← Chapters

ရန်သူကို ထောင်ချောက်ထဲ ဆွဲသွင်းရမယ်

Vol. 29 Ch. 433

ရန်သူကို ထောင်ချောက်ထဲ ဆွဲသွင်းရမယ်

Vol. 29 Ch. 433

တစ်ခုခု ပြုတ်ကျလာသံနှင့်အတူ အနက်‌ရောင်ဝတ်ဆင်ထားသည့် လူဆယ်ယောက်ကျော် ကောင်းကင်‌ပေါ်မှ ဆင်းသက်လာပြီး သူတို့လက်ထဲတွင် ဝှက်ထားသော လက်နက်များက စူးချင်းနှင့် ကျုံးယုံတို့၏ ဦးခေါင်းများဆီသို့ ပျံသန်းလာခဲ့သည်။ သူတို့က ကောင်းစွာလေ့ကျင့်ထားသော လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြပြီး မည်သည့်အခါမျှ ကျရှုံးခဲ့ခြင်း မရှိပေ။ ပျံသန်းနိုင်သည့် သွေးစွန်းဓားအဖွဲ့သွားရာလမ်းတစ်လျောက် ခေါင်းပြတ်များသာ ကျန်ခဲ့သည်ဟု ပြောလေ့ရှိကြသည်။

စူးချင်းက တစ်ဖက်လူများ၏ လူသတ်အရိပ်အငွေ့ကို ကြိုတင်ခံစားသိရှိနိုင်ခဲ့ပြီး ပြင်ဆင်ထားပြီးဖြစ်သည်။ သွေးစွန်းဓားအဖွဲ့ ပျံသန်း၀င်ရောက်လာချိန်တွင် သူမ၏လက်ထဲမှ ဓားရှည်ကြီးကို ဝှေ့ယမ်းလိုက်သည်။ ဓားချင်းထိသည့်‌နေရာတိုင်းတွင် မီးတောက်များထွက်‌ ပေါ်လာပြီး ဓားမြှောင်များ ကျိုးပဲ့ ပျက်စီးကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာကြသည်။

ကျုံးယုံကလည်း ရဲရင့်သူဖြစ်ပြီး ကျားတစ်ကောင်ကဲ့သို အော်ဟစ် မာန်သွင်းကာ သူ့လက်ထဲမှ ပုဆိန်ကြီးကို ဝှေ့ယမ်းနေလေသည်။ ပုဆိန်နှင့် ထိတွေ့လိုက်‌သော သွေးဓားမြှောင်များ အားလုံးလည်း အပိုင်းပိုင်း ကျိုးပဲ့ကုန်ကြသည်။ ဆရာနှင့် တပည့်ကြား၌ ပြတ်ပြတ်သားသား နားလည်မှုရှိနေပြီး လိုက်လျောညီထွေစွာ ပြန်ခုခံနေသောကြောင့် ပျံသန်း၀င်‌လာသော သွေးဓားအဖွဲ့၏ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုက တစ်ချက်တည်းနှင့် ပျက်ဆီးသွားရသည်။ ယခုတကြိမ်က သူတို့ ကျရှုံးသည့် ပထမဦးဆုံးအကြိမ်သာ ဖြစ်သည်။

သို့သော် ဤလူများက လုပ်ကြံ သတ်ဖြတ်ရန် မွေးဖွားလာကြသူများ ဖြစ်ပြီး သူတို့ ငယ်စဉ်ကတည်းက လူသတ်နိုင်ရန်သာ လေ့ကျင့်ခဲ့ကြရသည်။ ဓား‌မြှောင်များ ကုန်သွားပြီးနောက် သူတို့က သူတို့၏ လျှို့ဝှက်လက်နက်ဖြစ်သော မက်မွန်ပွင့်တစ်သောင်းကို ပစ်လွှတ်လိုက်သည်။ ကောင်းကင်မှ ပျံဝဲကျဆင်းလာသော လက်နက်ပုန်းများက နွားမွေးများကဲ့သို့ဖြစ်နေပြီး ထိုအရာက သူတို့ သေသေချာချာ လေ့ကျင့်ထားသည့် အတတ်ပညာတစ်ခုဖြစ်ကာ မက်မွန်ပွင့်တစ်သောင်းကြားတွင် မည်သူမျှ ရှင်သန်နိုင်မည် မဟုတ်ပေ။

ထိုလက်နက်ပုန်းများကို သတိပြုမိလိုက်သည်နှင့် တပြိုင်နက် စူးချင်းက သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကို ချက်ချင်း အသုံးပြုခဲ့သည်။ သူမ၏လက်ထဲတွင်ရှိနေသည့် ဓားက ငွေနဂါးအသွင်ပြောင်းသွားပြီး လက်နက်ပုန်းများအားလုံးကို ဆွဲငင်ခဲ့သည်။ သူမ၏ သတ်ဖြတ်ခြင်းရောင်ဝါက ပိုပြင်းထန်လာပြီး ဓားစွမ်းအင်က သက်တံကဲ့သို့ တိုးထွက်လာပြန်သည်။ ထိုဓားစွမ်းအင်က ကောင်းကင်မှ ထောင်သောင်းမကသော မက်မွန်ပွင့်များကို သံလိုက်တစ်ခုကဲ့သို့ ရစ်ပတ်ယူ‌ နေခဲ့သည်။ စူးချင်းက သူမ၏ လက်မောင်းကို လှုပ်ရှားလိုက်ပြီး သူမ၏ဓားကို ဝှေ့ယမ်းလိုက်ရာ လက်နက်ပုန်းများ အားလုံးက ဦးတည်ချက်ပြောင်းသွားပြီး အနက်ရောင်ဝတ်လူများဆီသို့ ပြန်‌ ပြေး၀င်သွားတော့သည်။ ထိုသို့ ပြေး၀င်သွားသည့်အရှိန်က သူတို့ ပစ်လွှတ်သည့် အရှိန်ထက် အဆပေါင်းများစွာ ပိုမြန်‌နေပြီး ထိုစွမ်းအားက ပင်လယ်ကို မြေဖို့နိုင်သည့် တောင်တစ်လုံးကဲ့သို့ ဖြစ်‌နေကာ သူတို့ ပိတ်ဆို့နိုင်စွမ်း မရှိခဲ့‌ချေ။

“အား! အင်း…”

အနက်ရောင်၀တ်အမျိုးသားများ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ အနက်ရောင်၀တ်ခေါင်းဆောင်က အခြေအနေမကောင်းကြောင်း သိသွားပြီး သူ့လူတစ်‌ယောက်ကို ဆွဲခေါ်ကာ ဒိုင်းအဖြစ် ကာကွယ်ထားလိုက်သည်။ ထို့နောက် သူက လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူကာ အပြင်သို့ ပြေးထွက်သွားခဲ့သည်။

"အား!"

ထိုလူက ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ရှောင်းကျဲယွိက သူ့ဝမ်းဗိုက်ကို ဓားဖြင့် စီးထိုးလိုက်သည်။ သူက ညည်းတွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြန်ထရန် ရုန်းကန်နေပြန်သည်။ သို့သော် ရှောင်းကျဲယွိက သူ့လည်ပင်းကို ဓားဖြင့် ထောက်ရင်း အမိန့်ပေးလိုက်သည်။

"မင်း နောက်တစ်ခါ ထပ်လှုပ်တာနဲ့ ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်"

ထိုလူက သူတို့၏လျှို့ဝှက်ချက်များ မပေါ်စေရန် သူ့ပါးစပ်ထဲမှ အဆိပ်ကို ကိုက်ရန် ပြင်လိုက်သည်။ သို့သော်လည်း သူ နောက်ကျသွားပြီး စူးချင်းက အမြန် ပြေးလာကာ သူ့ မေးရိုးကို ကန်ထုတ်လိုက်သောကြောင့် သူ သတ်သေခွင့်မရဘဲ အသက်ရှင်‌နေရတော့သည်။

"ရွှေရှန့်၊ ရှင်က ဘာလို့ ဒီကိုရောက်လာရတာလဲ?"

စူးချင်းက သူ့နာမည်ကို ပြောင်းမ‌ခေါ်နိုင်သေး‌ပေ။ သူမက ရှောင်းကျဲယွိထက် ရွှေရှန့်ဟု ခေါ်ရသည်ကို ပိုနှစ်သက်ပြီး ထိုအမည်က ပိုရင်းနှီးသလို ခံစားရသည်။

"ကိုယ်က တပ်သားသစ်တွေကို လေ့ကျင့်‌ပေးပြီးသွားလို့ မင်းကို ပြန်လာခေါ်တာ"

ရှောင်းကျဲယွိ၏အမူအရာက လေးလံ‌နေခဲ့သည်။

သူ့ရဲ့ချင်းအာသာ အရမ်းအစွမ်းထက်တဲ့သူ မဟုတ်ခဲ့ရင် သူမ ဒီလူတွေရဲ့ လက်ထဲမှာ သေဆုံးသွားနိုင်တယ်။ သူ တွေးတောင် မတွေးရဲတော့ဘူး။

“ဒီလူတွေက သိုင်းပညာ အရမ်းကျွမ်းကျင်ကြပြီး သူတို့သုံးတဲ့ လျှို့ဝှက်လက်နက်တွေကလည်း အရမ်းကို ဆိုးဆိုးဝါးဝါး ရက်စက်ကြမ်းကြုတ်လွန်းတယ်”

စူးချင်းက သွေးစွန်းနေသည့်ဓားမြှောင်များနှင့် သူမ‌ကြောင့် ကျိုး‌ကျေနေသော မက်မွန်ပွင့်များကို ကောက်ယူလိုက်ပြီး ရှောင်းကျဲယွိထံသို့ လှမ်း‌ပေးလိုက်သည်။

မော့ချန်က တကယ့်ကို အန္တရာယ်များတဲ့ နေရာပဲ။ ဒီလူသတ်သမားတွေက အသံ‌တောင် မထွက်ဘဲ ခိုးဝင်လာနိုင်ခဲ့တယ်။ ဒီလိုလူသတ်သမား‌တွေ ဘယ်လောက်ရှိနေမယ်ဆိုတာကို သူမတောင် မသိနိုင်တော့ဘူး။

အခုနတောင် သူမမှာ စစ်နတ်ဘုရား စွမ်းရည် ရှိနေလို့ပေါ့။ မဟုတ်ရင် သူမ ဒီလုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်ဖို့ တော်တော်ခက်ခဲလိမ့်မယ်။

"သွေးစွန်းဓား?"

ရှောင်းကျဲယွိက ထိုသွေးစက်များကို ချက်ချင်း မှတ်မိသွားခဲ့သည်။

“ဒီလို လျှို့ဝှက်လက်နက်မျိုးကို သွေးစွန်းဓားလို့ ခေါ်တယ်။ သူတို့က ဝမ်ယွိလင် အထူးလေ့ကျင့်‌ပေးထားတဲ့ လူသတ်သမား‌တွေပဲ၊ သူတို့က ဒီလို လက်နက်ကိုပဲ အသုံးပြုကြတယ်။ ဒါတွေနဲ့ လူ‌တွေရဲ့ ဦးခေါင်းတွေကို ဖြတ်ကြတာလေ၊ အရမ်း ယုတ်မာရက်စက်တဲ့ လုပ်ကြံရေးနည်းလမ်းတစ်ခု‌‌ပေါ့။ ပြီးတော့ မက်မွန်တစ်သောင်းလို့ ခေါ်တဲ့ ဒီလက်နက်ပုန်းမျိုးကိုလည်း သုံးတတ်ကြသေးတယ်၊ ဒီတစ်ခုချင်းစီမှာ သေစေလောက်တဲ့ အဆိပ်တွေ လူးထားပြီး ထိမိသူတိုင်းကို သေစေနိုင်တယ်”

ထိုသို့ပြောပြီးနောက် ရှောင်းကျဲယွိက ကြောက်လန့်မှုကို ခံစားလိုက်ရကာ စူးချင်း ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

သူ သူ့ရဲ့ချင်းအာကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တာပဲ။

စူးချင်းက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

"ဒါဆို သူတို့ကို ဝမ်ယွိလင်ရဲ့ လက်ရွေးစင်တပ်လို့ သတ်မှတ်လို့ရမလား?"

“သံချပ်ကာတပ်က သူ့ရဲ့ထိပ်တန်းစစ်တပ်လို့ ပြောလို့ရတယ်၊ သွေးစွန်းဓားအဖွဲ့ကတော့ သူ့ရဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းပဲ။ သွေးစွန်းဓား ပေါ်လာတာနဲ့ နောက်နေ့မှာ နေကို မမြင်နိုင်တော့ဘူးဆိုတဲ့ ဒဏ္ဍာ‌ရီ‌တောင်ရှိတယ်”

ရှောင်းကျဲယွိက ခေါင်းယမ်းလိုက်သော်လည်း သူ့အမူအရာက ပို၍ လေးနက်လာသည်။

သူတို့က ချင်းအာကို သတ်ဖို့ သွေးစွန်းဓားအဖွဲ့ကိုတောင် သုံးနေပြီလား? ဒီအချက်ကို အခြေခံလိုက်ရင် ဝမ်ယွိလင်နှင့် ဝမ်ရှန်းချန်တို့က ချင်းအာ ဘယ်လောက် အစွမ်းထက်တာကို သိပြီး‌ နေပြီလို့ ယူဆနိုငိတယ်။ သူတို့က ချင်းအာကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်ကြပုံပဲ။

"ကျစ်၊ အဲဒါက ကျွန်မနဲ့ မတွေ့‌ သေးလို့"

စူးချင်းက ရယ်မောလိုက်ပြီး မြေပြင်ပေါ်က ‌အလောင်းများကို ကန်‌ကျောက်နေပြန်သည်။

တစ်ခါမှ မကျရှုံးသေးဘူးတဲ့လား? အခု ကျရှုံးသွားတာပဲ မဟုတ်လား? အခုတော့ သေသွားတာက သူတို့လေ။

"ချင်းအာ၊ သတိမ‌ပေါ့နဲ့"

စူးချင်းက လုံး၀ ဂရုမစိုက်သည်ကို မြင်နေရသောကြောင့် ရှောင်းကျဲယွိက သတိမ‌ပေါ့ရန် အလျင်စလို အကြံပေးလိုက်သည်။

“ကောင်းပါပြီ”

ရှောင်းကျဲယွိက သူမအတွက် စိတ်ပူနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက ခေါင်းညိတ် သဘောတူလိုက်သည်။

ထို့နောက် စူးချင်းက အသက်ရှင်ကျန်ရစ်နေသူအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ့လက်ထဲတွင် လက်ပစ်ဗုံးကို တင်းတင်းကျပ်ကျပ် ကိုင်ထားဆဲဖြစ်‌သည်။ သို့သော်လည်း ထိုလက်ပစ်ဗုံးက ယမ်းမှုန့်မပါသော သတ္တုအပိုင်းအစတစ်ခုဖြစ်ကြောင်းကို‌တော့ သူ မသိ‌သေးပေ။

စူးချင်းက ရှောင်းကျဲယွိကို ထပ်ပြောလိုက်သည်။

“သူ့ကို အရင် စစ်မေးကြမယ်။ ကျွန်မ ပန်းပဲဖိုမှာ ရှိနေတာကို သူတို့ ဘယ်လို သိသွားတာလဲ?"

သူမ ပန်းပဲဖိုကို ရောက်နေတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်လေ။ တစ်စုံတစ်ယောက်က သူမရဲ့နေရာကို ဒီအဖွဲ့ဆီ လက်ထောက်ချလိုက်တာပဲ။ မဟုတ်ရင် သူတို့က သူမကို ဘယ်လိုရှာတွေ့နိုင်မှာလဲ?

“အင်း”

ရှောင်းကျဲယွိကလည်း ဤအချက်အပေါ် အလွန်အရေးထား‌နေခဲ့သည်။

စစ်ပွဲ မစခင်ကတည်းက သူလျှို‌တွေက သတင်းစုဆောင်းဖို့ မြို့ထဲသို့ ဝင်ရောက်လာကြပြီ။ သူ့ဘက်ကလည်း စစ်မပြင်ဆင်ခင် သူလျှိုတွေကို အရင် ချေမှုန်းပစ်ရမယ်။

"ကျုံးယုံ၊ ဒီလက်နက်ပုန်းတွေကို မင်းလက်နဲ့ သွားမထိနဲ့နော်"

စူးချင်းက သူမ ထွက်မသွားခင် ကျုံးယုံ သန့်ရှင်းရေးလုပ်ရင်း အဆိပ်မမိ‌ စေရန် အထူးညွှန်ကြားလိုက်သည်။ ကျုံးယုံက ခေါင်းညိတ်ပြလိုက်ပြီး သူ နားလည်ကြောင်း တုံ့ပြန်လိုက်သည်။ အခန်းထဲတွင် ရှုပ်ပွနေပြီး ကြည့်မကောင်းဖြစ်နေသောကြောင့် သူက သန့်ရှင်းရေးလုပ်ရန် တံမြက်စည်းကို ကောက်ကိုင်လိုက်သည်။

စူးချင်းက အခန်းထဲမှ ထွက်လာခဲ့‌‌သော်လည်း သူမ စိတ်ပူနေသေးသည်။ ထို့ကြောင့် အထဲသို့ ပြန်ဝင်လာခဲ့ပြီး ကျုံးယုံကို အဆိပ်ဖြေဆေး ကြိုသောက်ခိုင်းလိုက်သည်။ ထိုနောက်မှသာ သူမ စိတ်အေးသွားသလို ခံစားလိုက်ရပြီး ရှောင်းကျဲယွိနောက်သို့ လိုက်သွားကာ ဖမ်းမိထားသည့်လူကို စတင် စစ်ဆေးမေးမြန်း‌တော့သည်။

ဤပျံသန်းနိုင်သော သွေးစွန်းဓားအဖွဲ့ဝင် ဖြစ်လာသူများက သံမဏိဖြင့် ထုစစ်ထားသလို မာကျောကြသည်။ သာမန်ညှဉ်းပန်းနှိပ်စက်မှုများက သူတို့အပေါ် အလုပ်မဖြစ်ပေ။ စူးချင်းက အချိန်မဖြုန်းဘဲ သူမ၏ “အရိုးခွဲလက်” သိုင်းပညာကို အသုံးပြုခဲ့ပြီး သူ့၏အရိုးနှင့် အရွတ်များကို တစစီ ဆွဲထုတ်ကာ သူ့အတွက် မချိမဆံ့ဝေဒနာကို ခံစားရစေခဲ့သည်။ ဆယ်မိနစ်မပြည့်ခင်မှာပင် ထိုသွေးစွန်းဓားအဖွဲ့ဝင်က တောင့်မခံနိုင်တော့ဘဲ အရာအားလုံးကို ဝန်ခံခဲ့သည်။

“စစ်သူကြီးဝမ်က စူးချင်းဆိုတဲ့ အမျိုးသမီးကို သတ်ဖို့ လွှတ်လိုက်တာ။ ငါတို့ မြို့ထဲဝင်လာပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က စူးချင်း ရှိနေတဲ့နေရာကို သတင်းပေးခဲ့တယ်၊ ဒါကြောင့် ငါတို့ ဒီနေရာကို ရောက်လာခဲ့တာ”

သွေးစွန်းဓားအဖွဲ့ဝင်က ချွေးများ ရွှဲနစ်နေပြီး နာကျင်လွန်းသဖြင့် ဘောလုံးတစ်လုံးကဲ့သို့ တွန့်လိမ်ကောက်ကွေးနေလေသည်။ သူက မေးခွန်းကို ဖြေနေရင်း တုန်လှုပ်နေပုံရကာ သူ့မျက်လုံးနှစ်လုံးက စူးချင်းကိုသာ ထိတ်လန့်တကြား စိုက်ကြည့်နေခဲ့သည်။

စစ်သူကြီးဝမ်က ဒီအမျိုးသမီးကို လုပ်ကြံဖို့ အဖွဲ့ဝင်အရေအတွက် သုံးဆ စေလွှတ်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ သူမက လူသားတစ်ယောက်မှ မဟုတ်တာ။ ဘယ်လူသားက မက်မွန်ပွင့်တစ်သောင်းကြားမှာ လုံလုံခြုံခြုံ ဆက်နေနိုင်မှာတုန်း။

ဤအရာက သူ့ကို နက်နက်ရှိုင်းရှိုင်း ကြောက်လန့်စေခဲ့သည်။

"မင်းတို့ကို ဘယ်သူက သတင်းခဲ့တာလဲ?"

သစ္စာဖောက်တစ်ယောက် အမှန်တကယ် ရှိနေကြောင်း ကြားလိုက်ရသောကြောင့် ရှောင်းကျဲယွိက အသံနက်ကြီးဖြင့် ထပ်မေးလိုက်သည်။

"ငါ မသိဘူး။ ငါတို့ ဘယ်သူနဲ့မှ မတွေ့ခဲ့ဘူး။ တို့ဟူးဆိုင်ဟောင်းရဲ့နောက်ဖေးက သစ်ခေါင်းပေါက်ကနေ သတင်းတွေ ရခဲ့တာ”

သွေးစွန်းဓားအဖွဲ့မှ လုပ်ကြံသတ်ဖြတ်သူက ခေါင်းယမ်းလိုက်သည်။

သူ ပြောချင်ရင်တောင် ဘယ်သူ့ကိုမှ မတွေ့ခဲ့လို့ ဘာမှ မပြောနိုင်ဘူး။

"မင်း ငါ့အကြောင်းကို ဘယ်လိုသိတာလဲ?"

စူးချင်းက ထိုသွေးစွန်းဓားအဖွဲ့ဝင်ကို အေးစက်စွာ ကြည့်ရင်း ထပ်မေးလိုက်သည်။

ဝမ်ယွိလင်က သူမကို ကိုင်တွယ်ဖို့ လုပ်ကြံသူတွေ စေလွှတ်လိုက်ရလောက်တဲ့အထိ သူတို့အပေါ် သြဇာလွှမ်းမိုးနိုင်တဲ့သူ ရှိနေပြီလား?

"ငါ မသိဘူး။ ငါတို့က လုပ်ကြံသတ်ဖြတ်သူတွေပဲ၊ တာဝန်ကိုပဲ လက်ခံရပြီး တခြားအကြောင်းအရာ မေးခွင့် မရှိဘူး”

သွေးစွန်းဓားအဖွဲ့မှ လုပ်ကြံသတ်ဖြတ်သူက ဖျော့တော့သော မျက်နှာဖြင့် ခေါင်းယမ်းကာ ထပ်ရှင်းပြလိုက်သည်။ သူက စူးချင်းကို ကြောက်လန့်တကြား ကြည့်နေပြီး ဤနတ်ဆိုးမက သူ့ကို မယုံနိုင်အောင် ကြောက်မက်ဖွယ် ပြစ်ဒဏ်များ ထပ်ပေးလာမည်ကို သူ ကြောက်လန့်နေမိသည်။

ရှောင်းကျဲယွိနှင့် စူးချင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အတွေးချင်းဖလှယ်လိုက်ကြသည်။ ဤလူသတ်သမားက အမှန်အတိုင်း ပြောနေကြောင်း သူတို့ ယုံကြည်နေခဲ့သည်။ အများအားဖြင့် လုပ်ကြံသတ်ဖြတ်သူများက လူသတ်ရန်သာ အမိန့်ပေးခံရလေ့ရှိပြီး တခြားအကြောင်းအရင်းကို သိခွင့်မရှိကြချေ။

“သူကို ခေါ်သွားပြီး အကျဥ်းချထားလိုက်။ ပြီးတော့ ဒီသတင်းကို လျှို့ဝှက်ထားရမယ်၊ ဘယ်သူမှ မသိစေနဲ့"

ရှောင်းကျဲယွိ၏ အမူအရာမှာ အေးစက်တင်းမာနေပြီး သူ့သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။

သူ နောက်ကွယ်ကလူကို ရှာရဦးမှာဆိုတော့ လူသတ်သမား ဖမ်းမိထားတဲ့ကိစ္စက လျှို့ဝှက်ထားရဦးမယ်။

"ရွှေရှန့်၊ ချိုးယုံခန်းက ဝမ်မိသားစုက သားအဖနဲ့ တွေ့ပြီးပြီလို့ ကျွန်မ သံသယဖြစ်နေမိတယ်၊ သူက ကျွန်မကို သေစေချင်တဲ့ တစ်ယောက်တည်းသောသူပဲ"

စူးချင်းက အခြားလူများ လူသတ်သမားအား ခေါ်ဆောင်သွားသည်ကို ကြည့်နေပြီးမှ ရှောင်းကျဲယွိကို လေးနက်သောအမူအရာဖြင့် ထပ်ပြောလိုက်သည်။

“ကိုယ်လည်း အဲ့လိုထင်တယ်။ အဲ့ဒါဆို သစ္စာဖောက်ကရော? ဘယ်သူက သစ္စာဖောက်လို့ မင်း ထင်လဲ?"

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ရင်း သူ့နှလုံးသားက အလွန်လေးလံနေသလို ခံစားနေရသည်။

အခု သူရဲ့ညီအစ်ကိုကောင်းက သူ့ရန်သူဖြစ်လာခဲ့ပြီ။ နောက်ဆုံးတော့ သူ့ရဲ့ညီအစ်ကိုကောင်းကပဲ သူ့ကို သစ္စာဖောက်ခဲ့တယ်။ အခု သစ္စာဖောက်တဲ့လူအတွက်လည်း သူ့စိတ်ထဲမှာ သံသယတွေရှိနေပြီဆိုပေမယ့် သူ မယုံချင်သေးဘူး။

All Chapters