လူတစ်ရာကို သတိပေးဖို့ တစ်ယောက်ကိုတော့ သတ်ပြရမယ်
Vol. 30 Ch. 442
စူးချင်း၏ အေးစက်သော မျက်လုံးများက လူအုပ်ဆီသို့ ဝေ့ဝဲရောက်ရှိလာခဲ့ပြီး အူလှိုက်သည်းလှိုက် ဆွေးနွေးနေသည့် ဆူဆူညံညံ စကားသံများ ရုတ်တရတ် ရပ်တန့်သွားခဲ့သည်။ စစ်သည်များက အဖေချိုးအား သံကြိုးများဖြင့် တုပ်နှောင်လာ ဆွဲခေါ်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် လူတိုင်း အံ့အားသင့်သွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အဖေချိုးက အလွန်နာကျင်နေပုံရပြီး သူ့ခါးပင် ကွေးကျနေကာ လူအုပ်ကြီးထဲသို့ လှမ်းကြည့်နေလေသည်။ သူက သူ့ကို ကယ်တင်ပေးနိုင်မည့် တစ်စုံတစ်ယောက်အား ရှာဖွေနေပုံရပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။
“သူ့အတွက် စွဲချက်တွေကို ဖတ်ပြလိုက်ပါ”
စူးချင်းက သူမအနီးတွင် ရပ်နေသည့် ရှင်းရုဟိုင်ကို အမိန့်ပေးလိုက်သည်။ ရှင်းရုဟိုင်က အဖေချိုးလုပ်ခဲ့သည့်အရာများကို သိထားပြီးဖြစ်သည့်အပြင် သူတို့ကလည်း ရင်းနှီးသူများ မဟုတ်သောကြောင့် သူ့ထံတွင် အဖေချိုးအတွက် မည်သည့်စာနာမှုမှ မရှိခဲ့ပေ။ သူက ပြတ်ပြတ်သားသား စီရင်ချက်ချမည် ဖြစ်ပြီး လူအုပ်ကြီး ငြိမ်သက်သွားစေရန် တစ်ချက်ဝေ့ကြည့်လိုက်ပြန်သည်။
"ချိုးယုံကျစ်က နန်းတွင်းရဲ့လက်ပါးစေတစ်ဦးအဖြစ် လိုလိုလားလား လက်အောက်ခံသွားခဲ့ပြီး မော့ချန်ကို သစ္စာဖောက်ခဲ့တယ်။ သူက မော့ချန်ရဲ့သတင်းတွေကို နန်းတွင်းဆီပေါက်ကြားစေခဲ့ပြီး သူ့ရဲ့ဒီလုပ်ရပ်က မော့ချန်ကို ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်စေခဲ့တယ်။ ချိုးယုံကျစ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ခွင့်လွှတ်နိုင်စရာ အကြောင်းပြချက်မရှိတာကြောင့် ချက်ချင်း သေဒဏ်ကြခံရမည်”
ရှင်းရုဟိုင်က ချိုးယုံကျစ်၏ရာဇ၀တ်မှုများကို ဖတ်ကြားပေးခဲ့ပြီး ထောင်ဟွားဝူမှ လူများအားလုံး အံသြသွားကြသည်။ ရိုးသားပြီး အကျင့်စာရိတ္တကောင်းမွန်သော အဖေချိုးက နန်းတွင်း၏လက်ပါးစေဖြစ်လာသည်ကို သူတို့ မယုံနိုင်ကြသေးပေ။
အထူးသဖြင့် အဒေါ်လီ အပါအဝင် ချိုးမိသားစုနှင့်ရင်းနှီးသူများ ဖြစ်သည်။
မနေ့က ချိုးမိသားစုရဲ့အိမ် မီးလောင်ခဲ့ပြီး အဘိုးကြီးချိုးလည်း မီးလောင်သေဆုံးခဲ့တယ်။ အဒေါ်ချိုးက ဒဏ်ရာအပြင်းအထန်ရသွားပြီး သူတို့အိမ်မှာ ဒီလို ထူးထူးခြားခြား အဖြစ်အပျက်တွေ ဖြစ်ပျက်နေတာတောင် ယုံခန်းအဖေက ပေါ်မလာခဲ့ဘူး။ အခုတော့ သူ အဖမ်းခံလိုက်ရတာပေါ့။
ဒါပေမယ့် သူက နန်းတွင်းနဲ့ဘယ်လို ဆက်သွယ်ခဲ့တာလဲ?
“ရွှေရှန့်....”
အဖေချိုးက ရှောင်းကျဲယွိ၏ကိုယ်ကျင့်တရားကို ထောက်ပြပြီး ထောင်ဟွားဝူမှ သက်ကြီးရွယ်အိုများနှင့် လူငယ်လူရွယ်များ၏ ထောက်ခံမှုကို ရယူကာ သူ့ကို ပြန်လွှတ်ခိုင်းရန် ရှောင်းကျဲယွိအား အတင်းအကြပ် ဖိအားပေးဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော် သူ ပါးစပ်ဖွင့်လိုက်ချိန်တွင် သူ အသံမထွက်နိုင်တော့မှန်း သူ သိလိုက်ရပြီး စူးချင်းကိုသာ စိုက်ကြည့်နိုင်တော့သည်။
ဒီမိန်းမက သူ့ကို ဘာလုပ်ထားခဲ့တာလဲ? သူ ဘာလို့ အသံမထွက်နိုင်တော့တာလဲ?
စူးချင်းကလည်း သူ့ကို အေးစက်သောအကြည့်တစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။
ဟား ဟား၊ သူက ရွှေရှန့်ရဲ့နာမည်ကို လူသိရှင်ကြား ဖျက်စီးချင်နေတာလား? သူက ရှောင်းကျဲယွိက အကြင်နာမဲ့သူလို့ လူတိုင်း ထင်မြင်လာကြအောင် သွေးထိုးလှုံဆော်ပေးချင်နေတာလား? သူမက အဲ့တာကို ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးရမှာလဲ?
စူးချင်းက အဖေချိုး ထိုကဲ့သို့ပြုမှုနိုင်သည်ကို ကြိုတွေးထားပြီး ဖြစ်ကာ သူ့ကို ဆွံ့အစေမည့်ဆေး တိုက်ထားရန် အမိန့်ပေးထားခဲ့သည်။
အဖေချိုးက ဒေါသတကြီးဖြင့် သူ့ပါးစပ်ကို အကျယ်ကြီး ဖွင့်ကာ စူးချင်းကို စိုက်ကြည့်နေခဲ့သည်။
သူ ဒီနေ့ သေရတော့မယ်ဆိုတာ သူ သိပါတယ်။ ဒါပေမယ့် သူ့မျက်လုံးနဲ့ စူးချင်းကို သတ်နိုင်မယ်ဆိုရင် သူ အခု ချက်ချင်း စူးချင်းကို မျက်လုံးအကြည့်နဲ့ သတ်ပစ်လိုက်ချင်တယ်။
စူးချင်းက စင်မြင့်ပေါ်တွင် ရပ်နေကာ အောက်ဘက်ရှိ လူများကို ငုံ့ကြည့်လိုက်သည်။ သူမက လူအများ၏အာရုံကို ဆွဲဆောင်ရန် တရားမျှတမှုစည်တော်ကို ရှီးချန်တစ်ဝက်(တစ်နာရီ)ကြာအောင် ရိုက်နှက်နေခဲ့သည်။
သူမ သွေးစွန်းဓားမြှောင်အဖွဲ့ကို စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သူတို့အနေနဲ့ အဖေချိုးနဲ့ တိုက်ရိုက် အဆက်အသွယ် မလုပ်ခဲ့တာကို သူမ သိခဲ့ပြီးပြီ။ သတင်းပေးသတင်းယူ လုပ်ဖို့ကတော့ သန်းခေါင်ယံမှာ သစ်ခေါင်းကနေတဆင့် လက်လွှဲဖို့ အချိန်ကို သေသေချာချာ သတ်မှတ်ထားခဲ့ကြတယ်။ သတင်းရှိခဲ့ရင် စာကို သစ်ခေါင်းထဲ လာထားထားမယ်။ စာ မရောက်ရင် ဆက်ပြီး စောင့်ကြရမယ်။ ဒီလောက်ပဲ။
ဆိုတော့ သူတို့က ဒီချိုးမျိုးရိုးနဲ့ တစ်ခါမှ မထိတွေ့ခဲ့ကြဖူးဘူး။ ဒါဆို သူက ဘယ်လိုလုပ်ပြီး သူလျှိုဖြစ်လာခဲ့တာလဲ?
ချိုးယုံခန်း... ချိုးယုံခန်းက လွဲ၍ တခြားဘယ်သူက ချိုးယုံကျစ် သူ့အသက်ကိုတောင် စွန့်စားပြီး ဒီလို သစ္စာဖောက်စေဖို့ ဆွဲဆောင်နိုင်မှာလဲ?
ဤအကြောင်းပြချက်အပေါ် အခြေခံပြီး စူးချင်းက ချိုးယုံခန်း မော့ချန်တွင် ရှိနေသည်ဟု ယူဆနေခဲ့ပြီး ချိုးယုံခန်း ကြားနိုင်ရန် ရည်ရွယ်ကာ စည်တော်ကို ထပ်ခါထပ်ခါ တီးနေခဲ့ခြင်း ဖြစ်သည်။
သူမက ချိုးယုံခန်း၏ဖခင်ကို ဤနေရာသို့ ဆွဲခေါ်လာခဲ့ပြီး ချက်ချင်း ခေါင်းမဖြတ်သေးဘဲ ချိုးယုံခန်းကို မြှားခေါ်ရန် ရိုးရိုးရှင်းရှင်း ကြိုးစားနေခဲ့သည်။
"စူးချင်း၊ ကျေးဇူးပြုပြီး လောင်ချိုးကို ခွင့်လွှတ်ပေးပါ!"
အဘိုးကြီးလီက ချိုးယုံကျစ်အတွက် အသနားခံပေးရန် အရင်ဦးဆုံးရှေ့တိုးလာခဲ့သည်။ အမှန်တကယ်တွင် သူတို့က တစ်ရွာတည်းမှ ထွက်လာကြသူများ ဖြစ်ပြီး သူတို့မိသားစု မိသားစုနှစ်ခုကြားမှ ဆက်ဆံရေးကလည်း မဆိုးလှပေ။ ထို့ကြောင့် သူက အဖေချိုးသေသွားမည်ကို မကြည့်ရက်နိုင် ဖြစ်နေခဲ့သည်။
စူးချင်းက သူ့ကို အေးစက်စွာ ပြန်ကြည့်လိုက်ပြီး သူမ၏အေးခဲနေသောအကြည့်များက အဘိုးကြီးလီကို အလွန်စိတ်မသက်မသာဖြစ်သွားစေခဲ့သည်။ ဤအခိုက်အတန့်တွင် သူတို့ ကပ်ဘေးမှ ထွက်ပြေးလာစဥ်ကကဲ့သို့ လူတိုင်း တန်းတူညီတူ ရပ်တည်နိုင်သည့်အခြေအနေ မဟုတ်တော့ကြောင်း သူ ခံစားလိုက်ရသည်။ ယခု သူတို့က သာမန်လူများသာ ဖြစ်နေသေးသော်လည်း တခြားသူများကတော့ ဤနေရာ၏အုပ်ချုပ်သူများ ဖြစ်နေကြပြီး အရာအားလုံးကို တာဝန်ယူစီမံနေကြပြီ ဖြစ်သည်။
“ဧကရာဇ်က ဥပဒေကို ချိုးဖောက်ရင် သာမန်ပြည်သူတွေလိုမျိုး အလားတူ အပြစ်ဒဏ်ခံရလိမ့်မယ်။ အခုအချိန်ကစပြီး မော့ချန်က တိုင်းပြည်တစ်ခု အဖြစ် စတင်နေပြီ၊ မိသားစုမှာ စည်းကမ်းရှိသလို တိုင်းပြည်မှာ ဥပဒေရှိတယ်၊ ဥပဒေကို ဖောက်ဖျက်ရင် ဘယ်သူပဲဖြစ်ဖြစ် အကျိုးဆက်ကို ခံကြရလိမ့်မယ်”
စူးချင်းက ထောင်ဟွားဝူမှ ရွာသူရွာသားများကို တစ်ချက်ကြည့်လိုက်ရင်း သူမ၏စကားများကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောနေခဲ့သည်။ မော့ချန်မှ အခြားသော သာမန်ပြည်သူများကတော့ အစိုးရနှင့် ပြည်သူများကြားမှ အကွာအဝေးကို နားလည်နေကြပြီး နာခံမှုရှိရှိ ပြုမှုနေထိုင်တတ်ကြသည်။
ထောင်ဟွားဝူမှ ဤလူများကတော့ ရှေးခတ်က တော်ဝင်မျိုးနွယ်များကဲ့သို့ ဖြစ်နေပြီး ရှောင်းကျဲယွိနှင့် သူတို့၏ဆက်ဆံရေးကို အားကိုးကာ သူတို့အမှားလုပ်ခဲ့လျှင်ပင် ခွင့်လွှတ်ပေးသင့်သည်ဟု ထင်နေခဲ့ကြသည်။
ထို့ကြောင့် ယနေ့တွင် စူးချင်းက လူတိုင်းအား သတိပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မင်းက ဘယ်သူပဲ ဖြစ်နေပါစေ၊ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်ရင် ခေါင်းဖြတ်ခံရလိမ့်မယ်၊ ဒါက လူတိုင်းသိနေရတော့မယ့် သဘောတရားပဲ၊ ဥပဒေမှာ ထောက်ထားညှာတာစရာမျက်နှာ မရှိသလို ကရုဏာလည်းမရှိဘူး။
ပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ရမယ့်သူကလည်း သူရဲ့လက်အောက်ငယ်သားတွေနဲ့ ဝေးဝေးမှာ နေရတယ်ဆိုတာကို သူတို့ သင်ယူသင့်နေပြီ။ သူတို့ မိသားစုလိုမျိုး ဆက်ဆံရေး ရှိတာကြောင့် သူတို့ လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်လို့ မတွေးတော့ဖို့လည်း လိုအပ်နေပြီ။
စူးချင်းက သူမ ပြောနေသည့်စကားများကို ခဏတာမျှ ရပ်တန့်ထားခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသော လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြန်သည်။ ထို့နောက် သူမက ခြိမ်းချောက်မှုများ ပြည့်လျှံနေသည့်အသံဖြင့် တစ်လုံးချင်း ပြတ်ပြတ်သားသား ထပ်ပြောလိုက်သည်။
“မော့ချန်ကို သစ္စာဖောက်တဲ့သူမှန်သမျှ သေခြင်းတရာကို ရင်ဆိုင်ရလိမ့်မယ်”
"ကွပ်မျက်လိုက်တော့"
စူးချင်းက လူအုပ်ထဲတွင် ချိုးယုံခန်းကို ရှာဖွေနေခဲ့သော်လည်း သူမ၏ ခြိမ်းခြောက်စကားဆုံး သွားချိန်တွင် ချိုးယုံကျစ် အသက်ရှင်နေရန် မလိုအပ်တော့ကြောင်း ဆုံးဖြတ်လိုက်ပြီး သူ့ကို ငရဲပြည်သို့ ပို့ခိုင်းလိုက်တော့သည်။
"အမ်း.... အင်း… အီး...."
အကူအညီတောင်းရန်ပင် မအော်ဟစ်နိုင်တော့သည့် ချိုးယုံကျစ်က သူ့နှာခေါင်းမှ အသံထွက်နိုင်ရန် ကြိုးစားနေခဲ့သည်။ သူ့၏မျက်လုံးများက ပြူးကျယ်နေကာ ခေါင်းဖြတ်စင်ပေါ်သို့ မသွားရအောင် မြေပြင်ကို ခြေကန်ရုန်းပြီး အသည်းအသန် ငြင်းဆန်နေခဲ့သည်။
အာဏာပါးကွက်သားက အဆင်သင့်ဖြစ်နေပြီဖြစ်ကာ အေးစက်နေသော ခေါင်းဖြတ်ဓါးသွားပေါ်သို့ အရက်တစ်ငုံ ထွေးထုတ်လိုက်သည်။ သူက တစ်နှစ်ပတ်လုံး လူတို့၏ဦးခေါင်းများကို ခုတ်ဖြတ်နေရသူဖြစ်သောကြောင့် သူ့ဆီမှ လူသတ်အငွေ့အသတ်က ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
အာဏာပါးကွက်သား၏ခေါင်းဖြတ်ဓားကို မြင်လိုက်သည်နှင့် ချိုးယုံကျစ်တစ်ယောက် ထိတ်လန့်ကြောက်ရွံ့သွားပြီး ဘောင်းဘီထဲတွင် သေးထွက်ကျသွားတော့သည်။ သူ့၏မျက်နှာပေါ်တွင် မျက်ရည်များနှင့် နှပ်ချေးများ တွဲလောင်းကျနေပြီး သူ့မျက်လုံးများက အသတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေသော သိုးသူငယ်လေးကဲ့သို့ ဖြစ်နေကာ ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။ သူက လူအုပ်ကြီးကို ကူကယ်ရာမဲ့ ကြည့်နေခဲ့ပြီး သူ့ကို ကယ်တင်ပေးနိုင်မည့် တစ်စုံတစ်ယောက်အား မျက်ရည်များပြည့်နေသည့်မျက်လုံးများဖြင့် လိုက်ရှာနေခဲ့သည်။
ရုတ်တရက် သူနှင့် အကျွမ်းတဝင်ရှိသော မျက်နှာတစ်ခုကို မြင်လိုက်ရသောကြောင့် သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။ သို့သော်လည်း သူ ချက်ချင်း ခေါင်းယမ်းလိုက်သည်။ စူးချင်းက သူ့၏အမူအရာကို အာရုံစိုက်နေခဲ့ပြီး သူ့၏အပြောင်းအလဲကို ချက်ချင်း သတိပြုမိသွားခဲ့သည်။ သူမက သူ ကြည့်နေသည့်နေရာသို့ တိုက်ရိုက်ပျံသန်းသွားလိုက်သည်။
“ပြေးကြတော့၊ အာဏာပိုင်တွေက လူတွေကို သတ်တော့မယ်”
တစ်စုံတစ်ယောက်က ရုတ်တရက် ထအော်လိုက်ရာ လူအုပ်ကြီးက ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ လူများအားလုံးက စူးချင်းကို ကြောက်ရွံ့နေပြီဖြစ်ကာ သူမ ရုတ်တရတ် ပျံသန်းလာနေသည်ကို မြင်လိုက်ရသောကြောင့် သူမ သူတို့ကို ဖမ်းကာ ခေါင်းဖြတ်တော့မည်ဟု ထင်သွားကြပြီး အလွန်ကြောက်လန့်သွားကာ ခြေဦးတည့်ရာ အရပ်သို့ ပြေးသွားကြတော့သည်။
“မပြေးကြနဲ့၊ ရပ်ကြစမ်း”
စူးချင်းက အော်ဟစ်တားဆီးလိုက်သည်။ သူမ မအော်လျှင် အဆင်ပြေနိုင်သေးသော်လည်း သူမ အော်လိုက်သည်နှင့် လူတိုင်းက ပိုထိတ်လန့်သွားကြပြီး အရပ်မျက်နှာမျိုးစုံသို့ ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။
စူးချင်း သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး အပေါ်စီးမှ ငုံ့ကြည့်လိုက်သော်လည်း လူအုပ်ကြီးက လုံးဝ ဖရိုဖရဲဖြစ်နေခဲ့သည်။ လူတိုင်းက ဆောင်းရာသီဝတ် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး တစ်ယောက်ယောက်ကို ခွဲခြားရှာဖွေရန် ခက်ခဲလွန်းလှသည်။
“မြို့တံခါးကို ပိတ်ပြီး တမြို့လုံးအနှံ ရှာကြ”
စူးချင်းက စစ်သည်များကို အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
ချိုးယုံခန်း မော့ချန်မှာ ရှိနေတာ သေချာမှတော့ သူမ သူ့ကို ထွက်ပြေးခွင့်မပေးနိုင်တော့ဘူး။
"သူ့ခေါင်းကို ခုတ်ဖြတ်လိုက်တော့"
စူးချင်းက သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ကွပ်မျက်သည့်တာဝန်ကို ထမ်းဆောင်မည့် အာဏာပါးကွက်သားကို အော်ဟစ်အမိန့်ပေးကာ ခေါင်းဖြတ်ရန် အမူအရာ ပြလိုက်သည်။ သူမက တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး မြို့တံခါးဆီသို့ ပြေးသွားပြီး ဖခင်ချိုး၏ သူရဲဘောကြောင်သော မျက်နှာကို ထပ်ပင်မကြည့်တော့ချေ။
မြို့ထဲမှ ထွက်ခွာရန် ပြင်ဆင်နေကြသူများ အားလုံး မြို့ထဲတွင် ပိတ်မိနေကြပြီး စူးချင်းက ရထားလုံးပေါ်ရှိ လူတိုင်းကို အောက်ဆင်းခိုင်းခဲ့သည်။ သူမက အိမ်တိုင်းကို ရှာဖွေရန် တပ်ဖွဲ့များကို ဦးဆောင်ဖို့ ချန်ယွိကိုပါ သွားခေါ်ခိုင်းခဲ့သည်။
မြေကြီးထဲကို သုံးပေလောက်အထိ တူးရရင်တောင် သူမ ချိုးယုံခန်းကို ရှာရမယ်။
ပြီးတော့ အိမ်တိုင်းကို ရှာဖွေလိုက်တာနဲ့ သွေးစွန်းဓားမြှောင်အဖွဲ့ကလူတွေ ကျန်နေတာမျိုး ရှိ မရှိ သူမတို့ သိနိုင်လိမ့်မယ်။
ညဉ့်နက်လာသည်နှင့်အမျှ မော့ချန်မြို့သားများအားလုံး ထိတ်လန့်တုန်လှုပ်လာကြသည်။ အရာရှိများနှင့် စစ်သည်များက တော်ဝင်ရုံးတော်မှ စေလွှတ်ထားသည့် လက်အောက်ငယ်သားများကို လိုက်ဖမ်းနေကြောင်း သူတို့ ကြားသိရပြီး သူတို့အားလုံးလည်း ကြောက်လန့်နေကြပြန်သည်။
ရှာဖွေရန် စေလွှတ်လိုက်သော စစ်သည်များ ပြန်ရောက်မလာသေးသလို ချိုးယုံခန်းကိုလည်း ရှာမတွေ့ခဲ့ပေ။ စူးချင်းက မြို့ကို သေသေချာချာ စောင့်ကြပ်ရန် အမိန့်ထပ်ပေးလိုက်ပြီး မြို့၏ကာကွယ်ရေးမြေပုံကို အနီးကပ်ကြည့်နေခဲ့သည်။
မော့ချန်ရဲ့ အားနည်းချက်က ဘာလဲ? အဲဒါက ပေ့ချန်(မြောက်ပိုင်းမြို့)ပဲ။ တာ့ထန်နဲ့ကတော့ သူမတို့နဲ့ အရမ်းနီးကပ်နေပြီး တိုင်းပြည်နှစ်ခုကြားက ဆက်ဆံရေးက ဟန်းနီးမွန်းကာလလိုမျိုး ချိုမြိန်နေတာလေ၊ အဲ့တော့ သူတို့ မော့ချန်ကို ဒုက္ခပေးမှာ စိုးရိမ်နေဖို့ မလိုဘူး။ စစ်တပ်အတွက် အဓိကဖိအားက မြို့တော်ဘက်ကို ဦးတည်နေတဲ့ တောင်ပိုင်းမြို့တွေပဲ။ အဲ့တာကြောင့် အဲ့ဘက်မှာ အစောင့်အကြပ်ပိုများတယ်။
စူးချင်း၏သွယ်လျသောလက်ချောင်းများက မြို့ကာကွယ်ရေးမြေပုံပေါ်တွင် ပြေးလွှားနေပြီး အဓိကအားဖြင့် မြောက်ပိုင်းမြို့များပေါ်တွင်ဖြစ်သည်။ သူမက သူမကိုယ်သူမ ချိုးယုံခန်း၏နေရာတွင် ဝင်ကာ တွေးတောနေခဲ့သေးသည်။
သူမသာ သူ့နေရာမှာဆိုရင် သူမ လွတ်မြောက်ဖို့ ဘယ်မြို့တံခါးကို ရွေးမှာလဲ?
ချိုးယုံခန်းရဲ့လိမ္မာပါးနပ်တဲ့ အကျင့်စရိုက်အရ သူက သူနဲ့ရင်းနှီးတဲ့လမ်းကြောင်းကိုပဲ ရွေးချယ်လိမ့်မယ်။
စူးချင်းက မြောက်ဘက်တံခါး၏ပတ်လည်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်ပြီး သူမ၏အေးစက်သောမျက်လုံးများမှ မည်းမှောင်ပြီးရင်း မည်းမှောင်လာခဲ့သည်။
နောက်ဆုံးအကြိမ်တုန်းကလည်း ချိုးယုံခန်းက သူ ထွက်ခွာဖို့ မြောက်ဘက်တံခါးကိုပဲ ရွေးချယ်ခဲ့တယ်။