သူ ဒီမှာလား?
Vol. 30 Ch. 443
“စစ်သည်တွေ ပြန်လာကြတော့၊ မနက်ဖြန်မနက်မှ မြောက်တံခါးကို ဖွင့်ပေးမယ်။ ဒီည လိုက်ရှာတာကို ရပ်ပြီး လမ်းပေါ်မှာ ကင်းလှည့်ဖို့ နောက်ထပ် စစ်သည်တချို့ လွှတ်ပေးလိုက်”
စူးချင်းက အိမ်ထဲမှ ထွက်လာပြီး လှမ်းအော်လိုက်သည်။ ချန်ယွိက သူ့၏ကိုယ်ပိုင်စစ်သည်များကို တံခါးအပြင်ဘက်တွင် စောင့်နေရန် စေလွှတ်ပေးထားသောကြောင့် စူးချင်း အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်က ထိုအမိန့်ကို ချန်ယွိထံသို့ ချက်ချင်း သွားပို့ပေးမည် ဖြစ်သည်။
“ဟုတ်ကဲ့”
သတင်းပို့တာဝန်ယူထားသည့် စစ်သည်က အမိန့်ကို လက်ခံလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
ည၏နှောင်းပိုင်းဖြစ်လာသောကြောင့် နောက်ဆုံးတွင် မော့ချန်တစ်မြို့လုံး တိတ်ဆိတ်သွားတော့သည်။ လမ်းများပေါ်တွင် လူသူကင်းမဲ့နေပြီး ဆီးနှင်းများ ဆက်လက်ကျဆင်းနေသောကြောင့် ကောင်းကင်က မြေပြင်ကို အဖြူရောင် ခြုံထည်လွှမ်းခြုံပေးထားသည်ဟု ထင်ရစေသည်။ နေ့ခင်းဘက်တွင် လှုပ်ရှားသွားလာခဲ့ကြသည့် ခြေရာများအားလုံးက လေနှင့် ဆီးနှင်းများအောက်တွင် လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်သည်။
ဦးလေးလီနှင့် အိမ်နီးချင်းဟောင်းတချို့က ချိုးယုံကျစ်၏အလောင်းကို ကောက်ယူသွားခဲ့ကြသော်လည်း မြို့ပြင်တွင် မမြှုပ်နှံသေးနိုင်သောကြောင့် အများပိုင်သုသာန်ခန်းမတွင်သာ ထိန်းသိမ်းထားခဲ့ရသည်။
ဤနေရာတွင် ယင်ချီများ ပြည့်နှက်နေပြီး မှိုင်းဝေနေသောလေထုကြောင့် ညသန်းခေါင်တွင် မည်သူမျှ မနေရဲကြပေ။ ထို့ကြောင့် သူတို့အားလုံး ပြန်သွားကြပြီး ချိုးယုံကျစ်၏အလောင်းသာ ကျန်ရစ်နေခဲ့သည်။ သူ့၏ဦးခေါင်းက သူ့ခန္ဓာကိုယ်နှင့် အဆက်ပြတ်သွားပြီဖြစ်သော်လည်း အခြားသူမျးက သူ့ခေါင်းကို သူ့ခန္ဓာကိုယ်နှင့် ပြန်တွဲပေးထားခဲ့ကြသည်။ သူက နာကျည်းမှုများနှင့် သေဆုံးသွားရမှန်း သိသာနေပြီး သူ့မျက်လုံးများက အလွန်ပြူးကျယ်နေကာ သုသာန်ခန်းမ၏မီးရောင်မှိန်မှိန်အောက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းနေလေသည်။
ညဉ့်သန်းခေါင်ရောက်လာပြီး လူသူကင်းမဲ့သွားသည့်အချိန်တွင် သုသာန်ခန်းမထဲရှိ သစ်သားခေါင်းတလားတစ်ခုက ရုတ်တရက် ပွင့်လာကာ တောင့်တင်းနေသော အလောင်းတစ်လောင်း လွင့်ပျံလာခဲ့သည်။ ထို့နောက် အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားသော ချိုးယုံခန်းက ထိုခေါင်းတလားထဲမှ ထွက်လာခဲ့သည်။
ချိုးယုံခန်းက ဖခင်ဖြစ်သူ၏အလောင်းဆီသို့ ဒယိမ်းဒယိုင် လျှောက်လာခဲ့ပြီး ဒူးထောက်ထိုင်ချလိုက်သည်။ ခေါင်းဖြတ်ခံထားရတဲ့ ဖခင်ဖြစ်သူကို ကြည့်နေသည့် မျက်လုံးများက နီရဲနေကာ လက်သီးများကို တင်းနေအောင် ဆုပ်ထားရင်း မျက်ရည်များ စီးကျလာခဲ့သည်။
သူ့မှာ သူ့အဖေကို ဂါရဝပြုခွင့်တောင် မရှိတော့ဘူး။
စူးချင်း... ငါ မင်းကို ဘယ်တော့ မကျေအေးပေးနိုင်ဘူး။
ချိုးယုံခန်းက ကောင်းကင်ကို မော့ကြည့်ပြီး စူးချင်းအား သူမ၏သွေးဖြင့် ပေးဆပ်ခိုင်းမည်ဟု ကျိန်ဆိုလိုက်သည်။
ချိုးယုံခန်းက ထိုသုသာန်ခန်းမတွင် အချိန်အတော်ကြာ ဒူးထောက်ထိုင်နေပြီးမှ နောက်ဆုံးတွင် မတ်တပ်ထရပ်လိုက်သည်။ ပုံမှန်အားဖြင့် မော့ချန်၏ဆောင်းရာသီက လူ၏သွေးများကိုပင် အေးခဲသွားစေနိုင်သည်။ ချိုးယုံခန်းက ခန္ဓာကိုယ်နွေးထွေးစေမည့် ဆေးလုံးကို စားထားခြင်း ဖြစ်ပြီး ထိုသို့ မစားထားလျှင် သူ အစောကြီးကတည်းက အေးခဲသွားပြီး ဖြစ်နေပေလိမ့်မည်။
ထိုခန္ဓာကိုယ် ပူနွေးစေမည့်ဆေးလုံးများက ကျိရွှေရှန့်အတွက် စူးချင်းက ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။ ချိုးယုံခန်းက ဆေးတစ်မျိုးစီကို အနည်းငယ် လျှို့ဝှက်သိမ်းဆည်းထားခဲ့ပြီး ဧကရာဇ်မင်းမြတ်၏ယုံကြည်မှုကို ရရှိရန် ၎င်းတို့ကို အသုံးပြုခဲ့သည်။
ချိုးယုံခန်းက မုန်းတီးမှုနှင့် ဝမ်းနည်းပူဆွေးမှုများကို သယ်ဆောင်ကာ သုသာန်ခန်းမထဲမှ ထွက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်မှ အမှောင်ထုက သူ့ကို ဦးတည်ချက်မဲ့နေစေပြီး မီးလင်း မထွန်းရဲသောကြောင့် သူ့၏ပင်ကိုဗီဇကို အားကိုးကာ လမ်းများပေါ်တွင် ကင်းလှည့်နေသော စစ်သည်များကို ရှောင်ရှားလာခဲ့သည်။
သူ ယခင်တကြိမ်ကဲ့သို့ မြောက်ဘက်တံခါးမှ ထွက်ကာ တာ့ထန်ဘက်သို့ ပြေးသွားပြီး မြို့တော်ဆီသို့ သွားရန် တွေးထားခဲ့သည်။ သူ ဤမြို့မှ ထွက်နိုင်သည်နှင့် တယောက်ယောက်က သူ့ကို လာခေါ်ပေးမည်ဖြစ်သည်။
သို့သော်လည်း သူက အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။ စူးချင်း၏ကိုယ်ရည်ကိုယ်သွေးအရ သူမက တစ်မြို့လုံးကို ပိုက်စိုက်တိုက် ရှာဖွေနိုင်သည်။ ထို့ကြောင့် သူ ကွပ်မျက်ရေးကွင်းမှ ထွက်ပြေးလာခဲ့ချိန်တွင် သုသာန်ခန်းမရှိ အခေါင်းထဲ၌ ပုန်းအောင်းနေခဲ့ခြင်းပင်။
လူသေတွေနေတဲ့ နေရာက အလုံခြုံဆုံးပဲ။
တစ်ယောက်ယောက်က သူ့ကို လိုက်ရှာရင်တောင် သူက အလောင်းအောက်မှာ ရှိနေတော့ သူ့ကို ရှာတွေ့မှာကို သူ မစိုးရိမ်ဘူး။ ဒါပေမယ့် လူသေအလောင်းတစ်လောင်းရဲ့အောက်မှာ အချိန်အတော်ကြာ အဖိခံထားရတာကတော့ ကံမကောင်းဖြစ်စေတယ်။
ချိုးယုံခန်းက သူ့ခန္ဓာကိုယ်တွင် ထိုလူသေ၏အနံ့များ စွဲကပ်နေသလို ခံစားနေရသည်။
သူ လှည့်ကင်းများကို ရှောင်တိမ်ရင်း ပုန်းရှိုးကွယ်ရှိုး သွားလာနေရာသောကြောင့် လမ်းကြောင်းပြောင်းသွားခဲ့ပြီး သူ မြောက်ဘက်မြို့တံခါးကို ဦးတည်ခဲ့သော်လည်း အနောက်ဘက်သို့ မတော်တဆ ရောက်သွားခဲ့သည်။
ချိုးယုံခန်းက အနောက်ဘက်မြို့ရိုး၏တံတိုင်းများကို မော့ကြည့်လိုက်သည်။ သူက စစ်သည်များ ကင်းလှည့်လေ့ရှိသော လမ်းကြောင်းများကို သိထားသူ ဖြစ်သောကြောင့် မြို့တံခါးနှင့် ဝေးသော မှောင်ရိပ်ကျသည့်နေရာတစ်ခုကို ရှာကာ ငါးခွချိတ်ကို တံတိုင်းပေါ် ပစ်တင်လိုက်သည်။
ထိုငါးခွချိတ်ကလည်း စူးချင်း ကျိရွှေရှန့်အတွက် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ချိုးယုံခန်းက ၎င်းကို တိတ်တဆိတ် ဝှက်ထားကာ ခိုးယူသွားခဲပြီး ယခုအခါ ၎င်းက သူ့အတွက်အသက်ကယ်ရတနာ ဖြစ်လာခဲ့သည်။
"ဘယ်သူလဲ?"
ချိုးယုံခန်းက တံတိုင်းပေါ်သို့ လုံခြုံစွာ တက်နိုင်ခဲ့သော်လည်း သူ တစ်ဘက်သို့ ပြန်ဆင်းခါနီးတွင် ကင်းစောင့်တပ်သားတစ်ယာက် သူ့ကို တွေ့ရှိသွားခဲ့သည်။ ထိုစစ်သည်က သူ့လက်နက်ကို မြှောက်ကာ ချိုးယုံခန်းဆီသို့ ပြေးလာနေသောကြောင့် ချိုးယုံခန်းက သူ၏ ငါးခွချိတ်ကိုပင် ပြန်မသိမ်းနိုင်တော့ဘဲ နှင်းတောထဲသို့ ခုန်ချလိုက်ရသည်။ သူ လဲကျရာမှ ချက်ချင်း ပြန်ထကာ ထွက်ပြေးလာခဲ့သော်လည်း မြို့ရိုးပေါ်မှ စစ်သည်များက သူ့ကို မြင်သွားပြီး သူ့နောက်ကျောကို မြှားများဖြင့် လှမ်းပစ်ကြသည်။ ချိုးယုံခန်းက ထူထပ်သော နှင်းပြင်ပေါ်သို့ လဲကျသွားပြန်သည်။
မြို့ရိုးပေါ်မှ စစ်သည်များက မီးတုတ်များကို မြှောက်ကာ အောက်သို့ ငုံ့ကြည့်လိုက်ကြသော်လည်း မည်သူ့ကိုမျှ မတွေ့ရသောကြောင့် မြို့တံခါးများကို ကမူးရှူးထိုး မဖွင့်ရဲကြပေ။ သူတို့က စစ်သူကြီးဖြစ်သော ချန်ယွိကို သတင်းပို့ရန် စစ်သည်တစ်ယောက် စေလွှတ်လိုက်ကြသည်။
ယနေ့ညတွင် စူးချင်းက ရုံးတော်တွင်သာ နေထိုင်ခဲ့ပြီး အဖိုးကြီးချင်ဖုန်းက စူးချင်းနှင့် စကားစမြည်ရန် သူမကို ဆွဲခေါ်ထားခဲ့သည်။ စူးချင်းက သူ၏သမက်ဖြစ်သူ ရှောင်းကျဲယွိအတွက် လက်ထပ်ထိမ်းမြားရန် စီစဥ်ပေးခဲ့သူဖြစ်ကြောင်း သိပြီးကတည်းက အဘိုးအိုက အလွန်ဝမ်းသာနေခဲ့သည်။
ထို့အပြင် စူးချင်း၏ ယနေ့လုပ်ရပ်များက မှန်ကန်သည်ဟု သူ တွေးထားခဲ့သည်။
တကယ်တော့ ထောင်ဟွားဝူက ရွာသားတွေကို သစ္စာဖောက်ခြင်းရဲ့ရလဒ်အကြောင်း ပြောပြသင့်တယ်လေ။ အဲ့ဒါမှ တခြားသူတွေကို သတိပေးထားသလို ဖြစ်စေပြီး လိုက်မလုပ်ရဲကြမှာပေါ့။
ပြီးတော့ သူ့မြေးကို အရင်ထွက်သွားခိုင်းပြီး သူမဘာသာ လူဆိုးလုပ်လိုက်တဲ့ စူးချင်းရဲ့အပြုအမူကိုလည်း သူ အရမ်းသဘောကျတယ်။ မဟုတ်ရင် သူမြေးက ဝေဖန်ခံရပြီး တခြားသူတွေက သူ့ကို ခေါင်းဆောင်အဖြစ် လေးစာတော့မှာ မဟုတ်ဘူး။
နှစ်ယောက်သား အနာဂတ်တွင် မော့ချန်နှင့် ကျင့်ရှီလျိုမြောင်တို့အား မည်သို့တည်ဆောက်ရမည်ကို ဆွေးနွေးခဲ့ကြသည်။ သူတို့က ဤအမာခံစခန်းနှစ်ခုကို အားကိုးကြရမည် ဖြစ်ပြီး နောက်နှစ်တွင် စားနပ်ရိက္ခာနှင့် မြက်ခြောက်များ အလုံအလောက် ရှိလာမည် ဖြစ်ပြီး စစ်သည်များကို ပိုသန်မာအောင် လေ့ကျင့်ပေးကာ တပ်ဖွဲ့များ ဖွဲ့စည်းရန် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ သူတို့ ဝမ်မိသားစုတပ်ကို တိုက်ခိုက်ရန် အကြောင်းပြချက်က တိုင်းပြည်ကို မတရားသိမ်းပိုက်ထားသည့် ဝမ်မိသားစုကို ဖြုတ်ချရန်နှင့် တိုင်းသူပြည်သားများအပေါ် ဒုက္ခပေးနေသည့် အကျင့်ပျက်အရာရှိများကို ဖယ်ရှားရန် ဖြစ်သည်။
စူးချင်းက အဘိုးအို၏အခန်းထဲမှ ထွက်လာခဲ့ပြီး ကျိရှောင်ယင်ကို သွားတွေ့ရန် စဥ်းစားနေခဲ့သည်။ ကျိရှောင်ယင်က အဒေါ်ချိုးကို ပြုစုရန် သွားနေခဲ့ပြီး ပြန်မလာသေးပေ။ အဒေါ်ချိူး၏မီးလောင်ဒဏ်ရာများကို အချိန်မီ မကုသနိုင်ပါက ပိုးဝင်ပြီး သေဆုံးသွားနိုင်သည်ကို သိနေသောကြောင့် စူးချင်းက အဒေါ်ချိုး၏ဦးခေါင်းကို မဖြတ်ခဲ့ပေ။
တာဝန်ရှိသူများက မမာမကျန်းဖြစ်နေသူများကို ပြစ်ဒဏ်စီရင်လေ့ မရှိပေ။ အကယ်၍ သူမက မီးလောင်ဒဏ်ရာများ ပြည့်နေသည့် အဒေါ်ချိုးကို ခေါင်းဖြတ်သတ်ရန် အမိန့်ပေးလိုက်လျှင် ရှောင်းကျဲယွိက ထောင်ဟွားဝူရှိလူများ၏ နှလုံးသားထဲတွင် ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာမဲ့သူအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
သူမအနေဖြင့် ဝေဖန်မှုများကို ဂရုမစိုက်ဘူးဆိုလျှင်ပင် ရှောင်းကျဲယွိအတွက် ဆင်ခြင်ရန် လိုအပ်နေသေးသည်။
ထိုမီးလောင်ဒဏ်ရာများက အရိုးများ ဆွဲထုတ်ခံရသည့်ဝေဒနာထက် ပိုနာကျင်စေပြီး နောက်ထပ် နှစ်ရက်ခန့် အသက်ရှင်နေရခြင်းကပင် အဒေါ်ချိုးအတွက် ပို၍ ရက်စက်သော ပြစ်ဒဏ်ဖြစ်သည်။
စူးချင်း ရုံးတော်အ၀င်သို့ဝ ရောက်သွားချိန်တွင် အပြင်ဘက်မှ စစ်သည်တစ်ယာက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"စစ်သူကြီးချန်က သခင်မလေးစူးကို ရှာဖို့ လွှတ်လိုက်ပါတယ်"
စူးချင်းက ရုံးတော်ထဲမှ ချက်ချင်း ထွက်လာခဲ့သည်။
"ဘာကိစ္စရှိလို့လဲ?"
“သခင်မလေးစူးကို သတင်းပို့ပါတယ်၊ မသင်္ကာစရာလူတစ်ဦးက အနောက်ဘက်မြို့ရိုးပေါ်ကနေ ခုန်ချသွားတာကို တွေ့လိုက်ရပါတယ်”
စူးချင်း ထွက်လာသည်ကို မြင်လိုက်သည်နှင့် ထိုစစ်သည်က သူမကို အမြန်အလျန် သတင်းပို့လာခဲ့သည်။
"မြင်းတွေ ယူလာခဲ့!"
စူးချင်းက မြင်းများ ယူလာရန် အမိန့်ပေးလိုက်ပြီး ထိုစစ်သည်နှင့်အတူ မြို့အနောက်ဘက်သို့ အပြေးအလွှားထွက်ခွာလာခဲ့သည်။
လမ်းတစ်လျောက်တွင် စူးချင်းက ထိုအကြောင်းအရာကို တွေးတောလာခဲ့ပြီး သူမ နားမလည်နိုင်ဖြစ်နေခဲ့သည်။ အနောက်ဘက်တံခါးက မြောက်ပိုင်းမှ လူရိုင်းမျိုးနွယ်စုများဆီသို့ ဦးတည်သွားရာ လမ်းကြောင်းဖြစ်သည်။ ထိုလူများက ရက်စက်ကြမ်းကြုတ်ပြီး သူတို့ကိုယ်သူတို့ ပြင်ပကမ္ဘာမှ ဖယ်ခွာနေကြသူများ ဖြစ်ကြသည်။ သူတို့က လွန်ခဲ့သည့် ဆယ်နှစ်အတွင်း တာ့ရှားပြည်ထောင်ကို မကျူးကျော်ခဲ့သော်လည်း ချန်ယွိက သူတို့ကို အမြဲသတိထား စောင့်ကြည့်နေခဲ့သည်။
ထိုလူရိုင်းမျိုးနွယ်စုများဆီသို့ သွားသည့်လမ်းက လမ်းလျှောက်ရန်ပင် ခက်ခဲလွန်းလှပြီး နွေရာသီတွင် ရွှံ့နွံတွင်းများ ရှိနေကာ ဆောင်းရာသီတွင် နှင်းများက ထိုတွင်းနက်ကြီးများကို ဖုံးလွှမ်းနေလေ့ရှိသည်။ ထိုတွင်းများထဲသို့ မတော်တဆ ပြုတ်ကျသွားလျှင် ဘေးဆိုးကြီး ဖြစ်သွားနိုင်ပြီး မည်သည့်နည်းနှင့်မျှ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ဤသည်မှာ မြောက်ပိုင်းမှ လူရိုင်းမျိုးနွယ်စုများ တားရှားပြည်ထောင်ကို မကျူးကျော်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ စစ်တပ်ကြီးတစ်ခုလုံး နယ်စစ်သို့ မရောက်ခင် သူတို့၏စစ်သည်တချို့ အရင်ပျက်စီးရမည်ဖြစ်သည်။ ယင်းက တိုင်းပြည်ငယ်လေးအတွက် မထိုက်တန်ပေ။
တစ်နည်းဆိုရသော် ဤလမ်းက မြောက်ပိုင်းမှ လူရိုင်းမျိုးနွယ်စုများဆီသို့ ဦးတည်သွားလာနိုင်သော်လည်း မြို့တော်သို့ သွားရန် လမ်းကြောင်းမရှိသလို သွားရလာရလည်း ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် စူးချင်းက ချိုးယုံခန်း ဤလမ်းကို ရွေးချယ်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိခြင်းပင်။
စူးချင်း စစ်သည်များနှင့်အတူ မီးတိုင်များ ကိုင်ဆောင်ကာ အနောက်ဘက် မြို့တံခါးမှ ထွက်ခွာလာခဲ့ပြီး ချိုးယုံခန်း မြို့ရိုးပေါ်မှ ကျသွားသည့်နေရာကို သွားကြည့်ရန် စစ်သည်များကို လမ်းပြခိုင်းလိုက်သည်။
“ဒီနေရာပဲ၊ ဒါပေမယ့် သူ လဲကျသွားပြီး ပြန်ထလာတာကို လုံးဝ မတွေ့ခဲ့ရဘူး”
စစ်သည်တစ်ယောက်က နှင်းတွင်းတစ်တွင်းကို ညွှန်ပြရင်း စူးချင်းကို သတင်းပို့လာခဲ့သည်။ စူးချင်းက မီးတိုင်ကို ကိုင်ထားရင်း တွင်းထဲသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ မီးတိုင်ကို တွင်းထဲသို့ ပစ်ချလိုက်ရာ အမှောင်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာက တွင်း၏အောက်ခြေက နက်လွန်းပြီး အောက်ခြေကို မမြင်နိုင်ဘူးကြောင်း သက်သေပြနေကာ ပြုတ်ကျလျှင် သေဆုံးနိုင်ကြောင်း သိသာနေလေသည်။
သို့သော် စူးချင်းက စိုးရိမ်နေဆဲဖြစ်သည်။ သူမက စစ်သည်များအား ကြိုးများ ထုံးဆက်ခိုင်းထားရင်း မီတာဒါဇင်ပေါင်းများစွာ ရှည်သော ကြိုးတွင် မီးတိုင်တစ်တိုင် ချည်နှောင်စေလိုက်သည်။
သူ သေသွားရင်တောင် သူမ သူ့အလောင်းကို တွေ့ရမှ ဖြစ်မယ်။
"ရှောင်ချီ၊ ဒီမှာ အသက်ရှင်နေတဲ့သူ ရှိ၊ မရှိ စစ်ဆေးပေးပါဦး"
စူးချင်းက စစ်သညများအား တွင်းထဲသို့ မီးတိုင်များ ပစ်ချခိုင်းနေရုံသာမက အသက်ရှင်နေသည့်လူကို ရှာဖွေပေးရန် ရှောင်ချီကိုလည်း ခိုင်းစေလိုက်သည်။
စနစ်အတွင်းတွင် အဝေးမှ အရာများကို ရှာဖွေရန် အနီအောက်ရောင်ခြည်သုံး ထောက်လှမ်းကိရိယာတစ်ခု ရှိနေသောကြောင့် ဂူထဲတွင် သက်ရှိများရှိနေသရွေ့ ရှောင်ချီက ၎င်းတို့၏အရိပ်ကို မြင်နိုင်ပေလိမ့်မည်။ ဤကရိယာက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးများသည့် အလွန်အဆင့်မြင့်သော နည်းပညာတစ်ခု ဖြစ်သည်။
“ဟုတ်ကဲ့ပါ သခင်”
ရှောင်ချီက ပြန်ဖြေပြီး သက်ရှိသတ္တဝါမှန်သမျှကို ရှာဖွေရန် ဖန်သားပြင်ဆီသို့ ပြေးသွားတော့သည်။
စူးချင်း၏မျက်လုံးများက မှင်ကဲ့သို့ မည်းနက်နေပြီး သူမလည်း ခန္ဓာကိုယ် နွေးထွေးစေမည့်ဆေးကို သောက်ထားသောကြောင့် အအေးဒဏ်ကို မခံစားရပေ။ စူးချင်းက ရှောင်ချီနှင့် စစ်သည်များ ရှာဖွေနေသည်ကို စောင့်ဆိုင်းနေခဲ့ပြီး လက်နှစ်ဖက်ကို ကျောပစ်ကာ အေးခဲသောလေပြင်းထဲတွင် မတ်မတ်ရပ်နေခဲ့သည်။
ထိုအချိန်တွင် စစ်သည်တစ်ယောက်က အားတက်သရော အော်ဟစ်လိုက်သည်။
“စူးသခင်မလေး၊ မီးတိုင်က အောက်ခြေကို ရောက်သွားပါပြီ”