← Chapters

အခန်း (၁၈၁)

Vol. 13 Ch. 181

အခန်း (၁၈၁)

Vol. 13 Ch. 181

မူလဒြပ်စင်အဆင့်များ တည်ငြိမ်သွားပြီးနောက်တွင်လည်း ဂါးရက် နော့ဒ်မာ့ခ်သည် အခန်းထဲမှထွက်မလာသေးပေ။ သူ၏တရားထိုင်ခြင်းအူတိုင်အတွင်းတွင် မှော်ပညာအသစ်ကို တည်ဆောက်ရင်း ကလေးတစ်ယောက် အရုပ်အသစ်တစ်ခုနှင့် ကစားသကဲ့သို့ လုပ်နေသည်။

"အမြင့်ဆုံးနှင့် အနိမ့်ဆုံးလှိုင်းများ နည်းနည်းပိုမြင့်အောင်လုပ်ရမယ်။ နည်းနည်းလေးပဲပိုမြင့်အောင်လုပ်မယ်။ ဟင်း အထွက်စွမ်းအင်မလုံလောက်ဘူး။ အာထရာဆောင်းရဲ့ပြင်းအားက ပိုမမြင့်နိုင်တော့ဘူး... နည်းနည်းပြန်လျှော့လိုက်မယ်။ လျှော့…လျှော့... မဟုတ်ဘူး။ ရွတ်ဆိုမှုတိကျမှုမလုံလောက်ဘူး၊ ဒီအဆင့်မှာ ထိန်းချုပ်လို့မရနိုင်ဘူး..."

ထို့နောက်တွင် လှိုင်းကြိမ်နှုန်းကို ပြောင်းလိုက်သည်။

တိုး တိုး တိုး... ကောင်းပြီ တုံ့ပြန်မှုတိကျမှုတိုးတက်လာတယ်။ စုံစမ်းထောက်လှမ်းနိုင်တဲ့အကွာအဝေးကတော့ တိုသွားတယ်။ တရားထိုင်ခြင်းအူတိုင်ထဲမှာ စာလုံးပုံစံတွေကို မှတ်ပုံတင်ထားတာက တကယ်ကို အဆင်ပြေတယ်။ ကြိမ်နှုန်းကိုတောင် ကိုယ်တိုင်ချိန်ညှိနိုင်တယ်။ ကြိမ်နှုန်းကို နောက်နည်းနည်းထပ်လျှော့လိုက်မယ်... လျှော့၊ လျှော့၊ လျှော့...

"ကျွီ"

အလွန်သေးငယ်ပြီး ထက်မြက်သောအသံတစ်ခု။

အာ ကြိမ်နှုန်းက အရမ်းနိမ့်သွားပြီ။ လူ့နားနဲ့ကြားနိုင်တဲ့အကွာအဝေးထဲကို ရောက်သွားပြီ...

ဂါးရက်သည် ချွေးများစိုရွှဲနေသည်။ သူသည် ကြိမ်နှုန်းကို အသံအနိမ့်ပိုင်းအကွာအဝေးသို့ ထပ်မံမလျှော့ရဲတော့ဘဲ အကောင်းဆုံးဒေတာအတွဲအနည်းငယ်ကို မှတ်သားထားပြီး နောက်မှ မီဂါဟပ်ဇ် ဘယ်လောက်ရှိတယ်ဆိုတာကို တိတိကျကျတိုင်းတာဖို့ နည်းလမ်းရှာရန်စီစဉ်လိုက်သည်။ အခန်းအပြင်ဘက်တွင် အကြီးအကဲဝုဒ်နှင့် မှော်ဆရာတော်လ်ဂါတို့သည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။

"ဒီကောင်လေး ဘာလုပ်နေတာလဲ"

"မသိဘူး... သူ့ရဲ့မှော်ပညာအသစ်နဲ့ ဆော့နေတာလား ...."

မည်သို့ပင်ဆိုစေ ဧည့်ခန်းအတွင်းမှ သက်ရှိလက္ခဏာများသည် တည်ငြိမ်နေပြီး အသက်စွမ်းအင်ကလည်း အားကောင်းနေသည်။ အန္တရာယ်က ပြီးဆုံးသွားပြီဖြစ်သောကြောင့် ဘာပြဿနာမှမရှိသင့်ပေ။ အကြီးအကဲဝုဒ်က ပခုံးတွန့်ပြလိုက်ပြီး နောက်ဆုံးတွင် မှော်ဆရာတော်လ်ဂါကို ခေါ်သွားကာ တစ်ဦးချင်းစီ သူတို့၏အခန်းများသို့ ပြန်၍ သူတို့၏ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်ကြသည်။ ဘားနတ်သည် သူ၏တုတ်ကြီးကိုကိုင်လျက် သစ္စာရှိပြီး ခိုင်မာသောမျက်နှာအမူအရာဖြင့် တံခါးကိုစောင့်နေသည်။ သူ၏ပုံစံသည် "တစ်ယောက်တည်း တံခါးကိုစောင့်လျှင် လူတစ်သောင်းဖြတ်လို့မရနိုင်" ဟူသောပုံစံပင်။

ကိုယ်ခန္ဓာကြံ့ခိုင်မှုလိုအပ်သော အလုပ်များအတွက် တစ်ညလုံးလုပ်ရသည်က ပြဿနာမရှိပေ။ သို့သော် မှော်ပညာရှင်များအတွက်ကတော့ ကိစ္စမတူပေ။ မှော်ပညာရှင်များသည် တရားထိုင်ဖို့လိုအပ်ပြီး ဘုန်းတော်ကြီးများသည် ဆုတောင်းဖို့လိုအပ်သည်။ ၎င်းတို့သည် နောက်တစ်နေ့အတွက် မှော်ပညာများ ကောင်းမွန်စွာအလုပ်လုပ်နိုင်စေရန် အိပ်ချိန်ရှစ်နာရီလိုအပ်သည့် နေ့စဉ်လုပ်ငန်းများဖြစ်သည်။

ဧည့်ခန်းအတွင်းတွင် ဂါးရက်သည် အာထရာဆောင်းကြိမ်နှုန်းနှင့် ဆော့ကစားပြီးနောက် အခြားသောစိတ်ကူးများနှင့် စတင်စမ်းသပ်နေသည်။ အာထရာဆောင်းကို အလင်းတန်းတစ်ခုအဖြစ် စုစည်းနိုင်မလား။

၎င်းကို တစ်ချိန်တည်းမှာပင် ဦးတည်ရာအများအပြားမှ ထုတ်လွှတ်နိုင်သလား၊ ထိုသို့ပြုလုပ်ပါက သီးခြားနေရာတစ်ခုရှိ အခြေအနေများကို ဆုံးဖြတ်ရန် ပိုမိုလွယ်ကူလိမ့်မည်။

၎င်းသည် ချက်ချင်း အပူချိန်မြင့်မားစွာ ထုတ်လုပ်နိုင်သလား၊ သီးခြားအရာအချို့ကို ရွေးချယ်ပြီး အရည်ပျော်စေနိုင်မလား။ ထိုသို့ဖြစ်နိုင်ပါက ပင်လယ်လှေနှင့်အလားတူအရာများကို လုပ်ဆောင်နိုင်လိမ့်မည်...

၎င်းက...

နောက်တစ်ခုပြီးနောက် နောက်တစ်ခု၊ မှော်ပညာကို တစ်ခုပြီးတစ်ခု ရွတ်ဆိုနေသည်။ သူ၏တစ်နေ့တာအတွက် ကျန်ရှိနေသော မှော်စွမ်းအင်အားလုံးကို အသုံးမပြုမချင်း ဂါးရက်သည် သမ်းဝါးပြီး ကျေနပ်စွာ မျက်လုံးများဖွင့်လိုက်သည်။ သူ၏အကြည့်က ကုတင်ဘေးရှိ စားပွဲသေးသေးလေးပေါ်သို့ ကျရောက်သွားပြီး သူရုတ်တရက် အံ့ဩထိတ်လန့်စွာ မျက်လုံးပြူးသွားကာ ကျယ်လောင်စွာအော်လိုက်သည်။

"အား…ငါ့ရဲ့ရွှေင်္ဒဂါးတွေ…"

စားပွဲ၏ထောင့်တွင် သူယနေ့ရရှိခဲ့သော ဂိုဘလင်လေးသည် ခေါင်းလောင်းဘေးတွင် ကွေးနေပြီး ၎င်း၏ပုံစံက အပြာရောင်မီးခိုးငွေ့မျှင်ဖြစ်နေပြီ...

ဂါးရက်၏စိတ်နှလုံးက ကွဲကြေနေသည်။ ဒီလိုဖြစ်နေတာကို မြင်လိုက်ရတော့ ဂိုဘလင်လေးအတွက် အချိန်ကုန်သွားပြီဟု ဆိုလိုခြင်းပင်။ သူက ၎င်းကို ထပ်သုံးချင်ရင် ကိုယ်တိုင် ပြန်အားဖြည့်ရတော့မည်။

စိတ်ပျက်အားငယ်စွာဖြင့် သူကုတင်ပေါ်တွင် လဲကျသွားသည်။ နောက်တစ်နေ့တွင် သူသည် အခြားသူများထက်စောပြီး နိုးလာသည်။ အကြီးအကဲဝုဒ်နိုးလာသောအခါ ဂါးရက်သည် မနက်ခင်းအလင်းရောင်တွင် ထိုင်နေပြီး သူသည် မနေ့ကရရှိခဲ့သော ခေါင်းလောင်းနှင့် ကစားနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများကိုမှိတ်ထားပြီး ခေါင်းလောင်းကို ကိုင်ထားသည်၊ သူသည် အာရုံအပြည့်စိုက်နေပြီး သူ၏ဝိညာဉ်စွမ်းအင်ကို မှတ်ပုံတင်နေသည်မှာ ရှင်းလင်းသည်။

အကြီးအကဲဝုဒ်သည် သူ၏ခြေလှမ်းများကို ချက်ချင်းရပ်တန့်လိုက်ပြီး အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် အဝေးမှကြည့်နေသည်။ ခဏအကြာတွင် ဂါးရက်သည် မျက်လုံးများကိုဖွင့်လိုက်ပြီး ခေါင်းလောင်းကို သူ့ရှေ့တွင်ကိုင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

"အချိန်ဆိုတာ ရွှေပဲ မိတ်ဆွေ..."

၎င်းသည် လေးနက်သောစကားဖြစ်သော်လည်း သီချင်းဆိုသံကဲ့သို့သော လေသံကြောင့် အကြီးအကဲဝုဒ်သည် တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရသည်။ "ဖျပ်" ဟူသောအသံနှင့်အတူ အပြာရောင်မီးခိုးငွေ့မျှင်သေးသေးလေးတစ်ခုက ပျင်းရိစွာမျောလွင့်ထွက်လာပြီး ပုံသဏ္ဍာန်တစ်ခုအဖြစ် စုစည်းဖို့ အချိန်ယူနေသည်။ သို့သော် ဂါးရက်သည် သူ့မျက်နှာပေါ်ရှိ အမူအရာကိုကြည့်ပြီး တော်တော်လေး ကျေနပ်နေပုံရသည်။ ခဏမျှမျက်လုံးမှိတ်ပြီးနောက် သူက ထပ်ပြောလိုက်သည်။

"ကမ္ဘာမြေအမိက မင်းကို လမ်းညွှန်နေပြီ..."

ဒီစကားရဲ့လေသံက ပိုပြီးထူးဆန်းနေတယ်။ အသံထွက်က မရှင်းလင်းဘူး။ ကမ္ဘာမြေအမိဆိုတာ ဘာကိုဆိုလိုတာလဲ။ သဘာဝနတ်ဘုရားကို ယုံကြည်သူတွေထဲက အငယ်စားအဖွဲ့တစ်ခုလား။

"ဖျပ်" ဟူသောအသံနှင့်အတူ အပြာရောင်မီးခိုးငွေ့ကို ပြန်ရုပ်သိမ်းလိုက်သည်။ အမိန့်ကို ပြန်ရုပ်သိမ်းလိုက်သည်မှာ ရှင်းနေသည်။ ဂါးရက်က ဒီလုပ်ငန်းစဉ်ကို နှစ်ကြိမ်ပြန်လုပ်ပြီးနောက် အကြီးအကဲဝုဒ်ဘက်သို့လှည့်ကြည့်ကာ အလျင်အမြန်ထလိုက်သည်။

"အကြီးအကဲလား"

"အာ ဟုတ်….ဟုတ်တယ်…။ မင်း မနေ့က အဆင့်တက်သွားတာလား။ အဆင့်နှစ်မှော်ပညာရှင် ဖြစ်သွားတာလား။ ကောင်းတယ်"

အကြီးအကဲဝုဒ်သည် တက်ကြွစွာချဉ်းကပ်လာသည်။

"ဒါနဲ့ မနေ့က အလုပ်များနေလို့ ကျွန်တော်တို့ အသေးစိတ်စကားပြောဖို့ အခွင့်အရေးမရခဲ့ဘူး။ မင်းလာလည်တာ ဘာကိစ္စရှိလို့လဲ။ အဆင့်နှစ်ဘုန်းတော်ကြီး ဖြစ်သွားတာလား။ မှော်ပညာအသစ်သင်ဖို့ လာတာလား"

မှော်ပညာသင်ယူတာကတော့ သဘာဝပါပဲ။

ဂါးရက်က ပတ်ပတ်လည်ကိုကြည့်လိုက်​ောအခါ သူအရင်က အကြီးအကဲဝုဒ်ဆီမှာ ထားခဲ့သည့်စာရွက်က အခုဆိုရင် ယူသွားပြီးပြီဆိုတာကို သတိထားမိလိုက်သည်။ သူသည် မှော်ပညာကို ကောင်စီသို့ စစ်ဆေးရန်တင်ပြပြီး ရမှတ်နိမ့်နိမ့်ရရှိခဲ့သော လုပ်ငန်းစဉ်ကို အကျဉ်းချုပ်ရှင်းပြနိုင်ရုံသာဖြစ်သည်။

"...ဒီလိုပါပဲ။ ကျွန်တော် မနေ့က အတည်ပြုပြီးပါပြီ။ ဒီမှော်ပညာက ဆေးဘက်ဆိုင်ရာရောဂါရှာဖွေရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်၊ ဒါပေမဲ့ ဖြည့်စွက်ဒေတာတွေ အများကြီးလိုအပ်ပါတယ်... ကျွန်တော် စဉ်းစားကြည့်တော့ ခင်ဗျားတို့ ဘုန်းတော်ကြီးတွေအားလုံးကို အကူအညီတောင်းမှသာ၊ လူနာတစ်ဦးအတွက် တရားထိုင်တဲ့ပုံစံတစ်ခုကို အတူတူပန်းချီဆွဲမှသာ ဒါကို ပြီးမြောက်အောင် လုပ်နိုင်မှာပါ"

အခုချိန်ထိ နေးဗေးမှာ လူသိများတာမရှိသေးဘူး။ ဘုန်းတော်ကြီးတွေလည်း အများကြီးမသိဘူး၊ လူနာရှာစရာနေရာလည်း မရှိသေးတဲ့အတွက် အကြီးအကဲကိုပဲ အကူအညီတောင်းရတော့မယ်"

"အာ ဒါက ကောင်းတဲ့အရာပဲ"

အကြီးအကဲဝုဒ်က ပြုံးလိုက်သည်။

"မင်းရဲ့မူရင်းမှော်ပညာကို ငါတို့ကို သင်ပေးတာ၊ ဒီအဘိုးကြီး မင်းကို ကျေးဇူးအများကြီးတင်ရတော့မယ်။ နောက်ဘာဖြစ်မလဲဆိုတာ မပူပါနဲ့၊ ငါ့ကိုပဲထားလိုက်၊ ငါဂရုစိုက်ပေးမယ်။ မင်းပြောတာက ကျန်းမာတဲ့လူနဲ့ ဖျားနာတဲ့လူနှစ်မျိုးစလုံးရဲ့ တရားထိုင်တဲ့ပုံရိပ်တွေကို ဆွဲစေချင်တာဟုတ်"

ဂါးရက်က ခေါင်းကို ဆက်တိုက်ညိတ်ပြသည်။

"ဟုတ်တယ် ကျွန်တော်အရင်ဆုံးကြည့်လိုက်မယ်၊ ကြည့်ပြီးတော့မှ သူတို့မှတ်သားနိုင်ဖို့ ပုံဆွဲပေးမယ်၊ ပြီးတော့မှ သူတို့ကိုယ်တိုင်ကြည့်ရှုနိုင်တယ်..."

ဆေးပညာလေ့လာတဲ့အခါ ဒီလိုပဲ သင်ယူကြတာ။ ပထမဆုံး ပုံမှန်လူတစ်ယောက်ဘယ်လိုပုံစံရှိတယ်ဆိုတာ နားလည်ဖို့အတွက် ဇီဝကမ္မဗေဒနဲ့ သန္ဓေဗေဒကို သင်ပေးတယ်၊ ပြီးတော့မှ နာမကျန်းဖြစ်တဲ့အခါ အရာတွေဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ရှင်းပြရင်း ရောဂါဗေဒနဲ့ ရောဂါအကြောင်းကို တဖြည်းဖြည်းချင်း သင်ပေးတယ်။ ခွဲစိတ်မှုတွေမှာလည်း ဒီလိုပဲ၊ သူတို့က ပုံမှန်အခြေအနေကနေ အမြဲစတင်တယ်၊ ပြီးတော့မှ မင်းကို ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခု၊ နှစ်ခု ဒါမှမဟုတ် ဒါဇင်နဲ့ချီတဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကို မှတ်မိအောင် လုပ်ပေးတယ်...

ခန္ဓာဗေဒအတန်းထဲမှာ သူတို့တွေ့ခဲ့တဲ့လူက ပုံမှန်လား၊ ပုံမှန်မဟုတ်ဘူးလားဆိုတာကတော့ ကံကြမ္မာပေါ်ပဲ မူတည်ပါတယ်...

ဂါးရက်တွက်ချက်လေ ပိုစိုးရိမ်လေဖြစ်သည်။ သူ့ကိုယ်သူတောင် ပုံမှန်လူ ဒါဇင်နဲ့ချီ (အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီး၊ ကလေး) ကို အရင်ဆုံးကြည့်ပြီး ဆွဲဖို့အတွက် တူညီတဲ့အရာအချို့ကို ရှာဖွေရမယ်။ ပြီးတော့ အကြီးအကဲဝုဒ်နဲ့ သူ့ရဲ့ဘုန်းတော်ကြီး ဒါဇင်နဲ့ချီတဲ့အဖွဲ့၊ လူတိုင်း အာထရာဆောင်းနဲ့ ရင်းနှီးကျွမ်းဝင်စေချင်တယ်ဆိုရင်...

လူတစ်ထောင်လောက်တော့ အနည်းဆုံးလိုလိမ့်မယ်။

သူ့၏ယခင်ဘဝမှာဆို ထိုအရာက လုံးဝပြဿနာမရှိပေ။

ဘယ်အဓိကဆေးရုံရဲ့ဒေတာဘေ့စ်မှာမဆို ပုံတွေအများကြီးကို အလွယ်တကူရှာဖွေနိုင်တယ်။ အဲ့ဒါမလုံလောက်ဘူးဆိုရင် ကိုယ်ကာယစစ်ဆေးရေးစင်တာမှာ ရက်အနည်းငယ်လောက်အချိန်ဖြုန်းလိုက်လို့ရတယ်၊ အဲ့ဒီမှာ တစ်ရက်စာလာတဲ့လူတွေက လုံလောက်ပါတယ်။ ဒါပေမဲ့ ဒီမှာကတော့….

"ကိုယ်ကာယစစ်ဆေးခြင်း" ဆိုတဲ့သဘောတရားတောင် မရှိသေးတဲ့နေရာမျိုးမှာလား။

လမ်းပေါ်မှာ လူတွေကိုလိုက်ဆွဲပြီး သူတို့ကိုပြောနေရမှာလား။

လှဲလိုက် အဝတ်တွေမလိုက် မင်းရဲ့ဝမ်းဗိုက်ပေါ်မှာ ဆီတစ်ထပ်လိမ်းပေးမယ်။ ပြီးတော့မှ မှော်ပညာနဲ့ ကြည့်ကြည့်မယ်။

ထိုအကြောင်းကို စဉ်းစားရုံနဲ့တင် ဂါးရက်က ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။

"အင်း..."

အကြီးအကဲဝုဒ်က ခေါင်းငုံ့ပြီး စဉ်းစားလိုက်သည်။

"ဘုရားကျောင်းက ဘုန်းတော်ကြီးတွေကတော့ ရွာတွေနဲ့ လယ်ယာတွေမှာ လူနာအနည်းငယ်ကို အလွယ်တကူရှာနိုင်တယ်။ ဒါပေမဲ့ ပုံမှန်လူရာနဲ့ချီကို မှော်ပညာနဲ့ စစ်ဆေးဖို့အတွက် ခေါ်ဖို့ကြိုးစားတာလား။ အမျိုးသားတွေကတော့ ပြဿနာမရှိနိုင်ပေမဲ့ အမျိုးသမီးတွေကတော့..."

အမျိုးသမီးတွေက ခက်ခဲလိမ့်မယ်... ဒီတစ်ခါ မိန်းကလေး အိုင်းရစ်စ်လိုပေါ့။ သူနဲ့တော်လ်ဂါ နှစ်ပေါင်းများစွာသိကျွမ်းနေတာနဲ့ သူမနဲ့အတူ အမျိုးသမီးအဖော်တစ်ယောက်ရှိနေလို့သာပဲ…

ဂါးရက်က သူမကို ကုသပေးနိုင်ခဲ့မလားဆိုတာ သံသယဖြစ်မိသည်။

"ကျွန်မ ဒီအကြောင်းကို စဉ်းစားလိုက်မယ်"

ရုတ်တရက် သစ်ပင်နောက်ကွယ်မှ ရှင်းလင်းသောအသံတစ်သံ ထွက်ပေါ်လာပြီး အမျိုးသမီးသူရဲကောင်း ဆယ်လီနာက ထွက်လာကာ အကြီးအကဲဝုဒ်ကို ယဉ်ကျေးစွာခေါင်းညိတ်ပြပြီး သူမကိုယ်တိုင်အကြံပြုလိုက်သည်။

"အကြီးအကဲဝုဒ် သခင်နော့ဒ်မာ့ခ်။ လိုအပ်မယ်ဆိုရင် ကျွန်မရဲ့နယ်မြေကို လာလို့ရပါတယ်၊ ကျွန်မစစ်သားတွေ၊ ရဲတိုက်အစေခံတွေနဲ့ လယ်သမားတွေကို စုပေးပါမယ်၊ လူထောင်နဲ့ချီပြီး စုစည်းတာက လွယ်ကူပါတယ်။ ရောဂါတွေတွေ့လာခဲ့ရင် ကုသပေးဖို့ကျေးဇူးပြုပြီး ကူညီပေးပါမလား။ မှော်ပညာထုတ်လွှတ်တဲ့ ကုန်ကျစရိတ်ကို ကျွန်မတို့ရဲ့အိမ်က စိုက်ထုတ်ပေးပါ့မယ်"

All Chapters