အကြံတူ ဉာဏ်တူ
Vol. 30 Ch. 449
တပ်မှူး၏အမိန့်ကို ကြားလိုက်ရချိန်တွင် စစ်သည်များက မီးတိုင်များကို အလျင်အမြန် ထွန်းညှိကာ လူသတ်လက်နက်ကြီးကို ပစ်ရန် စတင်ပြင်ဆင်လိုက်ကြသည်။ သစ်ပင်ပေါ်တွင် ရှိနေသည့် စူးချင်းက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး သူတို့၏ လက်နက်ကြီး ရှိနေသည့်တည်နေရာကို သူမ အတည်ပြုနိုင်ခဲ့သည်။ စူးချင်းက ထိုနေရာသို့ လက်ပစ်ဗုံးတစ်လုံးကို ပစ်သွင်းလိုက်ပြီး လက်နက်ကြီးကို ကိုင်တွယ်နေသူ အပါအဝင် ပတ်ဝန်းကျင်မှ စစ်သည်များအားလုံး ပေါက်ကွဲသွားရုံသာမက မြေကြီးများပင် တုန်ခါလာကာ မီးတောက်များ တအုန်းအုန်း လျှံထွက်လာတော့သည်။
"ရွှေရှန့်၊ ယုံခန်းရဲ့အစီအစဥ်က အရမ်းကောင်းတယ်၊ သူက ဝမ်မိသားစုစစ်တပ်ကို ဒီအထိ မြှားခေါ်လာပေးတော့ ကျွန်မတို့က အားလုံးကို ဖမ်းဆုပ်လိုက်ရုံပဲ"
စူးချင်းက ရှောင်းကျဲယွိကို ဝမ်းသာအားရ အော်ပြောနေပြီး သူမ၏ ထိုအသံက ရှောင်းကျဲယွိကို အံ့အားသင့်သွားစေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ? ချင်းအာက ဘာလို့ ဒီလောက်ပျော်ရွှင်နေရတာလဲ?
ပြီးတော့ အဲ့ဒီခွေးကောင်ချိုးယုံခန်းက မော့ချန်မှာရှိတဲ့ ရှောင်းမိသားစုစစ်တပ်ကို သုတ်သင်ဖို့ ဒီအစီအစဉ်ကို လုပ်ခဲ့တာမဟုတ်ဘူးလား? သူက သူ့ကို ဘာကြောင့် ဝမ်မိသားစုစစ်တပ်လို့ မြှားခေါ်လာရမှာလဲ?
စူးချင်းက သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး တာ့ဟေး၏ နောက်ကျောပေါ်သို့ ပြန်ဆင်းသက်လိုက်သည်။ သူမက သူမ၏မြင်းကို ရှောင်းကျဲယွိ၏နံဘေးသို့ တိုးကပ်လာစေပြီး ဘေးချင်းယှဥ် မြင်းစီးနေရင်းမှ သူ့ကို မချိုမချဥ်အမူအရာလေးဖြင့် မျက်စိမှိတ်ပြလိုက်သည်။
ထိုအချိန်တွင် ရှောင်းကျဲယွိက စူးချင်း၏ရည်ရွယ်ချက်ကို ချက်ချင်း သဘောသွားခဲ့သည်။
ဒါက တကယ်ကို ကောင်းမွန်တဲ့ အစီအစဥ်တစ်ခုဆိုတာ သူ မဖြစ်မနေ ဝန်ခံရတော့မယ်။ ဒါက ချိုးယုံခန်းရဲ့ဆုတ်လမ်းကို လုံးတ ဖြတ်တောက်ပစ်ဖို့ ကြံရွယ်လိုက်တဲ့ စကားတစ်ခွန်းပဲ၊ အနည်းဆုံးတော့ သူ ဝမ်ရှန်းချန်ရဲ့ယုံကြည်မှုကို ဆုံးရှုံးသွားပြီး မော့ချန်ကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး
"ချင်းအာရဲ့အကြံအစည်က အရမ်းကောင်းတယ်"
ရှောင်းကျဲယွိက စူးချင်းကို အပြုံးတစ်ခုဖြင့် ကြည့်နေခဲ့ပြီး သူ၏မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများ ပျော်ဝင်နေကာ သူ့လေသံတွင် ချီးမွမ်းဂုဏ်ယူမှုများ ရှိနေလေသည်။
စူးချင်းက ရဲရဲရင့်ရင့် တက်ကြွဟန်လေးဖြင့် မြင်းနောက်ကျောပေါ်တွင် လှလှပပ ထိုင်နေပြီး လက်ပစ်ဗုံးများ၏ ပေါက်ကွဲမှုကြောင့် ဖရိုဖရဲ ပြေးလွှားနေသော ဝမ်မိသားစု၏ စစ်သည်များကို လှမ်းကြည့်နေခဲ့သည်။ ထိုလူအနည်းက ဝမ်ရှန်းချန်ထံသို့ ပြန်အစီရင်ခံနိုင်ရန် သူမ တမင်တကာ လွှတ်ပေးလိုက်သော သူမ၏စာပို့တပ်သားများအဖြစ် ထမ်းဆောင်ပေးမည့်သူများ ဖြစ်သည်။
ကျန်သည့် ဝမ်မိသားစုစစ်သည်များအားလုံး သေကျေပျက်စီးခြင်းကိုသာ ရင်ဆိုင်လိုက်ကြရသည်။ မည်သို့ပင်ဖြစ်စေ စစ်တပ်နှစ်တပ် တွေ့ဆုံလျှင် ရန်သူများကို တတ်နိုင်သမျှ ချေမှုန်းပစ်ရန် လုံလောက်သော ရက်စက်ကြမ်းကြုတ်မှု ရှိရမည် ဖြစ်သည်။
စူးချင်းက ရှောင်းကျဲယွိကို ကြည့်လိုက်ပြီး တောက်ပစွာ ထပ်ပြုံးလိုက်ပြန်သည်။
"ရွှေရှန့်၊ ဘယ်သူက ပိုပြီးသတ်နိုင်မလဲ ကြည့်ကြရအောင်"
"ကိုယ် ချင်းအာကို အရှုံးမပေးဘူးနော်"
စူးချင်းက ရှောင်းကျဲယွိ၏ပြိုင်ဆိုင်လိုဓာတ်ကို နှိုးဆွပေးခဲ့ပြီး သူမ၏ကြာပွတ်ကို အားမာန်အပြည့်လွှဲယမ်းကာ ကျန်နေသည့်ဝမ်မိသားစုစစ်သည်များဆီသို့ တိုးဝင်သွားတော့သည်။
“တိုက်ကြ”
စူးချင်းက မြင်းနက်ကြီး၏ဗိုက်ကို သူမ၏ခြေထောက်ဖြင့် ကန်ကာ အချက်ပေးလိုက်ပြီး တိုက်ခိုက်ရန် ကြွေးကြော်လိုက်သည်။ သူမ ကိုယ်တိုင်လည်း သူမ မကြာသေးမီက သွန်းလုပ်ထားသော ဓားရှည်ကို ကိုင်ကာ ဝမ်မိသားစုစစ်တပ်၏တပ်မှူးဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် တိုးဝင်သွားတော့သည်။
ဝမ်မိသားစုတပ်မတော်မှ စစ်သည်များကလည်း ကောင်းစွာလေ့ကျင့်ထားပြီး ရဲရင့်သူများဖြစ်ကာ သူတို့က တိုက်ပွဲများတွင် အမြဲတမ်းအနိုင်ရလေ့ရှိသူများ ဖြစ်ခဲ့ကြသည်။ သူတို့အတွက် ဤမျှပြင်းထန်စွာဖိနှိပ်ခံရခြင်းက ပထမဆုံးအကြိမ် ဖြစ်သည်။ နေရာအနှံ့ ပေါက်ကွဲမှုများ ဖြစ်ပေါနေပြီး ထိုလက်ပစ်ဗုံးများကြောင့် လူများ ပျံသန်နေကာ မီးတောက်ကြီးများ ထွက်ပေါ်လာသည်ကို သူတို့ မြင်နေကြရသည်။ ထိုအရာက ဘာကိုမှ မကြောက်ဖူးခဲ့သော သူတို့အားလုံးကို အလွန်အမင်း ကြောက်လန့်စေခဲ့ပြီး ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။ သူတို့ကို တပ်မှူးက ပရမ်းပတာ ဖြစ်နေသည့် သူ့စစ်သည်များကို ပြန်စုစည်းနေပြီး တန်ပြန်တိုက်ခိုက်ရန် ကြိုးစားနေခဲ့သော်လည်း စူးချင်းနှင့် ရှောင်းကျဲယွိတို့က အပြေးအလွှား ဝင်ရောက်လာကြပြီ ဖြစ်သည်။
သူတို့နှစ်ယောက်က သိုးအုပ်ထဲသို့ ရောက်လာသည့် ကျားများသဖွယ် ပြုမူနေကြပြီး စူးချင်းက သူမ၏ပန်းပွားကြိုးတပ် ဓားရှည်ကို ဘယ်ညာ လွှဲယမ်းရင်း သူမ၏မြင်းဖြတ်သွားသည့်လမ်းမှ စစ်သည်တစ်ဒါဇင်ကျော်ကို သတ်ပစ်လိုက်သည်။ ထိုလူများအတွက်တော့ လေတိုးသံကိုသာ ကြားလိုက်ရပြီး ခုခံရန် အချိန်မရသေးခင် သူတို့၏ခေါင်းများကို ဆုံးရှုံးလိုက်ကြရသည်။
ရှောင်းကျဲယွိကလည်း စူးချင်းထက် နောက်ကျကျန်နေခြင်း မရှိပေ။ သူက ယခုမှ နိုးထလာစ ခြင်္သေ့ကြီးကဲ့သို့ ရဲရင့်နေခဲ့သည်။ သူ သူ့လက်ထဲမှ လှံရှည်ကို ဘယ်ညာ ယမ်းနေသရွေ့ ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေပြီး သူ့လှံဖျားတွင် တွဲချိတ်ပါလာကာ မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ် ပြန်ပြုတ်ကျနေတော့သည်။
စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ ရဲရဲတောက် ရဲစွမ်းသတ္တိက ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များ၏တိုက်ခိုက်ရေးစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။ သူတို့က စစ်မြေပြင်သို့ ပထမဆုံးရောက်ဖူးသည့် တပ်သားသစ်များ ဖြစ်နေကြသော်လည်း စစ်သူကြီးနှစ်ဦးက သူတို့၏သွေးများကို ပွက်ပွက်ဆူစေခဲ့ပြီး သူတို့၏ကြွေးကြော်အော်ဟစ်သံများက ကောင်းကင်ယံကို အထိ ထိုးတက်လာကာ ကြားရသူမှန်သမျှကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ သူတို့၏ ကြွေးကြော်သံများက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါစေကာ ထိုအသံများ၏အရှိန်အဟုန်က သက်တံများကဲ့သို့ ပဲ့တင်ထပ်နေလေသည်။
လုံးဝ နောက်ပြန် မဆုတ်ရန် ခိုင်မာသော ဇွဲလုံလနှင့် ပြင်းထန်သော စွန့်စားလိုစိတ် ရှိပြီး သေခြင်းတရားကို လုံးဝ မကြောက်တတ်သူများသာ အောင်မြင်နိုင်သည်က စစ်ပွဲများက မပြောင်းလဲသော အခြေခံနိယာမသာ ဖြစ်သည်။
စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ ဦးဆောင်မှုအောက်တွင် ရှောင်းမိသားစုစစ်တပ်က လှောင်အိမ်ထဲမှ လွတ်မြောက်လာစ ကျားတစ်ကောင်နှင့် တူနေခဲ့ပြီး သူတို့သွားလေရာရာတွင် ဦးခေါင်းများ တဖြုတ်ဖြုတ် ကြွေကျနေကာ နှင်းဖြူဖြူပေါ်တွင် သွေးများ နီရဲနေတော့သည်။ ဝမ်မိသားစုစစ်တပ်တွင် လူအနည်းငယ်သာ ကျန်ရှိနေသော်လည်း သူတို့က ဝမ်မိသားစုစစ်တပ်၏စစ်စည်းမျဉ်းများကို ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက်လည်း တိုက်ပွဲတွင် သေဆုံးရန်သာ ဆုံးဖြတ်နိုင်ကြပြီး သူတို့တပ်မှူး အမိန့်မပေးပါက မည်သူမျှ နောက်ဆုတ်ရန် သတ္တိမရှိကြပေ။
ဝမ်မိသားစုစစ်တပ်၏တပ်မှူးကလည်း ဒဏ်ရာများစွာ ရရှိနေခဲ့ပြီး သူနှင့် တိုက်ခိုက်နေသူက စူးချင်းဖြစ်သည်။ သူမ သူ့ကို ခဏတာ အသက်ရှင်ခွင့် ပေးထားခဲ့ခြင်းကြောင့် မဟုတ်လျှင် သူ့ခေါင်းလည်း မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီး ဖြစ်ပေလိမ့်မည်။
သူတို့ဘက်၌ လူသိပ်မကျန်တော့ကြောင့် မြင်လိုက်ရချိန်တွင် တပ်မှူးက အော်ဟစ်အမိန့်ပေးလိုက်သည်။
"နောက်ဆုတ်"
စစ်သူကြီး၏အမိန့်ကို ကြားလိုက်သည်နှင့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက မတိုက်ခိုက်တော့ဘဲ ချက်ချင်း လှည့်ပြေးကြတော့သည်။ ထိပ်တန်းစစ်သည် တစ်ထောင်ကျော်ဖြင့် ဝင့်ဝင့်ကြွားကြွား ချီတက်လာခဲ့သော စစ်တပ်ကြီးက ဒါဇင်အနည်းငယ်သာ ကျန်နေတော့သည်။ သူတို့ရောက်လာစဥ်က မောက်မောက်မာမာဖြင့် ညာသံပေးကာ ချီတက်လာခဲ့ကြသော်လည်း လက်ရှိတွင် သူတို့၏သံခမောက်များနှင့် သံချပ်ကာများကိုပင် လွှင့်ပစ်ကာ ခွေးပြေးဝက်ပြေး ပြေးလွှားနေကြရသည်။
စူးချင်းက သူမတို့မှ စစ်သည်များကို အမိန့်ပေးလိုက်သည်။
“ပြန်လှည်ခဲ့တော့”
သူတို့က အငတ်ဘေးမှ ထွက်ပြေးလာစဥ်ကအတိုင်း သူတို့၏ကောင်းမွန်သော အစဉ်အလာကို မပျောက်မပျက် ထိန်းသိမ်းထားကြသေးသည်။ သူတို့က အလောင်းများအားလုံးကို စေ့စေ့စပ်စပ် စစဆေးရှာဖွေမည်ဖြစ်ပြီး အသက်ရှင်နေသေးလျှင် ဓားဖြင့် ထပ်ထိုးကာ သေဆုံးကြောင်းသေချာသွားလျှင်တော့ ချပ်ဝတ်တန်ဆာ၊ ငွေ၊ ဖိနပ်၊ စစ်မြင်းမျာနှင့် သူတို့အတွက် အသုံးဝင်သမျှကို သိမ်းယူကြမည်ပင်။
တိုက်ပွဲတစ်ပွဲကို အနိုင်ရရှိခြင်းက အလွန်ကျေနပ်စရာကောင်းလှသည်။
စစ်သည်များက အလောင်းများကို ရှာဖွေနေရင်း အသုံးဝင်မည့် အရာမှန်သမျှကို သိမ်းဆည်နေကာ အလုပ်များနေကြသည်။ စူးချင်းနှင့်ရှောင်းကျဲယွိတို့ကလည်း ကျောက်မီးသွေးတွင်းကို စစ်ဆေးရန် ချက်ချင်း သွားလိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်မိသားစုစစ်တပ်က ၎င်းကို သိမ်းပိုက်ထားခဲ့သော်လည်း ဖျက်ဆီးထားခဲ့ခြင်း မရှိပေ။
"ဒါကို ထောင်ဟွားဝူက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လို ပြန်ရှင်းပြရမလဲ?"
ဝမ်မိသားစုစစ်တပ်ကြောင့် ကျဆုံးသွားသော ရှောင်းမိသာစုစစ်သည်များနှင့် ထောင်ဟွားဝူမှ လူရွယ်များကို ကြည့်နေရင်း ရှောင်းကျဲယွိက အလွန်စိတ်မကောင်း ဖြစ်နေကာ ထိုအလောင်းများကို မော့ချန်သို့ ပြန်သယ်သွားရန် အမိန့်ပေးလိုက်သည်။
"ရွှေရှန့်၊ သူတို့ကို သတ်ခဲ့တဲ့သူက ဝမ်မိသားစုစစ်တပ်ပဲ၊ ဒါပေမယ့် သူတို့ကို ထိခိုက်စေခဲ့တဲ့သူကတော့ ချိုးယုံခန်းပဲ၊ ရှင် ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာ မလိုဘူး!"
စူးချင်းက ရှောင်းကျဲယွိကို နှစ်သိမ့်ပေးလိုက်သည်။
ရွှေရှန့်က တချို့အရာတွေကို သံယောဇဥ်တွယ်နေတုန်းပဲ၊ သူ့နှလုံးသားက အရမ်း မခိုင်မာသေးဘူးလေ။
“သူတို့အတွက် ပိုက်ဆံများများ ထောက်ပံ့ပေးပြီး သူတို့ရဲ့မိသားစုဝင်တွေကို ဂရုစိုက်ပေးတာက သူတို့အတွက် ကိုယ်တို့ လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာပဲ”
ရှောင်းကျဲယွိက သူ့စိတ်ထဲမှ ဝမ်းနည်းမှုများကို ပြန်မျိုသိပ်လိုက်ပြီး သူတို့၏မိသားစုဝင်များကို စောင့်ရှောက်ပေးခြင်းက ကောင်းကင်ဘုံရှိ သူတို့၏ဝိညာဉ်များကို နှစ်သိမ့်ပေးနိုင်မည်ဟု သူ ယူဆလိုက်သည်။
စူးချင်းက သူ သူ့ကိုယ်သူ အပြစ်တင်နေသည်ကို မမြင်ချင်တော့ဘဲ ခေါင်းစဉ်ပြောင်းကာ ရှေ့ဆက်ရမည့်အစီအစဥ်ကို စတင်ဆွေးနွေးလိုက်သည်။
"ရွှေရှန့်၊ အရင်တုန်းက ကျွန်မတို့ ခံစစ်ကိုပဲ တစိုက်မတ်မတ် စီမံပြီး မြို့ကို ကာကွယ်ဖို့ စီမံနေခဲ့ကြတယ်၊ ကျွန်မတို့ဘက်ကနေ ဘယ်တော့မှ စမတိုက်ခိုက်ခဲ့ဘူး။ အခု ဝမ်ရှန်းချန်က ရှင့်ရဲ့ဖြစ်တည်မှုအပါအဝင် သံရိုင်းတွင်းနဲ့ ကျောက်မီးသွေးတွင်းအကြောင်းကိုပါ သိပြီးနေပြီ၊ အခု ကျွန်မတို့ရဲ့ခွန်အားကို ဖုံးကွယ်ထားစရာ မလိုတော့ဘူး။ အချိန်ဆွဲနေလို့လည်း မဖြစ်တော့ဘူး။ သူတို့ မပြင်ဆင်ရသေးတဲ့ ဒီအချိန်နှာ ကျင်းချန်နဲ့ လော့ချန် သိမ်းယူပြီး ဝမ်မိသားစုစစ်တပ်ကို ပိတ်ဆို့ဖို့အတွက် အဲ့ဒီမြို့နှစ်မြို့ကို အတားအဆီးအဖြစ် အသုံးပြုကြမယ်”
“ကောင်းပြီ၊ ချင်းအာ တွေးထားတာတွေက အကုန်မှန်တယ်။ အရင်တုန်းက ကိုယ်တို့ အမြဲတမ်း ခံစစ်ကိုပဲ ထိန်းသိမ်းထားခဲ့တယ်။ အဲဒီတုန်းက ခုခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိလို့။ ဒါပေမယ့် အခု ကိုယ်တို့ခေါင်းမော့ ရမည့်အချိန်ကို ရောက်လာပြီ။ ကိုယ်တို့ရဲ့ ခွန်အားတွေကို မဖြစ်မနေ ပြသရတော့မယ်၊ ဝမ်မိသားစုက သူခိုးအိုကြီးကလည်း အတွင်းအပြင် ပြသနာမျိုးစုံနဲ့ ဒုက္ခရောက်နေပြီ။ ဒီလှိုင်းဒီရေမှာ ကိုယ်တို့ အဲ့ခွေးတွေကို အနိုင်ယူပြီး ရှောင်းမိသားစုစစ်တပ်ကို ပြန်အသက်သွင်းကြမယ်”
ရှောင်းကျဲယွိက လေကို ဆန့်ကျင်ကာ ခပ်မတ်မတ် ရပ်နေခဲ့ပြီး သူ့မျက်လုံးများထဲတွင် လွမ်းမိုးနိုင်သော အရိပ်အငွေ့များနှင့် ပြတ်သားသော ရည်မှန်းချက်များ ရှိနေလေသည်။ သူထံတွင် မျိုးဆက်တစ်ခုမှ အုပ်စိုးရှင်တစ်ယောက်၏ အငွေ့အသက်များ ရှိနေပြီ ဖြစ်သည်။
“ဒါဆိုရင် အခု စကြမယ်၊ ဒီနေရာက နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းဖို့ လူနည်းနည်း ချန်ထားခဲ့လိုက်။ ကျွန်မတို့ လော့ချန်ကို တခါတည်း ချီတက်ကြမယ်။ အဲနေရာကို သိမ်းယူပြီးမှ အဲ့မှာ ကောင်းကောင်းအနားယူကြမယ်"
စူးချင်းက စစ်သည်များ စစ်သွေးကြွနေသည့် ဤအခိုက်အတန့်ကို ဆုပ်ကိုင်ကာ လော့ချန်ကို သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ၏မျက်လုံးတွင် ယုံကြည်မှုများ ပြည့်နှက်နေပြီး ထိုတောက်ပမူက ရှောင်းကျဲယွိကို ဂုဏ်ယူမှုများ ပြည့်လာစောကာ သူက ခပ်ကျယ်ကျယ် အော်ဟစ်လိုက်သည်။
"ကောင်းပြီ၊ ကျန်းချန်ကို ရောက်မှ မြို့ထဲမှာ အနားယူကြမယ်"
စူးချင်းက ရှောင်းကျဲယွိကို ဘေးတိုက်ကြည့်ရင်း ကျေနပ်နေခဲ့သည်။
ဒီလိုကြီးမားလှတဲ့ အရှိန်အဝါနဲ့လူ... ကမ္ဘာကြီးကို ငုံ့ကြည့်ဖို့ ရည်မှန်းချက်တွေ အပြည့်ရှိနေတဲ့လူ.... သူက စူးချင်းဆိုတဲ့ သူမရဲ့လူ... သူတစ်ယောက်ပဲ လူတွေအများကြီးကြားထဲက နဂါးဖြစ်ဖို့ ထိုက်တန်တယ်။
ရှောင်းကျဲယွိက သူ၏လူများကို ကျောက်မီးသွေးတွင်း ဆက်လက်တူးဖော်ရန် စီစဉ်ပေးထားခဲ့သည်။ ဤအမြတ်အစွန်းများသည့်လုပ်ငန်းကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။ သူက ဒဏ်ရာရသူများနှင့် စစ်သည်အချို့ကို ထိုနေရာတွင် ချန်ထားခဲ့ပြီး စူးချင်းနှင့်အတူ ကျင့်ချန်သို့ ချီတက်ရန် လက်ရွေးစင်စစ်သည် ၂၀၀ ကို ရွေးချယ်ခေါ်ဆောင်သွားခဲ့သည်။
သူတို့ လုံးဝ အနားယူခြင်းမပြုဘဲ ချီတက်လာခဲ့ကြပြီး ညည့်နက်ချိန်မှ ကျင်းချန်သို့ ရောက်ရှိလာကာ မြို့တံခါးများ ပိတ်နေပြီ ဖြစ်သည်။ ကြိုးတံတားကိုလည်း အပေါ်တင်ထားပြီးဖြစ်ကာ မြို့ရိုးပေါ်တွင် မီးရောင်များ လင်းလက်နေသည်ကို သူတို့ မြင်နေရသည်။ ကင်းလှည့်တပ်သားများကလည်း အပြန်ပြန်အလှန်လှန် သွားလာနေကြပြီး ဝမ်မိသားစုစစ်သည်များက ကင်းလှည့်နေချိန်၌ပင် တက်တက်ကြွကြွ နိုးနိုးကြားကြားဖြင့် သတိအပြည့်ရှိနေကြသည်။
ဝမ်ယွိလင်က စစ်ရေးကွပ်ကဲမှု ကျွမ်းကျင်ပြီး အမှန်တကယ် သူရဲကောင်းပီသသည်ဟု ဆိုရမည်ဖြစ်သည်။
စူးချင်းက သူမ၏မြင်းပေါ်တွင် ထိုင်နေရင်း ကျင်းချန်၏မြို့တံခါးကို စိုက်ကြည့်နေခဲ့သည်။
ဒီခတ်ဒီအခါရဲ့ အနေအထားနဲ့ ပြောရရင် မြို့တံခါးက တော်တော်ခိုင်ခံ့တယ်လို့ ပြောနိုင်တယ်။ ဒီမြို့တံခါးကို ဖွင့်ဖို့ လက်ပစ်ဗုံး ဘယ်နှလုံးလောက် သုံးရမလဲ?
"ကိုယ်တို့တွေ သစ်လုံးကြီးတွေ မသယ်လာမိဘူး၊ ချင်းအာ၊ မင်းရဲ့လက်ပစ်ဗုံးတွေနဲ့ ဒီမြို့တံခါးကို ဖောက်ခွဲပြီး ဖွင့်ပေးနိုင်လား?"
တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် မြို့တံခါးကို ကြည့်နေရင်း ရှောင်းကျဲယွိက မျက်မှောင်ကြုတ်နေခဲ့သည်။ မြို့ကို တိုက်ခိုက်ရန် အခြားသော အကူအညီများ လိုအပ်လေ့ရှိပြီး အများအားဖြင့် မြို့တံခါးကို တွန်းတိုက်ချိုးဖျက်ရန် သစ်တုံးကြီးများကို အသုံးပြုကြပြီး မြို့ရိုးပေါ်သို့ တက်ရန် လှေကားများလည်း လိုအပ်လေ့ရှိသည်။ သို့သော်လည်း ယခု သူ့ထံတွင် ထိုအရာနှစ်ခုလုံး မပါလာခဲ့ပေ။ ထို့ကြောင့် စူးချင်း၏ လက်ပစ်ဗုံးများ အပေါ်သာ သူ မျှော်လင့်ချက် ထားနိုင်တော့သည်။ ထိုသို့မဟုတ်လျှင် မနက်ဖြန်မနက် မြို့တံခါး စဖွင့်သည့်အချိန်တွင် ရုတ်တရတ် ဝင်ရောက်တိုက်ခိုက်ကာ မြို့ကို သိမ်းယူရတော့မည် ဖြစ်သည်။
“ဖြစ်နိုင်ပါတယ်၊ ကျွန်မ မြို့တံခါးကို ဖောက်ခွဲပြီး ကြိုးတံတားကို လျောချပေးမယ်။ ရှင်က ရှင့်တပ်ဖွဲ့ကို ဦးဆောင်ပြီး တစ်ချက်တည်းနဲ့ အပိုင်တိုက်ဖို့ ပြင်ထား"
"ကိုယ် ရှေ့က သွားမယ်!"
ရှောင်းကျဲယွိက ဤကဲ့သို့ အန္တရာယ်များသည့်အလုပ်ကို စူးချင်းအား မလုပ်ခိုင်းနိုင်ပေ။ သူက စူးချင်းထံမှ လက်ပစ်ဗုံးများ တောင်းပြီး သူ အရင်သွားရန် ပြင်ဆင်လိုက်သည်။