← Chapters

အဆုံးစွန်သော သစ္စာဖောက်မှု

Vol. 30 Ch. 447

အဆုံးစွန်သော သစ္စာဖောက်မှု

Vol. 30 Ch. 447

“အင်း၊ ကိုယ် အခု စစ်သည်တွေကို ချက်ချင်း သွားခေါ်လိုက်မယ်”

ရှောင်းကျဲယွိနှင့် စူးချင်းတို့ထံတွင် တူညီသော သဘောထားရှိကြပြီး သူတို့က ထိုကျောက်မီးသွေးတွင်းကို ရုံးတော်၏လက်အောက်သို့ မည်သည့်နည်းနှင့်မျှ မပေးလိုက်နိုင်ပေ။

ရှောင်းကျဲယွိက စခန်းထဲမှ ပြန်ထွက်သွားခဲ့ပြီး သူ့မျက်လုံးများက မှင်ကဲ့သို့ မည်းမှောင်နေလေသည်။

တော်ဝင်စစ်တပ်က ဒီကျောက်မီးသွေးတွင်းကို ဘာလို့ ဒီလောက်မြန်မြန် ရှာတွေ့သွားရတာလဲ? ဖြစ်နိုင်တာကတော့ ဒါက ချိုးယုံခန်းရဲ့လက်ချက်ပဲ။ သူက သူ ရာထူးရပြီး ချမ်းသာလာဖို့ ကျန်တဲ့သူတွေကို အဆုံးစွန်အထိ သစ္စာဖောက်လိုက်ပြီ။

"ကျွန်မတို့ သံရိုင်းတွင်းကိုလည်း အမြန်ဆုံး သွားမှ ဖြစ်တော့မယ်"

စူးချင်းက ရှောင်းကျဲယွိကို လှမ်းပြောလိုက်သည်။ ချိုးယုံခန်းက ကျောက်မီးသွေးတွင်းအကြောင်း တော်ဝင်ရုံးတော်ကို ဖွင့်ပြောလိုက်ပြီဟု သူမ ယူဆလိုက်ပြီး ကျောက်မီးသွေးတွင်း ဖော်ထုတ်ခံလိုက်ရသည်နှင့် သံရိုင်းတွင်းသို့လည်း စစ်တပ်များ စေလွှတ်မည်မှာ အသေအချာ ဖြစ်သည်။ ထိုသို့ ဖြစ်ခဲ့လျှင် ဦးလေးချွီနှင့် ဦးလေးကျန်းတို့ အန္တရယ် ရှိနေပြီဖြစ်သည်။

“သံရိုင်းတွင်းမှာက ထောင်ချောက်တွေ တပ်ဆင်ထားပြီး မီးခိုးမြူ‌တွေနဲ့လည်း စည်းတားထားတယ်။ သူတို့ အဲဒါကို လွယ်လွယ်နဲ့ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

ရှောင်းကျဲယွိက လေးနက်သောအသံဖြင့် တုံပြန်လိုက်သည်။

သူ ကျူးရှန်တောင်မှာ ထောင်ချောက်တွေ တပ်တင်ထားခဲ့ပြီး ချိုးယုံခန်းကို မပြောမိလို့ သူ့ကိုယ်သူတောင် ကျေးဇူးတင်နေမိပြီ။ မဟုတ်ရင် သူက သံရိုင်းတွင်းကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။

"အဲ့လိုဆိုရင်တောင် ရှင် အမြန်ဆုံး လှုပ်ရှားမှဖြစ်မယ်"

စူးချင်းက ရှောင်းကျဲယွိလောက် အကောင်းမြင်စိတ်မရှိနေခဲ့ပေ။

တော်ဝင်ရုံးတော်ဘက်မှာလည်း အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိနိုင်တယ်လေ။ သူတို့အတွက် အချိန်တစ်ခု ပေးထားလိုက်ရင် သူတို့ အဲ့ယန္တရားတွေကို ကျော်ဖြတ်နိုင်သွားလိမ့်မယ်။

“အင်း”

ရှောင်းကျဲယွိက စူးချင်း၏အမြင်ကို သဘောတူလိုက်သည်။ ထိုသံရိုင်းတွင်းနှင့် ကျောက်မီးသွေးတွင်း နှစ်ခုစလုံးက ရှောင်းမိသားစုစစ်တပ်အတွက် အလွန်အရေးပါသော အရာများ ဖြစ်သည်။ ကျောက်မီးသွေး ရှိနေသရွေ့ သူတို့ ငွေပြတ်လပ်သွားမည် မဟုတ်သလို သံရိုင်းများ ရှိနေသရွေ့ သူတို့လက်နက်များ ကိုင်ဆောင်ထားနိုင်မည် ဖြစ်သည်။

ရှောင်းကျဲယွိက စည်တော်ကို တီးကာ စစ်သည်များကို ညတွင်းချင်း စုရုံးစေလိုက်သည်။ သူက ချန်ယွိထံသို့ ချိတ်တံဆိပ်အနီဖြင့် ပိတ်ထားသော စာတစ်စောင်ပေးခဲ့ပြီး ထိုစာကို ရန်ရှစ်ခွမ်းထံသို့ ပို့ပေးရန် ညွှန်ကြားလိုက်သည်။ ထိုစာက မော့ချန်ကို ထောက်ပံ့ပေးရန် တပ်များစေလွှတ်ပေးဖို့ ရှန်ရှစ်ခွမ်းအား တောင်းဆိုထားခြင်း ဖြစ်သည်။

သူ့အနေဖြင့် မော့ချန်မှ စစ်သည်အားလုံးကို ခေါ်ဆောင်သွားလျှင် မော့ချန်၏ကာကွယ်ရေးက အလွတ်ဖြစ်သွားပြီး ထိုအခြေအနေအား ရန်သူများ အခွင့်အရေးယူသွားမည်ကိုလည်း ရှောင်းကျဲယွိ စိုးရိမ်နေခဲ့သည်။

"သခင်လေး၊ ဒီလူအိုကြီးလည်း သခင်လေးနဲ့အတူ တိုက်ခိုက်ချင်ပါတယ်"

ချန်ယွိက ရှောင်းကျဲယွိကို လက်သီးအုပ်အရိုအသေပေးရင်း တောင်းဆိုလိုက်သည်။

“ဦးလေးချန်၊ မော့ချန်ကို စောင့်ရှောက်ပေးပြီး မြို့ထဲက လူတွေကို ကာကွယ်ပေးပါ”

ရှောင်းကျဲယွိက ချန်ယွိကို သူ့လက်နှစ်ဘက်ဖြင့် ထူမပေးကာ မော့ချန်အား သူ့ထံသို့ ယုံယုံကြည်ကြည် အပ်နှံလိုက်သည်။

“ဒီလူအိုကြီးက သခင်လေးကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး”

ရှောင်းကျဲယွိကို ကတိပြန်ပေးနေသည့် ချန်ယွိက သူ့လက်သီးများကို တင်းနေအောင် ဆုပ်ထားပြီး သူ့မျက်လုံးများထဲတွင် မဆုတ်မနစ် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နေလေသည်။

ဦးလေးချန်အား ညွှန်ကြားချက်များ ပေးပြီးနောက် ရှောင်းကျဲယွိက စူးချင်း ထိုနေရာ၌ မရှိကြောင်း သတိပြုမိသွားခဲ့သည်။

"စူးချင်းကို တွေ့လိုက်သေးလား?"

ရှောင်းကျဲယွိက သူ့ဘေးနားမှ သက်တော်စောင့်ကို လှမ်းမေးလိုက်သည်။

"စူးသခင်မလေး ထွက်သွားပါတယ်"

"စစ်သည်တွေ စထွက်ဖို့ အမိန့်ပေးလိုက်တော့"

ရှောင်းကျဲယွိကလည်း စူးချင်းကို သူ့အနားတွင် ရှိစေချင်သော်လည်း သူမကို သူနှင့်အတူ မစွန့်စားစေချင်ပေ။ သူမ မည်မျှအစွမ်းထက်သည်ဖြစ်စေ သူက သူမအတွက် စိတ်ပူနေဆဲပင်။

လက်ရှိတွင် ရှောင်းကျဲယွိ၏ ကြိုးစားအားထုတ်မှုကြောင့် မော့ချန်ရှိ ရှောင်းမိသားစုစစ်တပ်က လူတစ်ရာ၊နှစ်ရာမှ တစ်ထောင်နီးပါးအထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

တပ်သားသစ်အချို့က တိုက်ပွဲအတွေ့အကြုံလိုအပ်နေပြီး ယခုအချိန်က သူတို့အတွက် လေ့ကျင့်ရန် အကောင်းဆုံးအခွင့်အရေးသာ ဖြစ်သည်။

ရှောင်းကျဲယွိက မြို့ကို ကာကွယ်ရန် စစ်သည် ၂၀၀ ချန်ထားခဲ့ပြီး ကျန်တပ်ဖွဲ့အများစုကို သူနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။

တော်ဝင်ရုံးတော်က ကျောက်မီးသွေးတွင်းကို လုယူမှတော့ အဲ့နေရာကို ကာကွယ်ဖို့ တပ်ဖွဲ့တွေ အများကြီး စေလွှတ်လိုက်မှာ သေချာတယ်။ သူ စစ်သည်နည်းနည်းလေးပဲ ခေါ်သွားခဲ့ရင် သူပဲ ဒုက္ခရောက်မှ သေချာတယ်။

အချိန်က ညသန်းခေါင်ကို ကျော်လွန်ကာ မိုးလင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဤအချိန်က တပ်ဖွဲ့ဝင်များ စတင်ထွက်ခွာရန် အကောင်းဆုံးအချိန်ဖြစ်ပြီး သူတို့ လျှောက်လှမ်းလေလေ ကောင်းကင်ကြီးက ပိုတောက်ပလာလေလေ ဖြစ်လာပေလိမ့်မည်။

ရှောင်းကျဲယွိက သူတို့ မထွက်ခင် စစ်သည်များအား စားစရာပူပူနွေးနွေးများ ဝလင်အောင် စားခိုင်းခဲ့သည်။ သူတို့ စားသောက်ပြီးနောက်တွင် ကောင်းကင်က အနည်းငယ် တောက်ပလာကာ နေမင်းကြီး၏ရွှေရောင်ဗဟိုချက်တစ်ခု ပေါ်လာနေပြီ ဖြစ်သည်။

လင်းရှန်းကလည်း သူ့တာဝန်ကို အလွန်တန်ဖိုးထားနေပုံဖြင့် ရှောင်းကျဲယွိ၏အနားတွင် ရှိနေကာ မြင့်မားသောမြင်းတစ်ကောင်ကို စီးနင်းရင်း လိုက်ပါလာခဲ့သည်။ သူ လှည့်ကြည့်လိုက်ချိန်တွင် စူးချင်းကို မတွေ့ရသောကြောင့် သူ မစူးစမ်းဘဲ မနေနိုင်တော့ဘဲ ရှောင်းကျဲယွိကို လှမ်းမေးလိုက်သည်။

"စူးသခင်မလေး မလိုက်လာဘူးလား?"

“မမေးသင့်တာတွေကို မမေးနဲ့”

ရှောင်းကျဲယွိ၏စူးရှသောအကြည့်က လင်းရှန်းပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ့အသံက လုံးဝ အေးစက်နေလေသည်။

အကယ်၍ သူ နှုတ်ဆိတ်နေပါက ရှောင်းကျဲယွိ၏သံသယစိတ်က သံသယဖြစ်နေရုံအဆင့်သာ ရှိပေလိမ့်မည်။ သို့သော် သူ စူးချင်း အကြောင်းမေးလိုက်ချိန်တွင်တော့ ရှောင်းကျဲယွိက ဤလူ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သေချာသွားတော့သည်။

"ဟုတ်ကဲ့၊ ဒီလက်အောက်ငယ်သားက စည်းကျော်မိသွားပါတယ်"

လင်းရှန်းက ကြောက်လန့်တကြား ခေါင်းငုံ့လိုက်ပြီး အလျင်အမုန် တောင်းပန်လိုက်ကာ နောက်မေးခွန်းများ မမေးရဲတော့ပေ။

တပ်ဖွဲ့ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီးက အလျှင်အမြန် ချီတက်နေကြပြီး သူတို့ မြောက်ဘက်မြို့တံခါးသို့ ရောက်ချိန်တွင် နှင်းများပေါ်မှ အရှိန်ပြင်းပြင်း ပြေးလွှားဖြတ်ကျော်လာသည့် မြင်းနက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ စူးချင်းက ထိုမြင်းပေါ်တွင် ရှိနေပြီး သူမ၏ အနီရောင်ဝတ်ရုံက လေထဲတွင် လွင့်ပျံနေကာ အနီရောင်တိမ်တိုက်တစ်ခုဟုပင် ထင်ရစေသည်။

ရှောင်းကျဲယွိက မြင်းခွာသံကြောင့် ခေါင်းလှည့်ကြည့်လိုက်ပြီး စူးချင်း လာနေသည်ကို မြင်လိုက်ရ‌သောကြောင့် သူ့မြင်းကို ရပ်ကာ ထိုနေရာ၌ စောင့်နေခဲ့သည်။ စစ်သည်များကလည်း ထိုနေရာတွင်သာ ရပ်နေကြပြီး စူးချင်းတစ်ယောက် နှင်းများကို ဖြတ်ကျော်ကာ ပေါ့ပေါ့ပါးပါး မြင်းစီးလာသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ လူတိုင်းက စူးချင်း၏ ရဲရင့်ပြီး သူရဲကောင်းဆန်သော ဟန်ပန်ကို မြင်နိုင်ကြကာ သူမ၏စွမ်းရည်ကို အထူးယုံကြည်နေကြသည်။

သခင်လေးရဲ့ဇနီး ရောက်လာပြီ။ ဒီတိုက်ပွဲမှာ ငါတို့ နိုင်မှာ သေချာတယ်။

လူတိုင်းက စူးချင်းအပေါ် နားမလည်နိုင်လောက်အောင် လေးစားမှုနှင့် ယုံကြည်မှုများ ရှိနေကြပြီး ရှောင်းမိသားစုစစ်တပ်တွင် စူးချင်း၏ဂုဏ်သိက္ခာက ရှောင်းကျဲယွိနှင့် တန်းတူ ဖြစ်သည်။

“ချင်းအာ၊ ဒီတိုက်ပွဲက အရမ်းအန္တရာယ်များတယ်။ မင်း မော့ချန်မှာ နေခဲ့ပြီး မြို့ကိုကာကွယ်ဖို့ ဦးလေးချန်ကို ကူညီပေးသင့်တယ်!"

ရှောင်းကျဲယွိက စူးချင်းနှင့် နေ့ရောညပါ အတူတူ အချိန်ဖြုန်းချင်နေသော်လည်း ဤခရီးက ပြင်းထန်သော တိုက်ပွဲဖြစ်လာမည်ကို သူ သိနေသောကြောင့် စူးချင်းကို အန္တရာယ်ထဲသို့ တိုးမဝင်စေချင်ပေ။

စူးချင်းကတော့ သူမ၏မြင်းပေါ်တွင် ယုံကြည်မှုအပြည့် ထိုင်နေခဲ့ပြီး မောက်မာစွာ တုံ့ပြန်လာခဲ့သည်။ သူမ၏အသံက အကျယ်ကြီး မဟုတ်သော်လည်း စစ်တပ်တစ်ခုလုံး ကြားနိုင်လောက်အောင် အားမာန်အပြည့်ဖြစ်နေလေသည်။

“စိတ်မပူပါနဲ့ ဦးလေးချန်အတွက် ကျွန်မ စီစဉ်ပေးထားခဲ့ပြီးပြီ။ မော့ချန်ကို ဘယ်သူမှ ထိပါးနိုင်မှာ မဟုတ်ဘူး”

စူးချင်း၏ ယုံကြည်မှုအပြည့်ရှိသော အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် ရှောင်းကျဲယွိက သူမ၏စကားကို ယုံကြည်ပေးလိုက်သည်။ အနောက်ဘက်တွင် မည်သည့်စိုးရိမ်စရာမျှ မကျန်ခဲ့တော့သည့်အတွက် သူ စစ်မြေပြင်တွင် ရန်သူကို သတ်ရန်သာ အာရုံစိုက်ရတော့မည်ဖြစ်သည်။

လင်းရှန်း၏ မျက်လုံးများက ချက်ချင်း ပြန်တောက်ပလာခဲ့သည်။ သူက စူးချင်း မည်သို့ စီစဉ်ထားခဲ့သည်ကို စူးစမ်းချင်နေသေးသော်လည်း ရှောင်းကျဲယွိ၏ကြိမ်းမောင်းသံကို ပြန်တွေးမိသွားသောကြောင့် သူက သူ့မေးခွန်းများကို ပြန်မျိုချလိုက်သည်။

သူက စူးချင်းအတွက် နေရာပေးရန် သူ့မြင်းကို အနည်းငယ် နောက်ပြန်ဆုတ်ပေးလိုက်ပြီး သူမနှင့် ရှောင်းကျဲယွိ၏နောက်မှ အနီးကပ်လိုက်ပါလာခဲ့သည်။ စူးချင်း၏ မြင်းပေါ်တွင် အိတ်နှစ်လုံးကို သူ တွေ့နေရပြီး ထိုအိတ်များက ဖောင်းကားနေကာ လေးလံမှန်း သိသာနေခဲ့သည်။ သူက ထိုအိတ်နှစ်လုံးကို စိတ်ဝင်စားနေပြီး အထဲမှ အရာများကို သိချင်နေပြန်သည်။

ဒီအမျိုးသမီးက အရမ်းမှော်ဆန်ပြီး အသစ်အဆန်းတွေ အများကြီး လုပ်နိုင်တယ်လို့ ပြောကြတယ်။ သူမက လူသတ်လက်နက်ကြီးတွေကိုတောင် ဖန်တီးနိုင်တယ်တဲ့။ ဒီအိတ်ထဲမှာ ရှိနေတာတွေက သူမ လုပ်ထားတဲ့ အစွမ်းထက်လက်နက်တွေ ဖြစ်နိုင်လား?

လူသတ်လက်နက်ကြီးတွေ ဖြစ်နေခဲ့ရင်...

လင်းရှန်းက သူ့အတွေးထဲတွင် နစ်ဝင်နေခဲ့ပြီး စူးချင်းက နောက်သို့ ပြန်လှည့်ကာ သူ့ကို ဘာသိဘာသာ လှမ်းကြည့်လိုက်သည်။ စူးချင်း၏အကြည့်ကို မြင်လိုက်ရချိန်တွင် လင်းရှန်းက သူ့နှလုံးတစ်ခုလုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

သူမရဲ့အကြည့်တွေက သိသိသာသာ စူးရှနေလွန်းတယ်။ သူမ အရာအားလုံးကို သိနေတယ်လို့ သူ ဘာကြောင့်ခံစားနေရတာလဲ?

စစ်တပ်ကြီးက နှင်းများ ထူထပ်နေသည့် လမ်းမကြီးပေါ်တွင် ချီတက်နေခဲ့ကြသည်။ သူတို့ထဲမှ စစ်သည်အများစုက တောင်ပိုင်းမှ ရောက်လာသူများ ဖြစ်ကြသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့ မော့ချန်သို့ ရောက်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ ရာသီဥတုနှင့် လိုက်လျောညီထွေရှိနေပြီ ဖြစ်သလို နေ့တိုင်းနေ့တိုင်း လေပြင်းများနှင့် နှင်းများကို အံ့တုကာ စစ်ရေးလေ့ကျင့်ကြရသည်။ ထို့ကြောင့် သူတို့က ဤမျှအေးခဲနေသည့်ရာသီဥတုဒဏ်ကို ခံနိုင်ရှိနေကြသည်။

စစ်တပ်ကြီးက ရှေ့သို့ အလျင်စလို ရွှေ့ရှားနေကြပြီး နေ့ခင်းဘက်တွင် ရိက္ခာများ ဖြည့်တင်းရန် ခတ္တရပ်နားလိုက်ကြသည်။

စူးချင်းနှင့်ရှောင်းကျဲယွိတို့ကလည်း သူတို့၏မြင်းများပေါ်မှ ခုန်ဆင်းလာကြပြီး မြင်းများကို ဘေးဘက်တွင် လွှတ်ထားလိုက်ကြသည်။ ရှောင်းကျဲယွိက သူယူလာသည့် ရိက္ခာခြောက်ကို ထုတ်ပြီး စူးချင်းကို လှမ်းပေးလိုက်သည်။ စူးချင်းက သူ၏လွမ်တောင်ကို တောင်းကာ သစ်ကိုင်းများကို ခုတ်ချနေပြန်သည်။ ဤသည်မှာ သူမ လွမ်တောင်ကို ထင်းခုတ်ဓားအဖြစ် အသုံးပြုခဲ့သည့် တတိယအကြိမ်ဖြစ်ပြီး သူမတစ်ယောက်တည်းကသာ လွမ်တောင်၏အသုံးဝင်မှုကို ဤကဲ့သို့ ဖြုန်းတီးရဲသူ ဖြစ်သည်။

စူးချင်းက မီးမွှေးလိုက်ပြီး ရိက္ခာခြောက်များကို သစ်ကိုင်းများတွင် ချည်စေကာ မီးပေါ်တွင် ကင်ခိုင်းလိုက်သည်။

အားလုံးက စူးချင်းကို ကျေးဇူးတင်နေကြသည်။

ဒီသခင်မလေးက အပြင်မှာ အေးစက်ပေမယ့် အတွင်းစိတ်ကတော့ နွေးထွေးလွန်းတယ်။ သူမက သူတို့ ပူပူနွေးနွေး‌ စားနိုင်ဖို့တောင် ဂရုစိုက်ပေးခဲ့တယ်။

"ဒီမှာ"

စူးချင်းက သူမ မီးကင်ပြီးသော မုန့်ပေါင်းအား ရှောင်းကျဲယွိကို လှမ်းပေးလိုက်သည်။ သူမ၏ချက်ပြုတ်မှုစွမ်းရည်က အဆင့် ၁၀ သို့ ရောက်နေပြီ ဖြစ်သောကြောင့် သူမ ကင်ထားသည့် မုန့်ပေါင်းကပင် မွှေးကြိုင်နေပြီး အပေါ်မှ မုန့်သားက ကြွပ်ရွနေကာ အတွင်းထဲတွင် ပူနွေးနေပြီး အရသာ ကောင်းမွန်လှသည်။

"ချင်းအာ... ကျေးဇူးပဲ"

ရှောင်းကျဲယွိက မုန့်ပေါင်းကို လှမ်းယူကာ စူးချင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။ သူက သူမဘေးတွင် ဝင်ထိုင်လိုက်ရင်း သူ့လက်ထဲမှ မုန့်ပေါင်းကို တစ်ဝက်ခွဲကာ စူးချင်းကို အရင်စားလိုက်သည်။

"ချင်းအာ၊ မင်းရဲ့မြင်းပေါ်က ဘာတွေယူလာတာလဲ?"

နောက်ဆုံးတွင် ရှောင်းကျဲယွိက စူးချင်းအား မေးရန် အခွင့်အရေးတစ်ခု ရှာတွေ့သွားခဲ့သည်။

အဲဒီအိတ်နှစ်လုံးထဲမှာ ဘာတွေပါလဲဆိုတာ သူ အရမ်းသိချင်နေမိတယ်။

“အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လူသတ်လက်နက်တွေ”

စူးချင်းက သူမ၏ပါးစပ်ထဲမှ မုန့်ပေါင်းကို ဝါးနေရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သို့သော် သူမ၏အသံက တိုးတိုးလေး မဟုတ်ဘဲ လင်းရှန်းကြားနိုင်လောက်သည့်အတိုင်းအတာအတွင်း ရှိနေခဲ့သည်။

ထိုအိတ်နှစ်လုံးတွင် လူသတ်လက်နက်ကြီးများ ရှိနေသည်ဟု ကြားလိုက်ရချိန်တွင် လင်းရှန်း၏မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။ ထိုလူသတ်လက်နက်ကြီး၏ စွမ်းအားက တော်ဝင်ရုံးတော်ကိုပင် တုန်လှုပ်စေခဲ့ပြီး သူ ကိုယ်တိုင်းလည်း သူ့မျက်စိဖြင့် မြင်ဖူးခဲ့သည်။ ထိုအရာက အမှန်တကယ် ကြောက်စရာကောင်းလှသည်။

ထိုအရာနှင့် ထိတွေ့မိသည့်နေရာတိုင်းတွင အသေကောင်များ ပြန့်ကျဲသွားတတ်ပြီး ထိုအလောင်းများကလည်း အပိုင်းပိုင်းပျက်တောက်နေမည် ဖြစ်သည်။

ဤမျှကြီးမားသော လူသတ်လက်နက်ကြီးများ ရှိနေလျှင် တပ်ဖွဲ့ဝင်တစ်ထောင်ရှိနေစကောမှု ၎င်းကို ခုခံနိုင်မည်မဟုတ်ပေ။

စူးချင်းက သူမ လက်ထဲမှ မုန့်ပေါင်းကို ဖြည်းညင်းစွာ စားနေရင်း နောက်သို့ လှည့်ကြည့်လိုက်ရာ လင်းရှန်း၏အတွေးများနေသော မျက်လုံးများကို တွေ့လိုက်ရသည်။ သူမက သူမ၏အကြည့်ကို အေးအေးဆေးဆေး ပြန်ရုတ်လိုက်ပြီး မုန့်ပေါင်းကိုသာ ဆက်စားနေခဲ့သည်။

"ငါတို့ ခရီးဆက်ကြမယ်"

သူ့လက်ထဲမှ မုန့်ပေါင်း ကုန်သွားချိန်တွင် ရှောင်းကျဲယွိက မတ်တပ်ထရပ်လိုက်ပြီး ကျန်စစ်သည်များကို အမိန့်ပေးလိုက်သည်။

လက်ရှိတွင် စစ်ရေးအခြေအနေက အရေးတကြီး ဖြစ်နေကာ သူတို့ ကျောက်မီးသွေးတွင်းသို့ တတ်နိုင်သမျှ အပြေးအလွှား သွားရမည် ဖြစ်သည်။

စူးချင်းက တာ့ဟေးကို ပြန်ဆွဲခေါ်သွားပြီး လင်းရှန်း၏အကြည့်များက တာ့ဟေး၏ကျောပေါ်သို့ ကျရောက်သွားခဲ့သည်။ ထို့နောက် သူ့အကြည့်များက မီးမငြိမ်းရသေးသော မီးပုံပေါ်သို့ ရောက်သွားပြန်ပြီး သူ့ခေါင်းထဲသို့ အကြံအစည်တစ်ခု တိုးဝင်လာခဲ့သည်။

All Chapters