← Chapters

ဉာဏ်ပညာနှင့် ရဲရင့်မှုကိုသုံးကာ ယှဥ်ပြိုင်ခြင်း

Vol. 29 Ch. 435

ဉာဏ်ပညာနှင့် ရဲရင့်မှုကိုသုံးကာ ယှဥ်ပြိုင်ခြင်း

Vol. 29 Ch. 435

ရှောင်းကျဲယွိက စူးချင်းကို ချိုးမိသားစုအိမ်သို့ ပြောင်းရွှေ့ရန် ရုတ်တရက် အဆိုပြုလာခဲ့သည်။ အဒေါ်ချိုးက တခဏတာမျှ အံ့အားသင့်သွားပြီး သူမ၏လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

“မဖြစ်ဘူး၊ ငါတို့မိသားစုမှာ အသက်ကြီးတဲ့သူနဲ့ အားနည်းတဲ့သူပဲရှိတာ၊ ငါတို့က မသန်မာဘူး။ ငါတို့က ဘယ်လိုလုပ်ပြီး လူသတ်သမားကို တားနိုင်မှာလဲ? ရုံးတော်မှာပဲ ထားကြရအောင်။ ဒီမှာက စစ်သည်တွေရဲ့ အကာအကွယ်ကို ရနိုင်တော့ ပိုလုံခြုံမှာ သေချာတယ်”

“မဟုတ်ဘူး၊ စစ်သည်တွေကလည်း သူတို့ကို မတားနိုင်ဘူး။ စူးချင်းကို ဖွက်ထားမှ ဖြစ်မယ်၊ ဟုတ်တယ် သူတို့ကို မဖမ်းမိမချင်း စူးချင်းကို ဖွက်ထားရမယ်”

ရှောင်းကျဲယွိက အခန်းကို လှည့်ပတ်နေကာ သူ့လက်တစ်ဖက်ကို လေထဲသို့ ညွှန်ပြနေရင်း မျက်မှောင်ကြုတ်နေပြန်သည်။ သူက စူးချင်းကို မည်သည့်နေရာသို့ ရွှေ့ရမှန်းမသိဖြစ်နေပြီး အတွေးများနေဟန်ရှိသည်။

အဒေါ်ချိုးနှင့် လီရွှမ်းအာတို့နှစ်ယောက်စလုံးက သူ့ကို ကြည့်နေကြပြီး ကျိရှောင်ယင်က သူမ၏မျက်ရည်များကို သုတ်နေရင်း သူမ၏အစ်ကိုကြီးက အစ်မစူးချင်းကို ပြောင်းရွှေ့ရန် ဘေးကင်းသော နေရာတစ်ခု ရှာတွေ့မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ခဏအကြာတွင် ရှောင်းကျဲယွိက ပြီးပြည့်စုံသော နေရာတစ်ခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် ရပ်တန့်လိုက်သည်။ ထို့နောက် သူက သူ့အသံကို လျှော့ချလိုက်ပြီး အခန်းထဲမှ လူသုံးယောက် ကြားနိုင်ရုံလောက်သာ ပြောလာခဲ့သည်။

"ဒီလို လုပ်ကြမယ်။ ငါတို့ စူးချင်းကို တို့ဟူးဆိုင်ဟောင်းရဲ့အနောက်ဘက်ခြံဝင်းမှာ သွားထားကြမယ်။ အဲဒီကို ဘယ်သူမှ လာလေ့မရှိဘူး၊ လူသတ်သမားတွေကလည်း စူးချင်း အဲ့မှာရှိနေမယ်လို့ တွေးမိမှာ မဟုတ်ဘူး”

"မဖြစ်ဘူး၊ အဲ့နေရာက အရမ်းစုတ်ပျက်နေပြီ"

ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့ နှစ်ယောက်စလုံးက မဖြစ်နိုင်ဘူးဟု တွေးလိုက်မိကြသည်။

တိုဟူးဆိုင်ဟောင်းမှာ လူမနေတာ ဘယ်လောက်ကြာနေပြီလဲ။ အခန်းတွေက ယိုယွင်းပျက်စီးနေပြီး လုံးဝ မလုံခြုံတော့ဘူး။ အစ်မစူးချင်းက ဒဏ်ရာအပြင်းအထန် ရထားပြီး ပြန်သက်သာလာဖို့ အေးအေးဆေးဆေး အနားယူနိုင်မယ့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်။ အဲ့တို့ဟူးဆိုင်ဟောင်းက လုံးဝ မသင့်တော်ဘူး။

သူ့ညီမနှင့် လီရွှမ်းအာတို့၏ ကန့်ကွက်နေသော အမူအရာများကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိက အဒေါ်ချိုးကို လှမ်းကြည့်လိုက်သည်။ အဒေါ်ချိုးက ခေါင်းငုံ့ထားပြီး တစ်ခုခု တွေးနေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိ၏ မျက်လုံးများထဲမှ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ သူက သူ့ခံစားချက်များကို မျိုသိပ်လိုက်ပြီး အဒေါ်ချိုး၏ထင်မြင်ချက်ကို ထပ်မေးလိုက်သည်။

"အဒေါ်ချိုး၊ တို့ဟူးဆိုင်ဟောင်းက အဆင်ပြေမယ်လို့ အဒေါ် ထင်လား?"

သူမ၏အမည်ကို အခေါ်ခံလိုက်ရသောကြောင့် အဒေါ်ချိုးက ထိတ်လန့်သွားပုံရပြီး ရှောင်းကျဲယွိကို မော့ကြည့်လိုက်ကာ သူမ၏အင်္ကျီထောင့်စွန်းများကို ထိတ်လန့်တကြား ဆုပ်ကိုင်ထားခဲ့သည်။

“အိုး… ဒါ… ဒါက အဆင်ပြေပါ့မလား? ငါ မသိဘူး”

“အင်း... ဟုတ်တယ် အဆင်မပြေလောက်ဘူး။ အဲဒီနေရာက အရမ်းဟောင်းနွမ်းစုတ်ပျက်နေတာ။ အခုက ဆောင်းရာသီဆိုတော့ မီးမရှိရင် အေးခဲပြီး သေသွားလိမ့်မယ်”

နောက်ဆုံးတွင် ရှောင်းကျဲယွိက သူ့ဆုံးဖြတ်ချက်ကို သူ့ဘာသာသူ ပြန်ပယ်ချလိုက်ပြန်သည်။ သို့သော်လည်း အဒေါ်ချိုးက သူ့ကို တစ်ချက်ခိုးကြည့်လိုက်ပြီး စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်ကို သူ သတိထား စောင့်ကြည့်နေခဲ့သည်။

ရှောင်းကျဲယွိက ရုတ်တရက် သူ့လက်သီးများကို တင်းတင်းဆုပ်ကာ အနောက်သို့ ပြန်လှည့်လိုက်သောကြောင့် အဒေါ်ချိုးက သူ့မျက်လုံးများထဲမှ စိတ်ပျက်မှုနှင့် ဒေါသအရိပ်အယောင်များကို မမြင်နိုင်ခဲ့ပေ။ ကျိရှောင်ယင်ကတော့ အစ်ကိုဖြစ်သူ၏အမူအရာကို လှမ်းမြင်လိုက်သည်။ သို့သော် သူမက သူမ၏အစ်ကို စူးချင်း လုပ်ကြံခံရမှုကြောင့် ဒေါသထွက်နေသည်ဟုသာ ထင်နေခဲ့သည်။ သူမက ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် သူမ၏အစ်ကိုကို အကြံတစ်ခုပေးလိုက်သည်။

“အစ်ကိုကြီး၊ ကျွန်မ နေရာကောင်းတစ်ခု စဉ်းစားမိတယ်။ အစ်မစူးချင်းကို မွေးစားအမေရဲ့အိမ်မှာ ထားရင်ရော... ဘယ်လိုလဲ?”

"ရှောင်ယင် ပြောတဲ့နေရာက အဆင်ပြေနိုင်တယ်၊ အဲ့ဒါ အကြံကောင်းပဲ”

အဒေါ်ချိုးက ကျိရှောင်ယင်၏အကြံပြုချက်ကို ချက်ချင်း သဘောတူလိုက်သည်။ ကျုံးယုံ၏အိမ်က သူမတို့အိမ်နှင့် ဝေးကွာသောကြောင့် သူမတို့မိသားစုလည်း အန္တရယ် မရှိနိုင်ပေ။

ရှောင်းကျဲယွိက သူမဘက်သို့ ပြန်လှည့်လိုက်ပြီး အဒေါ်ချိုးကို လေးလေးနက်နက် စိုက်ကြည့်နေလေသည်။ အဒေါ်ချိုးက သူ့အကြည့်အောက်တွင် စိတ်မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရပြီး သူမ၏အင်္ကျီထောင့်များကို ဆွဲဆန့်နေပြန်သည်။

"ငါ... ငါ ပြောတာ မှားသွားလို့လား?"

ရှောင်းကျဲယွိက ခေါင်းယမ်းလိုက်ပြီး စူးချင်း၏အိပ်ယာဘေးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူက အဒေါ်ချိုး၊ ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့ကို ကျောပေးကာ ခံစားချက်မဲ့နေသည့်အသံဖြင့် ထပ်ပြောလာခဲ့သည်။

“ကောင်းပြီလေ၊ အားလုံးက အဲ့နေရာကို ကောင်းတယ်လို့ ထင်နေမှတော့ အဲ့နေရာကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။ ခဏနေရင် စူးချင်းကို တိတ်တိတ်လေး ရွှေ့သွားကြမယ်။ ဒီအကြောင်းကို ငါတို့လေးယောက်ပဲ သိပါစေ၊ မဖြစ်မနေ လျှို့ဝှက်ထားရမယ်”

"ကျွန်မတို့ ဘယ်သူကိုမှ မပြောပါဘူး၊ လေးလေးနက်နက် ကတိပေးပါတယ်"

လီရွှမ်းအာနှင့် ကျိရှောင်ယင်တို့ကလည်း ဤကိစ္စက မည်မျှလေးနက်မှန်း သိနေကြသည်။ သူမတို့ကလည်း စူးချင်းအကြောင်း မည်သူ့ကိုမျှ မပြောပြနိုင်သောကြောင့် နှစ်ယောက်သား လေးလေးနက်နက် ကတိပေးလိုက်ကြသည်။

အဒေါ်ချိုးကလည်း အထပ်ထပ် အာမခံနေခဲ့သည်။

"ရွှေရှန့်၊ စိတ်မပူပါနဲ့၊ အဒေါ်လည်း အဒေါ်ရဲ့မိသားစုကိုတောင် မပြောဘူး။ အဒေါ်က အဒေါ်ရဲ့ နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ပိတ်ထားမှာပါ!"

"ကောင်းပြီ၊ အခုကစပြီး မင်းတို့အားလုံး စူးချင်းရဲ့အနားကနေ လုံးဝ ထွက်သွားခွင့် မရှိတော့ဘူး"

ရှောင်းကျဲယွိက သူတို့ သုံးယောက်ကို ကြည့်ရန် ခေါင်းပြန်လှည့်လာပြီး အုံ့မှိုင်းနေသောအမူအရာဖြင့် အမိန့်ပေးလိုက်သည်။

အပြင်မထွက်နိုင်ကြောင်း ကြားလိုက်ရချိန်တွင် အဒေါ်ချိုးက စိတ်ပူသွားပုံရပြီး ပြန်မေးလာခဲ့သည်။

"ဘာလို့လဲ? ငါတို့က အိမ်တောင် ပြန်ခွင့် မရှိတော့ဘူးလား? အဲ့ဒါက မဖြစ်နိုင်ဘူး။ အိမ်က လူနှစ်ယောက်က ငါ ချက်ပြုတ်ကျွေးမှာကို စောင့်နေရတာလေ။ ငါ မပြန်ရင် သူတို့ ဘယ်လို စားသောက်ကြမှာလဲ?”

“သူတို့အတွက် ထမင်းပိုချက်ပေးဖို့ ကျွန်တော် အဒေါ်လီကို တောင်းဆိုပေးမယ်။ စူးချင်း မနိုးခင် ဘယ်သူမှ သူ(မ)အနားကနေ ထွက်သွားလို့ မရတော့ဘူး"

ရှောင်းကျဲယွိ၏စကားများက ခိုင်မာပြတ်သားလွန်းလှသည်။ အဒေါ်ချိုးက သူ့မျက်နှာကို မလိုလားဟန်ဖြင့် ကြည့်နေရင်း နောက်ထပ်တစ်စုံတစ်ခုကို ထပ်ပြောလိုက်သည်။

"ဒါဆိုရင်တောင် မင်း ငါတို့ အဝတ်အစားတွေလဲဖို့တော့ အိမ်ပြန်ခိုင်းသင့်တယ် မဟုတ်ဘူးလား"

"မလိုပါဘူး။ အဝတ်တွေ ယူဖို့လည်း လူလွှတ်ပေးမယ်"

ရှောင်းကျဲယွိ၏ မျက်လုံးများက မည်းမှောင်နေပြီး သူမ နားမလည်နိုင်အောင် ဖြစ်နေသည့်အတွက် အဒေါ်ချိုးက သူမ၏ အိမ်ပြန်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ သို့သော် သူမက စိတ်မလျော့နိုင်သေးဘဲ တိုးတိုးလေး ရေရွတ်နေပြန်သည်။

"အဲ့လိုဆိုရင်တောင် မင်းရဲ့ အဖိုးချိုးနဲ့ ဦးလေးချိုးက စိတ်ပူနေနိုင်သေးတယ်။ ဘာပဲဖြစ်​ဖြစ်​ နင် ​ငါ့ကို ပြန်​သွား​ပြောခွင့်တော့ပေးသင့်တယ်​ မဟုတ်​လား"

အဒေါ်ချိုးက အလွန်စိတ်မကောင်း ဖြစ်နေပုံရပြီး သူမဘာသာသူမ ဆက်လက် ညည်းညူနေခဲ့သည်။ ရှောင်းကျဲယွိက သူမကို လျစ်လျူရှုထားပြီး အနောက်သို့ ပြန်လှည့်ကာ မျက်လုံးများ တင်းတင်းမှိတ်ထားသည့် စူးချင်းကိုသာ ကြည့်နေတော့သည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေကာ အတွင်းမှလူများအား လေဖိအားနည်း ရပ်ဝန်းတစ်ခု ကျရောက်နေသလို ခံစားရစေခဲ့သည်။

အဒေါ်ချိုးက တစ်မနက်လုံး မငြိမ်မသက် ဖြစ်နေခဲ့ပြီး ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့ကတော့ ဘာကိုမှ ဂရုမစိုက်နိုင်ဘဲ စူးချင်းကိုသာ ဂရုတစိုက် စောင့်ကြည့်နေကြပြီး မညည်းမညူ ပြုစုပေးနေခဲ့ကြသည်။ အဒေါ်ချိုးက စူးချင်း၏လက်ကိုပင် လုံးဝ မကိုင်ခဲ့ဘဲ စူးချင်းကို ကြည့်နေသည့် သူမ၏မျက်လုံးများတွင် အခြားသူများ နားမလည်နိုင်လောက်အောင် မုန်းတီးမှုများ ပြည့်နှက်နေခဲ့သည်။

ရှောင်းကျဲယွိက စူးချင်း၏အနားတွင် တစ်ချိန်လုံး ရှိနေခဲ့ပြီး အဒေါ်ချိုး၏မျက်လုံးထဲမှ အမုန်းတရားများကို အတိုင်းသား မြင်နိုင်ခဲ့သည်။ ထိုအရာက သူ့ကို အလွန်စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

သူ ဒီအတိုင်းအတာအထိ မရောက်စေချင်ပေမယ့်လည်း ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်နိုင်တဲ့သူတွေက အတွေ့အကြုံတစ်ချို့ကို ဖြတ်သန်းကြရတာပါပဲ။ ဘာပဲဖြစ်ဖြစ် သူ ပျော့ညံ့တဲ့သူတော့ အဖြစ်မခံနိုင်ဘူး။

ရှောင်းကျဲယွိက မတ်တပ်ထရပ်ပြီး ကျိရှောင်ယင်အား လှမ်းပြောလိုက်သည်။

“ငါ စစ်တန်းလျားမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ မင်းတို့တွေ စူးချင်းကို ‌သေသေချာချာ ဂရုစိုက်ထားပေးကြဦး"

"ဟုတ်ကဲ့၊ အစ်ကိုကြီး သွားစရာ ရှိတာ သွားပါ။ ရွှမ်းအာနဲ့ ညီမလေး အစ်မစူးချင်းကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်”

ကျိရှောင်ယင်က အသိတရား ရှိရှိဖြင့် သဘောတူလိုက်သည်။

သူမက အစ်မစူးချင်းအနားကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း အစ်မစူးချင်းကို ထိခိုက်အောင် လုပ်ခွင့် မပေးနိုင်ဘူး။ တစ်ယောက်ယောက်က အစ်မစူးချင်းကို သတ်ချင်ရင် သူမကို ဖြတ်ကျော်သွားမှ ရမယ်။

ကျိရှောင်ယင်က တခဏအတွင်း ရင့်ကျက်လာပုံရသည်။ သူမက အေးဆေးတည်ငြိမ်နေပြီး သူမ၏မျက်လုံးများက စူးရှနေလေသည်။ သူမ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစိုးတစိတောင် မရှိဘဲ သူမက မိန်းကလေးများအတွက် စူးချင်း လုပ်ထားသည့် မြှားအိမ်ကို ထုတ်ယူကာ လီရွှမ်းအာကို လှမ်းပေးလိုက်သည်။

"ရွှမ်းအာ၊ ဒီမြှားအိမ်ကို ဝတ်ထားလိုက်"

“အင်း”

လီရွှမ်းအာက အလွန်စိတ်လှုပ်ရှားနေပုံရပြီး မြှားအိမ်ကို ကိုင်ထားသော သူမ၏လက်က တုန်ယင်သွားခဲ့သည်။ သို့သော် သူမက လုံးဝ နောက်မတွန့်သွားခဲ့ပေ။ သူမက ခုတင်ပေါ်တွင် အားနည်းဟန်ဖြင့် လဲလျောင်းနေရသော စူးချင်းကို ပြန်ကြည့်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူကာ လေသံမာမာဖြင့် ပြန်ပြောလိုက်သည်။

“အရင်တုန်းက အစ်မစူးချင်းက ငါတို့ကို ကာကွယ်ပေးခဲ့တယ်။ အခု ငါတို့ အစ်မစူးချင်းကို ပြန်ကာကွယ်ပေးနိုင်ရမယ်”

“ဟုတ်တယ်”

ကျိရှောင်ယင်က သူမ၏ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ အသည်းအသန် ထောက်ခံနေခဲ့သည်။ နှစ်ယောက်သား လျို့ဝှက်မြှားအိမ် ဝတ်ဆင်ရန် တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း ကူညီပေးနေကြပြီး စူးချင်း၏ကိုယ်ရံတော်များအဖြစ် တာဝန်ယူလိုက်ကြသည်။ တစ်ယောက်က စူးချင်းကို ဂရုစိုက်ပေးပြီး နောက်တစ်ယောက်က ကင်းစောင့်ရန် တာဝန်ဝေခွဲလိုက်ကြသည်။

"ငါ အိမ်သာ သွားလိုက်ဦးမယ်"

အဒေါ်ချိုးက ရှုပ်ထွေးသောအမူအရာဖြင့် ကျိရှောင်ယင်ကို ကြည့်ကာ သူမ၏ဗိုက်ကို ဖိထားရင်း နာနာကျင်ကျင် ညည်းညူလိုက်သည်။

"အင်း သွားလေ။ ကျွန်မတို့ ဒီမှာ ရှိနေတာပဲ!”

လီရွှမ်းအာက အဒေါ်ချိုး၏မျက်နှာပေါ်မှ နာကျင်နေသည့် အရိပ်အယောင်များကို မြင်သွားပြီး အိမ်သာသွားရန် တိုက်တွန်းလိုက်သည်။

"ကောင်းပြီ၊ မင်းတို့နှစ်ယောက် စူးချင်းကို ကောင်းကောင်း ဂရုစိုက်ကြနော်။ ငါ ဆေးဆရာဆီကနေ ဆေးတစ်မျိုးလောက်တော့ သွားတောင်းရမယ်။ ညလယ်မှာ ဝမ်းပျက်ရင် အသက်ဆုံးသွားနိုင်တယ်”

အဒေါ်ချိုးက သူမ ထွက်မသွားခင် သူမ၏ဗိုက်ကို ဖိနှိပ်ထားရင်း ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့အား ညွှန်ကြားနေသေးသည်။

ကျိရှောင်ယင်က အဒေါ်ချိုး၏ နောက်ကျောကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။ လီရွှမ်းအာက ကျိရှောင်ယင် ငေးကြည့်နေသည်ကို သတိထားမိသွားပြီး သူမကို လှမ်းမေးလိုက်သည်။

"ဘာကြည့်နေတာလဲ?"

“အင်း ငါ့ဗိုက်လည်း နာနေသလိုပဲ။ ငါ အိမ်သာသွားဦးမယ်။ နင် အစ်မစူးချင်းကို ဂရုစိုက်ပေးထားဦး"

ကျိရှောင်ယင်ကလည်း ရုတ်​တရက် ​ထရပ်​ပြီး ​ပြေးထွက်​သွားပြန်သည်​။

"ဘာလဲဟ၊ အကုန်လုံးက ဗိုက်နာနေကြတယ်"

လီရွှမ်းအာက ထူးဆန်းသလို ခံစားလိုက်ရသည်။ တခြားသူများ ထွက်ခွာသွားသော်လည်း သူမက စူးချင်းအနားမှ မထွက်ခွာသွားဘဲ စူးချင်းကိုသာ အတတ်နိုင်ဆုံး ဂရုစိုက်ပေးနေခဲ့သည်။

ကျိရှောင်ယင်က အိမ်ထဲမှ ထွက်လာပြီး အိမ်နောက်ဖေးရှိ အိမ်သာဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ သူမက အလျင်စလို လမ်းလျှောက်နေရင်း သူမ၏လက်သီးများကို တင်းတင်းဆုပ်ထားကာ သူမ၏မှန်းဆချက်များ အတည်ဖြစ်လာမည်ကို ကြောက်ရွံ့နေခဲ့သည်။

အိမ်နောက်ဖေးဘက်က လုံးဝ တိတ်ဆိတ်နေပြီး မြင်းဇောင်းထဲမှ တာ့ဟေးက ကျိရှောင်ယင်ကို မြင်သွားပြီး သူမကို နှာမှုတ်ကြိုဆိုလိုက်သည်။ သို့သော်လည်း ကျိရှောင်ယင်က တာ့ဟေးကို လုံးဝ ဂရုမစိုက်ဘဲ သူမ၏ ခြေလှမ်းများကို အရှိန်မြှင့်ကာ အိမ်သာဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းနေခဲ့သည်။ သူမ အိမ်သာရှေ့သို့ ရောက်သွားချိန်တွင် ကျိရှောင်ယင်က အထဲသို့ လှမ်းအော်လိုက်သည်။

"အဒေါ်ချိုး၊ ကျွန်မ ဗိုက်နာနေလို့... မြန်မြန် ထွက်လာပေးလို့ရမလား?"

All Chapters