ခေါင်းအုံးဘေးက အလောင်းကောင်
Vol. 46 Ch. 678
ရှန်ထုံမျှော်စင်၏ အပေါ်ဆုံးထပ်တွင် ယန်ကျန့်သည် သူ့ရုံးခန်း၏ ကြမ်းပြင်မှ မျက်နှာကြက်အထိရှိသော မှန်ပြတင်းကြီးရှေ့တွင် အလေ့အကျင့်အတိုင်း ရပ်နေရင်း အောက်ဘက်မှ ခေတ်မီမြို့ကြီးကို အပေါ်စီးမှ ငေးကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းများမှာ တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေဟန်ဖြင့် အရောင်လဲ့နေခဲ့သည်။
"အချိန်ကို တွက်ကြည့်ရရင် တစ္ဆေဗီရိုနဲ့ သဘောတူညီချက်အတွက် ငါ့မှာ အချိန်နှစ်ရက်ပဲ ကျန်တော့တယ်။ ဝမ်ရှင်းရဲ့တောင်းဆိုမှုကို လက်ခံပြီး တံခါးခေါက်တစ္ဆေဖြစ်ရပ်ကို ဖြေရှင်းဖို့ တကယ်စီစဉ်ထားတယ်ဆိုရင်တောင် ငါလှုပ်ရှားနိုင်တာ တစ်ရက်ထက်မပိုဘူး။ ဒါက ငါ့အတွက် အကာအကွယ်ပေးနိုင်တဲ့ အချိန်ပဲ။"
"အချိန်ကတော့ လုံလောက်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်တစ်ခုနဲ့ ထိတွေ့ရင် တစ်နာရီ၊ နှစ်နာရီအတွင်း အဖြေထွက်နိုင်တာပဲ။"
မည်သို့ပင်ဖြစ်စေ သူက ချီတုံချီတုံ ဖြစ်နေဆဲပင်။ ထိုသို့သော ဆုံးဖြတ်ချက်မျိုးသည် အလွန်အန္တရာယ်ကြီးမားလှသည်။ ပြည်ပခရီးစဉ်တစ်ခုက သေဆုံးခြင်းဖြင့် အဆုံးသတ်သွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့သည့် ဖြစ်နိုင်ခြေက အမှန်တကယ်ပင် ရှိနေသည်။
"ဥက္ကဋ္ဌယန်၊ ရှင့်အတွက် ကော်ဖီတစ်ခွက် ဖျော်လာပါတယ်။"
ကျန်းလီချင်သည် ကော်ဖီခွက်တစ်ခွက်ကိုင်ကာ လျှောက်လာသည်။ သူမတွင် သိပ်ပြီး လုပ်စရာမရှိသည့်အတွက် အသုံးမဝင်သူတစ်ယောက်အဖြစ် အမြင်မခံလိုဘဲ သူမ၏တန်ဖိုးကို ပြသရန် နည်းလမ်းအမြဲရှာဖွေနေတတ်သည်။
ယန်ကျန့်သည် အတွေးကမ္ဘာထဲမှ အနည်းငယ် ပြန်လည်လွတ်မြောက်လာပြီး မေးလိုက်သည်။
"အခု ဘယ်အချိန်ရှိပြီလဲ။"
"မွန်းလွဲ သုံးနာရီပါ"
ကျန်းလီချင်က ပြန်ဖြေသည်။
ယန်ကျန့် ခေါင်းညိတ်လိုက်ပြီးနောက် လှည့်၍ သူ့စားပွဲဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ ကော်ဖီတစ်ငုံသောက်ပြီးနောက် သူကပြောလိုက်သည်။
"အော် ဟုတ်သားပဲ။ ငါမေ့တော့မလို့။ ဒီနေ့ ရုံးလာတော့ ကျန်းဝေ့ကို မတွေ့မိသလိုပဲ။ သူ ဘယ်သွားနေလဲ။"
ကျန်းဝေ့?
"အဲ့ဒါတော့ သိပ်မသိဘူး။ ကျွန်မ ကျန်းဝေ့ကို သိပ်အာရုံမထားမိဘူး။"
ကျန်းလီချင်က ညင်သာစွာ ခေါင်းခါလိုက်သည်။
သူတို့နှစ်ဦးက ရင်းနှီးကျွမ်းဝင်သူများ မဟုတ်သည့်အတွက် သူမ အာရုံမစိုက်မိခြင်းက ပုံမှန်ပင်ဖြစ်သည်။
ယန်ကျန့် ခဏစဉ်းစားလိုက်ပြီးနောက် သူ့ဖုန်းကိုထုတ်ကာ ကျန်းဝေ့နံပါတ်ကို ခေါ်လိုက်သည်။ သို့သော် ဖုန်းက စက်ပိတ်ထားသောကြောင့် ခေါ်ဆို၍မရခဲ့။ သူ၏ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းကို စစ်ဆေးကြည့်ရာ နောက်ဆုံးထုတ်လွှင့်မှုက လွန်ခဲ့သောငါးရက်ကဖြစ်ပြီး မကြာသေးမီက သူလွှင့်မနေသည်ကို တွေ့ရသည်။
"အောက်ဆင်းပြီး ကျန်းယန်နဲ့ ဝမ်ဘင်းကို ကျန်းဝေ့ဘယ်သွားလဲ မေးကြည့်လိုက်။ ဒီည သူ့ကို ညစာ အတူစားဖို့ ဖိတ်မလို့။"
ကျန်းလီချင်က ခေါင်းညိတ်ပြီး ပြောသည်။
"ဟုတ်ကဲ့၊ သွားမေးလိုက်မယ်။"
ခဏအကြာတွင် သူမသည် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးနှင့်အတူ ပြန်ရောက်လာသည်။ သူက ကျန်းဝေ့၏ဖခင်ဖြစ်သူ တားချန်းမြို့မှ နာမည်ကြီး ချမ်းသာသော စီးပွားရေးသမား ကျန်းရှန်းကူ ဖြစ်သည်။
"ဦးလေးကျန်း၊ ဘယ်လို ရောက်လာတာလဲ။"
ယန်ကျန့် အနည်းငယ် အံ့အားသင့်ကာ မတ်တပ်ထရပ်လိုက်သည်။
ကျန်းရှန်းကူ၏ မျက်နှာမှာ စိတ်ဓာတ်ကျနေပုံရပြီး သူက ပြောသည်။
"မင်းပြန်ရောက်နေတာ ဦးလေးမသိဘူး။ ကျန်းလီချင်က ဝမ်ဘင်းဆီ အစောက သွားတော့မှ ဝမ်ဘင်းက အကြောင်းကြားလို့ သိရတာ။ ကျန်းဝေ့ကိစ္စနဲ့ပတ်သက်ပြီး မင်းအကူအညီ လိုချင်လို့။ ပြီးတော့ ဒီကိစ္စမှာ မင်းတစ်ယောက်ပဲ ကူညီနိုင်မှာ။ အရင်က မင်းပြန်မရောက်သေးတာ မသိလို့ မဆက်သွယ်မိတာ။"
"ကျန်းဝေ့ ဘာဖြစ်လို့လဲ။"
ယန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။
"ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူနေကောင်းပါတယ်။ တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတာ"
ကျန်းရှန်းကူက ညှိုးငယ်သော မျက်နှာဖြင့် ပြောသည်။
"ထိန်းချုပ်မှုအောက်မှာလား။"
ယန်ကျန့် နားမလည်နိုင်ဖြစ်သွားသည်။
အခုခေတ်မှာ ကျန်းဝေ့ကို ဘယ်သူက စိတ်ဝင်စားမှာလဲ။
"ရဲကို အမှုဖွင့်ပြီးပြီလား။"
ကျန်းရှန်းကူက ခေါင်းအသာခါပြပြီး ပြောသည်။
"သိပ်အကျိုးမရှိဘူး။ ဒီရက်ပိုင်း လူပျောက်တာတွေ သိပ်များနေတယ်။ ရဲတွေလည်း သိပ်ရှာမတွေ့နိုင်ဘူး။ ပြီးတော့ ဒီကိစ္စက မင်းနဲ့လည်း ပတ်သက်နေတယ်။"
"ကျွန်တော်နဲ့ ပတ်သက်နေတယ်?"
ယန်ကျန့် ပဟေဠိဖြစ်သွားသည်။
"စွန်းရန် ဆိုတဲ့ ကျောင်းနေဖက်တစ်ယောက်ကို မှတ်မိသေးလား။"
ကျန်းရှန်းကူက မေးလိုက်သည်။
"စွန်းရန်?"
ယန်ကျန့် ပြန်စဉ်းစားလိုက်သည်။
"သူ့ကို မှတ်မိသလိုလိုတော့ ရှိတယ်။ သူက ကျန်းဝေ့နဲ့ ကျွန်တော်နဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်ပဲ။ လွန်ခဲ့တဲ့ ခြောက်လက ကျောင်းမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ပြီးတော့ ကျွန်တော်တို့ထဲက ခုနစ်ယောက်ပဲ အသက်ရှင်ခဲ့ပြီး စွန်းရန်က အဲ့ဒီထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ သိပ်မခင်ကြဘူး၊ အဆက်အသွယ်လည်း သိပ်မရှိဘူး။"
ကျောင်းတက်စဉ်က ကျောင်းသားတိုင်းတွင် ကိုယ်ပိုင်အုပ်စုလေးများ ရှိကြသည်။
ဝမ်ရှန်းရှန်း၊ မြောင်ရှောင်ရှန်းနှင့် ကွယ်လွန်သွားပြီဖြစ်သော စုလေ့တို့သည် စာတော်ပြီး ရုပ်ချောသော နတ်ဘုရားမလေးများ အုပ်စုဝင်များ ဖြစ်ကြသည်။ သူရယ်၊ ကျန်းဝေ့ရယ်၊ ကျောက်လေ့ရယ်ကတော့ အမှန်အကန် အသုံးမကျသည့်ကောင်များဖြစ်ပြီး စွန်းရန်ကတော့ သူတို့နှင့်မရောသော အခြားအုပ်စုမှ ဖြစ်သည်။
"ကျန်းဝေ့က လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ကို သွားတွေ့ပြီးတော့ ပျောက်သွားတာပဲ။ ကျန်းဝေ့ အသက်ရှင်နေတုန်းဆိုတာပြတဲ့ ဗီဒီယိုတွေပဲ ရတယ်"
ကျန်းရှန်းကူက မိုဘိုင်းဖုန်းတစ်လုံးကို ထုတ်ပြရင်း ပြောသည်။
"စွန်းရန်ကပြောတယ် မင်းပြန်ရောက်လာရင် ဒီဖုန်းနဲ့ သူ့ကိုဆက်သွယ်ခိုင်းတယ်။ သူ မင်းကို ပြောစရာရှိတယ်တဲ့။ ငါထင်တာတော့ သူက ကျန်းဝေ့ကို အသုံးချပြီး မင်းဆီရောက်အောင် လာချင်နေတာ။ ဘာကြောင့်လဲဆိုတာတော့ ငါမသိဘူး။"
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျန်းဝေ့ ဘေးမသီရန်မခ ပြန်ရောက်လာဖို့ မျှော်လင့်ပါတယ်။ ယန်ကျန့်၊ ဦးလေးကို ကူညီပါကွယ်။ မင်းတောင်းဆိုတဲ့ ဘယ်အခြေအနေကိုမဆို ဦးလေး သဘောတူပါတယ်။"
"အခြေအနေတွေ မလိုပါဘူး။ ဒီကိစ္စက အတိတ်က ပြဿနာတချို့နဲ့ ဆက်စပ်နေပြီး ကျွန်တော်နဲ့လည်း သက်ဆိုင်နေတယ်။ ကျွန်တော် တာဝန်ယူပြီး ဖြေရှင်းပေးပါ့မယ်။ ဦးလေးကျန်း စိတ်ချပါ၊ ကျန်းဝေ့ ရက်အနည်းငယ်အတွင်း ဘေးကင်းကင်း ပြန်ရောက်လာမှာ သေချာပါတယ်"
ယန်ကျန့်က ပြောလိုက်သည်။
သူသည် ကျန်းဝေ့ကို ရက်အနည်းငယ်မတွေ့ရခြင်းက သူငယ်ချင်းသွားတွေ့ပြီး အခုလို ပြဿနာတွေ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။
"ကျွန်တော် အဲ့ဒီကောင် စွန်းရန်ကို ဆက်သွယ်လို့ရမလား ကြည့်လိုက်ဦးမယ်။"
ယန်ကျန့်က ကျန်းရှန်းကူလက်ထဲမှ မိုဘိုင်းဖုန်းကို ယူလိုက်သည်။ ဖုန်းဖွင့်လိုက်သောအခါ နံပါတ်တစ်ခုတည်းသာ မှတ်ထားသည်ကို တွေ့ရသည်။
သူ ထိုနံပါတ်ကို ခေါ်လိုက်သည်။
မကြာမီ ဖုန်းကိုင်လိုက်သည်။
"ဥက္ကဋ္ဌကျန်း၊ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားပြီးသားနော်၊ ယန်ကျန့် ဖုန်းလာကိုင်မှ မဟုတ်ရင် ကျွန်တော် ဘာမှမပြောဘူး။"
ဖုန်းထဲမှ လေးနက်သော အသံတစ်ခု ထွက်ပေါ်လာပြီး ယခင်က စွန်းရန်၏အသံနှင့် လုံးဝမတူတော့ပေ။
ယန်ကျန့်က တည့်တည့်မေးလိုက်သည်။
"စွန်းရန်၊ ငါ ယန်ကျန့်ပဲ။ ကျန်းဝေ့ ဘယ်မှာလဲ။"
"ယန်ကျန့်? ဟက်၊ တကယ်ပဲ မင်းကိုး။ မင်းနဲ့ ဆက်သွယ်ရတာ လုံးဝမလွယ်ဘူး။ နည်းလမ်းအမျိုးမျိုးမသုံးဘဲနဲ့တော့ မင်းနေတဲ့ တိုက်ခန်းဝင်းထဲတောင် ငါဝင်လို့ရမှာ မဟုတ်ဘူး။ ကြည့်ရတာ မင်း တော်တော်အဆင်ပြေနေပုံပဲ။ ကျန်းဝေ့က ငါနဲ့အတူရှိနေတာ ဟုတ်တယ်။ ကောင်းကောင်းစား၊ ကောင်းကောင်းနေရတယ်၊ သူ့လွတ်လပ်ခွင့်ကို နည်းနည်း ကန့်သတ်ထားတာပဲရှိတာ။"
စွန်းရန်က ရယ်မောလိုက်သော်လည်း သူ၏စိတ်ခံစားချက်များက အနည်းငယ် ပုံမှန်မဟုတ်ပေ။
"ကျန်းဝေ့က မင်းကို အဖော်လုပ်ဖို့ သီးသန့်လာရှာတာကို မင်းက ဒီလိုဆက်ဆံရသလား။ မင်း ဘာလုပ်နေလဲဆိုတာရော သိရဲ့လား။"
ယန်ကျန့်၏ အသံက အေးစက်သွားသည်။
စွန်းရန်က ပြန်ဖြေသည်။
"ရိုးရိုးသားသားပြောရရင် အကျပ်အတည်းမရောက်ခဲ့ရင် မင်းနဲ့လည်း ငါ မပတ်သက်ချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းက တစ္ဆေဆရာဖြစ်နေတာ ခြောက်လလောက်ရှိပြီလေ။ အဲ့ဒါ ဘယ်လောက် အန္တရာယ်များလဲ ငါမသိဘူး။ ဒါကြောင့် ကျန်းဝေ့ကို အနှောင့်အယှက်ပေးရတာကလွဲပြီး ငါ့မှာ ရွေးစရာမရှိခဲ့ဘူး။ ငါ့ကိုအပြစ်မတင်နဲ့၊ ပိုကောင်းကောင်း ရှင်သန်နိုင်ဖို့ ငါလည်း စွန့်စားရတာပဲ။"
"ကြည့်ရတာ မင်းလည်း အဖြစ်အပျက်တချို့ ကြုံခဲ့ပြီး တော်တော်များများ သိနေပုံပဲ။ မင်း ဒီလိုဖြစ်လာမယ်မှန်းသာ သိခဲ့ရင် ကျောင်းတုန်းကတည်းက မင်းသေသွားသင့်တာ။"
ယန်ကျန့်က ပြောလိုက်သည်။
သူကယ်တင်ခဲ့သော အတန်းဖော်များအားလုံး ပုံမှန်အတိုင်း ဖြစ်မလာကြဘဲ တစ်ခါတစ်ရံ သူတို့ထဲတွင် လူမိုက်တစ်ယောက်၊ နှစ်ယောက် ပေါ်လာတတ်ပုံရသည်။
"အခုတော့ ဘာအတွက်မှ နောက်ကျသွားပြီ ယန်ကျန့်။ မင်းနဲ့ စကားအများကြီး အချည်းနှီး မပြောချင်ဘူး။ ကျန်းဝေ့ကို ငါလွှတ်ပေးနိုင်တယ်၊ ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ပစ်မှတ်အစစ်အမှန် မဟုတ်ဘူးလေ။ ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်။"
စွန်းရန်က ပြောသည်။
"ပြော"
ယန်ကျန့်က တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
စွန်းရန်က ပြောသည်။
"ဟက်၊ ငါ တစ္ဆေတစ်ကောင်လိုချင်တယ်၊ ချုပ်နှောင်ထားတဲ့ တစ္ဆေတစ်ကောင်"
ယန်ကျန့် မျက်မှောင်ကြုတ်သွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ဒီကောင်က သဘာဝလွန်လောကထဲကို ဝင်စပြုနေပြီဖြစ်သည်။ ကျန်းဝေ့ကို ငွေအတွက် ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ကျန်းဝေ့ကိုအသုံးချပြီး သူ့ထံရောက်အောင် လာခြင်းဖြစ်သည်။ တံခါးခေါက်တစ္ဆေဖြစ်ရပ်က သူ့အပေါ် သက်ရောက်မှုကြီးမားခဲ့ပုံရသည်။ သို့မဟုတ်လျှင် သူက သဘာဝလွန်ဖြစ်ရပ်များကို စိတ်ဝင်စားလာမည်မဟုတ်ပေ။
ထိုအရာက ကြောက်စရာကောင်းပြီး သေစေနိုင်သည်။
"ဒီကောင်က သူ့သဘောနဲ့သူ တစ္ဆေဆရာ ဖြစ်ချင်နေတာလား? ဒါမှမဟုတ် ဖြစ်ပြီးသွားပြီလား..."
"မင်း မီးနဲ့ကစားနေတာပဲ စွန်းရန်။ အခုချက်ချင်း ရပ်တန့်နိုင်တုန်း ရပ်လိုက်သင့်တယ်။ ငါတို့ အတန်းဖော်တွေဆိုတဲ့ အသိကို ထောက်ထားပြီး ပြောတာ။ အဲ့ဒီအရာက မင်းထိတွေ့နိုင်တဲ့အရာ မဟုတ်ဘူး။"
ယန်ကျန့်က လေးနက်စွာပြောလိုက်သည်။
စွန်းရန်၏ အသံက ဖုန်းထဲမှ ဆက်လက်ထွက်ပေါ်လာသည်။
"ငါဘာလုပ်ချင်လဲဆိုတာ မင်းနဲ့မဆိုင်ဘူး။ ငါ့ကို တည့်တည့်ပဲဖြေ။ ငါ့တောင်းဆိုချက်ကို သဘောတူမလား၊ ဒါမှမဟုတ် ကျန်းဝေ့ရဲ့ အလောင်းကို လာကောက်ဖို့ ပြင်ထားမလား။ ငါ့ဘဝကတော့ ကံဆိုးမိုးမှောင်ကျနေပြီ၊ ဒါကြောင့် ငါ့အတွက် ဘာမှ အရေးမကြီးတော့ဘူး။"
"မင်း တကယ်ပဲ အများကြီး ပြောင်းလဲသွားတာပဲ။"
ယန်ကျန့်သည် စွန်းရန်၏အသံထဲမှ ရူးသွပ်မှုကို ခံစားမိလိုက်သည်။
ထိုကောင်သည် အစွန်းရောက်သွားပြီဖြစ်ပြီး သူ၏ အသက်ရှင်ခြင်း၊ သေခြင်းကိုပင် ဂရုမစိုက်တော့ပေ။ ထိုအချက်က သူ အလွန်ကြီးမားသော တုန်လှုပ်မှုများကို ဖြတ်သန်းခဲ့ရကြောင်း ပြသနေသည်။
"လူတွေက ပြောင်းလဲတတ်တာပဲ မဟုတ်လား? မင်းလည်း ခြွင်းချက်မဟုတ်ပါဘူး။"
စွန်းရန်က ဆိုသည်။
ယန်ကျန့်က လေးနက်သောအသံဖြင့် ပြောသည်။
"ကောင်းပြီလေ၊ မင်းရဲ့တောင်းဆိုမှုကို ငါသဘောတူတယ်။ တစ္ဆေတစ်ကောင်ဟုတ်လား? ငါမင်းကို တစ်ကောင်ပေးမယ်။ ဒါပေမဲ့ ငါ ကျန်းဝေ့နဲ့ ဗီဒီယိုချက် ပြောချင်တယ်။"
"မင်းက အရင်အတိုင်းပဲ ပြတ်သားတာပဲ၊ ပြဿနာမရှိဘူး။ ငါ့ကို မိနစ်အနည်းငယ်လောက် အချိန်ပေး။"
စွန်းရန်က ပြောပြီး ဖုန်းချလိုက်သည်။
ယန်ကျန့်သည် ဖုန်းလိုင်းကျသွားသော ဖုန်းကိုကြည့်လိုက်ပြီးနောက် လှည့်၍ ပြောသည်။
"ဦးလေးကျန်း၊ လုံခြုံတဲ့အိမ်ကို သွားပါ။ အထဲမှာ ရွှေရောင်သေတ္တာနှစ်လုံးရှိတယ်၊ တစ်လုံးယူခဲ့ပေးပါ။ မကျိုးမပဲ့အောင် သတိထားပါ။ အထဲမှာ မသိတဲ့တစ္ဆေတစ်ကောင် ပါတယ်၊ ပြီးတော့ အထဲက ဘာကိုမှ မထိနဲ့၊ အရမ်းအန္တရာယ်များတယ်။"
"ကောင်းပြီ၊ ငါချက်ချင်း သွားလိုက်မယ်။"
ကျန်းရှန်းကူက အသက်ပြင်းပြင်းရှူကာ ချက်ချင်းလှည့်ထွက်သွားသည်။
"သွားပြီး ကျန်းဟွာကို လာခဲ့ဖို့ပြောလိုက်၊ အလုပ်လုပ်စရာရှိတယ်လို့ ပြောလိုက်။"
ယန်ကျန့်က ဆက်ပြောသည်။
ကျန်းလီချင်က ခေါင်းညိတ်ပြီး ရုံးခန်းထဲမှ ချက်ချင်းထွက်သွားပြန်သည်။
မြို့ငယ်လေးတစ်ခုရှိ ငှားရမ်းထားသော အခန်းဟောင်းတစ်ခု။
ကျန်းဝေ့သည် သံတံခါးကို ဂဟေဆော်ပိတ်ထားပြီး ပြတင်းပေါက်များကို အလုံပိတ်ထားသော အခန်းငယ်လေးထဲတွင် အပိတ်ခံထားရသည်။ သူ၏ခေါင်းပေါ်တွင် မှိန်ဖျော့ဖျော့ ဝါကျင့်ကျင့်မီးသီးတစ်လုံးသာရှိပြီး မသဲမကွဲအလင်းရောင်ကို ပေးစွမ်းနေသည်။
"ကျန်းဝေ့၊ မင်း မကြာခင် လွတ်တော့မှာပါ။ ငါ ခုနကပဲ ယန်ကျန့်နဲ့ ဆက်သွယ်ပြီးပြီ၊ သူ ငါ့တောင်းဆိုချက်တွေကို သဘောတူလိုက်ပြီ။ ဟက်၊ ယန်ကျန့်က တကယ်သူငယ်ချင်းကောင်းပဲ။ မင်းကို ဖမ်းထားတာ မှန်သွားတာပဲ။"
ထိုအချိန်တွင် ညှိုးငယ်သောမျက်နှာနှင့် ပင်ပန်းနေပုံရသော လူငယ်တစ်ယောက်က မိုဘိုင်းဖုန်းတစ်လုံးကိုင်ကာ ရောက်လာသည်။
စွန်းရန်က သံတံခါးကိုပုတ်ပြီး ပြောသည်။
"မင်းရဲ့ သေနတ်တုန်ခါနည်းက အတု၊ အတုလို့ ငါပြောသားပဲ၊ အခုထိ လေ့ကျင့်နေတုန်းလား? မြန်မြန်လာခဲ့၊ ယန်ကျန့်က မင်းနဲ့ ဗီဒီယိုချက် ပြောချင်လို့တဲ့။"
အခန်းထဲတွင် ကျန်းဝေ့က တည်ငြိမ်စွာရပ်နေပြီး ထူးဆန်းသော ကိုယ်နေဟန်ထားများဖြင့် လှုပ်ရှားနေသည်။
ဤသို့ကြားလျှင် ကျန်းဝေ့က သူ့လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်လိုက်ပြီး ပါးစပ်ပိတ်ကာ စကားတစ်ခွန်းမှမဆိုဘဲ လျှောက်လာခဲ့သည်။
စွန်းရန်က ပြောသည်။
"ခဏစောင့်၊ ငါသူ့ကို ဆက်သွယ်လိုက်ဦးမယ်…"
သို့သော် သူစကားမဆုံးမီ ကျန်းဝေ့က ရုတ်တရက် ရှေ့သို့ကိုင်းပြီး စွန်းရန်၏မျက်နှာကို တံတွေးဖြင့် ထွေးလိုက်ရာ ပျစ်ခဲသော တံတွေးခဲက သူ့မျက်နှာကို တည့်တည့်ထိမှန်သွားပြီးနောက် ချက်ချင်းပင် လက်ခလယ်ထောင်ပြလိုက်သည်။
"ခွေးမသား စွန်းရန်၊ မင်းကများ ငါ့ကိုလှည့်စားရဲတယ်။ မင်းကို ငါ့တံတွေးနဲ့ ထွေးသတ်ပစ်မယ်။"
စွန်းရန်က သူ့မျက်နှာကို သုတ်လိုက်ရင်း ရေတစ်ပုံးနှင့် အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။
"မင်းမှာ တံတွေးတွေ ဘယ်ကဒီလောက် ရလာတာလဲ။"
"နာရီဝက်လောက် စုထားတာ၊ ဒီအချိန်အတွက်ပဲ"
ကျန်းဝေ့က အေးစက်စွာ ရယ်မောရင်း ပြောသည်။
"မင်း တကယ်ပဲ စိတ်ရှည်တာပဲ။"
စွန်းရန်က သူ့ကို စူးစိုက်ကြည့်လိုက်ပြီးနောက် ဗီဒီယိုခေါ်ဆိုမှုကို ချိတ်ဆက်ကာ ကင်မရာကို သူ့မျက်နှာဆီသို့ ချိန်လိုက်သည်။
"မင်း စကားပြောဖို့ အများဆုံး နှစ်မိနစ်ပဲရမယ်။"
ဗီဒီယို ချိတ်ဆက်မိသွားသောအခါ ယန်ကျန့်၏ ပုံရိပ်ပေါ်လာသည်။
"ယို၊ ကိုခြေရှည် ထမင်းစားပြီးပြီလား။"
(အကိုခြေထောက်ကြီး (brother tui) ကို လိုက်လျောညီထွေ ဖြစ်ဖို့ ကို ခြေရှည် လို့ ပြောင်းထားပါတယ်)
ကျန်းဝေ့က ချက်ချင်းနှုတ်ဆက်လိုက်သည်။
ယန်ကျန့်က ပြောသည်။
"မင်း ဘယ်လိုလုပ် စွန်းရန်လက်ထဲ ရောက်သွားရတာလဲ။ မင်းရဲ့ ပစ္စည်းကိရိယာရော ဘယ်မှာလဲ။ ဘာလို့ ဒီကောင့်ကို သေနတ်နဲ့ပစ်မသတ်လိုက်တာလဲ။"
"အဲ့ဒါတော့ မပြောနဲ့တော့၊ ဒီကောင်ရဲ့ လှည့်ကွက်ထဲ ငါကျသွားတာ။"
ကျန်းဝေ့က ကျိန်ဆဲလိုက်သည်။
"သူက ငါ့ကို ညစာဖိတ်တယ်၊ ငါ့အအေးထဲ ဆေးခပ်လိုက်တယ်၊ ငါနိုးလာတော့ ဒီလိုဖြစ်နေပြီ။ ဘာတွေဖြစ်နေမှန်းလည်း မသိဘူး၊ ငါ့ဖင်က အခုထိ နာတုန်းပဲ။"
"အဲ့ဒါ လူချင်းသွားတွေ့တဲ့ အကျိုးဆက်ပဲ ဖြစ်မယ်ထင်တယ်။"
ယန်ကျန့်က ပြောသည်။
"ငါ စွန်းရန်နဲ့ စကားပြောပြီးပြီ၊ သူ မင်းကို လွှတ်ပေးလိမ့်မယ်။ မင်းအဖေက အိမ်မှာ မင်းကို စောင့်နေတယ်။ နောင်ကို အကြောင်းမဲ့ လျှောက်မသွားနဲ့။ တစ်ယောက်ယောက်နဲ့ တွေ့ချင်ရင် သူတို့ကို တားချန်းမြို့ကို လာခိုင်း။ ဒါ ငါ့နယ်မြေ၊ ငါပြောတာ အတည်ပဲ။ တခြားနေရာမှာ ဖြစ်တာကို ငါမထိန်းချုပ်နိုင်ဘူး။"
"ဟုတ်သလိုပဲ။ ငါ့ရဲ့ မိန်းကလေးပရိသတ်တွေ သနားပါတယ်။ ရက်တော်တော်များများ တိုက်ရိုက်မလွှင့်ဖြစ်ဘူး။ သူတို့တွေ အခုဆို တခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲ ရောက်ကုန်လောက်ပြီ။ မင်းသမီးတစ်ယောက်တောင် အရင်တစ်ခါက ငါ့ကို ပိုက်ဆံပို့ပေးသေးတယ်။ နောက်တစ်ခါ သူ့ကို တားချန်းမြို့မှာ တွေ့ဖို့ ချိန်းလိုက်မယ်။"
ကျန်းဝေ့က သူအကျယ်ချုပ်ကျနေသည်ကိုပင် သတိမမူဘဲ ညည်းညူလိုက်သည်။
"အော် ဟုတ်သားပဲ၊ ကွန်ပျူတာခန်းထဲက မင်းကွန်ပျူတာထဲမှာ ငါမင်းအတွက် လက်ဆောင်တစ်ခု ထားခဲ့တယ်။ ကျန်းယန် မတွေ့အောင် သတိထား။ သူ မင်းကွန်ပျူတာကို မကြာခဏ ဖွင့်ကြည့်တတ်တယ်။"
ကျန်းဝေ့က ကောက်ကျစ်စွာ ရယ်မောရင်း ထပ်ပြောသည်။
"…"
ယန်ကျန့် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
"ဒီခေတ်မှာ မင်းလို ထူးချွန်တဲ့လူ သိပ်မရှိတော့ဘူး။"
"တော်ပြီ၊ မင်းတို့နှစ်ယောက် ဒီမှာ စကားစမြည်ပြောနေတာလား။"
စွန်းရန်က ဖုန်းကို ချက်ချင်းလုယူလိုက်ပြီး ယန်ကျန့်ကို ကြည့်ကာ ပြောသည်။
"ဒါပဲ။ ငါလိပ်စာပို့လိုက်မယ်၊ မင်းပစ္စည်းပို့ပြီးရင် ငါလာယူမယ်။ ဘာမှ ကလိမ်ကျဉာဏ်မသုံးနဲ့၊ မဟုတ်ရင် ငါ ကျန်းဝေ့ကို သတ်ပစ်မယ်။"
"စိတ်မပူပါနဲ့၊ ငါ ကစားနေမှာမဟုတ်ဘူး။ ငါ့ဘက်မှာ မင်းအတွက် အချိန်ဖြုန်းဖို့ အလုပ်တွေ အရမ်းများနေတယ်။ ချုပ်နှောင်ထားတဲ့တစ္ဆေကို ငါ့ဆီက လက်ဆောင်လို့ သဘောထားလိုက်။ ဒါပေမဲ့ နောက်တစ်ခါ တွေ့ရင်တော့ မင်းသတိထားနေတာ ပိုကောင်းမယ်။"
ယန်ကျန့်က တည်ငြိမ်စွာပြောလိုက်သည်။
စွန်းရန်က ပြုံးလိုက်သည်။
"အဲ့ဒါကတော့ နောက်တစ်ခါတွေ့မှ ပြောကြတာပေါ့။"
ထိုသို့ပြောပြီးနောက် သူက ဗီဒီယိုခေါ်ဆိုမှုကို ချလိုက်သည်။
"အခြေအနေက ဒါပဲ ကျန်းဟွာ။ မင်းဘက်က လူတစ်ယောက်ကို ငါ့အတွက် ခရီးတစ်ခုထွက်ပေးဖို့ စီစဉ်လိုက်။"
ယန်ကျန့်က ဖုန်းချလိုက်ရင်း မျက်နှာသေဖြင့် ပြောလိုက်သည်။
အဲ့ဒီမှာ ရောက်နေသည်မှာ မကြာသေးသော ကျန်းဟွာက စဉ်းစားပြီး ပြောသည်။
"ပြဿနာမရှိပါဘူး။ ကျွန်တော် ချက်ချင်းပြန်ပြီး စွန်းရန်ရဲ့ အချက်အလက်တွေကို ရှာလိုက်မယ်၊ ပြီးတော့ သူ့တည်နေရာကို ခြေရာခံလိုက်မယ်။ တစ်ရက်အတွင်း အပြီးဆောင်ရွက်နိုင်ပါတယ်။"
"မလိုဘူး။ သူ့နဲ့ အရောင်းအဝယ်ကို အရင်ပြီးအောင်လုပ်၊ ကျန်းဝေ့ ဘေးကင်းကင်း ပြန်ရောက်တာကို သေချာပြီဆိုမှ ဝရမ်းထုတ်လိုက်။ စွန်းရန်ရဲ့လူတွေကို တွေ့တာနဲ့ ချက်ချင်းသတ်ပစ်။ သူတို့ကို ဖမ်းဖို့ မကြိုးစားနဲ့။ သူက သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်နေပြီး အန္တရာယ်ရှိတဲ့လူတစ်ယောက်၊ ရိုးရိုးပြစ်မှုကျူးလွန်သူ မဟုတ်တော့ဘူး။"
ယန်ကျန့်က သူ့ကိုကြည့်ပြီး ပြောလိုက်သည်။
"ငါဘာကိုဆိုလိုလဲ မင်းနားလည်တယ်မလား။"
"ကောင်းပြီ၊ ကျွန်တော် ဘာလုပ်ရမလဲ သိပါတယ်။"
ကျန်းဟွာက ယန်ကျန့်၏ အစီအစဉ်များကို ကန့်ကွက်ခြင်းမရှိဘဲ ပြောလိုက်သည်။
ထိုသို့သောကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းက အမှန်တကယ်ပင် အလေးအနက်ထားရန် လိုအပ်သည်။
"ကောင်းပြီ၊ ဒီစွန်းရန်ကို သွားစစ်ဆေးလိုက်။ ဒီကိစ္စကို မင်းလက်ထဲ အပ်လိုက်ပြီ။ ပစ္စည်းအတွက်ကတော့ ဥက္ကဋ္ဌကျန်း မကြာခင် လာပို့လိမ့်မယ်။ ရက်အနည်းငယ်အတွင်း စွန်းရန်သေတဲ့သတင်းကို ကြားရဖို့ မျှော်လင့်တယ်။"
ယန်ကျန့်က ပြောလိုက်သည်။
ကျန်းဟွာက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ဒါက သူ၏ ပထမဆုံး တာဝန်ဖြစ်သည်။ အကယ်၍ သူ ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် ကုမ္ပဏီတွင် သူဆက်နေရန် ခက်ခဲလိမ့်မည်။
မြို့ငယ်လေးတစ်ခုတွင် များစွာစဉ်းစားပြီးနောက် စွန်းရန်က လိပ်စာတစ်ခုကို အမြန်ပို့လိုက်သည်။ ယန်ကျန့်၏ လက်တုံ့ပြန်မှုကို ခံရနိုင်သည်ဟု သိသော်လည်း အခုအချိန်တွင် ထိုအရာကို သူစိတ်မပူနိုင်တော့ပေ။
အရာအားလုံးကို လုပ်ပြီးနောက် သူက ဖုန်းကိုပိတ်ပြီး လွှင့်ပစ်လိုက်ကာ ပင်ပန်းနွမ်းနယ်စွာဖြင့် ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။
သူသည် ကြောက်မက်ဖွယ်ရာ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရသည်။ စွန်းရန်သည် ဖြေရှင်းချက်ရှာရန် သဘာဝလွန်လောကထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း သူက တစ္ဆေဆရာတစ်ဦး မဟုတ်သောကြောင့် မည်သူမျှ ဂရုမစိုက်ဘဲ ထိုလောကအတွင်းမှ လူများနှင့် ဘယ်တော့မှ အဆက်အသွယ်မရခဲ့ပေ။
သူသည် ယန်ကျန့်ထံ အကူအညီတောင်းရန် စဉ်းစားခဲ့သည်။
သို့သော် သူ ထိုနေရာတွင် သူ့အသက်ကိုပင် ရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့နောက်တွင် သူ၏စိတ်သဘောထား ပြောင်းလဲသွားခဲ့သည်။
လူတွေက ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမည်။
စွန်းရန်က သူ့လက်ကို အနည်းငယ်မြှောက်လိုက်သည်။ သူ၏လက်တွင် လက်ချောင်းအချို့ ပျောက်ဆုံးနေပြီး တစ်စုံတစ်ခုက အရှင်လတ်လတ် ကိုက်ဖြတ်သွားသကဲ့သို့ ဖြစ်နေသည်။
သူ့စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် လွင့်မျောနေစဉ် သူသည် ငိုက်မျဉ်းလာပြီး အိပ်မက်နှင့်နိုးတစ်ဝက် အခြေအနေသို့ ရောက်ရှိသွားသည်။
သို့သော် သူ အိပ်ပျော်လုနီးပါးဖြစ်နေစဉ် သူ၏အခန်းတံခါးသည် လေမတိုက်ဘဲနှင့် ကျွီခနဲမြည်သံနှင့်အတူ ထူးဆန်းစွာ သူ့အလိုလို ပွင့်သွားခဲ့သည်။
သွေးဆုတ်ဖြူရော်နေသော ပုံရိပ်တစ်ခုက တံခါးအပြင်ဘက်မှ လျှောက်ဝင်လာပုံရသည်။
ထိုအရာက အေးစက်ဖြူဖျော့နေသော အလောင်းကောင်တစ်ခုဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက်အရ အမျိုးသမီးတစ်ဦး၏ အလောင်းဖြစ်ဟန်တူသည်။ အလောင်းကောင်သည် ကြိုတင်သတိပေးခြင်းမရှိဘဲ လေထဲမှ ရုတ်တရက် ပေါ်လာသကဲ့သို့ပင်။
အမျိုးသမီးအလောင်းကောင်သည် စွန်းရန်၏ကုတင်ဘေးသို့ ရောက်လာပြီးနောက် သူ၏ဘေးတွင် ဝုန်းခနဲ လဲကျလာကာ အေးစက်တောင့်တင်းနေသော သူမ၏လက်မောင်းတစ်ဖက်က စွန်းရန်၏ ကိုယ်ပေါ်သို့ ပိကျလာခဲ့သည်။
စွန်းရန်သည် အသက်ရှူကြပ်လာသလို ခံစားရပြီး အေးစက်သော ချမ်းအေးမှုက သူ့ကို လွှမ်းခြုံသွားသည်။ သူသည် သေဆုံးနေသူ၏ ဆံပင်များ သူ့လက်ချောင်းများကြားတွင် ရစ်ပတ်နေသည်ကိုပင် ခံစားနေရပြီး ထိုခံစားမှုက အလွန်ရှင်းလင်းနေသည်။
ရုတ်တရက်၊
သူ မျက်လုံးဖွင့်လိုက်ပြီး ကြောက်လန့်တကြား ကုတင်ပေါ်မှ ထထိုင်လိုက်သည်။
အလင်းရောင်ထိန်ထိန်လင်းနေသော အခန်းထဲတွင် သူတစ်ယောက်တည်းသာရှိပြီး သူ့အပေါ်တွင် ဖိထားသောအရာလည်းမရှိ၊ မသဲမကွဲ ဖြူဖျော့နေသော အလောင်းကောင်လည်းမရှိ၊ သူ့လက်တွင် ရစ်ပတ်နေသော ဆံပင်လည်းမရှိပေ။ အရာအားလုံးက အိပ်မက်ဆိုးတစ်ခုလိုပင်။
သို့သော် ထို့နောက် စွန်းရန်က ယခင်က သော့ခတ်ထားသော တံခါးကို လှမ်းကြည့်လိုက်ရာ သူ့နှလုံးသား အေးစက်သွားသည်။
သော့ငါးလုံး၊ ခြောက်လုံးစလုံး ကျိုးပဲ့နေပြီး တံခါးက ဟနေသည်။ တစ်စုံတစ်ခုက သူ့အခန်းထဲသို့ လမ်းလျှောက်ဝင်လာသကဲ့သို့ပင်။
အမျိုးသမီးအလောင်းကောင်သည် အိပ်မက်ဆိုးမဟုတ်ခဲ့။
"ကျစ်၊ ထပ်ဖြစ်ပြန်ပြီ၊ ဒါက ငါနဲ့ ပိုပိုနီးကပ်လာပြီ… ခုနက ငါ့ကိုယ်ပေါ်မှာ လက်တစ်ဖက်ဖိထားတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတယ်။ အရင်ကဆို ကုတင်ခေါင်းရင်းမှာပဲ ရပ်နေတာ။"
စွန်းရန်၏ လက်ဖဝါးများက ယခင်က ကြောက်မက်ဖွယ်ရာဖြစ်ရပ်ကို ပြန်တွေးရင်း တုန်ရီနေသည်။
သူ အိပ်ပျော်နေစဉ်တစ်ကြိမ်တွင် မသဲမကွဲ မျက်လုံးဖွင့်ကြည့်လိုက်ရာ သွေးဆုတ်ဖြူရော်နေသော အမျိုးသမီးအလောင်းကောင်တစ်ကောင်က သူ့ကုတင်ခေါင်းရင်းတွင် ရပ်နေပြီး သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်ကို တွေ့ခဲ့ရသည်။ ထိုမြင်ကွင်းက သူ့ကို လုံးဝ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
သို့သော် နောက်တစ်ကြိမ် မျက်တောင်ခတ်လိုက်သောအခါ အမျိုးသမီးအလောင်းကောင်သည် ပျောက်ကွယ်သွားသည်။
သူက ထင်ယောင်ထင်မှားဖြစ်သည်ဟု သံသယဝင်ခဲ့သော်လည်း အိပ်မက်ဆိုးက ဆက်လက် တည်ရှိနေခဲ့သည်။ သူ၏အတွေ့အကြုံများက အိပ်မက်မဟုတ်ကြောင်း သက်သေပြရန် သူက ကင်မရာများပင် တပ်ဆင်ခဲ့သည်။
ရလဒ်က စိတ်ပျက်စရာကောင်းလှသည်။ သူ့ကင်မရာက မည်သည့်တစ္ဆေကိုမှ မဖမ်းယူနိုင်ခဲ့သော်လည်း အချို့အချိန်များတွင် သူ့အခန်းတံခါး သူ့အလိုလို ပွင့်သွားသည်ကို မှတ်တမ်းတင်ထားသည်။ ထိုအချိန်တွင် တစ္ဆေက သူ့အခန်းထဲသို့ လျှောက်ဝင်လာပြီးသားဖြစ်သော်လည်း မမြင်ရခြင်းသာ ဖြစ်ဟန်တူသည်။
ဗီဒီယိုကို ကြည့်ပြီးနောက် စွန်းရန်သည် သူ တစ္ဆေတစ်ကောင်၏ စောင့်ကြည့်ခြင်းကို ခံနေရကြောင်း နားလည်လိုက်သည်။
ထိုအဖြစ်အပျက်သည် သူ အလယ်တန်းကျောင်းအမှတ် ၇ တွင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်နှင့်တူသော်လည်း ဒီတစ်ကြိမ်တွင် တစ္ဆေက မတူတော့ဘဲ အဘိုးကြီးတစ်ယောက်အစား အမျိုးသမီး အလောင်းကောင် တစ်ကောင် ဖြစ်နေသည်။
ထိုအချိန်မှစ၍ သူ မအိပ်ရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူနိုးလာတိုင်း အမျိုးသမီး အလောင်းကောင်က ရောက်လာတတ်သောကြောင့်ဖြစ်သည်။
တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုနီးကပ်လာသည်။
ဒီတစ်ကြိမ်တွင် သူ၏ခေါင်းအုံးဘေးတွင် ပေါ်လာခဲ့ပြီးဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက စွန်းရန်သည် သူ သေရမည်မှာ သေချာသည်ဟု ခံစားနေရသည်။
တစ္ဆေဆရာတစ်ဦးဖြစ်လာပြီး ထိုတစ္ဆေကို မောင်းထုတ်ခြင်းသည် စွန်းရန် အသက်ရှင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
သူ ဆက်မအိပ်ရဲတော့ပေ။
စွန်းရန်သည် အလျင်အမြန်ထကာ ရေချိုးခန်းသို့သွား၍ မျက်နှာသစ်ပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်လိုက်သည်။
"စွန်းရန်၊ မင်း အိပ်မက်ဆိုး ထပ်မက်ပြန်ပြီလား။ ပြောစမ်းပါဦး၊ အမျိုးသမီးအလောင်းကောင်က လှလား။ ကိုယ်လုံးကိုယ်ပေါက်ရော ကောင်းလား။ မင်းမလိုချင်ရင် ငါ့ကိုပေးလိုက်လေ။ ငါ ကိုင်တွယ်နိုင်တယ်။"
စွန်းရန် အခြားအခန်းတစ်ခုကို ဖြတ်သွားစဉ် ကျန်းဝေ့က ချက်ချင်းမေးလိုက်သည်။
သူအကျယ်ချုပ်ကျနေသည့် ရက်အနည်းငယ်အတွင်း စွန်းရန်သည် ကျန်းဝေ့နှင့်ပတ်သက်၍ အနည်းငယ် စိတ်လျှော့လာပြီး သူ၏အခြေအနေကို အကြမ်းဖျင်း ရှင်းပြထားသည်။
"ပါးစပ်ပိတ်ထားစမ်း ကျန်းဝေ့။"
ကြောက်လန့်တကြား နိုးထလာသော စွန်းရန်သည် စိတ်အခြေအနေဆိုးရွားနေပြီး ကျန်းဝေ့ကို လျစ်လျူရှုကာ သူ့ဘာသာသူ ထွက်သွားသည်။
"ငါ ကိုင်တွယ်နိုင်တယ်၊ တကယ်ကိုင်တွယ်နိုင်တာ…"
ကျန်းဝေ့က ဆက်အော်နေသည်။
စွန်းရန်သည် ကျန်းဝေ့၏ ထိုလှောင်ပြောင်မှုကို သေစေနိုင်လောက်အောင် ခံစားရပြီး သူ့တွင် လူသတ်ချင်စိတ် ပေါက်လာသည်။
"ငါ ခုနက မေ့တော့မလို့၊ ဒီအကြောင်းကို ကိုခြေရှည်နဲ့ ပြောကြည့်ရမယ်။ သူ စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်တယ်။"
ကျန်းဝေ့ စဉ်းစားနေသည်။
"စောင့်ဦး စွန်းရန်၊ မသွားနဲ့။ ငါ ခုနက တစ်ခုစဉ်းစားမိတယ်။ ကိုခြေရှည်ရဲ့ စည်းမျဉ်းအရဆိုရင် သဘာဝလွန်ဖြစ်ရပ်တွေကို ကုတ်နံပါတ်ပေးရတယ်။ ငါ မင်းအတွက် တစ်ခုစဉ်းစားထားတယ်၊ 'အိပ်မွေ့ချခြင်း' လို့ ခေါ်ရအောင်။ ဘယ်လိုလဲ။ ငါ မင်းကို တကယ်မနာလိုဘူး၊ ကိုခြေရှည်နဲ့ ငါတို့လို ဘီလူးသရဲတွေနဲ့ တွေ့ရမယ့်အစား မင်းက အမြဲတမ်း အမျိုးသမီးတစ္ဆေတွေနဲ့ပဲ တွေ့ရတယ်။"