← Chapters

မရဏတရားကို ဖိတ်ခေါ်နေသည့် စည်တီးသံ

Vol. 30 Ch. 441

မရဏတရားကို ဖိတ်ခေါ်နေသည့် စည်တီးသံ

Vol. 30 Ch. 441

မီးငြိမ်းသွားချိန်တွင် ရှောင်းကျဲယွိက ရုံးတော်ဆီသို့ ပြန်လာခဲ့သည်။ သူ လမ်းလျှောက်နေရင်း သူ့ရှေ့မှ မြင်ကွင်းများက သူတို့ ထောင်ဟွားဝူတွင် ရှိနေခဲ့သည့်အချိန်များကို ပြန်ပြောင်းပြသနေခဲ့သည်။

ဘာပဲဖြစ်ဖြစ် အတိတ်ဆိုတာ ပြန်သွားခွင့်မရှိတော့တဲ့ အချိန်တံခါးတစ်ခုပဲလေ။

သူတို့ အဖေချိုးကို ဖမ်းမိထားပြီးပြီ ဖြစ်သောကြောင့် စူးချင်းလည်း ဒဏ်ရာရနေသလို ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။ ထို့အရာများက သူမနှင့် ရှောင်းကျဲယွိတို့ ရန်သူကို လက်ပူးလက်ကျပ်ဖမ်းဆီးရန် စီစဥ်ထားသည့် သရုပ်ပြမှုသက်သက်သာ ဖြစ်သည်။

စူးချင်းက စိတ်အားထက်သန်စွာ ထထိုင်လိုက်ပြီး သူမ၏ ခေါင်းပတ်ပတ်လည်ရှိ ပတ်တီးစများအား ပြန်ဖြည်နေသည်ကို မြင်လိုက်ရသောကြောင့် လီရွှမ်းအာနှင့် ကျိရှောင်ယင်တို့ မျက်လုံးများပြူးသွားကြပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

စူးချင်းက ဒဏ်ရာရသလို ဟန်ဆောင်နေမှန်း ကျိရှောင်ယင်ပင် မသိခဲ့ပေ။ ထို့ကြောင့် အမှန်တရားကို သိလိုက်ရချိန်တွင် သူမက မျက်ရည်များဝဲလာပြန်သည်။

"အစ်မစူးချင်း... ကျွန်မ ဘယ်လောက် ကြောက်လန့်ပြီး ဘယ်လောက်တောင် စိတ်ပူနေရလဲဆိုတာ အစ်မ သိလား?"

"ငါ သိပါတယ်"

စူးချင်းက ကျိရှောင်ယင်၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း တောင်းပန်စကားဆိုလိုက်သည်။

ကျိရှောင်ယင်က သူမ၏အခြေအနေအမှန်ကို သတိလက်လွှတ် ထုတ်ဖော်မိပြီး အဒေါ်ချိုး သံသယဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် သူမတို့အနေဖြင့် ကျိ‌ရှောင်ယင်ကိုပင် မပြောရဲခဲ့ကြပေ။

"အစ်မစူးချင်း၊ အစ်မ ဘာလို့ ဒဏ်ရာရချင်ယောင်ဆောင်နေရတာလဲ?"

လီရွှမ်းအာကလည်း နားမလည်နိုင်ဖြစ်နေခဲ့သည်။

အစ်မစူးချင်းက ဘာကြောင့် ဟန်ဆောင်နေခဲ့ရတာလဲ? သူမတို့မှာတော့ စိတ်ပူလွန်းလို့ ဘာမှမလုပ်ပဲ ငိုပဲ ငိုနေခဲ့ရတယ်။

"သစ္စာဖောက်ကို ဖမ်းဖို့"

ရှောင်းကျဲယွိက စူးချင်းကိုယ်စား ဖြေပေးလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် နှင်းများဖုံးလွှမ်းနေပြီး အိမ်ထဲကို ဝင်လာနေသည့် သူ့မျက်နှာက နှင်းများကဲ့သို့ ဖြူဖျော့နေကာ သူ့စိတ်အခြေအနေမကောင်းမှန်း သိသာနေသည်။

"သစ္စာဖောက်လား? ဘယ်သူလဲ?"

လီရွှမ်းအာက နားလည်သွားပုံပေါက်သော်လည်း သူမ မယုံချင်ပုံရသည်။

"မင်း ပြန်သွားပြီး အဒေါ်ချိုးကို ဂရုစိုက်ပေးလိုက်ပါဦး"

ရှောင်းကျဲယွိက သူမ၏မေးခွန်းကို မဖြေဘဲ ထိုအစား သူမကို ပြန်လိုက်ပို့ပေးရန် သူ့စစ်သည်များကို ညွှန်ကြားလိုက်သည်။

"အဒေါ်ချိုး ဘာဖြစ်သွားလို့လဲ?"

ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးကို ကြည့်ကာ စိုးရိမ်တကြီး လှမ်းမေးလိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။ ရှောင်းကျဲယွိက သူမကို ပြန်ဆွဲထားလိုက်ပြီး ခပ်တိုးတိုး ထပ်ပြောလိုက်သည်။

“မသွားနဲ့”

"ဘာဖြစ်လို့လဲ?"

ကျိရှောင်ယင်က အလွန် စိတ်မသက်မသာဖြစ်သွားသလို ခံစားလိုက်ရပြီး အစ်ကိုဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ ထပ်မေးလိုက်သည်။

“သူတို့အိမ်က မီးလောင်သွားပြီ။ အဖိုးချိုးလည်း သေသွားပြီ၊ အဒေါ်ချိုးကတော့ ဒဏ်ရာ အပြင်းအထန် ရနေပြီး အခြေအနေ မကောင်းဘူး”

ရှောင်းကျဲယွိက သက်ပြင်းချလိုက်ပြီး ချိုးမိသားစုအိမ်၌ ဖြစ်ပျက်ခဲ့သည့် အရာများအား သူ့ညီမလေးကို ပြောပြလိုက်သည်။ ချိုးမိသားစုအိမ်မီးလောင်သွားကြောင်း ကြားလိုက်ချိန်တွင် လီရွှမ်းအာ သူမ၏အိမ်ဆီသို့ အလောတကြီး ပြန်ပြေးသွားတော့သည်။

သူတို့မိသားစုနှစ်​​ယောက်​က တစ်အိမ်​နှင့်​တစ်အိမ်​ နီးကပ်နေကာ မိသားစုချင်းလည်း ရင်းနှီးသောကြောင့် ချိုးမိသားစု မီးလောင်သွားလျှင် သူမ၏မိသားစုလည်း ပါဝင်သွားမည်ကို သူမ တွေးကာ စိတ်ပူနေမိသည်။

"ကျွန်မ အ‌‌ဒေါ်ချိုးကို သွားကြည့်မယ်"

ကျိရှောင်ယင်က အစ်ကိုဖြစ်သူ၏လက်မှ ရုန်းထွက်သွားပြီး လီရွှမ်းအာ၏နောက်မှ နှင်းမုန်တိုင်းထဲသို့ ပြေးလိုက်သွားတော့သည်။

စူးချင်း၏မျက်နှာကတော့ အေးစက်နေမြဲသာ ဖြစ်သည်။

သူမတောင် ဘာမှ မလုပ်ရသေးဘဲ ဒီမိသားစုက ဒုက္ခရောက်နေပြီလား? ကောင်းကင်ကနေ လက်စားချေတာကို ခံလိုက်ရတာလား?

"ချင်းအာ"

ရှောင်းကျဲယွိက သူ့လက်များကို ဆန့်တန်းပြီး စူးချင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူက သူမ၏အနက်ရောင်ဆံပင်လေးများကို နမ်းရှိုက်လိုက်ပြီး စူးချင်း၏နှလုံးခုန်သံကို နားထောင်နေကာ သူမကို ပွေ့ဖက်ရင်း သူ့နှလုံးသားအတွက် နှစ်သိမ့်မှုကို ရှာဖွေနေခဲ့သည်။

အဘိုးကြီးချိုး သေဆုံးသွားသည်ကို မြင်လိုက်ရခြင်းက သူ့ကို အလွန်ဝမ်းနည်းသွားစေခဲ့သည်။ သူက သူ့ကိုယ်သူ သံမဏိအရိုး ဖြစ်လာစေပြီး ကျောက်တုံးနှလုံးသား ပိုင်ဆိုင်စေရန် ကြိုးစားလေ့ကျင့်နေခဲ့သော်လည်း သူ မအောင်မြင်သေးပေ။

"သူတို့ကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ?"

စူးချင်းက ရှောင်းကျဲယွိ၏နာကျင်မှုနှင့် ဒွိဟဖြစ်နေသာခံစားချက်များကို ခံစားနားလည်ပေးနိုင်ပြီး သူ ဆုံးဖြတ်ရခက်နေကြောင်းလည်း သူမ သိနေပြန်သည်။

“ကိုယ် သူတို့ကို မသတ်ရက်ဘူး၊ ဒါပေမယ့် သူတို့ကို လွှတ်ပေးဖို့ကလည်း လုံးဝ မဖြစ်နိုင်ဘူး”

အချိန်အတော်အတန်ကြာပြီးနောက် ရှောင်းကျဲယွိက သက်ပြင်းချလိုက်ပြန်သည်။ စူးချင်းက သူ့ရင်ခွင်ထဲမှ သူ့ကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ တောင်းဆိုလိုက်သည်။

“ဒါဆို ကျွန်မ သူတို့ကို သတ်ပေးမယ်”

သူမကတော့ သူမကို ဒုက္ခပေးချင်တဲ့လူတွေကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က သူမရဲ့ရန်သူဖြစ်လာတာနဲ့ သူမက သူမရဲ့ရန်သူအပေါ် ရက်ရက်စက်စက် ပြုမူမှာပဲ။ အဲ့လို မဟုတ်ဘဲ သူမ တွန့်ဆုတ်နေရင် အနာဂတ်မှာ ဒုက္ခရောက်တဲ့သူက သူမကိုယ်တိုင် ဖြစ်သွားလိမ့်မယ်။

“....”

ရှောင်းကျဲယွိက စူးချင်းကို ချက်ချင်း ပြန်မဖြေနိုင်သေးပေ။ သို့သော်လည်း သူက စူးချင်း၏ ပင်ကိုယ်စရိုက်ကို ကောင်းကောင်းသိထားပြီး ဖြစ်သည်။

သူမ တစ်ယောက်ယောက်ကို သတ်ချင်နေရင် ဘယ်သူ့ကမှ သူမကို တားနိုင်မှာ မဟုတ်ဘူး။

နောက်ဆုံးတွင် ရှောင်းကျဲယွိက သူ့မျက်လုံးများကို မှိတ်ချလိုက်ပြီး ခက်ခက်ခဲခဲ ထပ်ပြောလာခဲ့သည်။

"ချင်းအာ၊ မင်းမှာ သူတို့ရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်နိုင်တဲ့ ဆေးရှိလား? အဲ့ဒါဆိုရင် သူတို့က အန္တရာယ်ကင်းသွားနိုင်တယ်”

"မရှိဘူး၊ ကျွန်မ မပေးနိုင်ဘူး"

စူးချင်း၏ အဖြေက ခိုင်မာပြတ်သားလွန်းလှသည်။

တကယ်တော့ သူမမှာ ရှိတယ်၊ ဒါပေမယ့် ချိုးစုံတွဲက သူမကို သတ်ချင်နေမှတော့ သူမကလည်း သူတို့ကို အသက်ရှင်စေခွင့် မပေးနိုင်ဘူး။ အဲ့ချိုးမျိုးရိုးက သေကို သေမှ ဖြစ်မယ်။

“ရှင် မနက်ဖြန် ပစ္စည်းတွေ ပို့ဖို့ တာ့ထန်ကို သွားလိုက်။ ပြီးတော့ ကျွန်မတို့ ရစရာရှိတဲ့ ငွေတွေအတွက် ယဲ့လွီချွမ်းနဲ့ စာရင်းရှင်းခဲ့ပေးဦး"

အဒေါ်ချိုးနှင့် ဦးလေးချိုး အသတ်ခံရမည်ကို ရှောင်းကျဲယွိ မကြည့်ရက်မှန်း သိနေသောကြောင့် စူးချင်းက သူ့ကို ပစ္စည်းများ ပို့ရန် တာ့ထန်သို့ သွားခိုင်းလိုက်သည်။

မမြင်ရရင် စိတ်မကောင်းဖြစ်ရမှာ မဟုတ်ဘူး၊ စိတ်မကောင်းမဖြစ်ရင် နှလုံးသားလည်း နာကျင်စရာ မလိုတော့ဘူး။

"ချင်းအာ"

ရှောင်းကျဲယွိက သူ့ရင်ခွင်ထဲမှ စူးချင်းကို တင်းနေအောင် ပွေ့ဖက်ထားလိုက်သည်။

သူမက သူ့အတွက် တွေးပေးပြီး သူ့ဆီမှာ နာမည်ဆိုး မကျန်ဖို့တောင် စဥ်းစားပေးနေသေးတယ်။

ဒီလိုဇနီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတဲ့ လင်ယောက်ျားတစ်ယောက်က ဘယ်အရာကို ထပ်တောင်းဆိုနေရဦးမှာလဲ?

တစ်ဖက်မှ ဦးလေးချိုးက သူ့အဖေက သူ့အတွက် အသနားခံပေးပြီး ကျိရွှေရှန့်က သူ့အသက်ကို ချမ်းသာပေးလိမ့်မည်ဟု တညလုံး စိတ်ကူးယဥ်နေသေးသည်။

နောက်တစ်နေ့တွင် ရှောင်းကျဲယွိက ကျုံးယုံကို ခေါ်ဆောင်ကာ ကျောက်မီးသွေး ပို့ရန် တာ့ထန်သို့ ထွက်သွားခဲ့သည်။ သူ ထွက်သွားပြီး သိပ်မကြာခင်မှာပင် စူးချင်းက အကျဥ်းထောင်ထဲသို့ ရောက်လာခဲ့သည်။

သူ့ရှေ့တွင် ဒဏ်ရာကင်းမဲ့စွာ ရပ်နေသည့် စူးချင်းကို တွေ့လိုက်ရချိန်တွင် အဖေချိုး၏မျက်လုံးများက အထိတ်တလန့် ပြူးကျယ်သွားခဲ့သည်။ သူက သူ အလိမ်ခံခဲ့ရကြောင်း နားလည်သွားပြီး စူးချင်းကို လက်ညှိုးထိုးကာ စွပ်စွဲလိုက်သည်။

“မင်း… မင်းက… အရမ်းကောက်ကျစ်တာပဲ”

"ဘယ်လိုသေချင်လဲ?"

စူးချင်းက အဖေချိုးကို အမူအရာမဲ့ ကြည့်နေကာ သူ့စကားများကို မကြားသလို ပြုမူနေခဲ့သည်။ သူမ၏အသံက ခံစားချက်ကင်းမဲ့နေပြီး အေးစက်လွန်းသောကြောင့် အဖေချိုးကို ကြောက်လန့်လာစေသည်။

“မသတ်နဲ့၊ မင်း ငါ့ကို သတ်လို့ မရဘူး။ ရွှေရှန့် ဘယ်မှာလဲ? ငါ ရွှေရှန့်ကို တွေ့ချင်တယ်"

စူးချင်း၏ရည်ရွယ်ချက်ကို နားလည်သွားချိန်တွင် အဖေချိုးက ကြောက်လန့်တကြား အော်ဟစ်နေပြန်သည်။

ရွှေရှန့်ကပဲ ဒီကြောက်စရာကောင်းတဲ့ နတ်ဆိုးမကို ထိန်းချုပ်နိုင်မှာ။ အခုအချိန်မှာ ရွှေရှန့်ကပဲ သူ့အသက်ကို ကယ်တင်ပေးနိုင်တော့မှာ။

“ကျွန်မသာ မရှိခဲ့ရင် ထောင်ဟွားဝူက လူတွေ အားလုံး ရှစ်ခါပြန်တောင် သေပြီးနေလောက်ပြီ။ ပြီးတော့ ကျွန်မ ရှင်ကိုလည်း ကယ်​တင်ပေး​ခဲ့တယ်၊ အဲ့တာတောင်မှ ရှင်က ကျွန်မ​ကို အန္တရာယ်​ပြု​ဖို့ နန်းတွင်းနဲ့ ပူးပေါင်းခဲ့တယ်ပေါ့လေ၊ ကျွန်မ ရှင့်ကို သတ်ချင်ရင် ဘယ်သူမှ ကျွန်မကို မတားနိုင်ဘူး၊ ဘယ်သူကမှလည်း ရှင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

အဖေချိုးကို ကြည့်နေသည့် စူးချင်း၏မျက်လုံးများက ရေခဲကဲ့သို့အေးစက်နေခဲ့သည်။

အဲ့လိုကျေးဇူးတင်ရကောင်းမှန်းတောင် မသိတဲ့လူတွေကို ဘာအတွက်ကြောင့် ဒီကမ္ဘာပေါ်မှာ ဆက်နေခိုင်းရမှာလဲ?

စူးချင်း၏အကြည့်များကြောင့် အဖေချိုးတစ်ယောက် အလွန်အမင်း တုန်လှုပ်နေပြီ ဖြစ်သည်။

ဒီနတ်ဆိုးမ ဘယ်လောက်ရက်စက်ကြမ်းကြုတ်တဘ်ဆိုတာကို သူ ကောင်းကောင်းသိတယ်။ သူ မသေချင်သေးဘူး။ သူ အခု သေသွားရင် သူ့သားအောင်မြင်တာကို ဘယ်လိုမြင်နိုင်တော့မှာလဲ? သူ့သမီးအတွက် ဘယ်လိုလက်စားချေနိုင်တော့မှာလဲ? သူ့အဖေကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ? သူကိုယ်တိုင်လည်း မြေးတစ်ယောက်တောင် မရှိသေးသလို ကောင်းမွန်တဲ့ဘဝကြီးကိုလည်း မခံစားရသေးဘူး။

အဖေချိုး၏မျက်လုံးများတွင် သေရမည့်ကို မလိုလားအပ်သောအရိပ်အယောင်များနှင့် နာကြည်းမှုများ ပြည့်နှက်နေလေသည်။

သူ အသက်ရှင်ချင်သေးရင် ဒီနတ်ဆိုးမကို တောင်းပန်မှ ဖြစ်မယ်။

အားသာချက်နှင့် အားနည်းချက်များ အားလုံးကို ချိန်ဆပြီးနောက် အဖေချိုးက စူးချင်းသို့ ဒူးထောက်ထိုင်ချကာ သူ့ကိုယ်သူ ပါးရိုက်ချလိုက်သည်။

“ငါက အသက်ကြီးပြီး ခေါင်းက ကောင်းကောင်းအလုပ်မလုပ်တော့လို့ မှားခဲ့မိတာပါ၊ ငါက အမှားအမှန်ကို သေသေချာချာ မသိတဲ့ လူအိုကြီးတစ်ယောက်ပါ။ ငါ့ကို ခွင့်လွတ်ပေးပါ။ ငါ့အသက်ကို ချမ်းသာပေးသရွေ့ ငါ ဘာမဆို လုပ်ပါ့မယ်"

အဖေချိုးက ကွေးလွယ်ညွှတ်လွယ် လိုက်လျောညီထွေစွာ ပြုမူတက်သူဖြစ်ပြီး သူ အသက်ရှင်နိုင်ရန် ရန်သူများကိုပင် ဒူးထောက်ဖို့ ဝံ့မလေးသူသာ ဖြစ်သည်။

သို့သော် ထိုသို့သောလူများကသာ သူတို့ကိုယ်သူတို့ အနစ်နာမခံ့ချင်ကြသူများ ဖြစ်သည်။ အမျိုးသားတစ်ဦး၏ ဒူးပေါ်တွင် ရွှေများ ရှိသည်ဟု ဆိုရိုးရှိသော်လည်း သူက ယခု သူ အသက်ရှင်နိုင်ရန် ဒူးထောက်နေခဲ့သည်။ သို့ရာတွင် အခွင့်အရေးရသည်နှင့် သူက စူးချင်းကို ပြန်တိုက်ခိုက်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

သို့သော်လည်း သူ့‌ရှေ့တွင် ရှိနေသူက စူးချင်းဖြစ်နေပြီး သူမက သူ့ကို ထိုကဲ့သို့သော အခွင့်အရေးမျိုး မပေးခဲ့ပေ။ သူမက သူ့ကိုယ်သူ ပါးရိုက်နေသော အဖေချိုးကို အေးစက်စွာ ကြည့်နေရင်း သူ စိတ်ပျက်သွားစေမည့် တစ်စုံတစ်ခုကိုသာ ထပ်ပြောလာခဲ့သည်။

"ကျွန်မက ရှင့်ကို တခြားသူတွေအတွက် စံနမူနာအဖြစ် အသုံးပြုပေးမယ်"

စူးချင်းက ထောင်ဟွားဝူမှ လူတိုင်း၏ရှေ့တွင် အဖေချိုးကို သေဒဏ်ပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ရှောင်းကျဲယွိနဲ့ တရွာတည်းသားတွေ ဖြစ်နေလို့၊ သူတို့အပေါ် ကျေးဇူးကြွေးရှိလို့ ဆိုပြီး ဝှက်ဖဲတစ်ချပ်ကိုင်ထားနိုင်တယ်လို့ ထင်မနေကြနဲ့။ သစ္စာဖောက်တွေရဲ့သွားရာလမ်းနဲ့ အဆုံးသတ်ကို သူမ သူတို့ကို ပြောပြပေးမယ်။

"မင်းက ရက်စက်လွန်းလှချီလား? ငါ သေတဲ့အထိ မင်းနဲ့ တိုက်ခိုက်သွားမယ်"

စူးချင်းက သူ့ကို လူသိရှင်ကြား ကွပ်မျက်တော့မည်ကို နားလည်သွားချိန်တွင် အဖေချိုးက အသနားခံသောအကြည့်များဖြင့် မကြည့်တော့ပေ။ သူက ခပ်မာမာအကြည့်များဖြင့် ခုန်ထလာပြီး စူးချင်း၏လည်ပင်းကို ညှစ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

သူက သူ့၏ရုတ်တရတ် လှုပ်ရှားမှုဖြင့် သူ့သမီးအတွက် လက်စားချေရန် ဤနတ်ဆိုးမကို သတ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။

သိုသော် အကြွင်းမဲ့ ခွန်အားနှင့် ရင်ဆိုင်ရသောအခါတွင် ခုခံမှုတိုင်းက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ စူးချင်းက သူ့ကို တစ်ချက်သာ ကန်ထုတ်လိုက်ပြီး အဖေချိုးက ကြိုးပြတ်သွားသည့်စွန်တစ်ခုကဲ့သို့ လွင့်စင်ထွက်သွားကာ အကျဥ်းထောင်၏နံရံနှင့် ဆောင့်ဝင်ပြီးမှ မြေပြင်ပေါ်သို့ အပြင်းအထန် ပြန်ပြုတ်ကျသွားခဲ့သည်။

သူ့၏အိုမင်းနေသော ခြေလက်များက စူးချင်း၏ကန်ချက်ကို မည်သို့မျှ ခံနိုင်ရည်မရှိဘဲ သူ့နံရိုးများ ကျိုးကုန်ပြီး သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာတော့သည်။

စူးချင်းက သူ့ကို မကြည့်ဘဲ လူထုရှေ့တွင် ကွပ်မျက်မှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်ဖို့ ထွက်သွားခဲ့သည်။ သူမက ထောင်ဟွားဝူမှ ရွာသူရွာသားများနှင့် မော့ချန်မှ မြို့သူမြို့သားများအားလုံးကို အသိပေးရန် စစ်သည်များအား စေလွှတ်ကာ လမ်းဆုံလမ်းခွတိုင်းမှ အော်ဟစ်ကြေငြာစေခဲ့သည်။ သူမ စည်ရိုက်တံကို ကိုင်ထားရင်း တရားမျှတမှုစည်တော်ကြီးကို အေးစက်သောအမူအရာဖြင့် ထုရိုက်နေခဲ့သည်။ စည်သံက လူအများကို ထိတ်လန့်စေခဲ့သည်။ သူတို့အနေဖြင့် ဖြစ်ပျက်ခဲ့သည်ကိစ္စများကို မသိနိုင်ကြသော်လည်း စူးချင်း၏မျက်နှာအမူအရာအရ ထိုကိစ္စက အသေးအမွှား မဟုတ်ကြောင်း ခံစားနားလည်နေမိကြသည်။

စူးချင်းက ရှီးချန်တစ်ဝက်လောက်ကြာအောင် စည်တီးနေပြီးမှ စည်ရိုက်တံကို လွှင့်ပစ်လိုက်ကာ အဖေချိုးကို ခေါ်ဆောင်လာရန် စစ်သည်များကို အမိန့်ပေးလိုက်သည်။

စူးချင်း၏ အေးစက်သောအသံက လူတိုင်း၏နားထဲသို့ မြောက်လေတိုးသံသဖွယ် ပြေးဝင်သွားပြီး အေးစိမ့်စိမ့်ဖြစ်သွားစေခဲ့သည်။

All Chapters