အခန်း (၁၇၁)
Vol. 13 Ch. 171
"အဆင့်တစ် မှော်ဆရာ"
"ဘာ အဆင့်တစ်"
"မှတ်ပုံတင်ပြီးကာမှ အဆင့်တစ်ဖြစ်နေတာလား"
“အဆင့်တစ်...”
အသက်လတ်ပိုင်း စာရေးက အံ့အားသင့်စွာ အော်ဟစ်လိုက်တော့ လူအများအပြားက ကောင်တာကို ဝိုင်းအုံလာပြီး ပို၍ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားခဲ့ကြသည်။ ကောင်တာအပြင်ဘက်မှာလည်း သိပ်မကောင်းလှပေ။ ဂါးရက် နော့်ဒ်မတ်ခ်ကို ပတ်ဝန်းကျင်မှလူများ တိုးတိုးတိတ်တိတ် စကားများ ပြောနေကြသည်။ သူစောစောက စကားပြောနေသည့် ဆံပင်အညိုရောင် မှော်ဆရာကလည်း သူ၏လည်ပင်းကိုဆန့်ပြီး တံဆိပ်ကိုကြည့်ရန် ကြိုးစားနေသည်။
သူကိုယ်တိုင်က အဆင့်နှစ် မှော်ဆရာဖြစ်သည်။ ပညာသင်ဘဝမှ အဆင့်နှစ်အထိ အပြည့်အဝ ငါးနှစ်ကြာခဲ့ပြီး စာတမ်းခုနစ်စောင် သို့မဟုတ် ရှစ်စောင် ထုတ်ဝေခဲ့သော်လည်း မှော်ဆရာအသင်းက သုံးစောင်ကိုသာ အတည်ပြုခဲ့သည်။ ထိုသုံးစောင်ထဲမှ တစ်စောင်သည် သူ၏ဆရာက အောင်မြင်သည့်အဆင့်ရရှိရန်အတွက် သူ၏နာမည်ကို ရက်ရက်ရောရော ထည့်ပေးခဲ့သည့် ပူးပေါင်းကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ စာတမ်းသုံးစောင်အပြင် မှော်ပညာတိုးတက်မှုအတွက် သူတို့၏ပံ့ပိုးမှုများကြောင့် သုတေသနရမှတ် ခုနစ်ခုရရှိခဲ့သည်။ အဆင့်တစ်အတွက် လိုအပ်သည့် ရမှတ်ဆယ်မှတ်ပြည့်ရန် သုံးမှတ်လိုနေသေးသည်။
ထိုသုတေသနရမှတ် သုံးမှတ်အတွက် မည်မျှကြာအောင် အချိန်ယူရမည်ကို မည်သူသိနိုင်မည်
နည်း။
တစ်နှစ်လား နှစ်နှစ်လား။
မှော်ပညာကျောင်းမှ ထွက်ပြီးနောက် စွန့်စားခန်းများထွက်ခြင်း၊ မစ်ရှင်များလုပ်ခြင်း၊ တောကြီးမြိုင်ကြီးများ၌ ရှာဖွေခြင်း၊ တောများကို စူးစမ်းခြင်း...
ဤအလုပ်များသည် တစ်နှစ်ကို ရွှေဒင်္ဂါးပြား ၁၀၀ ကျော် ဝင်ငွေရရှိစေနိုင်ပြီး သက်သောင့်သက်သာရှိသည့် ဘဝကို နေထိုင်ရန် လုံလောက်သည်။
ဒါပေမဲ့ သုတေသနအတွက်လား။
ရွှေဒင်္ဂါးပြား ၁၀၀ ကို သုံးလိုက်လျှင်ပင် ဘာမှအရာရောက်မည်မဟုတ်ပေ။ သုတေသနမလုပ်လျှင် သုတေသနရမှတ်မရရှိနိုင်ပေ။ သုတေသနရမှတ်မရရှိလျှင်... မှော်ဆရာအဆင့်လည်း တက်မည်မဟုတ်ပေ။
သို့သော် ယခုမှ ကောင်စီဌာနချုပ်သို့ ရောက်လာသည့် ဤလူငယ်လေးကတော့ သူ၏ မှော်ဆရာတံဆိပ်ပင် မရရှိသေးဘဲ ရမှတ်ဆယ်မှတ်ကျော် ရနေပြီဖြစ်သည်။
“မင်း... မင်း ဘယ်လိုလုပ် ဒီလောက်အမှတ်တွေ အများကြီး ရတာလဲ”
သူက တုန်တုန်ရီရီနှင့် ပြောလိုက်သည်။ ဂါးရက်ကိုယ်တိုင်ကလည်း မသိသောကြောင့် စာရေးကို မော့ကြည့်လိုက်သည်။
“ရမှတ်တွေ ဘယ်နေရာမှာ စစ်လို့ရလဲ”
“မှော်သုံးသပ်ရေးဧရိယာက စာတမ်းတင်သွင်းရေးရုံးမှာ”
အံ့အားသင့်တုန်လှုပ်နေသည့် စာရေးက ဆင်ခြင်တုံတရားမရှိဘဲ ပြန်ဖြေလိုက်သည်။
ဂါးရက်က စားပွဲပေါ်မှီပြီး သူ၏လက်ကို ဆန့်တန်းကာ တံဆိပ်ကိုလှမ်းယူလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ လူအုပ်ကြီးက သူ့ကို ဝိုင်းအုံနေသောကြောင့် စီမံခန့်ခွဲရေးဧရိယာ၏ ဝင်ပေါက်မှ လုံခြုံရေးဝန်ထမ်းများက သူတို့ကို တားဆီးလိုက်မှသာ တဖြည်းဖြည်းလူစုခွဲသွားပြီး စာရေးက ခေါ်နေသည့် နံပါတ်များကို နားထောင်ရန် ပြန်လှည့်သွားကြသည်။ ဂါးရက်သည် မှော်သုံးသပ်ရေးဧရိယာထဲသို့ အလျင်စလိုဝင်ပြီး အရင်ကလွတ်နေသည့် ရုံးခန်းထဲသို့ ပြေးဝင်သွားသည်။ စားပွဲပေါ်မှ ကီးဘုတ်က တာဝန်ကျေစွာနှင့် ကြေညာလိုက်သည်။
“စာတမ်းတင်သွင်းရန်အတွက် ၁ ကိုနှိပ်ပါ။ စာတမ်းအကြောင်းပြန်ကြားစာ စစ်ဆေးရန်အတွက် ၂ ကိုနှိပ်ပါ...”
ဂါးရက်က ပြတ်ပြတ်သားသား ၂ ကို နှိပ်လိုက်သည်။ ကီးဘုတ်က “ဘီး” ဟူသော အသံနှင့်အတူ တက်ဘလက်တစ်ခု ပေါ်လာသည်။
“ကျေးဇူးပြု၍ သင့်ရဲ့ မှော်ဆရာတံဆိပ်ကို မှော်အစီအရင်ထဲသို့ ထည့်သွင်းပါ (သို့) မေးမြန်းစုံစမ်းတဲ့ နံပါတ်ကို ထည့်ပါ” ဟု ထပ်မံကြေညာသည်။
တံဆိပ်ရှိခြင်းက တကယ်ကို အဆင်ပြေသည်။ ဂါးရက်က ဂဏန်းအက္ခရာအရှည်ကြီးကို ကြည့်လိုက်ပြီး ချွေးများကို တိတ်တဆိတ် သုတ်လိုက်ကာ အသစ်ရရှိထားသည့် အေးစက်စက် မှော်တံဆိပ်ကို တက်ဘလက်ပေါ်တင်လိုက်သည်။
တက်ဘလက်က တုန်ခါသွားပြီး ငွေရောင်ကြိုးများသည် ရာနှင့်ချီ၍ တစ်ခုနှင့်တစ်ခု ရစ်ပတ်ကာ ခရစ္စတယ်၏ အနက်ပိုင်းဆီသို့ စီးဝင်သွားသည်။ ခဏအကြာတွင် စက်သံက ထပ်၍ထွက်ပေါ်လာသည်။
“နောက်ဆုံး စာတမ်းအကြောင်းပြန်ကြားစာကို စစ်ဆေးရန်အတွက် ၁ ကိုနှိပ်ပါ။ နောက်ဆုံးစာတမ်းဆယ်ခုရဲ့ အကြောင်းပြန်ကြားစာကို စစ်ဆေးရန်အတွက် ၂ ကိုနှိပ်ပါ။ စုစုပေါင်းရမှတ်ကို စစ်ဆေးရန်အတွက် ၃ ကိုနှိပ်ပါ...”
ကျွန်တော် ဤနေရာသို့ရောက်လာပြီးကတည်းက စာတမ်းသုံးစောင်သာ တင်ခဲ့တာပါ။ အကျိုးအမြတ်အများဆုံးရရှိနိုင်သည့် နိယာမအတိုင်း ဂါးရက်က တုံ့ဆိုင်းမနေဘဲ ၂ ကို နှိပ်လိုက်သည်။ စက်သံက “ကျေးဇူးပြု၍ စောင့်ဆိုင်းပါ” ဟုပြောပြီး တိတ်ဆိတ်သွားသည်။
တစ်မိနစ်ခန့်ကြာတော့ “ဒိန်” ဟူသော အသံနှင့်အတူ စားပွဲပေါ်မှ ပို့ဆောင်ရေးသေတ္တာတစ်ခု မြင့်တက်လာပြီး ပွင့်သွားသည်။ သေတ္တာထဲတွင် စာရွက်တစ်ရွက်ရှိနေသည်။ ဖြူစင်သန့်ရှင်းပြီး ချောမွေ့နေသည့် A4 အရွယ်အစား စာရွက်ဖြစ်သည်။ ဂါးရက်က လက်လှမ်းပြီး ယူလိုက်သောအခါ ပထမဆုံးအကြိမ်တွင်ပင် သူယခုထိ တင်သွင်းခဲ့သည့် စာတမ်းသုံးစောင်၏ မှတ်တမ်းများကို မြင်လိုက်ရသည်။
X-ray စာတမ်းက သုတေသနရမှတ် နှစ်ခုနှင့် အလှူငွေရမှတ် သုံးခု ဆုချခံရသည်။
ဘယ်မှာ တင်ရမှာလဲ။
လင်းနို့များ၏ ရောဂါပိုးသယ်ဆောင်နိုင်စွမ်းနှင့်ပတ်သက်သည့် စာတမ်းကတော့ အများဆုံးရခဲ့ပြီး သုတေသနရမှတ် ရှစ်မှတ်နှင့် အလှူငွေရမှတ် သုံးဆယ်တောင် ရရှိခဲ့သည်။ B-ultrasound စာတမ်းကတော့ X-ray စာတမ်းနှင့်အတူ သုတေသနရမှတ် နှစ်မှတ်နှင့် အလှူငွေရမှတ် သုံးမှတ်သာ ရရှိခဲ့သည်။
“ဟင်... ဒီလောက်နည်းတာလား”
မည်သို့ပင်ဖြစ်စေ "လျှို့ဝှက်ဆန်းကြယ်" စာအုပ်တွင် ထုတ်ဝေရန် ထိုက်တန်သည့် စာတမ်းပဲလေဟု ဂါးရက်က နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားသည်။ သူဆက်ဖတ်ကြည့်လိုက်တော့ လင်းနို့များ၏ ရောဂါပိုးသယ်ဆောင်နိုင်စွမ်းနှင့်ပတ်သက်သည့် စာတမ်းအတွက် သုံးသပ်သူများက ပေးထားသည့်အဆင့်က သူ့ကို နည်းနည်းတော့ စိတ်ရှုပ်ထွေးစေခဲ့သည်။
“ကပ်ရောဂါပိုးကူးစက်မှုနှင့်ပတ်သက်သည့် သုတေသနချဉ်းကပ်ပုံက ဆန်းသစ်ပြီး လမ်းညွှန်မှုပေးနိုင်ပါသည်။ မည်သူမျှ တာဝန်မပေးဘဲ ဤစီမံကိန်းကို ကိုယ်တိုင်လုပ်ဆောင်ခြင်းက မှော်ကောင်စီအပေါ် စိတ်ရင်းမှန်ဖြင့် ဂရုစိုက်မှုနှင့် ရည်ရွယ်ချက်ကို ပြသနေသည့်အတွက် ချီးကျူးဂုဏ်ပြုထိုက်ပါသည်...”
ဟုတ်ပြီ... ဒါဆိုရင် ဒါက ဂုဏ်သိက္ခာဆုလိုမျိုးလာ။
ဂါးရက်က နည်းနည်းတော့ စိတ်အေးသွားပြီး ဆက်ဖတ်ကြည့်သည်။
“ပဲ့တင်သံမှော်ပညာ၏ အသုံးချမှုအသစ်နှင့် လူ့ခန္ဓာကိုယ်၏ အတွင်းအင်္ဂါများကို စူးစမ်းရှာဖွေရာတွင် သူ၏အခန်းကဏ္ဍ”
ပဲ့တင်သံမှော်ပညာကို တိုးတက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မှော်ပညာအစီအရင်ပုံစံကို တည်ဆောက်ရာတွင် တိုးတက်မှုတော့ မရှိခဲ့ပေ။ သို့သော် ၎င်းကို အသုံးချသည့်နေရာတွင်တော့ ရှေ့ဆောင်ဦးဆောင်ခဲ့သည်။ အဆင့်ကတော့ သင်တန်းသားအဆင့်သာ ရှိပါသေးသည်။ သို့သော် မှော်ပညာကိုအသုံးပြုသည့်အခါ သီးခြားလင်းနို့အမျိုးအစားကို အသုံးပြုရမည်ဖြစ်သည်။ ထိုပစ္စည်းက ဈေးမကြီးသော်လည်း အများအပြားရရှိရန်တော့ ခက်ခဲသည်။ ပုံမှန်အင်္ဂါအစိတ်အပိုင်းများ၏ ပဲ့တင်သံပုံရိပ်များကို အများအပြား နှိုင်းယှဉ်ရန်လိုအပ်ပြီး ဤမှော်ပညာကို လက်တွေ့အသုံးချနိုင်ရန်အတွက် မှော်ဆရာက ပုံရိပ်အများအပြားကို မှတ်သားထားရန် ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်ရန် လိုအပ်သည်။
မှော်ပညာအဆင့်၊ ဆန်းသစ်မှု၊ တီထွင်ဖန်တီးမှုနှင့် လက်တွေ့ကျမှုတို့အပါအဝင် အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး သုတေသနရမှတ် နှစ်မှတ်နှင့် အလှူငွေရမှတ် သုံးမှတ် ချီးမြှင့်လိုက်သည်။
ဒါက...
ဂါးရက်က သုံးသပ်ချက်စာရွက်ကို လက်ထဲတွင်ကိုင်ပြီး အခန်းထဲ၌ ဟိုဘက်ဒီဘက် လမ်းလျှောက်နေသည်။ သုံးသပ်ချက်က အတိုချုပ်သော်လည်း အရေးကြီးသည့်အချက်ကို ထိမိနေသည်။ B-ultrasoundဆိုသည်မှာ တစ်ညတည်းနှင့် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နိုင်သည့်အရာ မဟုတ်ပေ။ အခြားကိစ္စတွေကိုတော့ ထားလိုက်ပါတော့။
ဆရာဝန်တစ်ယောက်၏ ဆုံးဖြတ်ချက်မပါဘဲ B-ultrasound ပုံရိပ်ကို လူနာကိုပေးလိုက်လျှင် သူတို့ နားလည်ပါမည်လား။
လူနာများကိုထားလိုက်ပါက ဆရာဝန်များပင် သူတို့၏ "ဆေးဘက်ဆိုင်ရာပုံရိပ်" စာမေးပွဲပြီးသွားလျှင် အကုန်လုံးမေ့သွားကြသည်မဟုတ်လား။ လူ့ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ နေရာများကို ကောင်းကောင်းမသိဘဲ၊ ပုံမှန် B-ultrasound ပုံရိပ်များကို မမှတ်မိဘဲနှင့် မည်သို့သောမမှန်မှုက မည်သည့်ရောဂါကို အရိပ်အမြွက်ဖော်ပြနေသည်ကို မမှတ်မိဘဲနှင့် ဤစစ်ဆေးမှုနည်းလမ်းက သူတို့အတွက် မည်မျှအထိ ထိရောက်နိုင်မည်လဲ။
လုံးဝအသုံးမဝင်ပေ။
ဤမျှအထိ အများကြီးလုပ်ခဲ့ရသော်လည်း ဤမှော်ပညာက နဂါးသတ်သည့်ပညာရပ်တစ်ခုလိုပင်။ ဂါးရက်က ရုတ်တရက်ပြုံးလိုက်ပြီး သူ၏လက်ချောင်းများက အားနည်းနည်းသုံးလိုက်သောအခါ အဖြူရောင်သုံးသပ်ချက်စာရွက်ကို ဘောလုံးတစ်လုံးလို ချေမွလိုက်သည်။
ငါ့ကိုယ်ငါကလွဲလို့ တခြားသူတွေက ဒီမှော်ပညာကို လေ့လာခဲ့ရင်တောင် အသုံးမဝင်သေးပါဘူး။ ရမှတ် နှစ်မှတ်နဲ့ အလှူငွေရမှတ် သုံးမှတ်ဆိုတာ "ဆန်းသစ်မှု" ကဏ္ဍကို အရေးကြီးတဲ့တစ်စုံတစ်ယောက်က အာရုံစိုက်လိုက်လို့ပဲ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ အရေးမကြီးပါဘူး။
ငါက ရမှတ်တွေနောက် လိုက်နေတာ မဟုတ်ပါဘူး။ ဒီလောက်ရက်အများကြီး ပင်ပင်ပန်းပန်းနဲ့ ရစ်ပတ်ပြီး လုပ်ဆောင်ခဲ့တဲ့ ငါ့ရဲ့ရည်မှန်းချက်က B-ultrasound ကို တီထွင်ဖို့ပဲလေ။ အခုဆိုရင် အဲဒီရည်မှန်းချက်က အောင်မြင်ခဲ့ပြီ မဟုတ်လား။
ဒါ့အပြင် လူ့ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ တစ်ရှူးတွေနဲ့ သွေးကြောတွေရဲ့ နေရာတွေကို ငါက ကျွမ်းကျင်နေတာပဲလေ။ တခြားသူတွေ မသိရင်တောင် ငါက သိနေတာပဲလေ။
ငါရေးဆွဲနိုင်တယ်။ စုစည်းနိုင်တယ်။ နောက်ပိုင်းမှာ ကြိုးစားပြီး မှတ်သားကြမယ့် ဆရာဝန်တွေဟာ အနည်းဆုံးတော့ ရောဂါရှာဖွေရာမှာ ကူညီပေးနိုင်လိမ့်မယ်။
B-ultrasoundက ဘယ်လောက်အသုံးဝင်တယ်ဆိုတာ ဆရာဝန်တိုင်း သိသင့်တယ်။
အကြီးအကဲဝုဒ်၊ ဘုန်းတော်ကြီးမက်သရူး၊ ငါ့ရဲ့ဆရာနဲ့ ထိပ်ပြောင်ဘုန်းတော်ကြီးတို့က ဒါကို စမ်းသပ်ကြည့်ပြီးတာနဲ့ အားလုံးက လေ့လာဖို့ စိတ်အားထက်သန်လာကြလိမ့်မယ်လို့ ငါယုံကြည်တယ်။
ဒီလောက်များပြားတဲ့ ပုံရိပ်တွေအားလုံးကို သူတို့ မှတ်မိနိုင်မလားဆိုတာကတော့... ဟားဟား...
ဂါးရက်က မော့ကြည့်ပြီး ပြုံးလိုက်သောအခါ သူ၏စိတ်ပျက်မှုများ အကုန်လုံး ပျောက်ကွယ်သွားသည်။ သူက အဖြူရောင်တာဝါမှ အမြန်ဆုံးထွက်ခွာပြီး အကယ်ဒမီသို့ ပြန်လာခဲ့သည်။ သူထိန်းသိမ်းထားသည့် မှော်ပညာကို ပြန်ယူလာပြီး လူရိုင်းကြီးကို ခေါ်လိုက်သည်။
"ဘားနတ် ငါတို့ အကြီးအကဲဝုဒ်ဆီ သွားရအောင်"
လူတွေ ရှာဖွေဖို့….
လမ်းရှာဖို့…
ဟာကွက်တွေ ဖြည့်ဖို့…
"ဆေးပညာဆိုင်ရာ မှော်ပုံရိပ် - B-ultrasound Volume" ကို စုစည်းဖို့….
ငါကပဲ ဦးဆောင်နေရမှာလား။
ဂါးရက်က ထိုအရာဟာ သူ့၏ တာဝန်ပဲဟု ခံစားလိုက်ရသည်။ ဒီပုံတွေအားလုံးကို ကိရိယာတွေမပါဘဲ တစ်ပုံချင်းစီ ဆွဲရမည်လား။
ဂါးရက်ကတော့ သေတာကမှ ကောင်းဦးမည်ဟု ခံစားလိုက်ရသည်။
ငါ့ရဲ့ယခင်ဘဝက သင်ယူခဲ့တဲ့ "ဆေးပညာဆိုင်ရာပုံရိပ်" ကို ထည့်မပြောပါနဲ့ဦး။ အဲဒီမှာ ပုံတစ်စိတ်တစ်ပိုင်းလေးတွေပဲ ထုတ်ဝေခဲ့တာ။ ဥပမာ - အဆီဖုံးအသည်းဆိုရင် CT နဲ့ MRI ပုံရိပ်တွေပဲ ရှိပြီး B-ultrasound ပုံရိပ် လုံးဝမရှိခဲ့ဘူး။ အကယ်၍ ရှိခဲ့ရင်တောင် ငါ့မှာ သေချာပြင်ဆင်မှုမရှိဘဲ ဟိုရေးဒီရေးတော့ လုပ်ရဲမှာ မဟုတ်ဘူး။
ဒီကမ္ဘာမှာ လူ့ခန္ဓာကိုယ်ရဲ့ ခန္ဓာဗေဒပုံစံက ငါ့ရဲ့ယခင်ဘဝက သင်ယူခဲ့တာနဲ့ ကွာခြားနေရင် ဘယ်လိုလုပ်မလဲ။
ထူးခြားတဲ့လူတွေရဲ့ ပုံရိပ်တွေက သာမန်လူတွေနဲ့ ကွာခြားနေရင် ဘယ်လိုလုပ်မလဲ။
ပေါ့ပေါ့တန်တန်ပုံများဆွဲပြီး တခြားဆရာဝန်များက ၎င်းတို့ကို အကုန်မှတ်မိအောင် မျှော်လင့်ခြင်းမှာ မဆင်မခြင်လုပ်ခြင်းသာဖြစ်သည်။ ၎င်းသည် အသက်အန္တရာယ်ကို စွန့်စားနေခြင်းနှင့် အတူတူပင်။
ဘာပဲဖြစ်ဖြစ် ခေတ်သစ်ဆေးပညာ၊ အထောက်အထားအခြေပြုဆေးပညာဆိုသည်မှာ အလေ့အကျင့်မှ ပေါက်ဖွားလာသည့် ပညာရပ်တစ်ခုဖြစ်ပြီး အလေ့အကျင့်ဆီ ပြန်သွားရမည်ဖြစ်သည်။ ပုံရိပ်များမရှိလျှင် မည်သို့လုပ်မည်နည်း။
“ကျွန်တော်တို့က ဖြစ်ရပ်တွေကို စုဆောင်းပါမယ်”
“ကျွန်တော်တို့ လူနာတွေကို စစ်ဆေးမယ်၊ ကျန်းမာတဲ့လူတွေကို စစ်ဆေးမယ်”
“ကျွန်တော်တို့ ပုံဆွဲမယ်”
လူနာတစ်ရာ၊ တစ်ထောင်၊ တစ်သောင်းကို စောင့်ကြည့်ကာ ဖြစ်ရပ်များအားလုံးကို မှတ်တမ်းတင်မည်၊ ပုံရိပ်များအားလုံးကို ဆွဲမည်။
နှိုင်းယှဉ်မည်၊ အနှစ်ချုပ်မည်၊ အတည်ပြုမည် ပြီးတော့မှ အနာဂတ်ဆရာဝန်များကို လမ်းညွှန်ပေးနိုင်မည့် သင်ရိုးညွှန်းတမ်းတစ်ခုကို ဖန်တီးမည်ပင်။
ဤသို့လုပ်ဆောင်နိုင်ရန်အတွက် ဂါးရက်တစ်ယောက်တည်း၏ ခွန်အားနှင့်တော့ လုံလောက်
မည်မဟုတ်ပေ။ သူက ပထမအဆင့်မှော်ဆရာ၊ ပထမအဆင့်ဘုန်းတော်ကြီးသာ ရှိပါသေးသည်။ သူသည် မနေ့ညက အဆင့် ၂ အထိ တိုးမြှင့်လိုက်သော်လည်း အတည်ပြုချက်တော့ မရရှိသေးပေ။
သူက ဘဝအကြောင်း မရင်းနှီးသလို ဆရာဝန်တစ်ဦးအဖြစ်လည်း နာမည်မရသေးပေ။ သူ၏စွမ်းဆောင်ရည်ထက် အများကြီးပိုနေသည့် ဤကဲ့သို့အလုပ်များအတွက် သူသည် ဘာမှမတွန့်ဆုတ်ဘဲ ဆရာကြီးများဆီမှ အကူအညီရယူရမည်ပင်။
ဂါးရက်က ပိုတက်စီယမ်ပါမန်ဂနိတ်နှစ်ပုလင်းကို သယ်ဆောင်သွားပြီး သူ၏နောက်လိုက် ဘားနတ်ကတော့ နားတိုသည့် သွေးစုပ်ဖုတ်ကောင်လင်းနို့များပါသည့် အိတ်တစ်လုံးကို သူ၏နောက်၌လွယ်ကာ အကြီးအကဲဝုဒ်၏ သစ်ခွတောင်ကြောသို့ ထပ်မံဦးတည်သွားခဲ့သည်။
ရင်းနှီးကျွမ်းဝင်လာသည်နှင့်အမျှ ပိုလွယ်ကူလာပြီး ဆရာကြီးများဆီမှ အကူအညီရယူခြင်းက သုတေသနတိုးတက်ရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် လင်းနို့ကိစ္စတုန်းကလည်း လူတိုင်းက ကောင်းကောင်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အကြီးအကဲဝုဒ်က ထိုသတင်းကို နတ်ဆရာဆီသို့ တိုက်ရိုက်ပေးပြီး သူတို့အတွက် ကူညီပေးခဲ့သည်။ အလယ်အလတ်အဆင့် ဘုန်းတော်ကြီးများက သူတို့၏စမ်းသပ်မှုစွမ်းရည်ကို အသုံးပြုပြီး စမ်းသပ်မှုနည်းလမ်းအသစ်များကို သင်ယူခဲ့ကြသည်။
ဘုရားကျောင်းက စမ်းသပ်တိရစ္ဆာန်အများအပြားကို ဝေငှပေးခဲ့ပြီး ရောင်းချပြီးနောက် အတော်လေးချမ်းသာသွားခဲ့သည်။
ဂါးရက်က "လျှို့ဝှက်ဆန်းကြယ်" စာအုပ်တွင် ပထမဆုံးရေးသားသူအဖြစ် စာတမ်းတစ်ခု ရရှိခဲ့သည်။ ထို့နောက် အကြီးအကဲဝုဒ်က ဂါးရက်၏ပခုံးကို ပုတ်ပြီး သူ၏ကျေနပ်မှုကို ဖော်ပြခဲ့သည်။ နောက်တစ်ကြိမ် သုတေသနလုပ်စရာတစ်ခုခုရှိလျှင် သူ့ဆီသို့ လာဖို့ပြောခဲ့သည်။
ဂါးရက်က ဆုံးဖြတ်ချက်ချပြီး ဆရာကြီးဆီမှ အကူအညီရယူရန် သွားခဲ့သည်။ ဒုတိယအကြိမ်သွားသည့်အခါတွင်တော့ လမ်းတစ်လျှောက် မည်သူ့ကိုမှ မေးမြန်းတော့မနေပေ။ သစ်ခွတောင်ကြောကို ရှာဖွေဖို့က အထူးသဖြင့် လွယ်ကူသည်။
နေးဗစ်မြို့မှနေ၍ အရှေ့မြောက်ဘက်သို့ ထွက်ခွာပြီး မြစ်တစ်လျှောက်လုံး သွားပြီးလျှင် မိုင်အနည်းငယ်အကွာရှိ ကြီးမားသည့်ရေကန်တွင် ညာဘက်သို့ချိုးလိုက်ပါ။ မြစ်တစ်လျှောက် မိုင်ခုနစ်မိုင် သို့မဟုတ် ရှစ်မိုင်ခန့်ဆက်သွားပြီးတော့ မြောက်ဘက်သို့စီးဆင်းသည့် အကြီးဆုံး မြစ်ခွဲအတိုင်း တောင်များထဲသို့ ဝင်သွားပါက သစ်ခွတောင်ကြောက တောင်ထွတ်နှစ်ခုနောက်၌ ရှိသည်။ ဦးတည်ရာမသတ်မှတ်နိုင်သူမဟုတ်လျှင် လမ်းပျောက်ဖို့မရှိပေ။
ဂါးရက်က မြစ်ကမ်းဘေးတစ်လျှောက်တွင် အရှိန်အဟုန်ပြင်းပြင်းနှင့် ပြေးနေသည်။ သူဆင့်ခေါ်ထားသည့် မှော်မြင်းက မြန်မြန်ဆန်ဆန်နှင့် တည်တည်ငြိမ်ငြိမ်ပြေးနေသောကြောင့် သူက လုံးဝကို မြင်းစီးစရာမလိုသည့်သူဖြစ်သော်လည်း မြင်းပေါ်မှ ပြုတ်ကျမှာကို မကြောက်ပေ။ သူ၏ဘေးမှ လူရိုင်းကြီးကတော့ ကြီးမားသည့် အထုပ်ကိုလွယ်ပြီး မြစ်ကမ်းဘေးမှ ကျောက်တုံးကြီးများပေါ်တွင် ငှက်တစ်ကောင်လို ခုန်ပျံကျော်လွှားနေသည်။ သူ့ထက်တောင် ပိုမြန်နေသေးသည်။ သူတို့ပြေးနေစဉ်မှာပင် သူတို့၏နောက်မှ မြင်းခွာသံက ပိုကျယ်လာပြီး မှော်မြင်းထက် ပိုမြန်သည့် မြင်းတစ်ကောင်က ပို၍ပို၍ နီးကပ်လာခဲ့သည်။
ဂါးရက်က ဘယ်ဘက်သို့ ကွေ့ရမလား ညာဘက်သို့ ကွေ့ရမလား မသေချာဘဲ လမ်းအလယ်တွင် ရပ်တန့်သွားသည်။ သူတွန့်ဆုတ်နေစဉ်မှာပင် တောက်ပသည့် အဖြူရောင်မြင်းက လေပြင်းများနှင့်အတူ သူ၏ညာဘက်ဘေးမှ ဖြတ်ပြေးသွားခဲ့ပြီး သူ၏ဆံပင်များနှင့် အင်္ကျီအနားစကို လွင့်စင်သွားစေခဲ့သည်။
ဂါးရက်က ရေရွတ်မိသည်။
“ဘယ်ဘက်ကနေ ကျော်တက်...”
သို့သော် ဤကမ္ဘာ၌ ဘယ်ဘက်မှ ကျော်တက်ရမည်ဟူသည့် စည်းကမ်းတော့ သတ်မှတ်ထားခြင်းမရှိပေ။
ဂါးရက်က တိုင်တောရင်း ခေါင်းကိုလှည့်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သူ၏မျက်လုံးများက တောက်ပလာခဲ့သည်။ မြင်းပေါ်မှ သူရဲကောင်းက အမည်းရောင်ဝတ်စုံဝတ်ထားပြီး သူ၏ခါးတွင် ဓားရှည်တစ်လက်ရှိသည်။
ဒူးအထိမြင့်သည့် မြင်းစီးဖိနပ်က မြင်း၏ဗိုက်ကို တင်းတင်းကျပ်ကျပ်ပတ်ထားသောကြောင့် သူ၏ခါးကသွယ်လျနေပြီး ခြေထောက်က ရှည်လျားနေသည်။ သူ၏ပုံစံက သပ်ရပ်သန့်ရှင်းနေသည်။ သူရဲကောင်းက မိန်းကလေးငယ်တစ်ဦးကို အနီရောင်ဝတ်ရုံကြီးဖြင့် ပတ်ထားပြီး သူ၏လက်ထဲတွင် ပွေ့ထားသည်။ မိန်းကလေးကို ကုန်းနှီး၏အရှေ့ဘက်၌ သက်သောင့်သက်သာထိုင်စေရန် ကြိုးစားနေသည်။ ခြေထောက်များဖြင့်သာ မြင်းကိုထိန်းချုပ်စေပြီး ရှေ့သို့လျှောတိုက်ပြေးနေသည်။
“ရပ်”
“မသွားနဲ့”
“အိုင်းရစ်ကို ပေးလိုက်”
သူတို့၏နောက်ဘက် အဝေး၌တော့ ကျယ်လောင်သည့်အော်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဂါးရက်က ခေါင်းကိုလှည့်ပြီး နောက်သို့ကြည့်ကာ အသံလာရာအရပ်ကို မော့ကြည့်လိုက်သောအခါ ကြီးမားသည့် အမည်းရောင်တိမ်တိုက်ကြီးသည် ကောင်းကင်မှ ပြန့်ကားလာသည်ကို တွေ့လိုက်ရသည်။ အဘိုးအို မှော်ဆရာတစ်ဦးက ထိုအပေါ်တွင် မတ်တပ်ရပ်နေပြီး လှံတံကိုကိုင်ကာ အဆက်မပြတ်အော်ဟစ်နေသည်။ ဂါးရက်က မျက်ခုံးပင့်လိုက်ပြီး ရှေ့သို့ပြန်ကြည့်လိုက်သည်။
ဪ…
ဒါက... မိန်းကလေးရဲ့ဖခင်က လိုက်ဖမ်းနေတဲ့ ချစ်သူနှစ်ဦး ထွက်ပြေးနေတာလား။
ထိုသူရဲကောင်းက ပုံပန်းသဏ္ဌာန်ကောင်းပြီး ခန္ဓာကိုယ်ကြံ့ခိုင်သည်။ မြင်းစီးသည့်နေရာတွင်လည်း အလွန်ထူးချွန်သည်။ ဤအချက်က တိုက်ခိုက်ရေးစွမ်းရည်ကောင်းမွန်သည်ကို ပြသနေသည်။
ပြီးတော့ သူက မိန်းကလေးအပေါ်တွင်လည်း စစ်မှန်သည့်စိုးရိမ်ပူပန်မှုများ ရှိနေပုံရသည်။ မိန်းကလေးက သူ၏ပခုံးပေါ်သို့ ခေါင်းမှီထားပြီး လုံးဝကို အားကိုးနေသည့်ပုံ ပေါ်နေသည်။
ဘာလို့များ ဒီလိုလုပ်နေရတာလဲ။ မိုင်ပေါင်းထောင်ချီပြီး လိုက်ဖမ်းနေတာ ဘာအကျိုးရှိလို့လဲ။
ဂါးရက်က ဤသို့တွေးလိုက်သော်လည်း ဝင်ရောက်စွက်ဖက်ရန် စကားတစ်ခွန်းမျှ ပြောရန် ရည်ရွယ်မရှိပေ။ မိန်းကလေးကို ပွေ့ထားသည့် အနက်ရောင်ဝတ်စုံဝတ်ထားသူက သူရဲကောင်းတစ်ဦးဖြစ်နိုင်သည်။ ပျံသန်းသည့်မှော်ပညာကို အဆင့်ငါးတွင် လေ့လာနိုင်သော်လည်း ဤမျှအမြင့်နှင့်အမြန်နှုန်းဖြင့် ပျံသန်းနိုင်ရန်အတွက် အဆင့်ခုနစ်၊ အဆင့်ရှစ်၊ သို့မဟုတ် အဆင့်ဆယ် သို့မဟုတ် ပိုမြင့်သည့် မဟာမှော်ဆရာတစ်ဦးဖြစ်ရန် လိုအပ်သည်။ သူကဲ့သို့ ပုပုလေးဆိုလျှင် လမ်းဘေးမှကြည့်နေရုံနှင့်ပင် ဤကိစ္စထဲ ပါဝင်သွားနိုင်သည်။ ဤကိစ္စနှင့် အဆက်အစပ်မရှိတာက အကောင်းဆုံးပင်။ သူတို့၏ တိုက်ပွဲအပြီးအကျိုးဆက်များက သူ့ကို အလွယ်တကူ ကြေမွသွားစေနိုင်သည်။
ဂါးရက်က အရှိန်ကို နည်းနည်းလျှော့လိုက်ပါသေးသည်။ မြင်းခွာသံက ချဉ်းကပ်လာပြီး ရှေ့သို့အရှိန်ပြင်းပြင်းဖြင့် ပြေးသွားခဲ့သည်။ အမည်းရောင်တိမ်တိုက်ကြီးကလည်း သူ့ကိုကျော်ပြီး မကြာခင်တွင် သူ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူရှေ့သို့ဆက်လျှောက်ရင်း မြစ်တစ်လျှောက် ညာဘက်သို့ချိုးလိုက်ပြီး နာရီဝက်ခန့်ကြာတော့ အဘိုးအိုမှော်ဆရာနှင့် သူရဲကောင်းတို့နှစ်ဦးစလုံး မြေပြင်ပေါ်သို့ ဆင်းသက်လာကြပြီး အဝေးမှနေ၍ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နေသည်ကို တွေ့လိုက်ရသည်။
အဘိုးအိုမှော်ဆရာက လှံတံကိုကိုင်ထားပြီး ကျောက်ဆောင်ကမ်းစပ်ပေါ်တွင် မတ်တပ်ရပ်နေသည်။ သူ၏ပတ်လည်၌ တစ်ဝက်တစ်ပျက်မြင်ရသည့် အလင်းဒိုင်းများက နာရီလက်တံအတိုင်း လည်ပတ်နေပြီး သူ့ကို ကာကွယ်ပေးထားသည်။ သူရဲကောင်းကတော့ လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ထားပြီး ကျန်သည့်လက်တစ်ဖက်က သူ၏နောက်၌ရှိသည့် မိန်းကလေးကို ထောက်ပံ့ပေးထားသည်။ သူက အဘိုးအိုမှော်ဆရာကို ပစ်မှတ်ထားပြီး မော့ကြည့်နေသည်။
မြစ်ကမ်းဘေးမှ တောင်တက်လမ်းတွင် ထူထဲသည့် ရေခဲနံရံတစ်ခုရှိနေပြီး လမ်းကို လုံးဝပိတ်ဆို့ထားသည်။
ဒါက... မင်းတို့ ရန်ဖြစ်လို့ရတယ်။ ဒါပေမဲ့ ငါ့ရဲ့လမ်းကိုတော့ ပိတ်မထားနဲ့လေ။
ဂါးရက်က စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းချလိုက်ပြီး အဝေးမှနေ၍ ကြိုးကိုဆွဲလိုက်ပြီး ရှေ့ကိုကြည့်နေသည်။ အဘိုးအိုမှော်ဆရာနှင့် သူရဲကောင်းတို့သည် ဆယ်မီတာအကွာအဝေးခန့်တွင် ရပ်နေကြပြီး မည်သူမျှ တစ်ယောက်နှင့်တစ်ယောက် အနီးကပ်မသွားဘဲ အဝေးမှသာ အချင်းများနေကြသည်။
“အိုင်းရစ်ကို ငါ့ဆီကို ပေးလိုက်”
“မပေးနိုင်ဘူး”
“ငါက သူ့ရဲ့ဖခင်ပဲ။ သူမဒီလိုလုပ်ခဲ့ရင်တောင် မင်းက သူမကို ကာကွယ်ပေးနေတုန်းပဲလား”
“အိုင်းရစ်က ကောင်းမွန်တဲ့မိန်းကလေးတစ်ဦးပါ။ ရှင်ထင်သလို မဟုတ်ပါဘူး။ ကျွန်မ ဒီနေရာမှာ ရှိနေသရွေ့ ရှင် သူမကို ပြန်ခေါ်သွားလို့ရမှာ မဟုတ်ဘူး”
ကျောက်ဆောင်ကမ်းစပ်မှ ထွက်ပေါ်လာသည့်အသံက အိုမင်းပြီး ဒေါသထွက်နေသည့်အသံဖြစ်ပြီး အောက်မှထွက်ပေါ်လာသည့်အသံကတော့ ရှင်းလင်းပြတ်သားပြီး ယုံကြည်မှုရှိသည်။ ဂါးရက်က ဝါကျအနည်းငယ် နားထောင်ပြီး သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ကာ အနက်ရောင်ဝတ်စုံဝတ်ထားသည့် သူရဲကောင်းကို ထပ်မံကြည့်လိုက်သည်။
ငါမှားပြီး ဆုံးဖြတ်ခဲ့တာပဲ။ သူရဲကောင်းက မိန်းကလေးတစ်ဦး ဖြစ်နေတာ...
အမျိုးသမီးသူရဲကောင်းတစ်ဦးဖြစ်သည်။ အရပ်ကရှည်ပြီး ဂါးရက်ထက်ပင် နည်းနည်းပိုရှည်သေးသည်။ ဆံပင်က သပ်ရပ်ပြီး ခန္ဓာကိုယ်က သန်မာကာ သွယ်လျသည်။ ဂါးရက်က နောက်မှရပ်နေသောကြောင့် သူမ၏မျက်နှာကိုတော့ မမြင်ရပေ။ သို့သော် ဤကဲ့သို့သူရဲကောင်းဆန်သည့်ဟန်ပန်ကတော့ သူ့အပေါ်တွင် နက်ရှိုင်းသည့်အထင်အမြင်ကို ပေးထားခဲ့သည်။
မျက်နှာချင်းဆိုင်ရင်ဆိုင်နေကြရင်းမှာပင် အဘိုးအိုမှော်ဆရာ၏ လှံတံက လှုပ်ရှားလိုက်သည်။ အမျိုးသမီးသူရဲကောင်းကလည်း မရည်ရွယ်ဘဲ ဘေးဘက်သို့ ယိုင်သွားသည်။ သူပြုတ်ကျတော့မလိုပဲဟု ဂါးရက်တွေးနေစဉ်မှာပင် အမျိုးသမီးသူရဲကောင်းက မြေပြင်ပေါ်မှ တွန်းထုတ်လိုက်ပြီး ရွှံ့မြေပေါ်တွင် ဖိနပ်တစ်ဝက်ခန့်နက်သည့် အမှတ်အသား ကျန်ခဲ့သည်။ သူမက ရှေ့သို့တစ်လှမ်းတိုးပြီး မိန်းကလေးကို သူမ၏ရှေ့၌ တင်းတင်းကျပ်ကျပ် ဆက်ပိတ်ဆို့ထားသည်။
"သူ့မကို မထိနဲ့"