← Chapters

သူ ဘာတွေလုပ်ခဲ့လဲဆိုတာ မင်း သိလား?

Vol. 30 Ch. 445

သူ ဘာတွေလုပ်ခဲ့လဲဆိုတာ မင်း သိလား?

Vol. 30 Ch. 445

ရှောင်းကျဲယွိက ချိုးယုံခန်းအပေါ် ကောင်းမွန်စွာ နားလည်နိုင်ပြီး သူ့ညီမလေး အန္တရာယ်ကျရောက်နိုင်သည်ကိုလည်း ကြိုတင်ခန့်မှန်းနိုင်လေသည်။

ချိုးယုံခန်းက ရှောင်ယင်အတွက် လူသတ်ဖို့တောင် ဆန္ဒရှိခဲ့တယ်လေ။ သူ ရှောင်ယင်အပေါ် ဘယ်လောက် အစွဲအလန်းကြီးမှန်း အသိသာကြီးပဲ။

“အင်း”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ ဤရက်အနည်းငယ်အတွင်း ကျိရှောင်ယင်က အဒေါ်ချိုးကို ပြုစုစောင့်ရှောက်ပေးနေခဲ့သည်။ သူမက ကြင်နာလွန်းသူ ဖြစ်နေသည့်အပြင် တစ်ချိန်က အဒေါ်ချိုးကို သူမ၏မိခင်သဖွယ် ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့ဖူးသည်။ ထို့ကြောင့် သူမ အဒေါ်ချိုးအား ပြုစုပေးနေခြင်းကို စူးချင်းက လုံးဝ မတားဆီးခဲ့ပေ။

“မင်း ကြားချင်တဲ့ သတင်းတစ်ခုလည်း ရှိသေးတယ်။ တာ့ထန်ပြည်ထောင်က ဟာဆာပြည်ထောင်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ဟာဆာဧကရာဇ်ကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့တယ်။ အခု ဟာဆာပြည်ထောင်ဆိုတာ မရှိတော့ဘူး။ ယဲ့လွီချွမ်းက ကိုယ်တို့ လိုအပ်တဲ့အခါ​ သူတတ်​နိုင်​သမျှ ကူညီ​ပေးမယ်​လို့ ကတိ​ပေးလိုက်တယ်"

ထိုအရာက ရှောင်းကျဲယွိကို စိတ်လှုပ်ရှားစေနိုင်သည့်ကတိတစ်ခု ဖြစ်သည်။

အနောက်ဘက်မှာ တည်ငြိမ်မှု ရှိနေမှ သူ ဝမ်မျိုးနွယ်ကို နန်းပုလ္လင်ပေါ်ကနေ ဖြုတ်ချပြီး ထီးနန်းကို သိမ်းပိုက်ဖို့ အေးအေးဆေးဆေး အာရုံစိုက်နိုင်လိမ့်မယ်။

"ဒါက တကယ်ကောင်းတဲ့ သတင်းပဲ"

စူးချင်းက ခေါင်းထပ်ညိတ်လိုက်ပြန်သည်။ မကြာသေးမီအချိန်အတွင် သတင်းကောင်း ထွက်ပေါ်လာနိုင်ခဲ့သောကြောင့် ယဲ့လွီချွမ်းထံတွင် လူများကြားမှ နဂါးအဖြစ် သတ်မှတ်နိုင်သည့် စွမ်းရည်အချို့ရှိကြောင်း ဝန်ခံရပေမည်။

"အစ်မစူးချင်း၊ အစ်မစူးချင်း"

စူးချင်းနှင့် ရှောင်းကျဲယွိတို့ စကားပြောနေစဉ်တွင် ကျိရှောင်ယင်က စိုးရိမ်တကြီးဖြင့် အိမ်ထဲသို့ ပြေးဝင်လာခဲ့သည်။

စူးချင်းက သူမ၏မျက်ခုံးကို ပင့်ကာ ကျိရှောင်ယင်ကို ဘာသိဘာသာ လှမ်းကြည့်လိုက်သည်။ မည်သည့်အတွက်ကြောင့် ကျိရှောင်ယင် ဤမျှလောက် အလျင်လိုမှန်း သူမ မှန်းဆထားပြီးသားဖြစ်သည်။

“အစ်မစူးချင်း၊ အဒေါ်ချိုး သေတော့မယ်။ အဒေါ်ချိုးကို ကယ်ဖို့ ဆေးရှိသေးလား?"

ကျိရှောင်ယင်၏မျက်နှာက လူသေကဲ့သို့ ဖြူဖျော့နေလေသည်။ သူမက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အဝတ်ပင်မကပ်နိုင်တော့သည့် အဒေါ်ချိုးကို ပြုစုစောင့်ရှောက်ပေးနေခဲ့ပြီး အဒေါ်ချိုးက ဒဏ်ရာများ၏နှိပ်စက်ညှဉ်းပန်းမှုကို မခံစားနိုင်တော့ဘဲ သေလုမျောပါးဖြစ်နေသည်ကို သူမ ထိုင်ကြည့်နေခဲ့ရသည်။ မီးလောင်ဒဏ်ရာများက ‌ပိုးဝင်ရန် လွယ်ကူပြီး ယားယံလာတတ်ကာ ပိုးမွှားများက ဒဏ်ရာများအတွင်းမှ တွားသွားနေသောကြောင့် အနံ့အသက်ဆိုးများလည်း ထွက်ပေါ်နေတတ်သည်။

သူမနှင့် လီရွှမ်းအာတို့က အဒေါ်ချိုးကို သေသေချာချာ ပြုစုစောင့်ရှောက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ကြသော်လည်း ဘာမှ ပိုထူးမလာတော့ပေ။ ယနေ့တွင် အဒေါ်ချိုး၏ အသက်ရှူသံက တဖြည်းဖြည်း ပြတ်တောင်းပြတ်တောင်း ဖြစ်လာသောကြောင့် သူမတို့နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ရသည်။ စူးချင်းဆီမှ ဆေးကို မရှိလျှင် အဒေါ်ချိုး သေသွားပေလိမ့်မည်။

"မရှိဘူး၊ ငါဆီမှာ အဲ့လို ဆေးမျိုး မရှိဘူး"

စူးချင်း၏တုံ့ပြန်သံက အေးခဲနေခဲ့သည်။ သူမက ကျိရှောင်ယင် အဒေါ်ချိုးအား ပြုစုစောင့်ရှောက်နေခြင်းကို တားဆီးမည်မဟုတ်သော်လည်း သူမကိုယ်တိုင်တော့ ကယ်တင်ပေးမည် မဟုတ်ပေ။

“အစ်ကိုကြီး”

စူးချင်းက ပြတ်ပြတ်သားသား ငြင်းဆန်နေသောကြောင့် ကျိရှောင်ယင်က အဒေါ်ချိုးအတွင် စစ်တပ်မှ သမားတော်ကို စေလွှတ်ပေးရန် သူမ၏အစ်ကိုကြီးကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။

“ငါ စစ်တပ်သမားတော်ကို ခေါ်ပြီး လာကြည့်ပေးမယ်”

ထို့နောက် ရှောင်းကျဲယွိက စူးချင်းကို တစ်ချက်ကြည့်ကာ ရှင်းပြလိုက်သေးသည်။ “ဘာပဲဖြစ်ဖြစ် သူ(မ)တို့က ဆယ်နှစ်ကျော်ကျော် အတူတူ ရှိခဲ့ကြတာလေ၊ အဒေါ်ချိုးက အမှားလုပ်ခဲ့ပေမယ့် ‌ရှောင်ယင်က သူ(မ)ကို လက်မလွှတ်ချင်သေးဘူး”

“...”

စူးချင်းက ဘာမှ ထပ်မပြောတော့ပေ။ သူမက အပြင်သို့ ပြန်လှည့်ထွက်သွားပြီး မြို့တွင်းရှိ ရေတွင်းပျက်များအား ရှာဖွေနေသည့် တပ်ဖွဲ့များကို ဦးဆောင်ရန် ထွက်ခွာသွားခဲ့သည်။ ထို့အပြင် သူမက အဒေါ်ချိုးက အပြင်းအထန် နေမကောင်းဖြစ်နေသည့်သတင်းကိုလည်း ဖြန့်ခိုင်းလိုက်သေးသည်။

ချိုးယုံခန်းသာ မော့ချန်မှာ ရှိနေသေးရင် သူ့အမေကို နောက်ဆုံးအကြိမ်တွေ့ဖို့ နည်းလမ်းရှာလိမ့်မယ်။

ရှောင်းကျဲယွိက စစ်တပ်သမားတော်နှင့်အတူ အဒေါ်လီ၏အိမ်သို့ အမြန်သွားခဲ့သည်။ ချိုးမိသားစု၏အိမ်က နဂိုပုံစံကို မမှတ်မိတော့လောက်သည်အထိ မီးလောင်သွားခဲ့သည်။ ဆောင်းရာသီအလယ်တွင် တံခါးများ၊ ပြတင်းပေါက်များ မရှိသည့်အိမ်ထဲ၌ မည်သူမျှ နေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အဒေါ်လီက အဒေါ်ချိုးကို ပြုစုပေးရန် သူမအိမ်သို့ ပြန်ခေါ်သွားခဲ့သည်။ အဒေါ်လီက အမှန်တကယ် ကြင်နာတတ်သူဖြစ်ပြီး သစ္စာရှိသူဟု ယူဆနိုင်သည်။

ရှောင်းကျဲယွိ ရောက်လာချိန်တွင် အဒေါ်ချိုးက မေ့မြောနေရာမှ ပြန်သတိရလာသည့်အချိန် ဖြစ်သည်။ ရှောင်းကျဲယွိကို တွေ့လိုက်ရချိန်တွင် သူမက အလွန်စိတ်လှုပ်ရှားသွားပြီး စကားမပြောနိုင်တော့သည့် သူမ၏နှုတ်ခမ်းများက တုန်ခါလာကာ သူမ၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

“သူ(မ)ကို ကြည့်‌ပေးလိုက်ပါ”

အဒေါ်ချိုးက ထိုကဲ့သို့သော ပုံစံကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိက စိတ်မကောင်းဖြစ်သွားပြီး သူ့နောက်မှ စစ်တပ်သမားတော်ကို ကြည့်ခိုင်းလိုက်သည်။ ထို့နောက် သူက ကျော့ခိုင်းကာ ရှောင်ထွက်သွားတော့သည်။

"ဒဏ်ရာက ပိုးဝင်နေပြီ၊ သူ့(မ)ကို ကယ်ဖို့ နည်းလမ်း မရှိတော့ဘူး"

အဒေါ်ချိုးကို စစ်ဆေးပေးပြီးနောက် စစ်တပ်သမားတော်က ရှောင်းကျဲယွိကို သတင်းပို့လာခဲ့သည်။ ရှောင်းကျဲယွိ၏ အာဒမ်ပန်းသီးက အပြင်းအထန် လှုပ်ရှားသွားခဲ့သည်။

လူတွေက တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံပြီး သံယောဇဥ်တွယ်မိမှာကို ကြောက်တတ်ကြတယ်။ ဘာလို့လဲ ဆိုတော့ သံယောဇဥ်တွယ်မိပြီးရင် သူတို့ရဲ့ ခံစားချက်တွေကို အမြဲတမ်းသတိရနေရတော့မှာမလို့ပါ၊ သူလည်း သူ့ကိုယ်သူ မာကျောအောင် လေ့ကျင့်နေခဲ့ပေမယ့် သူ့နှလုံးသားက ကျောက်တုံးဖြစ်တြဲအထိတော့ မမာကျေသေးဘူးလေ။

အခု သူမကို ဘာမှ မလုပ်ပေးနိုင်မှတော့ သူမကို ဆက်ဆွဲထားပြီး ဒုက္ခမပေးချင်တော့ဘူး။

"မင်း အရင် ပြန်သွားလို့ ရပြီ!"

ရှောင်းကျဲယွိကလည်း ဆေးပညာကို တတ်မြောက်ထားခဲ့ပြီး သူက တစ်စုံတစ်ဦးအား နာကျင်မှု မခံစားရစေဘဲ မေ့မြောသွားစေနိုင်သည့် ဆေးညွှန်းတစ်မျိုးအကြောင်း သိထားခဲ့သည်။ သူက အဒေါ်ချိုးအား ထိုဆေးပေးရန် ဆုံးဖြတ်လိုက်သည်။

"ရွှေရှန့်"

အ‌ဒေါ်ချိုးက ရှောင်းကျဲယွိကို အစွမ်းကုန် အော်ခေါ်လိုက်သော်လည်း သူမ၏အသံက ခြင်တစ်ကောင်သာသာလောက်သာ ထွက်လာခဲ့သည်။

"အဒေါ်ချိုး၊ တခြားဘာမှ မပြောပါနဲ့တော့၊ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ပါ"

ရှောင်းကျဲယွိက သူမ ပြောချင်သည့်စကားများကို ခန့်မှန်းနိုင်ခဲ့သည်။ သို့သော်လည်း သူ ထိုကိစ္စကို လုံးဝ သဘောမတူနိုင်ပေ။ ထို့ကြောင့် ရှောင်းကျဲယွိက အဒေါ်ချိုးကို စကားပြောခွင့်မပေးတော့ဘဲ လီမိသားစု၏အိမ်မှ ပြန်ထွက်ခွာလာခဲ့သည်။

"ရွှေရှန့်၊ မင်း ချိုးယုံခန်း ထွက်သွားနိုင်ဖို့ လမ်းစလေး တစ်ခုလောက် မပေးနိုင်ဘူးလား?"

လီတာနျိုက ရှောင်းကျဲယွိ၏နောက်မှ လိုက်လာကာ အသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။

"သူ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို မင်း သိလား? သူက စူးချင်းကို လုပ်ကြံသတ်ဖြတ်ရန် နန်းတွင်းက သွေးသွန်းဓားအဖွဲ့ကို မော့ချန်အထိ ခေါ်လာခဲ့တယ်၊ ပြီးတော့ သူက သစ္စာဖောက်ဝမ်ရှန်းချန် ကျေနပ်စေဖို့ သူ ယူသွားတဲ့ လူသတ်လက်နက်ကြီးကို အဲ့လူဆီကို ပေးလိုက်ပြီ၊ သူက သူ ရလာနိုင်မယ့် ဘုန်းကျက်သရေနဲ့ စည်းစိမ်ဥစ္စာတွေအတွက် ငါတို့အားလုံးရဲ့ဘဝတွေကို အလဲအလှယ် လုပ်ခဲ့တယ်။ မင်း သာဆိုရင် သူ့ကို အသက်ရှင်ခွင့်ပေးမှာလား? သူကရော... သူ ဒါတွေတွေ လုပ်နေတဲ့အချိန်မှာ ငါတို့ကြားက ညီအစ်ကိုစိတ်ရင်းကို ထည့်တွက်ခဲ့လို့လား? ပြီးတော့ ရွာသားတွေနဲ့ သူနဲ့ကြားက ခင်​မင်​ရင်းနှီးမှု​တွေကိုရော သူ ထည့်တွက်ခဲ့လို့လား?"

ရှောင်းကျဲယွိက ရုတ်တရက် ပြန်လှည့်လိုက်ပြီး လီတာနျိုကို စူးရှသောအကြည့်ဖြင့် ကြည့်ကာ ခပ်မာမာ ပြန်မေးလိုက်သည်။ သူ့၏ဆက်တိုက်မေးခွန်းများက လီတာနျိုကို နောက်ပြန်ဆုတ်သွားစေခဲ့သည်။

တကယ်တော့ သူတို့ ဒီလိုအေးချမ်းသာယာတဲ့ ဘဝတစ်ခု ရနိုင်ဖို့က ခက်ခဲလွန်းပါတယ်။ စူးချင်းနဲ့ ရွှေရှန့်တို့ကပဲ သူတို့ကို ဒီနေရာအထိ ခေါ်လာပေးတယ်လို့ ပြောလို့ရတယ်။ သူတို့နှစ်ယောက်က သူတို့အတွက် စားစရာရဖို့ ဖန်တီးပေးခဲ့တဲ့အပြင် နွေးထွေးတဲ့ အိမ်လေးတစ်လုံး ရအောင်လည်း စီမံပေးခဲ့ကြတယ်။ သူတို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင် ထောင်ဟွားဝူက ရွာသူရွာသားတွေအားလုံးနီးပါး ထွက်ပြေးလာတဲ့လမ်းမှာ သေဆုံးပြီးလောက်ပြီပေါ့။

“ငါ...မပြောတော့ဘူး”

လီတာနျိုက အလွန်စိတ်ပျက်အားငယ်နေသည့် အမူအရာဖြင့် စိတ်ပျက်လက်ပျက် ပြန်ပြောလာခဲ့သည်။

ရှောင်းကျဲယွိက သူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သော်လည်း တခြားဘာမှ ထပ်ပြန်မပြောတော့ဘဲ ပြန်လှည့်ထွက်သွားတော့သည်။

ယနေ့ညက သာယာသောညတစ်ည ဖြစ်နေသော်လည်း လူအများကတော့ စိတ်မချမ်းမသာ ဖြစ်နေခဲ့ရသည်။

စူးချင်းက သူမ၏လူများကို ဦးဆောင်ပြီး မြို့တွင်းမှ ရေတွင်းပျက်များကို လိုက်လံရှာဖွေနေခဲ့သည်။ နောက်ဆုံးတွင် မနက်စောစောအထိ ချိုးယုံခန်းကို ရှာမတွေ့သောကြောင့် အနားယူရန် ရုံးတော်သို့ ပြန်လာခဲ့သည်။

သူမ အခန်းထဲသို့ ပြန်ရောက်လာပြီးပြီးချင်း တံခါးဝမှစ၍ အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူမအတွက် မီးဖိုကို မီးထည့်ပေးထားခဲ့သော်လည်း စူးချင်းက အများကြီး မတွေးတော့ဘဲ စစ်သည်တစ်ဦးဦး သို့မဟုတ် အစေခံမိန်းကလေးတစ်ယောက်ယောက်က မီးဖိုကို မီးထည့်ထားပေးသည်ဟုသာ သူမ တွေးထားခဲ့သည်။ ထို့ကြောင့် စူးချင်းက သူမ၏ရင်ဘတ်ကြားထဲမှ မီးစာတိုင်(ရှေ့ခတ်က မီးခြစ်)ကို ထုတ်ကာ သူမ၏နှုတ်ခမ်းနားသို့ ကပ်လိုက်သည်။

ထို့အခိုက်အတန့်တွင် စူးချင်းက ရုတ်တရက် နောက်သို့ ပြန်လှည့်လိုက်ပြီး သူမနောက်မှ လူ၏လည်ပင်းကို လှမ်းကုတ်ဆွဲလိုက်သည်။ သူမ၏လက်ချောင်းများက လင်းယုန်ခြေသည်းများနှင့် တူ‌နေပြီး လည်ပင်းကို ညှစ်ခံလိုက်ရသည်နှင့် ချက်ချင်း သေသွားနိုင်ပေသည်။

"ချင်းအာ၊ ကိုယ်ပါ"

ရှောင်းကျဲယွိဘက်တွင်လည်း ထိုလက်ချောင်းများကို ကပ်သီးကပ်သပ်လေးသာ ရှောင်တိမ်းနိုင်ခဲ့ပြီး ချွေးအေးများ ထွက်ကျလာခဲ့သည်။ စူးချင်းက သူ့အသံကို ကြားသွားပြီး အချိန်မီရပ်လိုက်ကာ သူ့ကို ပြန်မေးလိုက်သည်။

"ဘာလို့ မီးမထွန်းတာလဲ?"

“မင်းကို အံ့အားသင့်စေချင်လို့”

ရှောင်းကျဲယွိက မီးစာတိုင်ကို မှုတ်ကာ ဆီမီးခွက်ကို မီးထွန်းလိုက်သည်။ အခန်းထဲ၌ နွေးထွေးသော လိမ္မော်ရောင်အလင်းတန်းများ ချက်ချင်း ပြည့်လျှံသွားပြီး သူက အရောင်ဖျော့သည့် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ၀တ်ဆင်ထားသောကြောင့် အလင်းရောင်အောက်မှ သူ့၏ချောမောသောမျက်နှာက ပန်းချီကားထဲမှ ထွက်လာသယောင် ထင်ရစေသည်။

စူးချင်းက လက်ပိုက်ရင်း တံခါးဘောင်ကို မှီချလိုက်သည်။ သူမ၏အေးစက်သော မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ရှိနေသော်လည်း သူမ၏အသံတွင် မောက်မာမှုအနည်းငယ် ရောနှောပါဝင်နေသေးသည်။

"ရှင် ကျွန်မလက်ထဲမှာ သေလုနီးပါးပဲ"

ရှောင်းကျဲယွိက စိတ်ဆိုးသွားခြင်းမရှိသလို ရှက်လည်းမရှက်ပေ။

သူ့ချင်းအာရဲ့ သိုင်းပညာက ကမ္ဘာပေါ်မှာ အကောင်းဆုံးလေ၊ ပြီးတော့ မိန်းမကို ရိုသေတာက စိတ်ချမ်းသာဖို့ လမ်းစပဲ။

ထို့ကြောင့် ရှောင်းကျဲယွိက ယုံကြည့်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

"ဟုတ်တယ်၊ ကိုယ်က ချင်းအာကို မနိုင်ဘူး"

"ရှင် ဒီကို ဘာလာလုပ်တာလဲ?"

ရှောင်းကျဲယွိက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်း၏မျက်နှာပေါ်မှ အပြုံးက ပို၍ပင် ထင်ရှားလာခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်နေကြသည့်လူနှစ်ယောက် အတူတူနေရှိသည့်အခါ မပြုံးပဲနေရန် လုံးဝ မဖြစ်နိုင်ပေ။

"ကိုယ်က မင်းကို နွေးထွေးမှုပေးဖို့ လာခဲ့တာပါ"

ရှောင်းကျဲယွိက စူးချင်းကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေပြီး သူ့အသံက စွဲဆောင်နိုင်လွန်းလှသည်။

"အိုး?"

စူးချင်းက မျက်ခုံးပင့်ကာ သူ့ကို နောက်ပြောင်လိုက်သည်။

"ဘယ်လိုမျိုး ပေးမှာလဲ?"

စူးချင်း၏ ပြီတီတီ အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိ၏ မျက်လုံးများမှ အပြုံးရိပ်များက ပိုနက်ရှိုင်းလာခဲ့သည်။ သူက စူးချင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး စူးချင်း မှီနေသည့်နံရံပေါ်သို့ လက်တစ်ဖက် ထောက်လိုက်သည်။ ထို့နောက် သူက နေ့ခင်းဘက် လူအများကို ကြောက်လန့်စေခဲ့သည့် အမျိုးသမီးလေးကို ငုံ့ကြည့်နေခဲ့ပြီး သူ့ရင်ခွင်ထဲမှ နူးညံ့သိမ်မွေ့သည့် အမျိုးသမီးလေးကို ကြည့်နေသည့် သူ့မျက်လုံးများထဲတွင် မီးတောက်များ စတင်ကခုန်လာတော့သည်။ သူက သူ့ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ချလိုက်ပြီး စူးချင်း၏နားနားသို့ ကပ်ကာ သူ၏သံလိုက်သဖွယ် ဆွဲငင်နိုင်သောအသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ဒီလို ဆိုရင် အဆင်ပြေလား?"

"မလုံလောက်သေးဘူး ထင်တယ်!"

စူးချင်းက သူမရှေ့မှ ချောမောခန့်ညားသည့် မျက်နှာကို ပြန်ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများတွင် ဆိုးသွမ်းမှုကို အားပေးသည့်များ အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

သူမလည်း သူ့ကို လွမ်းတယ်။ အခု သူမတို့ စေ့စပ်ထားပြီးပြီဆိုတော့ သူမတို့ကြားမှာ မလုပ်နိုင်တာ ဘာမှ မရှိတော့ဘူး။ ပြီးတော့ သမရိုးကျ ထုံးတမ်းဓလေ့တွေကလည်း သူမကို ချည်နှောင်မထားနိုင်ဘူး။

"ဒါဆို ဒီလောက်လား?"

ရှောင်းကျဲယွိက အပြုံးဖြင့် သူ့ခေါင်းကို ငုံချလိုက်ကာ သူ တမ်းတနေသော အနီရောင်နှုတ်ခမ်းလေးများကို နမ်းရှိုက်လိုက်သည်။ နှစ်ယောက်သား စိတ်အားထက်သန်စွာ ပွေ့ဖက်ထားကြပြီး ဤအနမ်းကြောင့် ရက်ပေါင်းများစွာ ပြေးလွှားရုန်းကန်နေရသည့် ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားကာ လေထုထဲတွင် ချိုမြိန်မှုများ ပြည့်နှက်လာခဲ့သည်။

"သခင်လေး၊ ဒီလက်အောက်ငယ်သားမှာ အရေးတကြီး တင်ပြစရာ သတင်းတစ်ခု ရှိပါတယ်"

All Chapters