ထောင်ချောက်ထဲသို့ တိုးဝင်ခြင်း
Vol. 30 Ch. 440
အဖေချိုးက သူ့၏ခြေဖျားကို ထောက်ကာ ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုက်သော်လည်း ချိုးမိသားစုကို တစ်ချိန်လုံး စောင့်ကြည်နေသည့် စစ်သည်များကိုတော့ သူ သတိမပြုမိခဲ့ပေ။ ထိုစစ်သည်များက သူ့ကို စူးစူးစိုက်စိုက် လှမ်းကြည့်နေခဲ့ကြသည်။
ယနေ့ညတွင် လေပြင်းများ တိုက်ခတ်နေပြီး ဆီးနှင်းများကလည်း ထူထပ်စွာ ကျရောက်နေခဲ့သည်။ ကောင်းကင်က မှောင်မိုက်နေကာ ကမ္ဘာမြေပြင်ကို ကန့်လန့်ကာသဖွယ် ဖုံးအုပ်ထားပြီး ကြယ်များကိုပင် မမြင်ရချေ။ လ၏အရိပ်ပါးပါးလေးကို ဖျတ်ခနဲ ဖျတ်ခနဲ့ မြင်နေရသော်လည်း မည်းမှောင်လွန်းသောည၏ အမှောင်ထုအောက်တွင် မိမိ၏လက်ချောင်းများကို ပြန်မြင်နိုင်ရန်ပင် ခက်ခဲလွန်းလှသည်။ အဖေချိုးက ခြံပြင်သို့ ထွက်လာရင်း အအေးဒဏ်ကြောင့် တုန်ယင်နေခဲ့သည်။ သူက သူ့လည်ပင်းမှ ခြုံထည်စကို တင်းတင်းကြပ်ကြပ် ဆွဲစေ့လိုက်ပြီး သတိအပြည့်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပြန်သည်။ သူက အိမ်နောက်ဖေးရှိ အိမ်သာဘက်သို့ သွားဟန်ဆောင်ကာ အခြားမည်သူမျှမရှိကြောင်း သေချာစေပြီးမှ သိုးခြံ၏နံရံကို ကျော်တက်ကာ အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။
သူ အိမ်ရှေ့တံခါးမှ မထွက်လျှင် မည်သူမျှ သူ့ကို ရှာတွေ့မည်မဟုတ်ဟု သူ ယုံကြည်နေခဲ့သည်။ သို့သော် သူ့အိမ်၏လေးဘက်လေးလံတွင် ကင်းပုန်းများရှိနေပြီး သူ့၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမည်ဟုတော့ သူ တွေးပင်မတွေးခဲ့ဘူးပေ။
မည်သူကမျှ သူ့ကို မနှောင့်ယှက်နိုင်ကြောင်း ယုံကြည်မိသွားသည့် အဖေချိုးက အမှောင်ထဲတွင် ရှေ့သို့ တရွေ့ရွေ့ လျှောက်နေလှမ်းနေပြီး လူတစ်ချို့ကတော့ သူ့ကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့ကြသည်။
လေပြင်းများကြောင့် လဲပြိုလုနီးပါး ဖြစ်နေခဲ့သော်လည်း အဖေချိုးက သူ၏ အင်္ကျီလည်းပင်းစကို ဆုပ်ကိုင်းရင်း လေနှင့် ဆီနှင်းများကြားထဲမှ ရှေ့သို့ တိုးနိုင်ရန် အစွမ်းကုန်ကြိုးစားနေခဲ့သည်။
ရှောင်းကျဲယွိက လမ်းကြားထဲတွင် ရပ်နေပြီး နာကျင်နေသည့် အမူအရာဖြင့် အဖေချိုးကို လှမ်းကြည့်နေခဲ့သည်။
သူ သူတို့ကို အခွင့်အရေးပေးခဲ့ပြီးပြီ။ ဒီနေ့ သူတို့ဘက်ကနေ နောင်တရတဲ့အမူအရာမျိုး တစ်ခုခု ပြသခဲ့မယ်ဆိုရင် သူက သူတို့ကို လွှတ်ပေးဖို့ ဆုံးဖြတ်ပြီးသားပါ။
ဒါပေမယ့် သူတို့က ဒီအခွင့်အရေးကို မလိုချင်ကြဘူး။ သူတို့က သူ့ရဲ့ချင်းအာကို အန္တရာယ်ပြုဖို့ပဲ စိတ်အားထက်သန်နေခဲ့ကြတယ်။
ရှောင်းကျဲယွိ၏မျက်လုံးများထဲမှ တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်သည့် ပြတ်သားများကြောင့် ဖြစ်ပေါ်လာသော အလင်းတန်းများ လင်းလက်လာခဲ့သည်။
‘ခင်ဗျားတို့က ပေးနေတဲ့အခွင့်အရေးကို မလိုချင်မှတော့ ကျုပ်မှာ နှလုံးသားမရှိတဲ့အတွက် ကျုပ်ကို အပြစ်မတင်ကြနဲ့တော့’
အဖေချိုးက တို့ဟူးဆိုင်ဟောင်း၏အနောက်ဘက်သို့ ခက်ခက်ခဲခဲ လျှောက်လှမ်းနေခဲ့သည်။ မြောက်လေက ကလေးငိုညည်းသံကဲ့သို့ ထွက်ပေါ်နေပြီး သူ မည်သည့်နေရာသို့ ကြည့်မိသည်ဖြစ်ပါစေ သူ့ကို စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံ ရှိနေသလို ခံစားနေရသည်။
ရုတ်တရက် သူ ထိတ်လန့်ကြောက်ရွံ့မိသွားခဲ့သော်လည်း သားဖြစ်သူကို ပြန်တွေးမိသောကြောင့် အံကြိတ်ကာ ရှေ့ဆက်တိုးနေမိသည်။
သူရဲဘောကြောင်တဲ့သူတွေက ကြီးကျယ်မြတ်မြင့်တဲ့အရာတွေကို ခံစားခွင့် မရနိုင်ဘူး။ သူတို့ ချိုးမိသားစုရဲ့အောင်မြင်မှုနဲ့ ကျရှုံးမှုတွေက အခု ရှေ့ဆက်ရမယ့် သူ့ရဲ့ခြေလှမ်းတွေပေါ်မှာပဲ မူတည်တော့တယ်။
အဖေချိုးက သတင်းအချက်အလက်များ ထားနိုင်မည့်နေရာသို့ ရောက်အောင် ကြိုးစားပမ်းစား လျှောက်လှမ်းလာခဲ့ပြီး သူ အရမ်းပင်ပန်းလွန်းသောကြောင့် မောဟိုက်နေပြန်သည်။ ထိုနေရာသို့ အရောက်တွင် သူက သစ်ပင်၏ပင်စည်ကို ကိုင်ကာ လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူ့ကို မည်သူမျှ မတွေ့နိုင်ကြောင်း သေချာသွားပြီးမှ သူက သူ့အိတ်ကပ်ထဲမှ ဝါးပြွန်လေးကို ထုတ်ကာ သတ်မှတ်ထားသည့်နေရာသို့ စနစ်တကျ ထိုးသွင်းလိုက်သည်။
သူ့၏တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် အဖေချိုး၏မျက်လုံးများက သူ့၏စိတ်လှုပ်ရှားမှုကြောင့် တစ်လက်လက် တောက်ပနေလေသည်။ သူက စူးချင်း၏ ဦးခေါင်း သူမ၏ခန္ဓာကိုယ်နှင့် ကွဲကွာနေသည်ကို မြင်ယောင်နေခဲ့ပြီး သူ့၏သမီးအတွက် စူးချင်ကို အပြစ်ပေးနိုင်ခဲ့ပြီဟု သတ်မှတ်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင် လုပ်စရာရှိသည်ကို လုပ်ပြီးပြီ ဖြစ်သောကြောင့် သူက ဘယ်သူမှ သတိမထားမိခင် ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ နောက်သို့ လှည့်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တွင် မီးရောင်များ တောက်ပလာပြီး လင်းထိန်လာသည်ကို သူ တွေ့လိုက်ရသည်။ အဖေချိုးက အလွန်ထိတ်လန့်သွားပြီး ကြောက်လန့်တကြား အော်လိုက်ကာ သူ့မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။
ရှောင်းကျဲယွိက အုံ့မှိုင်းနေသောအမူအရာဖြင့် လျှောက်လာနေခဲ့ပြီး သူ့၏အေးစက်နေသည့် အသံအုပ်အုပ်က မြောက်လေထက်ပင် ပို၍ အေးစက်နေပေသည်။
"ဦးလေးချိုး၊ ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ?"
"ငါ...ငါ အပေါ့စွန့်မလို့"
ဦးလေးချိုးက ကြောက်ရွံ့တုန်လှုပ်နေပြီး သူ့အသံက တုန်ယင်နေသောကြောင့် သူ လိမ်လိုက်သည့်တိုင် မည်သူကမျှ သူ့ကို ယုံတော့မည်မဟုတ်ပေ။
ရှောင်းကျဲယွိကလည်း ဦးလေးချိုး အလိမ်အညာစကားကို လျစ်လျူရှုလိုက်သည်။ သူက ဦးလေးချိုး၏ ထိတ်လန့်ကြောက်ရွံ့နေသော အကြည့်အောက်တွင် သစ်ခေါင်းပေါက်ထဲမှ ဝါးပြွန်ကို ပြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် ဦးလေးချိုးကို ပြန်ကြည့်လိုက်သည့် သူ့မျက်လုံးများက တဖြည်းဖြည်း ပိုအေးစက်လာပြီး သူ့နောက်မှ စစ်သည်ခေါင်းဆောင်ကို လက်ဟန်ပြကာ အမိန့်ပေးလိုက်သည်။
"လာ၊ သူ့ကို ဖမ်းခေါ်သွားတော့!"
"ရွှေရှန့်၊ ရွှေရှန့်၊ ကျေးဇူးပြုပြီး ဦးလေးချိုးကို ခွင့်လွှတ်ပေးပါ!"
အခြေအနေ အမှန် ပေါ်ပေါက်သွားကြောင်း နားလည်လိုက်သောကြောင့် အဖေချိုး၏ခြေထောက်များက အားနည်းလာပြီး ကလေးကဲ့သို့ ငိုယိုတောင်းပန်ကာ ရှောင်းကျဲယွိရှေ့သို့ ဒူးထောက်ထိုင်ချလိုက်သည်။
"သူ့ကို ခေါ်သွားတော့"
ရှောင်းကျဲယွိကလည်း သူ့စိတ်နှလုံး မာကြောစေရန် သူ့ကိုယ်သူ အတင်းအကျပ် ဖိအားပေးနေခဲ့သည်။
သူ ဦးလေးချိုးကို အခွင့်အရေး ပေးထားပြီးပြီ၊ ဦးလေးချိုးက မလိုချင်ခဲ့တာ၊ သူနဲ့ ဘာမှ မဆိုင်တော့ဘူး။
"ရွှေရှန့်၊ ရွှေရှန့်၊ ငါ့ကို ခွင့်လွှတ်ပေးပါ"
နောက်ဆုံးတွင် လေတိုးသံများကြားမှ ဦးလေးချိုး၏အသံက တိမ်မြုပ်ပျောက်သွားခဲ့သည်။ ရှောင်းကျဲယွိက ဝါးပြွန်ထဲမှ လျှို့ဝှက်စာကို သွန်ချလိုက်ပြီး အကြောင်းအရာကို ဖတ်ရှုပြီးနောက် သူ့မျက်လုံးကို မှိတ်ချလိုက်သည်။ သူ့မျက်လုံးများ ပြန်ပွင့်လာချိန်တွင် ထိုမျက်ဝန်းများ၌ နှင့်ပွင့်ရေခဲလွှာတစ်လွှာ ရှိနေပြီး ဖြစ်သည်။
စာထဲတွင် “စူးချင်းက ကျုံးယုံအိမ်မှာ” ဟု ရေးသားထားပြီး တည်နေရာကို အတိအကျဖော်ပြထားခဲ့သည်။
နောက်ဆုံးတော့ ဒါက သူ့ရဲ့ချင်းအာကို သတ်ဖို့ပါပဲ။
သူနဲ့ ချိုးယုံခန်းက တကယ့်ကို ရန်သူတွေ ဖြစ်သွားကြပြီ။
.......။.......။.......
ချိုးမိသားစုနေအိမ်၌.....
သူ့သား အိမ်မှ ထွက်သွားစဥ်ကတည်းက အဘိုးချိုး၏ညာဘက်မျက်ခွံ အဆက်မပြတ် လှုပ်ယမ်းနေခဲ့သည်။ သူ့၏အတွင်းစိတ်ထဲတွင် ကျီးကန်းအော်သံကိုပင် ကြားနေရသလို ခံစားနေရပြီး ဤအရာက သူ့နှလုံးသားကို ကြောက်ရွံ့မှုများ ပြည့်နှက်လာစောကာ အလွန်ထိတ်လန့်နေစေသည်။
အချိန်ကို တွက်ချက်ကြည့်ရင် ယုံခန်းအဖေ ပြန်ရောက်လာသင့်ပြီ မဟုတ်ဘူးလား? ဘာလို့ တံခါးဖွင့်သံ မကြားရသေးတာလဲ?
အစပိုင်းတွင် အဘိုးကြီးချိုးက သူ့ချွေးမကို လှမ်းခေါ်ရန် ပြင်လိုက်သော်လည်း ညဉ့်နက်သန်းခေါင်တွင် ချွေးမဖြစ်သူကို သူ့အခန်းထဲသို့ ခေါ်ခြင်းက မသင့်တော်သလို သူ ခံစားလိုက်ရသည်။ အချိန်အတော်ကြာအောင် စောင့်နေပြီးနောက် နောက်ဆုံးတွင် သူ စိတ်မရှည်တော့ဘဲ သူ့အဝတ်အစားများကို ဝတ်ကာ သားဖြစ်သူကို ရှာရန် အပြင်သို့ ထွက်လာခဲ့သည်။
ချိုးယုံခန်း ထွက်ပြေးသွားပြီးကတည်းက သူ့မြေးကို စိတ်ပူနေသည့် အဘိုးကြီးချိုး၏ကျန်းမာရေးက တနေ့တခြား ယိုယွင်းလာခဲ့သည်။ ယနေ့တွင်လည်း တုန်လှုပ်ဖွယ် အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ထိုအရာများက သူကို ပို၍ အားနည်းသွားစေခဲ့သည်။
သူက အဝတ်အစားနှင့် ဖိနပ်ကို ဝတ်ဆင်ကာ တောင်ဝှေးဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ အပြင်တွင် လေအေးများ တိုက်ခတ်နေပြီး အားနည်းနေသည့် အဘိုးအိုက တံခါးကိုပင် ခက်ခက်ခဲခဲ တွန်းဖွင့်ခဲ့ရသည်။ တံခါးပွင့်သွားသည်နှင့် မြောက်လေက သူ့ဆီသို့ တိုးဝင်လာပြီး သူ့မျက်နှာတွင် နှင်းများ ဖုံးလွှမ်းလာခဲ့သည်။ အဘိုးချိုးက လေပြင်းကို အံ့တုကာ အပြင်ထွက်ရန် ပြင်လိုက်သော်လည်း သူ ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ထိုလဲပြိုမှုက ပေါ့ပေါ့ပါးပါး မဟုတ်သောကြောင့် သူ့ဦးခေါင်းနောက်ဘက်က မြေကြီးနှင့် ပြင်းပြင်းထန်ထန် ဆောင့်မိသွားပြီး အကူအညီတောင်းရန်ပင် မအော်နိုင်တော့ဘဲ အသက်ထွက်သွားခဲ့သည်။
အဒေါ်ချိုးကလည်း သူမ၏ခင်ပွန်းအတွက် စိတ်ပူနေခဲ့ပြီး ပြတင်းပေါက်ကို မှီကာ အပြင်ဘက် လှုပ်ရှားမှုများကို အာရုံစိုက်နားထောင်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် လေးလံသော အရာဝတ္ထုတစ်ခု ပြုတ်ကျသွားသံကို သူမ ကြားလိုက်ရပြီး အလွန်ကြောက်ရွံ့သွားကာ တုန်ယင်နေသောအသံဖြင့် တံခါးအပြင်ဘက်သို့ လှမ်းမေးလိုက်သည်။
“ဘယ်သူလဲ? ကလေး…ကလေးတွေအဖေ ပြန်လာပြီလား?”
သူမ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း တုံ့ပြန်မှုမရှိသောကြောင့် အဒေါ်ချိုးက ဆီမီးခွက်ကို မီးညှိပြီး အပြင်သို့ ထွက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အပြင်ဘက်အခန်းက မည်းမှောင်နေပြီး ဆီမီးခွက်မှိန်မှိန်လေးက တစ်လက်မ ပတ်ဝန်းကျင်ခန့်သာ တောက်ပနေနိုင်သည်။ အဒေါ်ချိုးက မီးခွက်ကို ကိုင်လာရင်း ယောက္ခမဖြစ်သူ၏ အခန်းဆီသို့ လျှောက်လာခဲ့သည်။ သို့သော်လည်း သူမ ရုတ်တရက် ခြေချော်သွားပြီး ရှေ့သို့ မှောက်ကျသွားတော့သည်။ ဆီမီးခွက်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်း ကွဲအက်သွားပြီး ဆီများက မြေပြင်အနှံ့သို့ ယိုဖိတ်လွှင့်စင်သွားသောကြောင့် မီးများ လောင်ကျွမ်းလာတော့သည်။
"အား၊ ငါ့ကို ကယ်ပါ! ငါ့ကို ကယ်ကြပါဦး!"
မီးတောက်များ ရုတ်တရက် တက်လာသည်ကို မြင်လိုက်ရသောကြောင့် အဒေါ်ချိုးက အော်ဟစ် အကူအညီ တောင်းလိုက်သည်။ ထိုမီးတောက်များ၏ အကူအညီကြောင့် သူမ၏ယောက္ခမ မြေပြင်ပေါ်တွင် လဲကျနေသည်ကိုလည်း သူမ တွေ့လိုက်ရသည်။ ဆီမီးခွက်မှ ယိုဖိတ်သွားသည့် ဆီများကလည်း အဘိုးကြီးချိုး၏အဝတ်များပေါ်တွင် ပြန့်ကျဲနေပြီး မီးများက သူ့ခန္ဓာကိုယ်ဆီသို့ အလျင်အမြန် ပျံ့နှံ့ကူးစက်နေခဲ့သည်။ အဒေါ်ချိုးက အလွန်ကြောက်လန့်နေပြီး သူမ၏ဝိညာဉ်ခုနစ်ခုတွင် ငါးခုလောက် ဆုံးရှုံးနေပြီ ဖြစ်သည်။ ထို့အပြင် သူမ၏အဝတ်အစားများတွင်လည်း မီးများ စလောင်နေပြီ ဖြစ်သောကြောင့် သူမကိုယ်သူမ ကယ်တင်ရန် ကြိုးစားနေရပြီး ယောက္ခမဖြစ်သူကို ကယ်တင်ရန် အချိန်မရှိတော့ပေ။ သူမက မီးတောက်မီးလျှံများကြားမှ တရွေ့ရွေ့တွားသွားကာ အိမ်ထဲမှ ထွက်လာခဲ့ပြီး နာကျင်စွာ အော်ဟစ်ရင်း နှင်းများထဲ၌ လူးလှိမ့်နေပြန်သည်။
ကံကောင်းထောက်မစွာဖြင့် အပြင်တွင် နှင်းများ ကျဆင်းနေပြီး အဒေါ်ချိုးက သူမ၏ခန္ဓာကိုယ်ပေါ်မှ မီးများကို ငြိမ်းသတ်နိုင်ရန် အပြန်ပြန်အလှန်လှန် လူးလှိမ့်နေခဲ့သည်။ သို့သော်လည်း အပူဒဏ်က ရှိနေဆဲဖြစ်ကာ သူမ၏ဆံပင်များ လောင်ကျွမ်းသွားပြီး သူမ၏လက်ကလည်း ပြင်းထန်စွာ လောင်ကျွမ်းခံလိုက်ရသည်။
ဘေးအိမ်မှ လီသားအဖကလည်း အဒေါ်ချိုး၏အော်ဟစ်အကူအညီတောင်းသံကို ကြားသွားခဲ့ပြီး သူတို့၏အဝတ်အစားများ ကမန်းကတမ်း ဝတ်ဆင်ကာ အလျင်အမြန် ပြေးထွက်လာခဲ့ကြသည်။ သူတို့ အိမ်ထဲမှ ထွက်လာချိန်တွင် ချိုးမိသားစုအိမ်မှ မီးခိုးများ တအူတူ ထွက်နေသည်ကို သူတို့ တွေ့လိုက်ရပြီး သားအဖနှစ်ယောက်လုံး သူ့တို့၏ဘေးကင်းရေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပေါက်တူးများကို ဆွဲကာ မီးငြိမ်းသတ်နေကြသည်။
ရေသယ်ရန် အချိန်မရှိတော့သောကြောင့် နှင်းများကို ကော်ယူကာ မီးပေါ်သို့ ပစ်ချနေကြရသည်။ အခြားအိမ်နီးနားချင်းများကလည်း အော်ဟစ်အကူအညီတောင်းသံကို ကြားသွားပြီး ပြေးလာကာ ကူညီပေးနေခဲ့ကြသည်။ နောက်ဆုံးတွင် လူတိုင်း၏ ကြိုးပမ်းမှုကြောင့် မီးငြိမ်းသွားခဲ့သည်။
"ငါ့ယောက္ခမ အထဲမှာ ရှိနေသေးတယ်"
အဒေါ်ချိုးက လူအုပ်ကြီးဆီသို့ လှမ်းအော်ပြောလိုက်သည်။ သူမ၏ခန္ဓာကိုယ်ပေါ်မှ မီးလောင်ဒဏ်ရာများက နာကျင်လွန်းသဖြင့် သူမ နှင်းတောထဲသို့ တိုးဝင်နေရသည်။
အိမ်ထဲတွင် အဘိုးချိုး ရှိနေသေးကြောင့် သိလိုက်ရချိန်တွင် လူတိုင်းက သူ့ကို ကယ်တင်ရန် အိမ်ထဲသို့ ပြေးဝင်သွားကြသည်။ နောက်ဆုံးတွင် သူတို့ ခြေတစ်လှမ်းနောက်ကျသွားပြီ ဖြစ်ကာ အဘိုးချိုးက မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေပြီ ဖြစ်သည်။
ရှောင်းကျဲယွိကလည်း ထိုသတင်းကို ကြားသွားပြီး အပြေးရောက်လာခဲ့သည်။ အဘိုးချိုး၏ မီးကျွမ်းနေသော ခန္ဓာကိုယ်ကို မြင်လိုက်ရချိန်တွင် သူ့မျက်ခုံးများက တွန့်ကွေးသွားပြီး ခံစားချက်များ ရှုပ်ထွေးနေပုံရသည်။
ဘာပဲဖြစ်ဖြစ် ဒါက အဘိုးအိုအတွက် အကောင်းဆုံးအဆုံးသတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။ သူတို့မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခပေးနေတာ ဒါမှမဟုတ် သူ့ရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေတာကို သူ မကြည့်ရတော့ဘူးပေါ့။
"အား... နာလိုက်တာ... အရမ်းနာတယ်"
အခြားလူများက အဒေါ်ချိုးကို နှင်းတောထဲမှ ကယ်တင်ပေးနေခဲ့ကြသည်။ အဒေါ်ချိုးက ပြင်းထန်းလွန်းသော ဒဏ်ရာဒဏ်ချက်များကြောင့် အော်ညည်းနေပြီး ထိုအသည်းခိုက် နာကျင်မှုများ ကြားတွင်ပင် သူမက လူအုပ်ထဲသို့ လှမ်းကြည့်ကာ သူမ၏ခင်ပွန်းကို ရှာဖွေနေဆဲ ဖြစ်သည်။
သူမတို့၏ ကောင်းမွန်သောအိမ်က မီးလောင်သွားပြီး ယောက္ခမဖြစ်သူက မီးလောင်သေဆုံးသွားခဲ့သည်။ အဒေါ်ချိုးက လက်စားချေရန်ပင် မစဉ်းစားနိုင်တော့ဘဲ ပို၍ပင် ကြောက်ရွံ့လာတော့သည်။
လူအုပ်ထဲမှာ ရှောင်းကျဲယွိကို မြင်လိုက်ရချိန်တွင် အဒေါ်ချိုးက အဒေါ်လီအား သူမကို ကူညီပေးရန် တောင်းဆိုလိုက်သည်။
အခု အရာရာကို ပြင်ဆင်ဖို့ နောက်ကျသွားပြီလား? ရွှေရှန့်က သူမတို့ လုပ်ခဲ့တာတွေအတွက် သူမတို့မိသားစုကို ခွင့်လွှတ်ပေးမှာလား?
ရှောင်းကျဲယွိက အမူအရာမဲ့နေသည် မျက်နှာဖြင့်သာ အဒေါ်ချိုးကို ကြည့်နေခဲ့သော်လည်း သူ့၏နောက်ကျောမှ လက်များကတော့ လက်သီးကို တင်းနေအောင်ဆုပ်ထားခဲ့သည်။
အဒေါ်ချိုးက သူ့၏အေးစက်သောအကြည့်များကို ခံစားမိသွားခဲ့ပြီး အလွန်ကြောက်ရွံ့သွားကာ သူ့မျက်လုံးများကို ထပ်မကြည့်ရဲတော့ပေ။ နောက်ဆုံးတွင် အဒေါ်ချိုးက ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားကို လက်မခံနိုင်တော့ဘဲ အလွန်အကျွံ စိတ်လှုပ်ရှားမှုကြောင့် မေ့မျောသွားတော့သည်။
ချိုးမိသားစု ပျက်သုဉ်းသွားခဲ့ပြီး ထိုနေရာသို့ ရောက်နေသည့်သူအားလုံးက သူတို့အပေါ် စာနာသနားကာ စိတ်မကောင်းဖြစ်နေကြသည်။ သို့သော်လည်း ထိုထူးထူးခြားခြား အဖြစ်အပျက်တစ်ခု ဖြစ်နေသည့်တိုင် အဖေချိုးကို မတွေ့ရသောကြောင့် လူတိုင်း အံ့သြနေကြသည်။
ဘာလို့ သူ့ကို မတွေ့ရတာလဲ?