← Chapters

ပြိုင်ဆိုင်လှိုင်းလုံးများ

Vol. 29 Ch. 434

ပြိုင်ဆိုင်လှိုင်းလုံးများ

Vol. 29 Ch. 434

"ဒါက လွယ်ပါတယ်၊ တို့ဟူးဆိုင်ကို စောင့်ကြည့်လိုက်တာနဲ့ သူ့ကို ရှာတွေ့မှာ သေချာတယ်”

စူးချင်း၏မျက်လုံးများက အေးစက်နေပြီး သူမ၏ဒေါသကြောင့် သူမ၏အသံတွင် ရက်စက်ကြမ်းကြုတ်များ ပြည့်နှက်နေကာ သူမ၏ အသံက ပို၍ပင် အေးစက်‌နေလေသည်။ 

ဘယ်သူပဲဖြစ်ဖြစ်၊ အဲ့လူက သူမရဲ့အသက်ကို လိုချင်မှတော့ သူမကလည်း သူ့အသက်ကို အရင် ပြန်ယူမယ်။

“အင်း၊ ဒါဆို ဒီလို လုပ်ကြရအောင်”

ရှောင်းကျဲယွိက သူ့အသံကို လျှော့ချလိုက်ပြီး စူးချင်းကို စကားတချို့ ပြောပြလိုက်သည်။ သူ့အစီအစဉ်ကို ကြားပြီးနောက် စူးချင်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး "အင်း၊ ရှင် ပြောတဲ့အတိုင်း လုပ်ကြမယ်!"

ရှောင်းကျဲယွိက ကျုံးယုံ ရှိနေသည့် ပန်းပဲဖိုသို့ ပြန်သွားလိုက်ပြီး သူ့ကို စကားတစ်ချို့ သင်ပေးလိုက်သည်။

ညနက်လာသည်နှင့်အမျှ တိတ်ဆိတ်လာပြီး လေပြင်းများတိုက်ခတ်ကာ နှင်းများကျဆင်းလာပြန်သည်။ ထိုအခြေအနေများကြားတွင် ယှဉ်ပြိုင်မှုလှိုင်းလုံးများ ဖြစ်ပွားနေခဲ့သည်။ အချို့လူများက စိတ်မငြိမ်မသက်ဖြစ်‌နေကာ ကြောက်စိတ်ဖြင့် အိပ်မပျော်နိုင်ကြသော်လည်း အချို့ကတော့ အရာရာကို အေးအေးဆေးဆေး ထိန်းချုပ်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်း‌နေခဲ့ကြသည်။

နောက်တစ်နေ့တွင် နှင်းများရပ်တန့်သွားသလို လေလည်းငြိမ်‌သွားသောကြောင့် အလုပ်သမားများက စောစောထပြီး အလုပ်ခွင်ဝင်ရန် အိမ်မှ ထွက်လာခဲ့ကြသည်။ သို့သော်လည်း လမ်းပေါ်၌ စစ်သည်များ ပိုများလာသည်ကို သူတို့ တွေ့လိုက်ရသည်။ သူတို့ အနည်းငယ် မေးမြန်းစူးစမ်းပြီးနောက် မနေ့ညက လူသတ်သမားများ ၀င်ရောက်ခဲ့ပြီး စူးချင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း သူတို့ သိလိုက်ရသည်။ လုပ်ကြံသတ်ဖြတ်သူအဖွဲ့မှ လူသတ်သမားတစ်ဦးကိုမျှ မဖမ်းမိဘဲ အားလုံး ထွက်ပြေးလွတ်မြောက်သွားကြသည်ဟုလည်း ထပ်သိလိုက်ကြရသည်။

ထိုအရာက ကြီးမားသော သတင်းဖြစ်ကာ တောမီးကဲ့သို့ ပျံ့နှံ့သွားတော့သည်။ စူးချင်း မည်မျှ အစွမ်းထက်သည်ကို လူတိုင်း သိကြပြီး အကယ်၍ ထိုလူသတ်သမားများက သူမ ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့လျှင် ထိုလူများ မည်မျှ အစွမ်းထက်မည်ကို တွေးပင် မတွေးနိုင်ကြ‌တော့ပေ။

သူတို့အတွက် ပိုစိုးရိမ်စေသည့်အရာက ထိုလူသတ်သမားများကို မဖမ်းမိသေးခြင်း ဖြစ်သည်။ အားလုံးက သူတို့ လူသတ်သမားများ၏ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်နေပြီး ကြောက်ရွံ့ထိတ်လန့်နေကြသည်။

စပ်စုချင်သူ အနည်းငယ် ရှိနေသေးသော်လည်း အများစုကတော့ ထိုသတင်းကြီးကြောင့် တိတ်တဆိတ် အိမ်ပြန်သွားခဲ့ကြသည်။

ကျုံးယုံက သူ့အိမ်ယာပေါ်တွင် အိပ်နေခဲ့ပြီး သူ့ဦးခေါင်းကို ချည်ဖြူစဖြင့် ပတ်တီးစည်းထားကာ ထိုချည်ဖြူစမှ သွေးများ စီးကျနေခဲ့သည်။ သူ့လက်မောင်းကိုလည်း သိုင်းကြိုးဖြင့် သိုင်းထားပြီး သူ့မျက်နှာတွင် ဒဏ်ရာများ ပြန့်နှံ့နေသောကြောင့် သူ ဒဏ်ရာ အပြင်းအထန် ရခဲ့မှန်း သိသာနေသည်။

ကျုံးယုံ ပြန်ရောက်နေသည်ကို သိပြီးကတည်းက ကျန်းယွိရန်က သူ့အတွက် ထမင်းချက်ပေးရန် မနက်တိုင်းနှင့် ညနေတိုင်း ရောက်လာတတ်သည်။ သူမက သူ့အပေါ် မယုံနိုင်စရာကောင်းလောက်အောင် အလွန်ငဲ့ညှာပေးခဲ့သည်။

ယနေ့လည်း ယခင်နေ့များအတိုင်း ကျန်းယွိရန်က ကျုံးယုံအတွက် ထမင်းချက်ပေးရန် စောစောရောက်လာခဲ့သည်။ သူမ ခါတိုင်းကဲ့သို့ ခြံဝင်းထဲသို့ ဝင်လိုက်ပြီး အစ်ကိုကြီးကျုံးဟု အော်ခေါ်လိုက်သည်။ ထိုအချိန်တွင် အိမ်ထဲမှ ကျုံးယုံ၏ညည်းတွားသံ ထွက်ပေါ်လာခဲ့သည်။

"အင်း.... ငါ့ကို သောက်ရေနည်းနည်းလောက် ယူပေးပါလား?"

ကျုံးယုံ၏အားနည်းနေသောလေသံကို ကြားလိုက်ချိန်တွင် ကျန်းယွိရန်က အိမ်ထဲသို့ အလောတကြီး ပြေးဝင်သွားခဲ့သည်။ ကျုံးယုံ၏တစ်ကိုယ်လုံး ဒဏ်ရာများ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသောကြောင့် သူမ မထိန်းနိုင်တော့ဘဲ စိုးရိမ်တကြီး မေးလိုက်သည်။

"အကိုကြီးကျုံး၊ ဘာတွေဖြစ်ခဲ့တာလဲ?"

“မနေ့ညက လူသတ်သမားတွေကြောင့် ငါနဲ့ ငါဆရာ ဒဏ်ရာရခဲ့တာ။ ဆရာရဲ့ဒဏ်ရာက အရမ်းပြင်းထန်တယ်၊ ငါ... ငါက အသုံးမကျဘူး။ ဆရာ့ကိုတောင် ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့ဘူး”

ကျုံးယုံက ​ပြော​နေရင်း​ မျက်​ရည်များ ဝဲလာသောကြောင့် သူ့ဆရာကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေမှန်း သိသာထင်ရှားနေခဲ့သည်။

"အစ်မစူးချင်း... အစ်မ ဘာဖြစ်သွားသေးလဲ?"

ကျန်းယွိရန်၏နှလုံးသားက ကျုံးယုံနှင့်စူးချင်းတို့အတွက် အလွန်စိတ်မကောင်းဖြစ်နေပြီး သူမ စူးချင်းအတွက် အလွန် စိတ်ပူသွားကာ ထပ်မေးရန် ပြင်လိုက်ချိန်တွင် ကျုံးယုံက ထပ်ပြောလာခဲ့သည်။

“မနေ့ညက ငါတို့ လက်နက်တွေ လုပ်နေတုန်း ပန်းပဲဖိုကို လူသတ်သမားတစ်စု ရောက်လာခဲ့တယ်၊ ဆရာက ငါ့ကို ကာကွယ်ဖို့ အဲ့လုပ်ကြံသတ်ဖြတ်သူတွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်၊ ဆရာ... ဆရာက ငါကို ကာကွယ်ရင်း ဒဏ်ရာ အပြင်းအထန်ရသွားခဲ့တာ၊ သွေးတွေ အများကြီးပဲ...ဝူး... ဆရာ... ကျွန်တော်က ဆရာ့ကို ကောင်းကောင်း မကာကွယ်ပေးခဲ့ဘူး”

ကျုံးယုံက သူ့အမေကို ပြန်တွေးကာ လွမ်းဆွတ်မိသွားသောကြောင့် သူ့မျက်ရည်များက တောင်ကျရေကဲ့သို့ ကျဆင်းလာတော့သည်။ ကျုံးယုံ၏မျက်ရည်များကို မြင်လိုက်ရသောကြောင့် ကျန်းယွိရန်က စူးချင်း၏ဒဏ်ရာ အလွန်ပြင်းထန်သည်ဟု ယုံကြည်သွားခဲ့သည်။

"ဒါက ဘယ်လိုဖြစ်သွားရတာလဲ? ဘာလို့ ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ?"

ကျန်းယွိရန်က မယုံကြည်နိုင်သလို တအံ့တသြ ရေရွတ်နေခဲ့သည်။ စူးချင်းက သူမ၏နှလုံးသားထဲမှ နတ်ဘုရားဖြစ်ပြီး စူးချင်း အပြင်းအထန် ဒဏ်ရာရသွားသည်ကို သူမ လက်မခံနိုင်သေးပေ။

"ကျွန်မ... ကျွန်မ ရှင့်အတွက် သမားတော် သွားရှာပေးမယ်"

ကျန်းယွိရန်က စူးချင်းဆီသို့ ပြေးသွားချင်နေသော်လည်း ကျုံးယုံကိုလည်း စိတ်ပူနေပြန်သည်။ သူမ ဘာလုပ်ရမှန်း မသိတော့ဘဲ သူမ၏လက်များကို စိုးရိမ်တကြီး ပွတ်သပ်နေခဲ့သည်။

"ဆရာဆီကိုပဲ သွားလိုက်တော့... မင်း ဒီမှာ မရှိလဲ ငါ အဆင်ပြေတယ်"

ကျုံးယုံက သူ့၏ဆရာကို သွားပြုစုစောင့်ရှောက်ပေးရန် ကျန်းယွိရန်ကို တောင်းဆိုလိုက်သည်။ သို့သော်လည်း ကျန်းယွိရန်က အပြင်းအထန် ဒဏ်ရာရနေသည့် ကျုံးယုံကို မည်သို့မျှ ပစ်မထားနိုင်ပေ။ သူမက နှစ်ယောက်စလုံးအတွက် တွေးနေခဲ့ပြီး နောက်ဆုံးတွင် လီရွှမ်းအာနှင့် ကျိရှောင်ယင်တို့ကို ဖျပ်ခနဲ့ သတိရသွားခဲ့သည်။

"ကျွန်မ ရွှမ်းအာကို သွားရှာပြီး အစ်မစူးချင်းကို ပြုစုပေးဖို့ ရှောင်ယင်နဲ့အတူ သွားခိုင်းလိုက်မယ်"

“အင်း”

ကျုံးယုံက မျက်တောင်မခတ်ဘဲ ခေါင်းညိတ်ပြလိုက်သော်လည်း သူ့ ခေါင်းငုံလိုက်ချိန်တွင် သူ့မျက်လုံးထဲမှ အလင်းတန်းတစ်ချို့ တောက်ပလာခဲ့သည်။ ကျုံးယုံ သဘောတူလိုက်သောကြောင့် ကျန်းယွိရန်က လီရွှမ်းအာကို ရှာဖွေရန် ချက်ချင်း ပြေးထွက်သွားတော့သည်။

လီရွှမ်းအာ၏အိမ်က ချိုးမိသားစု၏အိမ်ဘေးတွင် တည်ရှိပြီး ကျန်းယွိရန်က လီရွှမ်းအာ၏အိမ်သို့ ရောက်လာကာ အလောတကြီး အော်ခေါ်လိုက်သည်။

"ရွှမ်းအာ၊ မြန်မြန် ထွက်လာခဲ့ပါဦး"

သူမက ခြံထဲသို့ မဝင်ရသေးခင် အလောတကြီး အော်ဟစ်ရင်း အပြေးတပိုင်း ရောက်လာသောကြောင့် ဘေးအိမ်ရှိ အဒေါ်ချိုးက ထိတ်လန့်တကြား လှမ်းအော်မေးလိုက်သည်။ မေးနေရင်းဖြင့် သူမက အပြင်သို့ပင် ထွက်လာသေးသည်။

"ယွိရန်၊ ဘာဖြစ်လို့လဲ?"

"အစ်မစူးချင်း၊ မနေ့ညက တိုက်ခိုက်ခံရလို့ ဒဏ်ရာအပြင်းအထန် ရထားတယ်တဲ့"

ကျန်းယွိရန်၏မျက်လုံးများမှ မျက်ရည်များ စီးကျလာပြန်သည်။ သူမက စူးချင်း မကျော်ဖြတ်နိုင်တော့မည်ကို အလွန်ကြောက်လန့်နေပုံရသည်။

"ဟုတ်လား? စူးချင်း ဘယ်မှာလဲ? ငါ သူ(မ)ကို သွားကြည့်ရမယ်"

စူးချင်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ကြားလိုက်ရချိန်တွင် အဒေါ်ချိုးက ထမင်းချက်ရန်ပင် စိတ်မပါတော့ဘဲ သူမ၏ခါးစည်းကို ချက်ချင်း ချွတ်လိုက်ကာ စူးချင်း၏တည်နေရာကို ကျန်းယွိရန်အား ထပ်မေးလိုက်သည်။

"အစိုးရရုံးတော်မှာ!"

သူမ ပြန်ဖြေနေရင်း လီရွှမ်းအာ ထွက်လာသည်ကို မြင်လိုက်ရသောကြောင့် ကျန်းယွိရန်က လီရွှမ်းအာကို ဆွဲခေါ်သွားကာ လမ်းလျှောက်လာရင်း ရှင်းပြလိုက်သည်။

"ရွှမ်းအာ၊ ရှောင်ယင်ခေါ်ပြီး အစ်မစူးချင်းကို သွားပြုစုပေးဦး။ ငါက အစ်ကိုကြီးကျုံးကို ပြုစုပေးရဦးမယ်”

"ဟေး ငါလည်း အခု လိုက်ခဲ့မယ်။ နင်တို့က မိန်းမငယ်လေးတွေလေ၊ တခြားသူကို ဘယ်လို ဂရုစိုက်ပေးရမှန်း သိကြလို့လား?"

အဒေါ်ချိုးက စိုးရိမ်တကြီး လှမ်းပြောရင်း သူမတို့နောက်မှ လိုက်လာခဲ့သည်။

"ကောင်းတယ်၊ အဒေါ်ချိုးက လူတွေကို ပြုစုစောင့်ရှောက်ပေးတတ်တယ်၊ အဒေါ်ချိုး ကူညီပေးနိုင်ရင် အကောင်းဆုံးပေါ့"

အဒေါ်ချိုးက စူးချင်းကို ပြုစုပေးရန် သူမဘာသာ စတင်ကမ်းလှမ်းလိုက်သောကြောင့် ကျန်းယွိရန်က ပိုအဆင်ပြေသွားပြီဟု ခံစားလိုက်ရသည်။ အားလုံးက အစ်မစူးချင်းအတွက် အမှန်တကယ် စိတ်ပူနေပြီး သူမကို ကောင်းကောင်း ဂရုစိုက်ပေးကြမည်ဟု သူမ ယုံကြည်နေခဲ့သည်။

“ယောကျာ်း၊ ကျွန်မ အစိုးရရုံးတော်ကို သွားလိုက်ဦးမယ်။ အိုးထဲမှာ စားစရာတွေ ရှိတယ်။ အဖေနဲ့အတူ စားလိုက်ကြနော်!"

အဒေါ်ချိုးက နောက်သို့ ပြန်လှည့်လိုက်ပြီး သူမ၏အိမ်ထဲသို့ လှမ်းအော်ပြောလိုက်သည်။

"အေး...အေး၊ စူးချင်းကိုပဲ သေချာဂရုစိုက်ပြီး ပြုစုပေးလိုက်။ ငါတို့အတွက် စိတ်မပူနဲ့"

ဦးလေးချိုးကလည်း အိမ်ထဲမှ ထွက်လာပြီး စူးချင်းကို ကောင်းကောင်းဂရုစိုက်ပေးရန် သူ့မိန်းမကို လှမ်းပြောနေခဲ့သည်။

ကျန်းယွိရန်က အစ်မစူးချင်းအား ပြုစုစောင့်ရှောက်ပေးနိုင်မည့်သူများ ရှိနေသည်ကို မြင်သွားပြီး ကျုံးယုံကို ပြုစုပေးရန် ပြန်သွားတော့သည်။ အဒေါ်ချိုးနှင့် လီရွှမ်းအာတို့ကလည်း စီရင်စုရုံးတော်စီသို့ အမြန် ပြေးသွားခဲ့ကြသည်။

သူမတို့ ရောက်သွားသည်နှင့်တပြိုင်နက် ကျိရှောင်ယင်၏ငိုသံကို ကြားလိုက်ကြရပြန်သည်။

"အစ်မစူးချင်း အစ်မရဲ့မျက်လုံးတွေကို ဖွင့်ပြီး ကျွန်မကို ကြည့်ပါဦး။ အစ်မစူးချင်း၊ ကျွန်မကို မခြောက်လန့်ပါနဲ့။ မွေးစားအမေက မရှိတော့ဘူး... အစ်မသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ကျွန်မ... ကျွန်မ အသက်မရှင်ချင်တော့ဘူး"

အခန်းထဲတွင် ကျိရှောင်ယင်က ဝမ်းပန်းတနည်း ငိုနေခဲ့ပြီး စူးချင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လုံးဝ ပြန်မလွှတ်ပေးတော့ပေ။

"ရှောင်ယင်၊ မငိုနဲ့တော့"

ရှောင်းကျဲယွိက သူ့ညီမကို ဖျောင်းဖျနေရင်း စူးချင်း၏လက်ကို မကိုင်ထားရန် သတိပေးနေခဲ့သည်။

"မင်း ချင်းအာကို အဲ့လောက် မဆွဲနေနဲ့၊ ဒဏ်ရာတွေ ပြန်ပွင့်သွားလိမ့်မယ်"

အဒေါ်ချိုးနှင့် လီရွှမ်းအာတို့က အခန်းထဲသို့ အမြန် ဝင်လာခဲ့ကြပြီး စူးချင်းက ကုတင်ပေါ်တွင် သတိလစ်လျက် လဲလျောင်းနေသည်ကို သူမတို့ တွေ့လိုက်ကြရသည်။ စူးချင်း၏မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူမ၏ဘယ်ဘက်ပခုံးကို အဝတ်ဖြူများဖြင့် ရစ်ပတ်ထားသည်။ သွေးများက ထိုအဝတ်ဖြူကို ဖြတ်ကျော်ကာ စိမ့်ထွက်နေပြီး အချိန်ကြာနေပြီ ဖြစ်သောကြောင့် အဝတ်ဖြူတစ်ခုလုံး သွေးများ ရွှဲနှစ်နေကာ ရဲရဲတောက်နေသည့်သွေးများက ထိတ်လန့်တုန်လှုပ်စရာ ဖြစ်နေလေသည်။

သူမ၏လည်ပင်းတွင်လည်း အ၀တ်ဖြူတစ်စ ရစ်ပတ်ထားပြီး သူမ၏ပခုံးပေါ်ရှိ အဝတ်စကဲ့သို့ သွေးများ စွန်းထင်နေသည်။ သူမက ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေပြီး သူမ၏ အသက်ရှုသံများက အားနည်းလွန်းသောကြောင့် ဂရုတစိုက် နားမထောင်လျှင် သတိမပြုမိလုနီးပါး ဖြစ်နေခဲ့သည်။ သူတို့ သူမကို ကယ်တင်ခဲ့သည့်အချိန်မှလွဲ၍ သူမ ဤကဲ့သို့ အားနည်းစွာလဲလျောင်းနေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းပင်။

လီရွှမ်းအာ၏မျက်ရည်များက ချက်ချင်းပင် စီးကျလာပြီး သူမ၏အစ်မစူးချင်းကို ခေါ်ရန် အမြန်ပြေးသွားလိုက်သော်လည်း ရှောင်းကျဲယွိက သူမကို သတိပေးလိုက်သည်။

"သူ(မ)ကို မထိခိုက်စေနဲ့။ ငါတို့ သွေးတိတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာ”

သူက မြေပြင်ပေါ်ရှိ သွေးစွန်းနေသော အဖြူရောင်အ၀တ်စများကို ညွှန်ပြလိုက်ပြီး ထိုအနီရောင်ပြောင်းနေသည့်အဝတ်စများက စူးချင်း သွေးမည်မျှဆုံးရှုံးခဲ့ကြောင်း ဖော်ပြနေလေသည်။

"အိုက်ယား၊ သနားစရာကောင်းလိုက်တာ။ ဘယ်သူကမှား စူးချင်းကို ဒီလိုမျိုး နာကျင်စေခဲ့တာလဲ? သူတို့ကို ဖမ်းမိရင် အပိုင်းပိုင်းဖြတ်ပစ်လိုက်စမ်းပါ”

အဒေါ်ချိုးက စိတ်မကောင်းဖြစ်နေသော အကြည့်များဖြင့် စူးချင်းကို ကြည့်နေရင်း ဒေါသတကြီး ခြေစောင့်ကာ ရှောင်းကျဲယွိကို လှမ်းပြောလိုက်သည်။

“ကျွန်တော်တို့ သူတို့ကို မဖမ်းနိုင်ခဲ့ဘူး။ ဒီလူတွေက သိုင်းပညာ အရမ်းကျွမ်းကျင်ကြတယ်၊ သူတို့သုံးတဲ့ လက်နက်တွေကလည်း ပိုပြီးတော့တောင် ရက်စက်သေးတယ်၊ အခုထိ သူတို့ကို မဖမ်းနိုင်သေးဘူး”

ရှောင်းကျဲယွိ၏မျက်နှာတွင် ဒေါသရိပ်များ ရှိနေသော်လည်း သူ့၏မျက်လုံးများမှ စိတ်ပျက်အားငယ်မှုနှင့် ရှုံးနိမ့်မှုများကို မဖုံးကွယ်နိုင်ပေ။ အဒေါ်ချိုးက သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။

“အရမ်း စိတ်မပူပါနဲ့၊ ငါတို့ သူတို့ကို ဖမ်းနိုင်မှာပါ။ ငါတို့ မြို့မှာ စစ်သည်တွေ အများကြီး ရှိတယ်!”

“အဒေါ်ချိုး၊ အဒေါ် မသိဘူး၊ ကျွန်တော်တို့မှာ စစ်သည်တွေ အများကြီးရှိရင်တောင် အဲဒီလူတွေကို မဖမ်းနိုင်ဘူး။ သူတို့က အရမ်းအစွမ်းထက်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ အထူးလေ့ကျင့်ထားကြတာ။ မဖြစ်သေးဘူး စူးချင်းကို ဒီမှာ ထားလို့ မဖြစ်သေးဘူး။ လုံခြုံတဲ့နေရာတစ်ခုရှာမှ ဖြစ်မယ်”

ရှောင်းကျဲယွိက ထိုလူများ မည်မျှ ကြောက်စရာကောင်းကြောင်း ပြောပြနေရင်း စူးချင်းကို အမြန် နေရာပြောင်းရန် တွေးတောနေပြန်သည်။ သူ ထိုလူသတ်သမားများအား ထိတ်လန့်ကြောက်ရွံ့နေမှန်း သိသာနေခဲ့သည်။

ရှောင်းကျဲယွိ၏စကားကို ကြားလိုက်ရချိန်တွင် အဒေါ်ချိုးက သူ့ကို ပြန်မေးလိုက်သည်။ "ဘယ်နေရာက လုံခြုံမယ် ထင်လဲ?"

"အဒေါ်ချိုး၊ စူးချင်းကို အ‌ဒေါ်တို့အိမ်ကို သယ်သွားကြမလား? ကျွန်တော်တို့ထဲက ဘယ်သူ့မှ မပြောရင် စူးချင်း အ‌ဒေါ်တို့အိမ်မှာ ရှိနေတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး”

All Chapters