← Chapters

ထောင်ချောက်

Vol. 30 Ch. 439

ထောင်ချောက်

Vol. 30 Ch. 439

"ဦးလေးချိုး၊ ဦးလေး ဘာဖြစ်သွားတာလဲ?"

ရှောင်းကျဲယွိက အဖေချိုးကို ကူညီရန် အလျင်အမြန် လျှောက်လာခဲ့ပြီး ကျိရှောင်ယင်ကလည်း စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။

"ဦးလေးချိုး၊ ဦးလေးလည်း နေမကောင်းဘူးလား? စစ်တပ်သမားတော်​ကို ကြည့်ခိုင်းပေးရမလား?!"

အဖေချိုးက ကျိရှောင်ယင်ကို သံသယဖြင့် ကြည့်နေခဲ့ပြီး အခြေအနေကို ခဏတာအတွင်း နားမလည်နိုင်သေးသောကြောင့် သူ ကြောက်နေဆဲဖြစ်ကာ စကားတောင် မပြောရဲသေးပေ။

“ဒါတွေအားလုံးက ကျွန်တော်အမှားပါ။ ကျွန်တော် စူးချင်း တိုက်ခိုက်ခံရလို့ အရမ်းစိုးရိမ်နေခဲ့ပြီ အဒေါ်ချိုးကို ကောင်းကောင်း ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ ဦးလေးတို့ မိသားစုကိုလည်း လုံလောက်အောင် ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ ဦးလေးချိုး၊ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့"

ရှောင်းကျဲယွိက နောင်တရနေသော မျက်ဝန်းများဖြင့် အဖေချိုးကို တောင်းပန်လိုက်သည်။

“ဦးလေးရဲ့လက်တွေ အရမ်းအေးနေပြီ။ အထဲကို မြန်မြန်ဝင်ရအောင်။ အပြင်မှာ အရမ်း အေးနေပြီ"

ရှောင်းကျဲယွိက အဖေချိုး၏လက်ကို ဆုပ်ကိုင်ထားပြီး စိုးရိမ်နေသည့်အမူအရာဖြင့် အိမ်ထဲသို့ ဝင်ရန် တိုက်တွန်းလိုက်သည်။

အဖေချိုးက ရှောင်းကျဲယွိနှင့် ကျိရှောင်ယင်တို့ကို ချက်ချင်း ဘာမှ ပြန်မပြောရဲသေးဘဲ စောင့်ကြည့်နေဆဲပင်။ ရှောင်းကျဲယွိက သူ့အတွက် စိတ်ပူနေသည်ကို တွေ့လိုက်ရချိန်တွင် သူက ကျိရှောင်ယင်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ပြန်သည်။ အဖေချိုးက သူ့စိတ်ထဲမှ ကြောက်ရွံ့မှုကို လျှော့ချလိုက်ပြီး သက်ပြင်းချကာ ဝမ်းနည်နေသည့်အမူအရာကို ချက်ချင်း ထုတ်ဖော်ပြသလိုက်သည်။

"ငါ နေကောင်းပါတယ်။ မင်းရဲ့အဒေါ်ချိုးက နှလုံးမှာ ပြသနာရှိနေတယ်တဲ့။ အဲ့ဒါက အရမ်းဆိုးတယ်လို့ သမားတော်က ပြောသွားတယ်”

“ဘာမှ မဖြစ်လောက်ပါဘူး၊ အဆင်ပြေသွားမှာပါ။ စူးချင်း ပြန်နိုးလာရင် သူ(မ)ဆီမှာ နှလုံးရောဂါအတွက် ဆေးညွှန်းရှိ မရှိ မေးပေးမယ်"

ရှောင်းကျဲယွိက အဖေချိုးကို နှစ်သိမ့်ပေးရန် စူးချင်း၏အမည်ကို တမင်တကာ ထုတ်ပြောလိုက်သော်လည်း အဖေချိုး၏မျက်လုံးများက ဗလာကျင်းနေကာ တုံ့ပြန်မှု မရှိပေ။

ကျိရှောင်ယင်က အိမ်ထဲသို့ အရင်ဝင်သွားပြီး အဒေါ်ချိုးက သူမကို ထိတ်လန့်တကြား ကြည့်နေသည်ကို သူမ မြင်လိုက်သော်လည်း သူမက အခန်းထဲသို့ ပြေးဝင်သွားပြီး အဒေါ်ချိုး၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"အဒေါ်ချိုး၊ နေသာရဲ့လား? ကျွန်မက အဒေါ် အိမ်သာထဲမှာ မူးလဲသွားမှာကို စိုးရိမ်လို့ အဒေါ့်ကို လိုက်ရှာခဲ့တာ၊ ဒါပေမယ့် အ‌ဒေါ့်ကို မတွေ့ခဲ့ရဘူး၊ အဲ့တာကြောင့် ကျွန်မ အရမ်းစိုးရိမ်နေခဲ့တာ။ တော်သေးတာပေါ့ အဒေါ် အဆင်ပြေနေသေးတယ်၊ အဒေါ် တစ်ခုခု ဖြစ်သွားခဲ့ရင် ကျွန်မကို ဂရုစိုက်မဲ့သူ ရှိတော့မှာ မဟုတ်ဘူး"

ကျိရှောင်ယင်က စကားပြောနေရင်း မျက်လုံးများ နီရဲလာကာ သူမ ဝမ်းနည်းနေမှန်း သိသာနေလေသည်။

အရင်တုန်းက အဒေါ်ချိုး သူမကို ဂရုစိုက်ပေးခဲ့တဲ့မြင်ကွင်းတွေက သူမရဲ့မျက်စိရှေ့မှာ အလိုလို ပြန်ပေါ်လာတယ်။ အခု အဲ့လို အတိတ်တွေကို ပြန်မရနိုင်တော့ဘူးဆိုတာ သေချာသွားပြီဆိုတော့ သူမ အရမ်းဝမ်းနည်းနေမိတယ်။

"ငါ အဆင်ပြေတယ်၊ ငါ အဆင်ပြေပါတယ်"

ကျိရှောင်ယင် အလွန်စိတ်မကောင်းဖြစ်နေပြီး ငိုနေသည်ကို မြင်လိုက်ရသောကြောင့် အဒေါ်ချိုးလည်း ရင်နင့်သွားရသည်။ သူမက သူမလက်ကို မြှောက်လိုက်ပြီး ကျိရှောင်ယင်၏လက်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

ဖြစ်နိုင်ရင်တော့ ရှောင်ယင်က သူမရဲ့ချွေးမလေး ဖြစ်လာဖို့ သူမ မျှော်လင့်နေမိသေးတယ်။

"အဒေါ်ချိုး၊ အဒေါ် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်။ စူးချင်းအတွက် အရမ်းစိတ်ပူနေဖို့ မလိုပါဘူး၊ ရှောင်ယင်နဲ့ ရွှမ်းအာက အဒေါ့်ကိုယ်စား စူးချင်းကို ဂရုစိုက်ပေးလိုက်မယ်"

ရှောင်းကျဲယွိက အဖေချိုးနှင့်အတူ အိမ်ခန်းထဲသို့ ဝင်လာပြီး အဒေါ်ချိုးကို စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။

"အင်းပါ၊ အဲ့ဒါဆို ငါ မသွားတော့ဘူး"

အဒေါ်ချိုးက သက်ပြင်းချလိုက်သည်။

သူမလည်း စူးချင်းကို ဂရုစိုက်ဖို့ အဲဒီမှာ မနေချင်ဘူးလေ။ လူသတ်သမားရောက်လာရင် သူမကိုပါ သတ်သွားမှာပေါ့။

"ငါ့ကို ဂရုစိုက်ပေးဖို့ ရှောင်ယင်ကို ဒီမှာ နေခွင့်ပေးပါလား?"

အဒေါ်ချိုးက ထိုလူသတ်သမားများကြောင့် ကျိရှောင်ယင် ထိခိုက်သွားမည်ကို မကြည့်ရက်သောကြောင့် ရှောင်းကျဲယွိကို တောင်းဆိုလိုက်သည်။

ဒီညပြီးရင် အားလုံးအဆင်ပြေသွားမှာပါ။ ဒီညပြီးရင် စူးချင်းက ​​ငရဲဘုရင်ကို သွားတွေ့ရပြီး အဲဒီလူသတ်သမားတွေကလည်း ပြန်သွားကြလိမ့်မယ်။

ဒါဆို သူမလည်း သူမသား ပေးထားတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သလို ကျိရှောင်ယင်ကိုလည်း ကာကွယ်ပေးနိုင်လိမ့်မယ်။

လီရွှမ်းအာအကြောင်း တွေးမိလိုက်ချိန်တွင် အဒေါ်ချိုး၏မျက်လုံးများ၌ အပြစ်ရှိစိတ်များ တောက်ပလာသော်လည်း ခဏတာအတွင်း ပြန်ပျောက်ကွယ်သွားခဲ့သည်။

သူမကို ဘယ်သူက အဲ့နတ်ဆိုးမစူးချင်းကို သွားပြုစုခိုင်းလို့လဲ? သူမ မသွားရင် လူသတ်သများတွေကို သူမကို သတ်ဖို့ လိုပါမလား? ထားလိုက်တော့ သူ့ထိုက်နဲ့ သူ့ကံပဲ။

ကျိရှောင်ယင် ခဏတုံ့ဆိုင်းသွားပြီး ပူပန်သောကရောက်နေသည့်အမူအရာဖြင့် အဒေါ်ချိုးကို ပြန်ပြောလိုက်သည်။

“အဒေါ်ချိုး၊ အဲ့ဒါဆိုရင် အစ်မစူးချင်းကို ပြုစုမယ့်သူ မရှိတော့ဘူး”

“မိန်းမ၊ မင်းက ဆေးသောက်ပြီးရင် သက်သာသွားမှာပါ။ ရှောင်ယင်က စူးချင်းကို ဂရုစိုက်ပေးဖို့ လိုနေသေးတယ်၊ ရှောင်ယင်ကို မဆွဲထားနဲ့တော့"

အဖေချိုးက အဒေါ်ချိုးကို စိုက်ကြည့်ရင်း ဝင်ပြောလိုက်သည်။

ကျိရှောင်ယင်သာ ဒီအိမ်မှာ နေခဲ့ရင် သူ ဘယ်လိုလုပ်ပြီး စာကို သွားပေးနိုင်တော့မှာလဲ? ပြီးတော့ ဒီကောင်မလေးက အရင်နဲ့မတူတော့ဘူး။ သူမက သူတို့ထင်ထားသလောက် အပြစ်မကင်းစင်တော့ဘူး။ သူမ သူ့လုပ်နေတာတွေကို ရိပ်မိသွားရင် ဘယ်လို လုပ်မလဲ?

ပြီးတော့ ဒီမိန်းကလေးကို အသက်ဆက်ရှင်ခွင့် မပေးနိုင်တော့ဘူး။ အနာဂတ်မှာ ယုံခန်းနဲ့ ရွှေရှန့်တို့က ရန်သူတွေ ဖြစ်လာလိမ့်မယ်။ ရန်သူတစ်ယောက်ရဲ့ညီမက လက်ထပ်ထားပြီး အဲ့မိန်းခလေးက သစ္စာဖောက်ဖြစ်ခဲ့ရင်ရော.....

အဒေါ်ချိုးက ခင်ပွန်းဖြစ်သူ၏အကြည့်များကို နားလည်နေပြီး သူမ အလွန်စိတ်ပျော့နေမိမှန်း နားလည်သွားခဲ့သည်။ သို့သော် သူမ ကျိရှောင်ယင် လုပ်ကြံသတ်ဖြတ်ခံရမည်ကိုလည်း မကြည့်ရက်နိုင်သေးသောကြောင့် သူမ၏ မျက်လုံးများတွင် နာကျင်မှုများနှင့် စိတ်ရှုတ်‌ထွေးမှုများ ပြည့်နှက်လာပြန်သည်။

အရှေ့ဘက်ခန်းတွင် ရှိနေသည့် အဘိုးချိုးက အနောက်ဘက်ခန်းမှ စကားဝိုင်းကို ဂရုတစိုက် နားထောင်နေခဲ့သည်။ သူ့၏မွဲတေနေသော မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပေါ်လာခဲ့ပြီး သူ့၏မှန်းဆချက်များ မှန် မမှန်ကိုပင် သူ မဆုံးဖြတ်နိုင်တော့ပေ။

ရှောင်းကျဲယွိက အနောက်ဘက်ခန်းတွင် ခဏသာနေခဲ့ပြီး အဘိုးအိုကို တွေ့ရန် အရှေ့ဘက်အခန်းသို့ ရောက်လာခဲ့သည်။ သူက ထောင်ဟွားဝူတွင် နေထိုင်စဥ်ကကဲ့သို့ အဘိုးအိုကို လေးစားနေဆဲဖြစ်သည်။

"အဖိုးချိုး၊ အဖိုး သက်သာရဲ့လား? အဖိုးရဲ့သွေးခုန်နှုန်းကို စစ်ပေးဖို့ စစ်တပ်သမားတော်ခေါ်ချင်သေးလား?"

“ငါ ပိုကောင်းလာပါပြီ။ သမားတော် ခေါ်ဖို့ မလိုတော့ပါဘူး"

အဘိုးကြီးချိုးက ရှောင်းကျဲယွိ၏အမူအရာကို တစ်ချိန်လုံး စောင့်ကြည့်အကဲခတ်နေခဲ့ပြီး ရှောင်းကျဲယွိထံတွင် သူ့အတွက် ယခင်ကအတိုင်း လေးစားမှုများ အများကြီး ရှိနေသေးသည်ကို သူ သတိထားမိသွားခဲ့သည်။

သူ မှားယွင်းပြီး မှန်းဆခဲ့မိတာ ဖြစ်နိုင်လား?

တကယ်လို့ ရှောင်ယင်သာ သူတို့ ပြောနေတဲ့ စကားတွေကို ကြားသွားခဲ့ရင် ရွှေရှန့်က ဘယ်လိုလုပ်ပြီး သူ့ကို အရင်အတိုင်း လေးစားနေတော့မှာလဲ?

"စူးချင်း... ဘယ်လိုနေသေးလဲ?"

အဘိုးကြီးချိုးက စူးချင်းကို တမင်တကာ မေးမြန်းလိုက်ကာ ရှောင်းကျဲယွိ၏ မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။

“သူ(မ)ရဲ့ဒဏ်ရာက အရမ်းပြင်းထန်တော့ သတိလစ်နေတာ ကြာလှပြီ။ ကျွန်တော် စူးချင်းရဲ့ဆရာသခင်ဖြစ်တဲ့ နတ်ဆေးသမားတော်ကို ရှာဖို့ လူကို လွှတ်ထားပြီးပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ(မ)ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားမယ်”

ရှောင်းကျဲယွိက စူးချင်းအကြောင်း ပြောနေရင်း သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ကာ သူ့မျက်လုံးများထဲတွင် စိုးရိမ်မှုများနှင့် နာကျင်မှု ရောယှက်နေခဲ့သည်။

“အရမ်းကြီးတော့ စိုးရိမ်နေစရာ မလိုပါဘူး။ ကောင်းကင်ဘုံက လူကောင်းတွေကို စောင့်ရှောက်ပေးပါလိမ့်မယ်။ စူးချင်း နေပြန်ကောင်းလာမှာပါ"

ရှောင်းကျဲယွိ၏အမူအရာကို မြင်လိုက်ရချိန်တွင် အဘိုးကြီးချိုး၏သံသယများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

‌ရွှေရှန့်က စူးချင်းကို အမြဲတမ်း တန်ဖိုးထား ဆက်ဆံခဲ့တာလေ။ သူတို့မိသားစုက စူးချင်း ထိခိုက်နစ်နာအောင် လုပ်ခဲ့တာကို သိသွားတာနဲ့ ရွှေရှန့်က အတိတ်ကခံစားချက်တွေကို လျစ်လျူရှုပြီး သူတို့ကို ဖမ်းဆီးလိမ့်မယ်။ ဘယ်လိုမှ ဒီလိုစကားတွေ ပြောနေနိုင်တော့မှာ မဟုတ်ဘူး။

ယုံခန်းနဲ့ သူနဲ့ ညီအစ်ကိုတွေလို အတူတကွ ကြီးပြင်းလာခဲ့တာတောင် ယုံခန်း အမှားလုပ်တာကို သိသွားတာနဲ့ ရွှေရှန့်က ချက်ချင်း ပြောင်းလဲသွားပြီး ရန်သူတွေလို ဆက်ဆံခဲ့တယ်၊ အခု သူ မပြောင်းလဲသေးဘူးဆိုတော့ သူ မသိသေးတာပဲ ဖြစ်နိုင်တယ်။

ရှောင်းကျဲယွိက လူအိုကြီးချိုး သူ့ကို စိုက်ကြည့်ကာ အကဲခတ်နေကြောင်း သိနေသည့်အပြင် လူအိုကြီး၏မျက်လုံးများထဲမှ အလှည့်အပြောင်းများကိုလည်း မြင်နိုင်ခဲ့သည်။ ထိုအရာက သူ့ကို အလွန့်အလွန် စိတ်ပျက်လက်ပျက် ဖြစ်သွားစေခဲ့သည်။

အခုတော့ အဖိုးချိုးကလည်း သူတို့ ဒုက္ခမဖြစ်ဖို့ပဲ တွေးနေပုံရတယ်။

ကိုယ်ကျိုးမဖက်ဘဲ မျှမျှတတ ဆုံးဖြတ်တတ်တဲ့ အဖိုးအိုက နောက်ဆုံးမှာ ပြောင်းလဲသွားခဲ့ပြီ။

အဒေါ်လီက စူးချင်းကို လိုက်တွေ့ရန် တောင်းဆိုခဲ့သော်လည်း ရှောင်းကျဲယွိက လိမ္မာပါးနပ်စွာ ငြင်းဆိုခဲ့သည်။ အဒေါ်ချိုးနှင့် အဖေချိုးတို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။

ရွှေရှန့်က စူးချင်း ရှိနေတဲ့နေရာကို တခြားဘယ်သူမှ မသိအောင် ဖုံးကွယ်ချင်နေတာလား?

ချိုးမိသားစုမှ ပြန်ထွက်လာပြီးနောက်တွင် ရှောင်းကျဲယွိနှင့် ကျိရှောင်ယင်တို့နှစ်ယောက်လုံး စိတ်ဓာတ်ကျနေကြပြီး စကားတစ်ခွန်းမှ မပြောဖြစ်ကြတော့ပေ။

စူးချင်းကို သွားမတွေ့နိုင်တော့သောကြောင့် အဒေါ်လီက ချိုးမိသားစုတွင် နေခဲ့ပြီး အဒေါ်ချိုးကို ကူညီစောင့်ရှောက်ပေးနေခဲ့သည်။ အဒေါ်ချိုးက သူမ အိပ်ချင်နေကြောင်းပြောပြီး အဒေါ်လီကို အရင်ပြန်ခိုင်းလိုက်သည်။ အဒေါ်လီ ထွက်သွားပြီးနောက် အဒေါ်ချိုးနှင့် အဖေချိုးတို့က အချိန်အတော်ကြာ စကား ပြောနေခဲ့ကြသည်။ သူတို့ထံတွင် မသေချာမရေရာသည့် ခံစားချက်များ ရှိနေသေးသောကြောင့် သူတို့ စိတ်မဖြောင့်နိုင်ဖြစ်နေကာ အဖေချိုးက သူ့အဖေထံမှ အကြံဉာဏ်တောင်းရန် အရှေ့ဘက်အခန်းသို့ ပြေးသွားပြန်သည်။

"အဖေ၊ ကျိရှောင်ယင်က ကျွန်တော်တို့ ပြောနေတဲ့စကားကို မကြားခဲ့ဘူး ထင်တယ်"

အဘိုးကြီးချိုးကလည်း တုံ့ဆိုင်းနေခဲ့သည်။ သူလည်း သေချာမသိနိုင်ဖြစ်နေကာ သံသယများ ရှိနေဆဲ ဖြစ်သောကြောင့် သားဖြစ်သူကို အကြံထပ်ပေးလိုက်သည်။

"ခဏလောက် နောက်တစ်လှမ်း ဆုတ်လိုက်တာက အကောင်းဆုံးလို့ ငါ ထင်တယ်၊ နှစ်ရက်လောက် ထပ်စောင့်ကြည့်ကြရအောင်"

“အဖေ၊ ကျွန်တော် တစ်ရက်တောင် မစောင့်နိုင်တော့ဘူး။ ဖြစ်နိုင်ရင် ဒီမိစ္ဆာမ အခုချက်ချင်းတောင် သေစေချင်တယ်။ ပြီးတော့ ကျွန်တော်တို့ စောင့်နေတုန်း နန်းတွင်းက လူတွေက စူးချင်းကို သူတို့ဘာသာ ရှာတွေ့သွားရင် ဘယ်လိုလုပ်ပြီး ယုံခန်းအတွက် အကူအညီ ဖြစ်နိုင်တော့မှလဲ။ ဒါက ယုံခန်းအတွက် ဧကရာဇ်မင်းမြတ်ရဲ့ယုံကြည်မှုကို ရရှိဖို့ အကောင်းဆုံးအခွင့်အရေးပဲ”

မည်သို့ပင်ဖြစ်စေ အဖေချိုးက အပြင်ထွက်ပြီး လှုပ်ရှားချင်နေသေးသည်။ သူ့နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်နေပြီး ညာဘက်မျက်ခွံများ တဆတ်ဆတ်တုန်နေကာ စိတ်မသက်မသာ ခံစားနေရဆဲဖြစ်သော်လည်း သားဖြစ်သူ ရနိုင်မည့်အကျိုးကျေးဇူးများနှင့် ဧကရာဇ်မင်းမြတ်၏ယုံကြည်မှုကို တွေးလိုက်မိချိန်တွင် ထိုလူသတ်သမားများက စူးချင်း ပုန်းအောင်းနေသည့်နေရာကို သူတို့ဘာသာ ရှာတွေ့သွားမည်အား သူ ကြောက်ရွံ့နေခဲ့သည်။

ဒါလိုတွေသာ ဖြစ်လာခဲ့ရင် သူတို့က အသုံးမဝင်ဖြစ်သွားတော့မှာ မဟုတ်ဘူးလား?

“အလျင်လိုတာက ဖြုန်းတီးတာနဲ့ အတူတူပဲ။ ကိုယ့်ကိုကိုယ် ဒုက္ခမရောက်စေနဲ့"

ကျိရွှေရှန့်က သူ့အပေါ် ယခင်အတိုင်း လေးစားနေဆဲဖြစ်သောကြောင့် အဘိုးကြီးချိုးက စိတ်လွန်ဆွဲနေခဲ့သည်။ တစ်ဖက်က သူ့မြေး၏ အနာဂတ်အတွက် စဥ်းစားပေးနေခဲ့ပြီး တစ်ဖက်တွင်မူ သူတို့၏ ကာလရှည်ကြာ ဆက်ဆံရေးကို တွေးတောနေမိသည်။ ထိုနှစ်ခုကြားတွင် သူ ရွေးရခက်နေပြီး သူ့သားကို အချိန်ဆွဲရန် ကြိုးစားနေမိသည်။

"ကျွန်တော် မကြောက်ဘူး။ မနေ့ညက ချိုးယွဲ့က သူ့အတွက် လက်စားချေဖို့ တောင်းဆိုနေတာကိုတောင် အိပ်မက်မက်ခဲ့သေးတယ်။ အဖေ၊ ကျွန်တော်ကို ဖျောင်းဖျဖို့ မကြိုးစားပါနဲ့တော့။ စတောင် စပြီးနေမှတော့ ကျွန်တော် ကျွန်တော်သားကြီး အောင်မြင်အောင် ကူညီပေးချင်တယ်၊ ချိုးယွဲ့အတွက် ကလဲ့စားချေပေးချင်တယ်"

အဖေချိုး၏ မျက်လုံးများက ရူးသွပ်မှုအရိပ်အယောင်အပြည့်ဖြင့် တောက်ပနေလေသည်။

စူးချင်း သေသွားတာနဲ့ ချိုးယွဲ့အတွက် လက်စားချေနိုင်မှာဖြစ်ပြီး သူ့သားလည်း အနာဂတ်ကောင်းတစ်ခု ရနိုင်လိမ့်မယ်။ သူ သေရမယ်ဆိုရင်တောင် ထိုက်တန်သေးတယ်။

အဘိုးကြီးချိုးက သက်ပြင်းချလိုက်ပြီး သူ့သားကို တားရန် မကြိုးစားတော့ဘဲ သူ့မျက်လုံးများကိုသာ မှိတ်ချလိုက်တော့သည်။

ညအမှောင်က တဖြည်းဖြည်း ဝင်‌ရောက်လာခဲ့ပြီး မြောက်လေက တဟုန်ထိုး ပြင်းထန်လာပြန်သည်။ ထိုကဲ့သို့သော ညသန်းခေါင်ချိန်တွင် ချိုးမိသားစု၏အိမ်တံခါးက တိတ်တဆိတ် ပွင့်လာခဲ့သည်။

All Chapters