ရှောင်ယင်က ဖုန်းကွယ်တတ်ဖို့ သင်ယူခဲ့ပြီးပြီ
Vol. 30 Ch. 436
ထိုသို့ အော်ဟစ်ပြီးနောက် ကျိရှောင်ယင်က နှာခေါင်းပိတ်လိုက်ပြီး အိမ်သာတံခါးရှေ့၌ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ဘယ်သူမှ သူမကို ပြန်မဖြေခဲ့ပေ။ မြောက်လေက ကျိရှောင်ယင်၏ဆံပင်များကို ရှုပ်ပွနေစေပြီး ပိုအေးလာသောကြောင့် ကျိရှောင်ယင်က သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားရင်း လက်သီးဆုပ်ကာ အိမ်သာထဲသို့ ၀င်သွားလိုက်သည်။
ဘယ်သူမှ မရှိဘူးလား?
အဒေါ်ချိုးက အိမ်သာထဲ၌ လုံးဝ မရှိခဲ့ပေ။
ကျိရှောင်ယင်က သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး သူမ၏နှလုံးသားဆီမှ နာကျင်မှုတစ်ခု တိုးထွက်လာသည်ကို သူမ ခံစားလိုက်ရသည်။ ကျိရှောက်ယင်က သူမ၏ခြေထောက်များကို တစ်လှမ်းချင်း နောက်ပြန်ဆုတ်ရင်း နောက်သို့ပြန်ဆုတ်နေခဲ့သည်။ နောက်ဆုံးတွင် သူမက နောက်သို့ ပြန်လှည့်ပြီး အရှေ့ဘက်သို့ ပြေးထွက်လာခဲ့သည်။
ကျိရှောင်ယင်က ရုံးတော်၏အ၀င်ဝအထိ ပြေးသွားလိုက်ပြီး အစောင့်စစ်သည်တစ်ယာက်ကို လှမ်းမေးလိုက်သည်။
"အဒေါ်ချိုးကို တွေ့မိသေးလား?"
"တွေ့တယ်၊ အဲ့အဒေါ်က ဗိုက်နာလို့ သမားတော် သွားရှာချင်တယ်လို့ ပြောပြီး အလောသုံးဆယ် ထွက်သွားတာပဲ”
ကင်းစောင့်နေသည့်တပ်သားက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ သို့သော်လည်း သူ့စကား မဆုံးခင်မှာပင် ကျိရှောင်ယင်တစ်ယောက် ပြန်ပြေးထွက်သွားသည်ကိုသာ သူ မြင်လိုက်ရသည်။ ကျိရှောင်ယင်က ခြေလှမ်းနှစ်လှမ်းလောက် ပြေးသွားပြီးမှ သူမ၏ခြေလှမ်းကို ရပ်လိုက်ကာ ကင်းစောင့်စစ်သည်ထံသို့ ပြန်လှည့်လိုက်ပြီး “တစ်ရှီးချန်အတွင်း ကျွန်မ ပြန်မရောက်ရင် ကျွန်မ အစ်ကိုကြီးကို သွားရှာပြီး ကျွန်မ အဒေါ်ချိုးကို ရှာဖို့ ချိုးအိမ်ကို သွားတယ်လို့ပြောပေးပါဦး”
“ကောင်းပါပြီ”
ကင်းစော့င်စစ်သည်က အလွယ်တကူ သဘောတူလိုက်ပြီးမှ တစ်ခုခု မှားနေပြီဟု ခံစားမိသွားကာ ကျိရှောင်ယင်ကို လှမ်းခေါ်လိုက်သည်။
"သခင်မလေး၊ ငါ မင်းနဲ့လိုက်ခဲ့မယ်!"
"မလိုပါဘူး၊ ရှင် အစ်မစူးချင်းကို ကာကွယ်ဖို့ ဒီမှာ နေခဲ့ရမယ်"
ကျိရှောင်ယင်က ခဏတုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။ သူမက ထိုစစ်သည်ကို သူမနှင့်အတူ ခေါ်သွားချင်သော်လည်း စူးချင်းကို တွေးလိုက်မိသောကြောင့် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။
အစ်မစူးချင်းကို ကာကွယ်ပေးဖို့ နောက်ထပ်လူတစ်ယောက်ရှိနေတာက နောက်ထပ်အရံအတားတစ်ခု ဖြစ်စေလိမ့်မယ်။
ကျိရှောင်ယင်က ရုံးတော်ထဲမှ ထွက်လာခဲ့ပြီး အဒေါ်ချိုး၏အိမ်ဆီသို့ လျှောက်လာခဲ့သည်။ ခဏအကြာတွင် ကျိရှောင်ယင်က အလျင်လိုလာပုံဖြင့် တောက်လျှောက်ပြေးလာခဲ့ပြီး ချိုးအိမ်သို့ ရောက်ခါနီးတွင် အဒေါ်ချိုး၏ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်။ ထိုအချိန်တွင် ကျိရှောင်ယင်က သူမ၏ အရှိန်ကို လျှော့ချလိုက်ပြီး အဒေါ်ချိုးကို စောင့်ကြည့်ရန် သစ်ပင်နောက်သို့ ၀င်ပုန်းလိုက်သည်။
အဒေါ်ချိုးက သူမ၏အိမ်တံခါးဆီ သွားနေရင်း နောက်သို့ ထိတ်လန့်တကြား ပြန်လှည့်ကြည့်နေခဲ့သည်။ သူမနောက်သို့ မည်သူမျှမလိုက်လာကြောင်း အတည်ပြုပြီးနောက်မှသာ သူမက သစ်သားတံခါးကို တွန်းဖွင့်ကာ ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။ သို့သော် သူမ အလွန်စိတ်လှုပ်ရှားနေသောကြောင့် တံခါးကို သေသေချာချာ ပြန်ပိတ်ရန် မေ့သွားခဲ့သည်။
ကျိရှောင်ယင်က အဒေါ်ချိုး အိမ်ထဲသို့ ဝင်သွားသည်ကို စောင့်ဆိုင်းနေပြီးမှ သူမ နောက်သို့ လိုက်သွားခဲ့သည်။ ခြံတံခါးကို ဖွင့်ထားသောကြောင့် သူမက တံခါးတွန်းဖွင့်ရန်ပင် မလိုဘဲ ခြံဝင်းထဲသို့ တန်းတန်းမတ်မတ် ၀င်လာခဲ့သည်။ ခြံ၀င်းထဲသို့ ဝင်လာပြီးနောက် ကျိရှောက်ယင်က အိမ်ထဲသို့ အလျင်စလို မ၀င်သွားဘဲ အိမ်ထဲမှ လှုပ်ရှားမှုများ သို့မဟုတ် စကားသံများကို နားထောင်ရန် တံခါးနားသို့ ချဉ်းကပ်လိုက်သည်။
အဒေါ်ချိုးက အလျင်လိုနေပြိး သူမ၏ခင်ပွန်းဖြစ်သူကို အခန်းထဲသို့ ဆွဲခေါ်သွားကာ ကမန်းကတန်း ပြောပြလိုက်သည်။
“ယောကျာ်း၊ ကျွန်မ ဒီနေ့ ပြန်မလာနိုင်တော့လောက်ဘူး။ နောက်နှစ်ရက်လောက်အထိလည်း ပြန်လာဖြစ်မှာ မဟုတ်ဘူး။ အဲ့မကောင်းတဲ့ စူးချင်းကို သွားစောင့်ကြည့်ရဦးမယ်။ ရွှေရှန့်က သူ(မ)ကို ကျုံးယုံရဲ့အိမ်မှာ ဝှက်ထားချင်နေတာ၊ ကျုံးယုံရဲ့အိမ်နော်၊ သေသေချာချာ မှတ်ထားဦး"
“ကောင်းပါပြီ၊ ငါ အဲဒါကို သေချာ မှတ်ထားပါ့မယ်။ မင်းလည်း သတိထားဦး"
ဦးလေးချိုး သူ့မိန်းမကို သတိပေးနေချိန်တွင် အခန်းထဲမှ အဘိုးချိုး၏ ချောင်းဆိုးသံ ထွက်ပေါ်လာသည်။ ချိုးယုံခန်း ပျောက်သွားပြီးကတည်းက အဘိုးချိုး နေမကောင်းဖြစ်နေခဲ့ပြီး ယခု သူ့ချွေးမနှင့်သား၏ စကားပြောသံကို ကြားလိုက်ရသောကြောင့် အိမ်ခန်းထဲမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
"အဖေ၊ အထဲကို မြန်မြန်ပြန်၀င်လေ"
အဒေါ်ချိုးက အခန်းထဲမှ ထွက်လာသည့် အဘိုးချိုးကို ကြည့်ကာ ခတ္တတုံ့ဆိုင်းသွားခဲ့သည်။ အဘိုးချိုးက နီရဲနေသော မျက်လုံးများဖြင့် သူမကို ကြည့်နေပြီး အပြင်းအထန် ချောင်းဆိုးနေပြန်သည်။ သို့သော်လည်း သူက အဒေါ်ချိုးကို သတိပေးလိုက်သေးသည်။
"ချွေးမ၊ မိုက်မဲတာတွေ မလုပ်နဲ့"
“အဖေ၊ စိတ်မပူပါနဲ့၊ အဖေက ချိုးယွဲ့နဲ့ ယုံခန်းကို ကာကွယ်ပေးနိုင်ခဲ့လို့လား? ဒီလိုတွေ ဖြစ်လာမှတော့ သူများလုပ်နေတာကို ၀င်မစွက်ဖက်နဲ့တော့၊ အဖေ ချိုးယွဲ့အတွက် လက်စားမချေချင်ရင်တောင် ကျွန်မကတော့ အမေအယောက်အနေနဲ့ ကျွန်မသမီးအတွက် လက်စားချေရမယ်"
အဒေါ်ချိုးက အလွန်ဒေါသထွက်နေပြီး ယောက္ခမကိုပင် မလေးစားတော့ပေ။ ချိုးယွဲ့၏အမည်ကို ပြောလိုက်ချိန်တွင် သူမ၏မျက်လုံးများ နီရဲလာပြီး ထိုမျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်လာပြန်သည်။
အဘိုးချိုးက အသက်ကြီးသူဖြစ်ပြီး အတွေ့အကြုံရင့်ကျက်နေကာ ပင်ကိုယ်စရိုက်အရလည်း ပါးနပ်သူဖြစ်သောကြောင့် တချို့အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေခဲ့သည်။ သူက မချိပြုံး ပြုံးလိုက်ပြီး သူ့ချွေးမကို သတိပေးလိုက်သည်။
"စူးချင်းက ဘယ်လိုလူမျိုးလဲဆိုဝာာ မင်းတို့မသိဘူးလား? သူ(မ)က ဘယ်လို ဒဏ်ရာ ရနိုင်မှာလဲ? အဲဒါ မင်းတို့ ခုန်ချလာမှာကို စောင့်နေတဲ့ ထောင်ချောက်တစ်ခုသက်သက်ပဲ!”
“အဖေ၊ သူတပါးကို အရမ်းအထင်မကြီးပါနဲ့။ သူ(မ)က နတ်ဘုရားမဟုတ်သလို မသေမျိုးလည်း မဟုတ်ဘူး။ အခု သူ(မ)တောင့်မခံနိုင်လောက်တော့ဘူး၊ ဒါက အခွင့်အရေးတစ်ခုပဲ။ ဒါကို လွဲချော်သွားရင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး၊ ကျွန်မ မဖြစ်မနေ ကြိုးစားရမယ်"
အဒေါ်ချိုး၏မျက်လုံးများတွင် ရူးသွပ်နေသည့်အရိပ်အယောင်များ ရှိနေခဲ့ပြီး စူးချင်းအကြောင်း ပြောနေချိန်တွင် သူမ အံကြိတ်နေခဲ့သည်။
တကယ်က သူမမှာ အရည်အချင်း မရှိလို့ပေါ။ သူမမှာသာ အာဏာနဲ့ အစွမ်းအစရှိရင် ချိုးယွဲ့အတွက် လက်စားချေဖို့ အဲဒီရက်စက်တဲ့မိန်းမကို သူမကိုယ်တိုင် သွားသတ်ပစ်မိမှာ သေချာတယ်။
"သားကြီး၊ မင်းရဲ့မိန်းမကို နည်းနည်းပါးပါး ဖျောင်းဖျပါဦး"
သူ့၏ချွေးမက ခေါင်းမာလွန်းနေသည်ကို မြင်လိုက်ရသောကြောင့် အဘိုးချိုးက ဒေါသထွက်သွားပြီး အုတ်ခုတင်ကို လက်ဖြင့် ရိုက်ကာ သူ့သားကို အော်ဟစ်လိုက်သည်။
ချိုးယုံခန်း၏ဖခင်က အများအားဖြင့် သူ့အဖေ၏စကားကို မြေဝယ်မကျ နားထောင်သူ ဖြစ်သည်။ သူ့အဖေက အရှေ့သို့ သွားခိုင်းလျှင် သူက အနောက်သို့ ဘယ်သောအခါမှ မသွားရဲသောသူသာ ဖြစ်သည်။ သို့သော် ယနေ့တွင် သူက သူ့မိန်းမနှင့် အတူတူ တစ်ဘက်တည်း ရပ်တည်နေလေသည်။
"အဖေ၊ ချိုးယွဲ့က စူးချင်းဆီမှာ အသတ်ခံခဲ့ရတယ်။ သူ(မ) သေဆုံးပြီးတာတောင် သူ(မ)ရဲ့ခန္ဓာကိုယ်ကို တူးဖော်ခံခဲ့ရပြီး သူမရဲ့အတွင်းအင်္ဂါတွေကို ဆွဲထုတ်ခံခဲ့ရတယ်။ အဲဒီမြင်ကွင်းကို တွေးကြည့်မိတာနဲ့ စူးချင်းကို ကျွန်တော့်လက်နဲ့ကိုယ်တိုင် သတ်ချင်မိတယ်။ ဒီမိစ္ဆာမ သေသွားတာနဲ့ ယုံခန်းလည်း အိမ်ကို ပြန်လာနိုင်ပြီ။ ဒီမိန်းမ ရှိနေသရွေ့ ယုံခန်း ဘယ်တော့မှ ပြန်မလာနိုင်လောက်ဘူး၊ အဲ့မိန်းမက ကျွန်တော်တို့မိသားစုကို ဖျက်ဆီးခဲ့တယ်။ သူ(မ)ကို ဘာလို့ အသက်ရှင်ခွင့်ပေးရမှာလဲ?"
ချိုးယုံခန်း၏ဖခင်က သူ့၏ဇနီးထက်ပင် စိတ်ခံစားမှုများ ပိုများနေခဲ့သည်။ သူ့သမီး၏ ကြေကွဲဖွယ်သေဆုံးမှုက သူ့ကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပြီး သူ့သမီးအတွက် လက်စားချေနိုင်မည်ဆိုပါက သူ့အသက်ကို ဆုံးရှုံးရလျှင်ပင် သူ နောင်တမရှိဘဲ အေးအေးချမ်းချမ်း အနားယူနိုင်ပေးလိမ့်မည်။
“ဟူး၊ မင်းတို့ ဒီအဖိုးကြီးရဲ့စကားကို နားမထောင်ရင် မင်းတို့ပဲ ဒုက္ခရောက်လိမ့်မယ်။ စူးချင်းက ကိုယ်တွယ်ဖို့ လွယ်တဲ့သူ မဟုတ်ဘူး၊ ရွှေရှန့်ကလည်း မင်းတို့တွေးနေသလောက် မမိုက်မဲဘူး၊ မင်းတို့ သူတို့ကို ဘယ်နည်းနဲ့မှ မယှဥ်နိုင်ဘူး”
ထိုစကားများကို ရေရွတ်နေသည့် အဘိုးချိုး၏မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်လာခဲ့သည်။
သူလည်း စူးချင်းကို မုန်းတာပါပဲ။ စူးချင်းက ချိုးယွဲ့ကို သတ်ခဲ့တဲ့သူ ဖြစ်တဲ့အကြောင်း သိပြီးတဲ့အချိန်ကစပြီး သူ စူးချင်းကို အရင်လို မလေးစားနိုင်တော့ဘူး။ သူမက ထောင်ဟွားဝူကလူတိုင်းကို ကယ်တင်ပေးခဲ့ပေမယ့် ချိုးယွဲ့ကို သတ်ပြီး ယုံခန်းကို နှင်လွှတ်ခဲ့တယ်။ ဒီအချက်နှစ်ချက်ကြောင့် သူလည်း စူးချင်းကို ခွင့်မလွှတ်နိုင်ဘူး။
ဒါပေမယ့် သူက သူ့သားနဲ့ချွေးမအတွက် ပိုစိုးရိမ်နေမိတယ်။ မတော်တဆ တစ်ခုခုသာ ဖြစ်လာခဲ့ရင် သူတို့မိသားစုအပြီးတိုင် ပျောက်ကွယ်သွားရလိမ့်မယ်။
“ကျွန်မတို့ သူတို့ကို လုံးဝ အနိုင်မယူနိုင်တာတော့ မဟုတ်ပါဘူး။ အဲဒါက သူတို့ကို ဘယ်သူက ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ ရွှေရှန့်နဲ့ စူးချင်း ဘယ်လောက်ပဲ အင်အားကြီးကြီး သူတို့က နန်းတွင်းက လူတွေကို ယှဉ်နိုင်မှာတဲ့လား?”
အဒေါ်ချိုးက မထီမဲ့မြင်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။ ယခင်က သူမ ကျိရွှေရှန့်အတွက် တွေးတောပေးခဲ့သော်လည်း ယခုအချိန်တွင် သူမက တခြားသူများအတွက် မတွေးချင်တော့ပေ။ သူမအတွက် သူမ၏သမီးထက် မည်သူကမျှ ပိုအရေးမကြီးတော့ပေ။
“ဟူး”
အဘိုးချိုးက သူ ဘာမှမတတ်နိုင်တော့ကြောင်း နားလည်သွားပြီး သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
ထားလိုက်ပါတော့... သူတို့ မိသားစုတစ်ခုလုံး မရဏကမ္ဘာမှာ ပြန်ဆုံကြတာပေါ့။
အခန်း၏အပြင်ဘက်တွင် ရှိနေသည့် ကျိရှောင်ယင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး သူမ၏ပါးစပ်ကို မယုံကြည်နိုင်စွာ ဖုံးအုပ်လိုက်မိသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? အဒေါ်ချိုးနဲ့ ဦးလေးချိုး၊ ပြီးတော့ သူမလေးစားရဲ့အဘိုးချိုးတို့က အစ်မစူးချင်းနဲ့ရန်သူတွေ ဖြစ်သွားကြပြီလား?
ပြီးတော့ အစ်မစူးချင်းက အစ်မချိုးယွဲ့ကို သတ်ခဲ့တာတဲ့လား? အဲ့ဒါကရော အမှန်လား?
အစ်မစူးချင်းက အစ်မချိုးယွဲ့ကို ဘာကြောင့် သတ်ခဲ့တာလဲ? သူမတို့ကြားထဲမှာ ဘာအာဃာတမှ မရှိဘူးမဟုတ်လား?
ထိုအချိန်တွင် အဒေါ်လီက စူးချင်းထံသို့ သွားပို့ရန် သိုးသားပြုတ်ပန်းကန်လုံးနှင့် ကြက်ဥပြုတ်နှစ်လုံးကို သယ်ကာ သူမ၏အိမ်ထဲမှ ထွက်လာခဲ့သည်။
စူးချင်းက မိသားစုတိုင်းကို အကာအကွယ် ပေးခဲ့ပြီး ယခု သူမ ဒဏ်ရာရနေခဲ့သည်။ သူမတို့ မိသားစုကလည်း စူးချင်း၏ကြင်နာမှုကို ရရှိခဲ့သောကြောင့် သူမတို့အနေဖြင့် စူးချင်းကို ကျေးဇူးတင်သင့်သည်ဟု အဒေါ်လီက သတ်မှတ်ထားခဲ့သည်။
အဒေါ်လီက သူမ၏အိမ်ထဲမှ ထွက်လာခဲ့ပြီး ကျိရှောင်ယင်က ချိုးမိသားစု၏အိမ်ဝင်ပေါက်တွင် ရပ်နေကာ တစ်စုံတစ်ခုကို နားထောင်နေပုံဖြင့် သူမ၏မျက်နှာကို တံခါးရွက်နှင့် ကပ်ထားသည်ကို လှမ်းမြင်လိုက်ရသည်။
"ရှောင်ယင်၊ မင်း ဘာလုပ်နေတာလဲ?"
အဒေါ်လီက ကျိရှောင်ယင် ထူးဆန်းနေသည်ဟု တွေးမိကာ လှမ်းမေးလိုက်ခြင်း ဖြစ်ပြီး သူမက ကျိရှောင်ယင်၏အဖြေကို မစောင့်ဘဲ သူမဘာသာ ဆက်ပြောနေသးသည်။
"ငါ စူးချင်းကို သွားကြည့်မလို့။ စူးချင်း ဘယ်မှာလဲဆိုတာ ရှောင်ယင် သိလား?"
“ရှူး”
အဒေါ်လီ၏ရုတ်တရက် စကားသံကြောင့် ကျိရှောင်ယင်က ထိတ်လန့်သွားပြီး အိမ်ထဲရှိ ချိုးမိသားစုအား သတိပေးလိုက်သလိုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် အဒေါ်လီကို တိတ်တိတ်နေရန် အမူအရာ လုပ်ပြလိုက်သည်။
သို့သော်လည်း တုံးအလွန်းသော အဒေါ်လီက ကျိရှောင်ယင်ကို ထပ်မေးလိုက်ပြန်သည်။
"မင်းက ဘာကြောင့် တရှူးရှူး လုပ်နေရတာလဲ? ဘာဖြစ်လို့လဲ?"
ကျိရှောင်ယင်၏မျက်နှာက ညှိုးငယ်သွားပြီး သူမ၏နှဖူးကို သူမလက်ဖြင့် ပြန်ရိုက်လိုက်သည်။
အဒေါ်လီက ဘာကြောင့် ဒီလောက် အလိုက်မသိရတာလဲ?
အတွင်းထဲမှ အသံမျးက ချက်ချင်း တိတ်ဆိတ်သွားပြီး ချိုးမိသားစုမှ မိသားစုဝင်သုံးဦးစလုံး ထိတ်လန့်သွားကြသည်။ အခန်းထဲမှ ဘာအသံမှ ထပ်မကြားရသောကြောင့် ကျိရှောင်ယင်ကလည်း အထဲမှ လူများ အဒေါ်လီ၏စကားကို ကြားသွားပြီးဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ကျိရှောင်ယင်က စိတ်တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီးမှ တံခါးခေါက်ကာ အော်ခေါ်လိုက်သည်။
"ဦးလေးချိုး၊ အဒေါ်ချိုး အိမ်ကို ပြန်မရောက်သေးဘူးလား? အဒေါ်က ဗိုက်အရမ်း နာနေတယ်လို့ ပြောတယ်၊ ကျွန်မ စိတ်ပူလို့ လိုက်လာခဲ့တာ”
အခန်းထဲမှ ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည့် အဒေါ်ချိုးက ကျိရှောင်ယင်၏စကားကို ကြားသွားပြီး တွေဝေနေပြန်သည်။ နောက်ဆုံးတွင် သူမက မသေချာမရေရာဟန်ဖြင့် အုတ်ခုတင်ပေါ်မှ ယောက္ခမဖြစ်သူကို လှမ်းကြည့်ကာ တိုးတိုးလေး မေးမြန်းလိုက်သည်။
"အဖေ၊ သူ ကျွန်မတို့ ပြောနေတာတွေကို မကြားလိုက်ဘူးလား?"
အဘိုးကြီးချိုးက သက်ပြင်းချလိုက်ပြီး သူ့ချွေးမ၏မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ထိုအစား အဓိပ္ပာယ်ရှိသည့် အချက်ကိုသာ ထောက်ပြလိုက်သည်။
"ရှောင်ယင်လည်း ကြီးပြင်းလာပြီ။ နောက်ဆုံးတော့ သူ(မ)လည်း သူ(မ)ရဲ့အစွမ်းအစတွေကို ဖုံးကွယ်တတ်ဖို့ သင်ယူနိုင်ခဲ့ပြီ”
"အဖေ၊ ရှောင်ယင်က ကျွန်တော်တို့ ပြောနေတာတွေကို ကြားပြီးပြီလို့ အဖေ ပြောနေတာလား?"
ချိုးယုံခန်း၏ဖခင်က သူ့အဖေ၏စကားများထဲမှ အချို့အရာများကို နားလည်နိုင်ခဲ့ပြီး သူ့မျက်လုံးများထဲမှ စူးရှသောအလင်းရိပ်တစ်ချို့ ထွက်လာခဲ့သည်။
"ဒါဆို ကျွန်တော်တို့ သူ(မ)ကို ဆက်ထားလို့ မဖြစ်တော့ဘူး!"