သရုပ်ဆောင်စွမ်းဆောင်
Vol. 30 Ch. 438
အဘိုးချိုး၏ အဆင့်အတန်းက ထူးခြားလှသည်။ သူက ထောင်ဟွားဝူ၏ခေါင်းဆောင် ဖြစ်ပြီး အတိအကျပြောရလျှင် သူက ရှောင်းကျဲယွိနှင့် ကျိရှောင်ယင်တို့၏ ကျေးဇူးရှင်လည်း ဖြစ်သည်။ အကယ်၍ သူက သူတို့ကို လက်ခံမည်ဟု မပြောခဲ့ပါက ပိုင်ကျို့ရှန်းနှင့် သူတို့မောင်နှမ ဆက်လက်ထွက်ပြေးနေရမည်ဖြစ်ပြီး အခြေချနေထိုင်နိုင်ခဲ့မည် မဟုတ်ပေ။
ဤမျှသော ကြင်နာမှုကြောင့် ရှောင်းကျဲယွိက သူတို့အား သက်သေနှင့်တကွ ဖမ်းဆီးနိုင်ရန် ကြိုးစားနေခဲ့ရခြင်း ဖြစ်သည်။ သူက ဦးလေချိုးနှင့် အဒေါ်ချိုးတို့ကို ဖြေရှင်းနိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်ရန် ဆန္ဒရှိနေခဲ့ပြီး အဘိုးချိုးကို အပြစ်ကင်းစွာ ချန်ထားရန် စီစဥ်ထားခဲ့သည်။
ထို့ကြောင့် သူက အရာအားလုံးကို ပြီးပြည့်စုံအောင် စီစဉ်ထားခဲ့ပြီး စူးချင်း၏နေရာကို တမင်တကာ ပေါက်ကြားစေကာ တင်းမာသောလေထုကို ဖန်တီးရန် ဘယ်သူမှ ထွက်သွားခွင့် မရှိကြောင်း ညွှန်ကြားခဲ့သည်။ စူးချင်း ဒဏ်ရာအပြင်းအထန် ရနေကြောင်း အဒေါ်ချိုး ယုံကြည်စေရန် ပြသခဲ့ပြီး သူမ အိမ်ပြန်ပြီး သတင်းပို့နိုင်ရန်လည်း အခွင့်အရေးပေးခဲ့သည်။
ရှောင်းကျဲယွိက သူ့လူများ စေလွှတ်ထားပြီးဖြစ်ကာ ထောင်ချောက်ထဲသို့ ဝင်ရောက်လာမည့် အဒေါ်ချိုးနှင့် ဦးလေးချိုးတို့ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း ကျိရှောင်ယင်က ချိုးမိသားစုထံ ရုတ်တရက် ရောက်သွားပြီး သူ့၏ အစီအစဉ်များကို နှောင့်ယှက်လိမ့်မည်ဟု ရှောင်းကျဲယွိ မမျှော်လင့်ထားခဲ့ပေ။
ကျိရှောင်ယင်က ရုံးတော်ထဲသို့ ပြေးဝင်သွားခဲ့ပြီး အစောင့်တစ်ယောက်ကို လှမ်းဆွဲကာ အလောတကြီး မေးမြန်းလိုက်သည်။
"ကျွန်မရဲ့အစ်ကိုကြီး ဘယ်မှာလဲ?"
"သခင်လေးက ပြန်မလာသေးဘူး!"
ကင်းစောင့်စစ်သည်က သူတို့သခင်မလေး၏ စိုးရိမ်သောကရောက်နေသောမျက်နှာကို သတိပြုမိသွားပြီး အမြန်ပြန်ဖြေလိုက်သည်။
"ဟင်? သူ ဘယ်ရောက်နေလဲသိလား?"
သူမ၏အစ်ကိုကြီး ပြန်မရောက်လာသေးကြောင်း ကြားလိုက်ရသောကြောင့် ကျိရှောင်ယင်က စိုးရိမ်တကြီးဖြင့် ခြေစောင့်ကာ သူမ၏အစ်ကိုကြီး ရှိနိုင်မည့်နေရာကို မေးမြန်းလိုက်သည်။
“သခင်လေးက မပြောသွားဘူး”
ကင်းစောင့်စစ်သည်ကလည်း အားကိုးရာမဲ့ ဖြစ်နေပုံရသည်။ သူတို့၏သခင်မလေးက တစ်ခုခုကို စိုးရိမ်နေပုံရပြီး အရေးကြီးနေဟန်ရသော်လည်း သူတို့အနေဖြင့် သခင်လေး၏တည်နေရာကို ဘယ်တော့မှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
"ရှောင်ယင်"
ကျိရှောင်ယင် ချန်ယွိကို မေးရန် ပြေးသွားခါနီးတွင် ရှောင်းကျဲယွိက တံခါးအပြင်ဘက်မှ ဝင်လာခဲ့ပြီး သူ့ညီမလေးကို လှမ်းခေါ်ကာ အတွင်းခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးကို မြင်သွားပြီး သူမ ဆွဲခေါ်ခံလိုက်ရသောကြောင့် သူ့နောက်သို့ လိုက်ရန် ငြင်းဆန်နေကာ သူမ၏အစ်ကိုကြီးကို တံခါးအပြင်ဘက်သို့ ပြန်ဆွဲခေါ်နေခဲ့သည်။
“အစ်ကိုကြီး၊ ချိုး…”
သို့သော်လည်း ရှောင်းကျဲယွိက သူမ၏ဆွံ့အမှတ်ကို နှိပ်လိုက်သောကြောင့် သူမ စကားတစ်ခွန်းမှ ထပ်မပြောနိုင်တော့ပေ။ ကျိရှောင်ယင်က ပါးစပ်အဟောင်းသားဖြင့် သူမ၏အစ်ကိုကြီးကို စိုက်ကြည့်နေရင်း တုန်လှုပ်ခြောက်ခြားစွာနေပုံရကာ သူမ၏မျက်လုံးကြီးများတွင် မျက်ရည်များဝဲလာတော့သည်။
အစ်ကိုကြီးက ဘာတွေလုပ်နေတာလဲ? ဘာလို့ သူမကို စကားပြောခွင့် မပေးတာလဲ?
ရှောင်းကျဲယွိက သူ့အသံကို လျှော့လိုက်ပြီး ကျိရှောင်ယင်ကို အမိန့်ပေးလိုက်သည်။
"ငါ့နောက်ကို အေးအေးဆေးဆေး လိုက်ခဲ့"
ကျိရှောင်ယင်က သူမ အစ်ကိုကြီး၏ လေးနက်သော အမူအရာကို မြင်သွားပြီး တစ်ခုခုကို နားလည်သွားပုံရကာ ဆက်မရုန်းကန်တော့ဘဲ သူမအစ်ကိုကြီး၏နောက်သို့ နာနာခံခံ လိုက်ပါသွားတော့သည်။
ရှောင်းကျဲယွိက သူ့ညီမလေးကို ဧည့်ခန်းထဲသို့ ခေါ်သွားခဲ့ပြီး သူမ၏ဆွံ့အမှတ်ကို ပြန်ဖွင့်ပေးလိုက်သည်။ သူမ အသံထွက်နိုင်သည်နှင့်တပြိုင်နက် ကျိရှောင်ယင်က သူမ၏အစ်ကိုကို ချက်ချင်း လှမ်းမေးလိုက်သည်။
"အကိုကြီး၊ ဘာလို့ ညီမလေးကို စကားမပြောခိုင်းတာလဲ?"
"မင်း အဒေါ်ချိုးအကြောင်း ပြောချင်နေတာမလား? အဲ့အကြောင်းဆိုရင် ပြောနေစရာ မလိုတော့ဘူး။ ငါ အားလုံးသိတယ်။ မင်း လုပ်ရမှာက ငါတို့နဲ့ ပူးပေါင်းဖို့ပဲ”
ရှောင်းကျဲယွိက သူ့ညီမလေး မေးခွန်းများ ထပ်မမေးလာစေရန် သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး သူ့အစီအစဉ်များကို တိုးတိုးလေး ပြောပြလိုက်သည်။
ကျိရှောင်ယင်က အဒေါ်ချိုးနှင့်ပတ်သတ်သည့်ကိစ္စများကို သူမ၏အစ်ကိုကြီး သိထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက သူမအစ်ကိုကြီး၏အစီအစဥ်ကို ပျက်စီးလုနီးပါး ဖြစ်အောင် လုပ်ခဲ့မိသောကြောင့် နောင်တရနေခဲ့ပြီး သူမအစ်ကိုကြီး၏ အကြံအစည်များကို ကြားလိုက်ရချိန်တွင် ချက်ချင်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ဟုတ်၊ ညီမလေး သေသေချာချာ လိုက်လုပ်ပါ့မယ်"
"အင်း၊ ပြီးတော့ ဒီနေ့ ကောင်းကောင်းလုပ်ခဲ့တယ်"
ရှောင်းကျဲယွိက ကျိရှောင်ယင်ကို ချီးကျူးလိုက်သည်။
ဒီနေ့ သူ့ညီမလေးရဲ့တုံ့ပြန်မှုက အရမ်း ကျေနပ်စရာကောင်းတယ်။ သူမက ထက်မြက်ပြီး ဖြတ်ထိုးဉာဏ်ကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့တယ်။ ဘေးဥပဒ်ကို ဘယ်လိုရှောင်ရမလဲဆိုတာ သိနေပြီး သူမကိုယ်တိုင်နဲ့ အဒေါ်လီကို ကာကွယ်နိုင်ခဲ့တယ်။
“....”
သူမ၏အစ်ကိုကြီးကို ကြည့်နေသည့် ကျိရှောင်ယင်၏မျက်ဝန်းလေးများ တောက်ပလာခဲ့သည်။ သူမ ချီးမွှမ်းခံလိုက်ရသည့်အတွက် သူမ အလွန် ဂုဏ်ယူသွားခဲ့သော်လည်း အဒေါ်ချိုးနှင့် ဦးလေးချိုးတို့ လုပ်ခဲ့သောလုပ်ရပ်များကို ပြန်တွေးမိသွားချိန်တွင် ကျိရှောင်ယင်တစ်ယောက် အလွန်ဝမ်းနည်းသွားရပြန်သည်။
အဒေါ်ချိုးက သူမကို ငယ်ငယ်လေးကတည်းက အလိုလိုက်ကာ ပြုစုစောင့်ရှောက်ပေးခဲ့ပြီး သူမကလည်း အဒေါ်ချိုးကို သူမ၏မိခင်သဖွယ် မှတ်ယူထားခဲ့သည်။ သူမကို အမြဲတမ်း ကြင်နာပေးခဲ့သူများက ရုတ်တရက် ရန်သူဖြစ်လာခြင်း၏ထိုးနှက်မှုကို ကျိရှောင်ယင် မခံစားနိုင်သေးပေ။
ဦးလေးချိုးထံမှ သူမ ကြားခဲ့ရသည့်အရာကို တွေးတောနေရင်း ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးကို ထပ်မေးလိုက်သည်။
“အစ်ကိုကြီး၊ အစ်မစူးချင်းက အစ်မချိုးယွဲ့ကို သတ်ခဲ့တယ်လို့ ဦးလေးချိုးဆီကနေ ကြားခဲ့တယ်။ အဲ့ဒါ အမှန်လား?"
"ချိုးယွဲ့က ငါတို့ကို သတင်းသွားပို့ဖို့ ကြိုးစားခဲ့တယ်။ မင်းရဲ့အစ်မစူးချင်းက သူ(မ)ကို သတိပေးထားခဲ့တယ်၊ ဒါပေမယ့် သူ(မ)ကတော့ အဲ့လိုလုပ်ဖို့ ကြိုးစားခဲ့တယ်။ တစ်ရွာလုံးရဲ့ လုံခြုံရေးအတွက် သူ(မ)ကို သတ်ပစ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး”
ရှောင်းကျဲယွိက သူ့ညီမလေးကို မဖုံးကွယ်ထားခဲ့ပေ။ သူက အမှန်အတိုင်း ပြောရန်သာ ဆုံးဖြတ်ခဲ့ပြီး ဇာတ်လမ်းတစ်ခုလုံးကို ရှင်းပြလိုက်သည်။
"အစ်မချိုးယွဲ့က ဘာလို့ ဒီလိုတွေ လုပ်ခဲ့တာလဲ?"
နူးညံ့သိမ်မွေ့သော ချိုးယွဲ့က အဘယ်ကြောင့် တစ်ရွာလုံးအား အန္တရာယ်ဖြစ်စေမည့် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့မှန်း ကျိရှောင်ယင် နားမလည်နိုင်ဖြစ်နေခဲ့သည်။ ခဏအကြာတွင် သူမက ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူမ၏အစ်ကိုကြီးကို လှမ်းကြည့်နေပြန်သည်။ ထို့နောက် သူမက အရာအားလုံးကို နားလည်သွားပုံဖြင့် သူ့၏မျက်လုံးများကို စိုက်ကြည့်နေပြန်သည်။
"အစ်ကိုကြီး၊ အစ်မချိုးယွဲ့က အစ်ကိုကြီးကို သဘောကျနေတာဆိုတော့ အစ်ကိုကြီးကြောင့်လား?"
“ဟမ့်၊ အဲဒါက တစ်ရွာလုံးကို ထိခိုက်စေဖို့ လုံလောက်တဲ့ အကြောင်းအရင်းလား? ခံစားချက်ဆိုတာက အတင်းလုပ်ယူလို့ မရဘူး။ သူတို့က ဘာလို ဒါကိုတောင် နားမလည်နိုင်ကြတာလဲ?”
ရှောင်းကျဲယွိ၏မျက်နှာက ရေသေကန်ကဲ့သို့ မည်းမှောင်နေလေသည်။
ချိုးမိသားစုက မောင်နှမနှစ်ယောက်လုံးက အတူတူပဲ။ သူတို့က တစ်ယောက်ယောက်ကို ကြိုက်တာနဲ့ အဲ့လူက သူတို့ကို ပြန်ကြိုက်ရမယ်လို့ သတ်မှတ်ထားကြတယ်။ အဲ့လိုဖြစ်မလာတော့ သူတို့က တခြားလူတွေကို ဒုက္ခပေးပြီး သတ်ပစ်ဖို့တောင် ကြံစည်ရဲကြတယ်။ ဒါက ချစ်ခြင်းမေတ္တာမဟုတ်ဘူး။ ရူးမိုက်တဲ့ ပိုင်ဆိုင်လိုစိတ်နဲ့ တစ်ကိုယ်ကောင်းဆန်းလွန်းတဲ့ အတ္တတွေ....
ကျိရှောင်ယင်ကလည်း သူမ၏မွေးစားအမေအား ဆုံးရှုံးလိုက်ရသည့်အကြောင်းကို ပြန်တွေးသွားမိပြီး ချိုးယုံခန်းက သူမအတွက်ဟု ပြောခဲ့သည်ကို ပြန်သတိရသွားခဲ့သည်။ ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးကို ထပ်ကြည့်လိုက်ကာ အလောတကြီး ထပ်မေးလိုက်သည်။
"အစ်ကိုကြီး၊ ညီမလေးက မွေးစားအမေနဲ့အတူ နေနေတာကြောင့် အစ်ကိုကြီးချိုးက ညီမလေးနဲ့ အစ်ကိုကြီးကျုံး စေ့စပ်ကြောင်းလမ်းထားတယ်လို့ ထင်နေတာလား?"
“အဲ့ဒီလို ဖြစ်နိုင်တယ်၊ ဒါပေမယ့် ချိုးယုံခန်းက ဟိုးအရင်ကတည်းက ဝမ်မိသားစုနဲ့ ပူးပေါင်းခဲ့တာလည်း ဖြစ်နိုင်တယ်။ သူ ရန်သူတွေနဲ့ ဆက်သွယ်နေတာကို မွေးစားအမေသိသွားလို့ နှုတ်ပိတ်ဖို့ သတ်ပစ်ခဲ့တာလည်း ဖြစ်နိုင်သေးတယ်”
သူ့ညီမလေး၏စကားကို ကြားလိုက်ချိန်တွင် ရှောင်းကျဲယွိကလည်း ထိုကိစ္စ ဖြစ်နိုင်ချေရှိသည်ကို ခံစားမိလိုက်သော်လည်း သူတို့၏မွေးစားအမေက ချိုးယုံခန်း သစ္စာဖောက်နေသည်ကို ရှာတွေ့သွားခဲ့သည်က ပိုဖြစ်နိုင်ချေများသည်ဟု သူ ထင်နေခဲ့သည်။
“ဒီအကြောင်း ထပ်မပြောတော့ဘူး။ အခု ချိုးမိသားစုဆီကို သွားကြမယ်"
ရှောင်းကျဲယွိက သူ့ညီမလေးကို မေးခွန်းများ ဆက်မမေးရန် တားဆီးလိုက်ပြီး သူမကို ဆွဲခေါ်သွားပြန်သည်။ လမ်းတစ်လျှောက်တွင် မောင်နှမနှစ်ယောက် သူတို့ ပြောရမည့်စကားများကို ပြန်လေ့ကျင့်လာခဲ့ကြသည်။ လက်ရှိတွင် ချိုးမိသားစု သစ္စာဖောက်နေကြောင်း သူတို့ မသိသေးသလို ဟန်ဆောင်ကြမည် ဖြစ်ပြီး ထိုလူများကို အယုံပြန်သွင်းရန် ကြိုတင်တိုင်ပင်ထားပြီး ဖြစ်သည်။
.....။.....။......
ချိုးမိသားစု၌.....
အဖေချိုးက စစ်သည်များနှင့်အတူ စစ်တပ်သမားတော်ကို သူ့အိမ်သို့ ခေါ်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူက သူ့၏အသက်ဝိညာဉ်ကို ဆုံးရှုံးသွားသလို ခံစားနေရပြီး သူ့စိတ်က ဗလာကျင်းနေလေသည်။
အခု သူ ထွက်ပြေးချင်ရင်တောင်မှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။
သူက စစ်တပ်သမားတော်ကို သူ့အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး သူ့မိန်းမက ထထိုင်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏မျက်နှာက ဖြူဖျော့နေပြီး အမှန်တကယ် နေမကောင်းသလို ဖြစ်နေခဲ့သော်လည်း အဖေချိုးကတော့ သူမ သူ့လိုမျိုး ကြောက်နေမှန်း သိနေခဲ့သည်။
စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ကျက်သရေက အန္တရာယ်တွေကြားကနေ ဆင်းသက်လာတယ်လို့ ပြောလေ့ရှိကြတယ်။ သူက သူတို့ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေကို တိုးပွားစေချင်တယ်။ အခု သူ့သားက အဲ့လိုအလင်းရောင်လမ်းမကြီးပေါ်ကို လျှောက်လှမ်းနေပြီ။ သူ့သားသာ ရှောင်းကျဲယွိနဲ့ အတူရှိနေခဲ့ရင် သူသားက တစ်သက်လုံး ပုန်ကန်သူပဲ ဖြစ်နေပြီး သူ့မိသားစုတစ်ခုလုံး အနှေးနဲ့အမြန်ဆိုသလို ပျက်စီးသွားလိမ့်မယ်။
သူ အခု အသတ်ခံရမှာကို မကြောက်ပေမယ့် သားဖြစ်သူပေးတဲ့ တာဝန်ကို ပြီးမြောက်အောင် မလုပ်ပေးနိုင်ခဲ့လို့ နောင်တရတယ်။ သူ့သား ဂုဏ်သရေရှိသူတစ်ယောက်ဖြစ်လာဖို့၊ နန်းတွင်းမှာ အရာရှိဖြစ်ပြီး ချိုးမိသားစုရဲ့ အဆင့်အတန်းကို ပြောင်းလဲဖို့ ကြိုးစားနေတာကို ကူညီနိုင်မယ့် အခွင့်အရေးမျိုး သူ့မှာ မရှိတော့ဘူး။
အဒေါ်ချိုးကလည်း သူမ၏ခင်ပွန်း ပြန်ရောက်လာသည်ကို မြင်သွားခဲ့သည်။ ကျိရှောင်ယင် ပြေးထွက်သွားခြင်းကပင် သူမကို အလွန်အမင်း ကြောက်လန့်နေစေပြီဖြစ်ကာ သူမ၏ခင်ပွန်းနှင့်အတူ စစ်သည်နှစ်ဦးပါလာသောကြောင့် သူမ အကြောက်လွန်းပြီး ခြေလက်များပင် အေးခဲလာတော့သည်။
သူမက စကားမပြောနိုင်သလို အသက်ရှူပင် မဝတော့ဘဲ သူမ၏နှလုံးနေရာကို ဖိထားလိုက်ရသည်။
နောက်ဆုံးတွင် သူမ နေမကောင်းဖြစ်နေသလို ဟန်ဆောင်စရာ မလိုတော့ဘဲ စစ်တပ်သမားတော်က သူမ၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီး သူမ၏နှလုံးခုန်နှုန်း အလွန်မြန်နေသည်ကု စစ်ဆေးတွေ့ရှိသွားခဲ့သည်။ နှလုံးပြသနာ ပြင်းထန်သော ရောဂါတစ်ခု ဖြစ်သောကြောင့် စစ်တပ်သမားတော်၏ အမူအရာက ပိုလေးနက်လာပြီး သူက အဒေါ်ချိုး၏သွေးခုန်နှုန်းကို သေချာ စစ်ဆေးပေးနေခဲ့သည်။
အစပိုင်းတွင် အဖေချိုးက ထိုလူများကို မောင်းထုတ်ရန်သာ စိတ်စောနေခဲ့ပြီး သွေးခုန်နှုန်းကို စစ်ဆေးပြီးသည့်တိုင် စစ်တပ်သမားတော်က ဘာမှ ပြန်မပြောသည်ကို မြင်လိုက်ရချိန်တွင်တော့ သူက သူ့မိန်းမအတွက် စိုးရိမ်သွားပြီး အလောတကြီး လှမ်းမေးလိုက်သည်။
"သမားတော်ကြီး၊ ငါ့ဇနီးက ဘာဖြစ်တာလဲ?"
“သူ(မ)ရဲ့ နှလုံးခုန်နှုန်းက အရမ်းမြန်တယ်။ ဒီရောဂါမျိုးက ရုတ်တရတ် သေသွားဖို့ လွယ်ကူလွန်းတယ်။ လူနာကို ခြောက်လန့်မိလို့ မရဘူး၊ စိတ်လှုပ်ရှားအောင်လည်း မလုပ်ရဘူး၊ ဒေါသထွက်အောင် လုပ်လို့ မရဘူး”
စစ်တပ်သမားတော်က သွေးခုန်နှုန်းကို သေသေချာချာ ထပ်စစ်ဆေးနေရင်း လူနာ၏ခင်ပွန်းဖြစ်သူအား သတိထားရမည့်အရာများကို ညွှန်ကြားလိုက်သည်။
"အမ်?"
အဖေချိုးက စစ်တပ်သမားတော်ကို သူ့နှလုံးသားထဲမှ ကျိန်ဆဲနေခဲ့သည်။
သူ့မိန်းမက ဘယ်လိုလုပ်ပြီး နှလုံးတုန်နေတာ ဖြစ်နိုင်မှာလဲ? အဓိပ္ပါယ်မရှိတာတွေ လာပြောနေတယ်။
သို့သော်လည်း ယခုအချိန်တွင် သူက စစ်တပ်သမားတော်ကို ဘာမှ ပြန်မပြောခဲ့ပေ။
သူ ပြောတဲ့ ရောဂါက ပိုပြီးလေးနက်လေလေ သူတို့အတွက် ပိုကောင်းလေလေပဲ။
“ငါ မင်းတို့အတွက် ဆေးသုံးဖုံ ပေးခဲ့မယ်။ အဲဒါတွေကို သောက်ပြီးလို့မှ ပိုကောင်းမလာတော့ဘူးဆိုရင် ငါ့ကို လာရှာလည်း ဘာမှ အသုံးမဝင်တော့ဘူး။ စူးချင်းကပဲ မင်းမိန်းမကို ကုသပေးနိုင်လိမ့်မယ်"
စစ်တပ်သမားတော်က ဆေးစာ ရေးပေးနေရင်း အဖေချိုးကို ထပ်ရှင်းပြနေကာ အဖေချိုးက မှုန်ကုပ်ကုပ်ဖြင့် ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ သမားတော်ကြီးကို အများကြီး ကျေးဇူးတင်ပါတယ်၊ သမားတော်ကြီး လုပ်စရာရှိတာ သွားလုပ်ပါ။ ကျွန်တော်ဘာသာ ဆေးသွားဝယ်လိုက်ပါ့မယ်"
"မနက်စာ မစားခင်နဲ့ ညစာ စားပြီးနောက်မှာ အစပ်တွေ မစားခိုင်းနဲ့"
အဖေချိုးက စစ်တပ်သမားတော်၏ညွှန်ကြားချက်ကိုပင် ပြီးဆုံးအောင် နားမထောင်ဘဲ သူ့ကို အခန်းအပြင်သို့ တွန်းထုတ်လုနီးပါး ဖြစ်နေခဲ့သည်။
အဖေချိုးက စစ်တပ်သမားတောကို အပြင်သို့ ပြန်လိုက်ပို့ပေးနေခဲ့ပြီး ထိုအချိန်တွင် ရှောင်းကျဲယွိနှင့်အတူ ကျိရှောင်ယင် ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် အဖေချိုး၏မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့လာပြီး သူ့ခြေသလုံးများ ပျော့ခွေလာကာ မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားတော့သည်။