဏာရှိတဲ့ လူငယ်စစ်သူရဲကောင်းမျိုးကို မင်း ရှာပေးနိုင်မလား?”

လွမ်ချင်းရှန်က သူ့၏တောင်းဆိုမှုများ အနည်းငယ် မြင့်မားလွန်းနေမှန်း ရိပ်မိခဲ့သည်။ သို့သော်လည်း သူ့ထံတွင် လွမ်ဟုန်လိုမျိုး သမီးလေးတစ်ယောက်ရှိနေသောကြောင့် သူမ၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ သူ အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ သူမ၏ ဘဝတစ်လျှောက်လုံး ကာကွယ်စောင့်ရှောက်‌ပေးရန် တာဝန်သိတတ်ပြီး အရည်အချင်းရှိသည့် လူကောင်းတစ်ဦးကို ရှာဖွေကာ သူ့သမီးလေးနှင့် လက်ထပ်နိုင်ပေးနိုင်ရန် သူ မျှော်လင့်နေမိသည်။

"ကောင်းပါပြီ၊ သင့်တော်တဲ့သူ ရှိ မရှိ ကျွန်တော် ကြည့်ပေးပါ့မယ်"

ရှောင်းကျဲယွိကတော့ သူ့ဦးလေး၏လိုအပ်ချက်များ မြင့်မားနေသည်ဟု မထင်ခဲ့ပေ။

ဘယ်သူက ရုပ်ရည်ကောင်းမွန်ပြီး အရည်အချင်းရှိတဲ့ သမက်ကို မလိုချင်ဘဲနေမှာလဲ? ပြီးတော့ လွမ်ဟုန်ကလည်း ရုပ်ရည်ချောမောပြီး အရာရှိမိသားစုတစ်ခုက မိန်းမပျိုလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့တာလေ။ သူမနဲ့ လိုက်ဖက်တဲ့ခင်ပွန်းကို ရှာပေးရမှာပေါ့။

လွမ်ဟုန်က ဟင်းပွဲများနှင့်အတူ အိမ်ထဲသို့ လှမ်းဝင်ရန် ပြင်ဆင်နေခဲ့ပြီး သူမ၏ဖခင်က သူမအတွက် ခင်ပွန်း ကူညီရှာဖွေပေးရန် သူမ၏အနာဂတ်ခဲအိုလောင်းအား တောင်းဆိုနေသည်ကို ကြားလိုက်ရသောကြောင့် သူမ၏မျက်နှာက ချက်ချင်းနီလာခဲ့သည်။

သူမ အထဲကို ဘယ်လိုဝင်ရတော့မှာလဲ?

"ညီမဝမ်းကွဲ မင်း ဘာလို့ အထဲကို မဝင်တာလဲ?"

ခွန်အားကြီးမားလှသည့် စူးချင်းက ဟင်းပန်းကန်များ တစ်ချပ်ချင်းစီ သယ်နေရသည်ကို စိတ်မရှည်ဖြစ်နေပြီး ဗန်းကြီးတစ်ချပ်ကို ရှာဖွေကာ ပန်းကန်များကို ထပ်တင်လာခဲ့သည်။ လွမ်ဟုန်က အထဲသို့ မဝင်ဘဲ ချင်းစုန့်ခန်းမ၏ အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် သူမ ပေါ့ပေါ့ပါးပါး လှမ်းမေးလိုက်သည်။

လွမ်ဟုန်၏မျက်နှာလေးက ကွမ်ကုန်း၏မျက်နှာကဲ့သို့ ချက်ချင်း နီရဲသွားခဲ့သည်။

(t/n: ကွမ်ကုန်းက သူတို့ ယုံကြည်တဲ့ စစ်နတ်ဘုရားတစ်ပါး၊ Google မှာ ကြည့်တာတော့ ရုပ်ထုကတောင် မျက်နှာကြီး နီရဲနေတာပဲ)

ဒီမြင်ကွင်းက အရမ်းရင်းနှီးလွန်းတယ်။ ခုန သူမ အစ်မချင်းအာကို ဒီလိုမေးခွန်းမျိုး မေးခဲ့မိတယ်။ အခု ကောင်းကင်က သူမကို အပြစ်ပြန်ပေးတာပဲ။ သူမ ကိုယ်ကိုကိုယ် အရှက်ရအောင် လုပ်လိုက်မိပြီ။

နောက်ဆုံးတွင် ရှောင်းကျဲယွိက သမက်နှင့် ယောက္ခမ၏ ရုပ်ဆိုးသော တွေ့ဆုံခြင်းမျိုး မဖြစ်ခဲ့ဘဲ ဤအခက်အခဲကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း သူက ကျင့်ရှီလျိုမြောင်တွင် အမြဲတမ်း မနေနိုင်သေးပေ။ ဤနေရာကို တည်ငြိမ်သော အနောက်ဘက်အမာခံတပ်စခန်းဟု သတ်မှတ်နိုင်ပြီး လက်ရှိတွင် မော့ချန်က ပိုအန္တရာယ်များနေသည့်အတွက် သူ မော့ချန်သို့ ချက်ချင်းပြန်လာခဲ့ရသည်။

သူ မထွက်ခွာမီတွင် စူးမိသားစုကို ကာကွယ်ပေးရန် လက်ရွေးစင် စစ်သည်အဖွဲ့နှစ်ဖွဲ့ စေလွှတ်ပေးခဲ့သည်။ ထို့အပြင် သန့်ရှင်းသော နောက်ခံရှိသည့် ကျေးကျွန်များနှင့် အိမ်အကူများကို ပြန်လည်ရွေးချယ်ရန် ကူညီပေးခဲ့သောကြောင့် အနာဂတ်တွင် စူးချင်း အများကြီး စိတ်ပူနေစရာ မလိုတော့ပေ။

ယန်ရူရွှယ်၏ဆန္ဒအရဆိုလျှင်တော့ သူမက စူးချင်းကို မိန်းကလေးများ လိုက်နာရမည့် ကိုယ်ကျင့်တရားများ သင်ကြားပေးရန် အိမ်၌ နေစေချင်ခဲ့သည်။ သို့သော် ရှောင်းကျဲယွိ မော့ချန်သို့ ပြန်သွားပြီးသည့် ရက်အနည်းငယ်အကြာတွင် အိမ်၌ နေရသည်ကို အလွန်ကြောက်လန့်သွားသည့် စူးချင်းက ညဘက်ကြီး ထွက်ပြေးလာကာ မော့ချန်သို့ ပြန်ရောက်လာခဲ့သည်။

စူးချင်းက မော့ချန်တွင် အရက်ချက်ရုံကို တစ်ဖန် ပြန်လည်စတင်လည်ပတ်ခဲ့ပြီး သူမက မော့ချန်၌ အရက်ချက်ကာ တာ့ထန်ထံ ပေးပို့ရန် စီစဥ်ထားခဲ့သည်။ ဤနည်းအားဖြင့် လွမ်ဟုန်အပေါ်တွင် ရှိနေသည့် ဖိအားအား လျော့နည်းပါးသွားပေလိမ့်မည်။

ချူကျင်းဖုန်းနှင့် အဖြစ်အပျက်ကို ကြုံတွေ့ပြီးနောက် ထိုမိန်းကလေးက သူမ၏ နှလုံးသားနှင့် ဝိညာဉ်ကို အလုပ်တွင် ထည့်သွင်းထားခဲ့ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုသာ လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။ သူမက အချစ်ရေးကိစ္စများကို လုံးဝ စိတ်မဝင်စားတော့ဘဲ ယခင်ကထက် ပို၍ တင်းမာလာသည်ဟု ခံစားရစေသည်။ စူးချင်း မော့ချန်သို့ ပြန်ရောက်လာချိန်တွင် ကျိရှောင်ယင်က ပို၍ စိတ်ဓာတ်ကျနေကြောင်း သူမ သိလိုက်ရသည်။ သူမက ကိုယ်အလေးချိန် အလွန်အမင်း လျော့ကျသွားပြီး စက္ကူဖြူတစ်ရွက်နီးပါး ပါးလွှာနေပြီ ဖြစ်သည်။

စူးချင်းက အချိန်တစ်ခုယူကာ ကျိရှောင်ယင်၏သွေးခုန်နှုန်းကို သေသေချာချာ စစ်ဆေးခဲ့ပြီး ကျိရှောင်ယင် စိတ်ဓာတ်ကျနေသောကြောင့် သူမ၏ဝေဒနာက ပြန်လည်မသက်သာလာနိုင်သေးသည်ကို သိလိုက်ရသည်။

နောက်ဆုံးတွင် စူးချင်းက ကျိရှောင်ယင်၏နှလုံးသားမှ ကြိုးထုံး တိုက်ရိုက်ချိုးဖျက်ရန် ဆုံးဖြတ်လိုက်ကာ စကားစလိုက်သည်။

"ရှောင်ယင်၊ မင်း ချိုးယုံခန်းရဲ့စာကြောင့် စိတ်မကောင်းဖြစ်နေတုန်းပဲလား?"

"အစ်မစူးချင်း၊ မွေးစားအမေကို သတ်ခဲ့တာ ကျွန်မပါ"

စူးချင်း စကားစလိုက်ချိန်တွင် အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့ရသည့် ကျိရှောင်ယင်၏မျက်ရည်များက ဆည်ကျိုးသလို ကျဆင်လာတော့သည်။

အစ်ကိုကြီးချိုးယုံခန်းက ဘာကြောင့် ဒီလိုရေးခဲ့လဲဆိုတာ သူမ မသိပေမယ့် သူ့စာအရတော့ မွေးစားအမေက သူမကြောင့် သေခဲ့ရတာပါ။

ကျုံးယုံက စူးချင်းကို ရှာရန် ရောက်ရှိလာပြီး တံခါးအပြင်ဘက်မှ နေ၍ ကျိရှောင်ယင်၏ စကားများကို ကြားလိုက်ရသည်။ သူက ရုတ်​တရက်​ ရပ်တန့်သွား​ပြီး သူ့လက်​သီးများကို တင်းတင်း ဆုပ်ထား​လိုက်​သည်​။

“ဒါက မင်းနဲ့ မဆိုင်ဘူး။ သူ့မှာ မင်းနဲ့ပတ်သက်တဲ့ ယုတ်ညံ့တဲ့ အတွေးတွေ ရှိနေလို့ ဒီလို ဖြစ်ခဲ့ရတာ၊ သူက သားရဲကောင်ပဲ”

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။

ချိုးယုံခန်းကို သားရဲလို့ ခေါ်လိုက်တာက သားရဲကို စော်ကားတာပဲ။ သူက ဘာလို့ ရှောင်ယင်ကို ဒီလိုလုပ်ရတာလဲ? သူက ရှောင်ယင်ကို အပြစ်ရှိစိတ်နဲ့ ထာဝရ ရှင်သန်နေစေချင်ခဲ့တာလား?

"ဒါဆို ဘာကြောင့်လဲ? သူက ဘာလို့ ဒီလို ရေးခဲ့တာလဲ?"

ကျိရှောင်ယင်က ထိုအကြောင်းအရာကို လုံးဝ မကျော်ဖြတ်နိုင်သေးပေ။ ချိုးယုံခန်း၏စာအရ သူမက မွေးစားအမေ သေဆုံးမှု၏နောက်ကွယ်မှ တရားခံဖြစ်နေသလို ခံစားရစေသည်။

"သူက မင်းရဲ့ကြင်နာတတ်တဲ့စိတ်ကို အသုံးချချင်နေတာ။ မင်း သူ့ကို သနားနေရင် မင်း သူ့ရဲ့ထောင်ချောက်ထဲကို ရောက်သွားလိမ့်မယ်"

စူးချင်းက ချိုးယုံခန်း ကျိရှောင်ယင်အား အသုံးချနေသည်ဟု ခံစားနေမိသည်။

ဒီကလေးမလေးက ရိုးသားပြီး တုံးအတော့ လှည့်စားဖို့ အရမ်းလွယ်တယ်။ ယောက်ျားတစ်ယောက်က သူမအတွက် လူတောင် သတ်နိုင်တယ်လို့ ထင်သွားခဲ့ရင် အဲ့အကြောင်းအရာက သူမရဲ့စိတ်ကို ပိုပြီး လှုံ့ဆော်ပေးနိုင်လိမ့်မယ်။ အဲ့လို ဖြစ်လာရင် ချိုးယုံခန်းက သူ့ရဲ့လျှို့ဝှက်အစီအစဥ်ကို အလွယ်တကူ အကောင်အထည် ဖော်နိုင်သွားလိမ့်မယ်။

ချိုးယုံခန်းက အရမ်းပါးနပ်တော့ သူက သူရဲ့အတွေးတွေကို ဖုံးကွယ်ထားနိုင်ပြီး သူများတွေကို တတ်နိုင်သမျှ အသုံးချတတ်သူပဲ။

တံခါးအပြင်ဘက်မှာ ကျုံးယုံကလည်း မျက်မှောင်ကြုတ်နေခဲ့သည်။

အခု‌တော့ ချိုးယုံခန်းက ဘာကြောင့် သူ့အမေကို သတ်ခဲ့တယ်ဆိုတာ သူ သိလိုက်ရပြီ။

သူ့အမေ အသတ်ခံရတဲ့မနက်တုန်းက သူ့အမေက ရှောင်ယင်ရဲ့အဖိုးဆီကို သွားပြီး သူနဲ့ ကျိရှောင်ယင်အတွက် စေ့စပ်ကြောင်းလမ်းစကား သွားပြောမယ်လို့ သူ့ကို ပြောပြခဲ့သေးတယ်။ ဖြစ်နိုင်တာက.... သူ့အမေ လမ်းမှာ ချိုးယုံခန်းနဲ့ တွေ့ခဲ့တာလား?

စူးချင်းက ကျိရှောင်ယင်၏ စိတ်ဝေဒနာကို ကုသပေးရန် စိတ်ငြိမ်စေမည့်ဆေးအချို့ ပြင်ဆင်ပြီး ကျိရှောင်ယင်ကို တိုက်လိုက်သည်။ ဘာမှ လုပ်စရာ မရှိလျှင် သူငယ်ချင်းများကို ခေါ်ပြီး လမ်းလျှောက်ထွက်ရန်လည်း အကြံပေးလိုက်သည်။ ထိုမှသာ သူမ တဖြည်းဖြည်း စိတ်ပြန်ငြိမ်လာပြီး ဤအခြေအနေကို ကျော်လွှားနိုင်ပေလိမ့်မည်။

ကျိရှောင်ယင်ကို နှစ်သိမ့်ပေးပြီးနောက် စူးချင်းက အရက်ချက်ရုံသို့ သွားရန် ပြင်ဆင်လိုက်သည်။ အစပိုင်းတွင် သူမက ထိုအရက်ချက်ရုံကို ကျိရှောင်ယင်ထံ လက်လွှဲပေးရန် စီစဥ်ထားခဲ့ပြီး ယခုအခြေအနေတွင် မဖြစ်နိုင်သောကြောင့် အခြားလူကို ရွေးချယ်ရပေတော့မည်။

“ဆရာ”

စူးချင်းက တံခါးမှ ထွက်လာသည်နှင့် ကျုံးယုံကို မြင်လိုက်ရသည်။ ကျုံးယုံထံတွင် ပြောစရာ ရှိနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သူ့ကို အရင် လှမ်းပြောလိုက်သည်။

"ငါ အရက်ချက်ရုံကို သွားမလို့။ မင်း လိုက်ခဲ့ချင်လား?"

“ဟုတ်ကဲ့” ကျုံးယုံက အခန့်သင့် ခေါင်းညိတ်လိုက်သည်။

အရက်ချက်ရုံကို ပိတ်ထားသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် နေရာတိုင်းတွင် ဖုန်မှုန့်များ ရှိနေပြီး ယခင်ကလို သန့်ရှင်းမနေဘဲ ရှုပ်ယှက်ခတ်နေကာ စွန့်ပစ်အမှိုက်ပုံသဖွယ် ဖြစ်နေလေသည်။ ထို့ကြောင့် အလုပ်ရုံ ပြန်ဖွင့်ရန် အရင်ဆုံး သန့်ရှင်းရေး လုပ်ရမည် ဖြစ်ပြီး စူးချင်းက ယခင်က လုပ်သားဟောင်းများကို သွားပြန်ရှာရန် ဆုံးဖြတ်လိုက်သည်။

ကျုံးယုံက သူ့ဆရာ၏နောက်မှ ကပ်လိုက်လာခဲ့သော်လည်း ဆရာဖြစ်သူကို မနှောင့်ယှက်ဝံ့သေးပေ။ စူးချင်းက နောက်သို့ ပြန်လှည့်လိုက်ပြီး ကျုံးယုံကို ပြောခွင့်ပေးလိုက်သည်။

"မင်း ပြောစရာရှိရင် ပြောလေ!"

"ချိုးယုံခန်းက ဘာလို့ ကျွန်တော့်အမေကို သတ်ခဲ့မှန်း ကျွန်တော် သိသွားပြီ"

ကျုံးယုံ၏မျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး စူးချင်းက ကျုံးယုံကို ဆက်ပြောရန် လက်ဟန်ပြလိုက်သည်။

"ဒါက ရှောင်ယင်နဲ့ ကျွန်တော်ရဲ့ အိမ်ထောင်ရေးကြောင့်ပါ..."

ထိုစကားက စူးချင်းကိုပင် အံ့အားသင့်သွားစေခဲ့သည်။

ကျိရှောင်ယင်နဲ့ သူ့ရဲ့အိမ်ထောင်ရေးလား? အဲဒါက မွေးစားအမေရဲ့ဆန္ဒလား? ဘယ်လိုပဲကြည့်ကြည့် သူတို့နှစ်ယောက်လုံးက လိုက်ဖက်မှုမရှိဘူးလေ။

“ကျွန်တော့်အဖေ အသက်ရှင်နေချိန်တုန်းက ဦးလေးရှောင်းနဲ့ကျွန်တော့်အဖေ စီစဉ်ခဲ့ကြတာပါ။ သူတို့က ရှောင်ယင်နဲ့ ကျွန်တော် ကြီးပြင်းလာရင် အိမ်ထောင်ချပေးဖို့ သဘောတူခဲ့ကြတယ်။ အဲ့နေ့က ကျွန်တော် မထွက်သွားခင် အမေက ကျွန်တော့်အတွက် အံ့သြစရာရှိတယ်လို့ ပြောခဲ့တာက အဲ့ကိစ္စပါ”

ကျုံးယုံကလည်း အလွန်နာကျင်ကြီးစွာ ခံစားနေရသည်။ ထိုအကြောင်းကြောင့် သူ့အမေ သေဆုံးခဲ့ရသည့်အတွက် သူ အပြစ်ရှိနေသလိုခံစားနေရပြီး ကျိရှောင်ယင်ကဲ့သို့ပင် သူ့ကိုယ်သူ သတ်သေချင်နေမိသည်။

ထိုစကားကို ကြားပြီးနောက် စူးချင်းက မျက်မှောင်ကြုတ်လိုက်ပြန်သည်။

ဒီရှေးခေတ်က မိဘ‌တွေက ဘာကြောင့် သားသမီးတွေကို ထိမ်းမြားလက်ထပ်ပေးချင်ရတာလဲ? သူတို့က သားသမီးတွေ ဆန္ဒရှိ မရှိကို ဂရုမစိုက်ဘဲ ကလေးတွေရဲ့တစ်သက်လုံးစာ ကံကြမ္မာကို သူတို့ဘာသာ ဆုံးဖြတ်ခဲ့ကြတယ်။

"ငါတို့ မင်းကို အပြစ်မတင်ဘူး၊ ပြီးတော့ ရှောင်ယင်မှာလည်း အပြစ်မရှိဘူး။ မင်းတို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာလည်း မလိုဘူး။ တရားခံကို ဖမ်းမိတဲ့အခါ ငါ သူ့သွေးကို သုံးပြီး မွေးစားအမေကို အရိုအသေပေးမယ်”

စူးချင်းက ကျုံးယုံ၏ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်ရင်း သူ့ကို ထပ်မေးလိုက်သည်။

"မင်း ဒီစေ့စပ်ကြောင်းလမ်းထားတာကို ပြီးပြတ်အောင်လုပ်ချင်သေးလား?"

“ဆရာ၊ ဒီအကြောင်းကို တခြားဘယ်သူမှ မသိဘူး။ ကျွန်တော် ရှောင်ယင်ကို လက်မထပ်ချင်ဘူး၊ ဒါကြောင့် ဒီကိစ္စ မရှိခဲ့သလို ဟန်ဆောင်နေလိုက်ချင်တယ်"

ကျုံးယုံက ခေါင်းမော့ပြီး သူ့ဆရာကို ကြည့်ကာ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

သူက ရှောင်ယင်ကို သူ့ညီမလေးအဖြစ်ပဲ သတ်မှတ်နိုင်တယ်၊ အကြင်မယားအဖြစ်တော့ မလိုချင်ဘူး။ သူတို့ကို အမေတစ်ယောက်တည်းက မွေးထားသလိုမျိုးပဲ သူ ခံစားရတယ်။

"ကောင်းပြီ၊ ဒါကို မင်းအတွက် လျှို့ဝှက်ထားပေးမယ်"

စူးချင်းကလည်း ကျိရှောင်ယင်၏နှလုံးသားကို နားလည်နေသောကြောင့် ထိုစကားကို လက်ခံလိုက်သည်။

ရှောင်ယင်ရဲ့နှလုံသားထဲမှာ သူမချစ်ရတဲ့သူ ရှိနေပြီးပြီ၊ ဒီလို အချိန်မှာ ကျုံးယုံကို လက်ထပ်လိုက်ရရင် သူတို့နှစ်ယောက်ကြားမှာ ခါးသီးတဲ့ ဆက်ဆံရေးတွေ ဖြစ်လာပြီး စိတ်မချမ်းသာရတဲ့ စုံတွဲတစ်တွဲ ဖြစ်လာမှာ သေချာတယ်။ ဒီကိစ္စကို ရေကန်အောက်ခြေအထိ နစ်မြုပ်လိုက်တာက ပိုကောင်းပါတယ်လေ။

ရှောင်းကျဲယွိနှင့် စူးချင်းတို့ ပြန်ရောက်လာပြီးနောက် မော့ချန်က ပြန်လည်အသက်ဝင်လာခဲ့သည်။ သာမန်လူများက ဤရှားပါးသောအချိန်ကောင်းများကို တန်ဖိုးထားမြတ်နိုးနေကြပြီး ရှောင်းမိသားစုစစ်တပ်နှင့် ပေါင်းစည်းကာ သဘောထားပျော့ပျောင်းပြီး ရက်စက်ကြမ်းကြုတ်သော တော်ဝင်ရုံးတော်ကို စိတ်နှလုံးအကြွင်းမဲ့ ဆန့်ကျင်နေခဲ့ကြသည်။

ရှောင်းကျဲယွိက စစ်သည်များ စတင်စုဆောင်းနေပြီး မြင်းများ ထပ်ဝယ်နေခဲ့သည်။ မော့ချန်မှ လူများအားလုံးကလည်း စာရင်းပေးရန် စိတ်အားထက်သန်နေကြသည်။ တပ်သားသစ်များကို လေ့ကျင့်ရန် လိုအပ်နေသောကြောင့် ရှောင်းကျဲယွိကိုယ်တိုင်လည်း တစ်ချိန်လုံး အလုပ်များနေခဲ့သည်။

စူးချင်းက နေ့ခင်းဘက်တွင် အရက်ချက်ရုံ၌ အရက်ချက်ပြီး ညဘက်တွင် လက်နက်များ ထုလုပ်ရန် ပန်းပဲဖိုသို့ သွားလေ့ရှိသည်။ ကျုံးယုံက လက်နက်များ ပြုလုပ်ရန် သူ၏ဆရာနှင့်အတူ လိုက်ပါလာလေ့ရှိသည်။ အလုပ်လုပ်နေမှသာလျှင် သူ့စိတ်ကို အနားပေးနိုင်မည် ဖြစ်ပြီး ထိုသို့မဟုတ်ပါက သူ သူ့အမေကို လွမ်းဆွတ်နေမိပြီး သူ့ကိုယ်သူ ဒုက္ခပေးမိတော့မည် ဖြစ်သည်။ သူ့၏ဆရာ သူ့အနား၌ ရှိနေလျှင် သူ့မိခင်ကို အစားပြန်ရလိုက်သလို သူ့နှလုံးသားက ငြိမ်သက်နေတတ်သည်။

"ဆရာ ဘာတွေလုပ်နေတာလဲ?"

ညဘက် မည်သူမျှ မရှိချိန်များတွင် စူးချင်းက ထူးဆန်းသောအရာများ တစ်ခုပြီး တစ်ခု ပြုလုပ်နေတတ်သည်။ ရက်အနည်းငယ်ကြာပြီးနောက် ကျုံးယုံတစ်ယောက် မနေနိုင်တော့ဘဲ သူမကို မေးလိုက်မိသည်။

“ဒါကို လက်ပစ်ဗုံးလို့ ခေါ်တယ်။ ဖောက်ခွဲရေးပစ္စည်းတွေထက် ပိုအစွမ်းထက်တယ်”

စူးချင်းက လက်ပစ်ဗုံးအခွံကိုသာ ပြုလုပ်ထားခဲ့ပြီး ယမ်းမှုန့်များ မထည့်ထားသးပေ။ ယမ်းမှုန့် ထည့်လိုက်သည်နှင့် အန္တရာယ်ရှိ နိုင်လာပြီး ထိုအရာများကို ကာကွယ်ရန် တပ်ဖွဲ့ဝင်များ အစောင့်ချထားရဦးမည် ဖြစ်သည်။

“အဲ့လိုဆိုရင် ဒါက အရမ်းကောင်းတာပေါ့”

ကျုံးယုံက လက်ပစ်ဗုံးကို ကိုင်ကြည်နေပြီး ဘေးဘယ်ညာသို့ ကြည့်လိုက်ပြန်သည်။ သူက ထိုအရာကို အစမ်းပစ်ကြည့်ချင်နေပုံဖြင့် အလေးချိန်ကို ချိန်ဆကာ ရန်သူဘက်သို့ ပစ်ရမည့်နည်းလမ်းများကို တွက်ဆနေခဲ့သည်။

ထိုအခိုက်အတန့်တွင် စူးချင်းက ရုတ်တရက် အသံအနည်းငယ် ကြားသွားခဲ့ပြီး သူမက ကျုံးယုံကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။ ကျုံးယုံက ချက်ချင်း သတိဝင်လာခဲ့ပြီး ဆရာတပည့်နှစ်ယောက်သား တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။

All Chapters