အခန်း (၁၇၀)
Vol. 13 Ch. 170
တယ်လီပို့တ်သေတ္တာက အလင်းရောင်တစ်လှည့်၊ အမှောင်ရောင်တစ်လှည့်ဖြင့် ဖြည်းဖြည်းချင်း ပိတ်သွားသည်။ ငွေရောင်ကြိုးများဖြင့် အလှဆင်ထားသော အနက်ရောင်နံရံများ၏ အတွင်းပိုင်းတွင် တောက်ပသည့်အလင်းရောင်က အသက်ရှူသကဲ့သို့ လျင်မြန်စွာ လည်ပတ်နေသည်။ ပြန်ပွင့်လာသောအခါ သေတ္တာအတွင်း၌ A4 စာရွက်တစ်ဝက်အရွယ်ခန့်ရှိသော အဖြူရောင်စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။ ထိုစာရွက်ပေါ်တွင် စာတမ်း၏ခေါင်းစဉ်၊ အကျဉ်းချုပ်၊ အဓိကအချက်များ၊ ဂါးရက် နော့်ဒ်မတ်ခ်၏နာမည်နှင့် ဂဏန်းအက္ခရာပေါင်းစုံပါဝင်သည့် ကုဒ်နံပါတ်များ ရေးထားသည်။ စက်သံက အေးစက်စက်နှင့် ကြေညာလိုက်သည်။
“သင့်ရဲ့ ပြေစာကို သိမ်းဆည်းထားပါ။ ၂၄ နာရီကြာပြီးတဲ့နောက် သင့်ရဲ့စာတမ်းအတွက် အကြောင်းပြန်ကြားချက်ကို ပြေစာနဲ့ စစ်ဆေးနိုင်ပါတယ်”
သေတ္တာ ရွေ့လျားသွားသည်ကို မမြင်လိုက်ရသောကြောင့် ဂါးရက်က သူ၏စာတမ်းသည်... ပို့လိုက်ပြီလားဟု တွေးမိသည်။
မည်သူ့ဆီသို့ ပို့လိုက်တာလဲ။ မည်သူက မှန်ကန်စွာ ဖြန့်ဝေဖို့ တာဝန်ယူတာလဲ။ မည်သူက အကဲဖြတ်မှာလဲ။
ဂါးရက်သည် အဖြေများကို ဖော်ထုတ်နိုင်ရန်အတွက် တယ်လီပို့တ်သေတ္တာကို စိုက်ကြည့်နေခဲ့သည်။ သို့သော် သေတ္တာက လုံးဝမလှုပ်ရှားပေ။ အခန်းထဲတွင် လူသားဝန်ဆောင်မှုမရှိဘဲ စက်သံကသာ ထပ်ခါတလဲလဲ ပြောနေသည်။
“သင့်ရဲ့ ပြေစာကို သိမ်းဆည်းထားပါ။ ၂၄ နာရီကြာပြီးတဲ့နောက် သင့်ရဲ့စာတမ်းအတွက် အကြောင်းပြန်ကြားချက်ကို ပြေစာနဲ့ စစ်ဆေးနိုင်ပါတယ်”
ဂါးရက်: “...”
သူသည် တိတ်တဆိတ် စာရွက်ကိုယူပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏နောက်တွင် တယ်လီပို့တ်သေတ္တာသည် အောက်သို့ဆင်းသွားပြီး အဖုံးက သူ့နေရာနှင့်သူ ပြန်ပိတ်သွားသည်။ စက်သံက ခံစားချက်မရှိဘဲ နှုတ်ဆက်စကားဆိုလိုက်သည်။
“ပြန်လည်ကြိုဆိုပါတယ်...”
...ကြိုဆိုတယ်လို့တော့ မခံစားရပေမယ့် ကျေးဇူးတင်ပါတယ်။
ဧည့်ကြိုကောင်မလေး၏ အကြံပေးချက်အတိုင်း ဘေးကပ်ရပ်ရှိ မှော်ဆရာစီမံခန့်ခွဲရေးဧရိယာဘက်သို့ လှည့်လိုက်ပြီး မှတ်ပုံတင်ရန်နှင့် မှော်ဆရာတံဆိပ်ရယူရန် ဆက်သွားခဲ့သည်။ ဝင်လိုက်သည်နှင့် သူခဏရပ်သွားခဲ့ပြီး နေရာမှားဝင်လာမိပြီဟုတောင် ထင်မိသည်။
မှော်ဆရာစီမံခန့်ခွဲရေးဧရိယာ၏ အပြင်အဆင်မှာ မှော်သုံးသပ်ရေးဧရိယာထက် ပိုမိုခိုင်မာသည့်ပုံစံရှိသည်။ မျက်နှာကျက်တွင် မျဉ်းတန်းများရှိပြီး နံရံများ၊ မျက်နှာကျက်မှ ပြတင်းပေါက်ဘောင်များအထိ အပြာရောင်စတုရန်းကွက်များဖြင့် ဖုံးအုပ်ထားသည်။
ခန်းမထဲရှိ ထိုင်ခုံများက ဆိုဖာများမဟုတ်ဘဲ မာကျောသည့် ထိုင်ခုံတန်းများဖြစ်ပြီး သပ်ရပ်သည့်ကွက်လပ်ကို ဖန်တီးထားသည်။ ခန်းမထဲမှ ဧည့်ကြိုဝန်ထမ်းများပင် ပြုံးပြုံးရယ်ရယ်နှင့် ဂါဝန်ရှည်ဝတ်ထားသည့် မိန်းကလေးများ မဟုတ်ကြပေ။
ထို့အစား သပ်ရပ်သည့်ရှပ်အင်္ကျီများ၊ လိုက်ဖက်သည့်ဝတ်စုံများနှင့် သေသေချာချာချုပ်ထားသည့် ဘောင်းဘီများ ဝတ်ဆင်ထားသည့် လူငယ်များ ဖြစ်သည်။ ဂါးရက်ကို လမ်းညွှန်ပေးသူက ဘေးဘီကို မကြည့်ဘဲ လျင်မြန်စွာလျှောက်သွားသောကြောင့် လေတိုက်သွားခဲ့သည်။
“မှတ်ပုံတင်ဖို့နဲ့ မှော်ဆရာတံဆိပ်ယူဖို့ လာတာလား။ ကျွန်တော့်နောက် လိုက်ခဲ့ပါ”
မှော်ဆရာစီမံခန့်ခွဲရေးဧရိယာကို အပိုင်းလေးပိုင်း ခွဲထားသည်။ အချက်အလက်စိစစ်ခြင်း၊ အိမ်ထောင်စုမှတ်ပုံတင်စီမံခန့်ခွဲခြင်း၊ အလုပ်အကိုင်မိတ်ဆက်ပေးခြင်းနှင့် ပညာရေးအကျိုးခံစားခွင့်များဖြစ်သည်။ အချက်အလက်စိစစ်ရေးကောင်တာတွင် မှော်ဆရာတစ်ဦးက လုပ်ငန်းဆောင်ရွက်နေပြီး ဂါးရက်ကတော့ စောင့်ဆိုင်းနေရာတွင် ထိုင်နေခဲ့သည်။ ချက်ချင်းပင် နောက်ထပ်မှော်ဆရာတစ်ဦးက ချဉ်းကပ်လာခဲ့သည်။
"မှတ်ပုံတင်ဖို့ လာတာလား။ ဘယ်ကလဲ"
ဂါးရက်က သူ့ကို လှမ်းကြည့်လိုက်သည်။ မှော်ဆရာ၏ဝတ်စုံတွင် အနားသတ်နှင့် လက်ဖျားတွင် ပန်းထိုးထားသည့် လှံတံပုံစံမရှိပေ။ အဲဒီအစား သူ့ရင်ဘတ်ပေါ်တွင် ရှေးကျသည့် ကြေးနီရောင်ကြယ်နှစ်လုံးပါသည့် အမည်းရောင်တံဆိပ်တစ်ခု တလက်လက်တောက်ပနေသည်။ ဂါးရက်၏ စူးစမ်းသည့်အကြည့်ကို မြင်သောအခါ သူက တံဆိပ်ကို ပေါ့ပေါ့ပါးပါး မြှင့်ပြလိုက်ပြီး “ဒါက ကျွန်တော့်ရဲ့ မှော်ဆရာတံဆိပ်၊ အဆင့် ၂ မှော်ဆရာပေါ့။ မှော်ဆရာဝတ်ရုံတွေထက် ဒီတံဆိပ်က ပိုအဆင်ပြေပါတယ်။ အဆင့်တက်တိုင်း ပန်းထိုးဖို့အတွက် တစ်ယောက်ယောက်ကို ရှာရတာ (သို့) ဝတ်ရုံအသစ်ဝယ်ရတာက စိတ်ရှုပ်စရာပဲ” ဟု ပြောသည်။
ပန်းပညာရှင် နော့်ဒ်မတ်ခ် ဖြစ်သည့် ဂါးရက်ကတော့ ဤကဲ့သို့အခက်အခဲများကို နားမလည်ကြောင်း ဖော်ပြလိုက်သည်။ ပန်းထိုးရုံသက်သက်ဆိုလျှင် ခွဲစိတ်ဆရာဝန်တိုင်း လုပ်နိုင်သည်မဟုတ်လား။ အချိန်ခရီးသွားပြီးနောက်တွင် သူ့၌ ကုသရေးပညာများရှိနေသော်လည်း ဘိုးဘွားအမွေအနှစ်ပညာများကို ဆက်လက်လေ့ကျင့်ရန် လိုအပ်နေသေးသည့်အတွက် လွယ်လွယ်နှင့်တော့ စွန့်လွှတ်နိုင်မည်မဟုတ်ပေ။
“ဟုတ်ကဲ့ မှတ်ပုံတင်ဖို့ လာတာပါ”
ဂါးရက်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူက စိတ်ဝင်တစားနှင့် “ဘာလို့မေးတာလဲ” ဟု မေးလိုက်သည်။
“မင်းမှာ မှော်ဆရာတံဆိပ်မရှိလို့လေ။ တံဆိပ်မရှိလည်း အဆင်ပြေပါတယ်။ အပြင်က မှော်
ဆရာအများစုက ဂရုမစိုက်ကြဘူး”
အသက် ၃၀ ဝန်းကျင်ခန့်ရှိပြီး ဆံပင်အညိုရောင်နှင့် ရေစက်လေးများပါနေသည့် မှော်ဆရာက ခန်းမကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါပေမဲ့ ဌာနချုပ်မှာဆိုရင် မှတ်ပုံတင်ပြီး တံဆိပ်ယူထားတာက ပိုအဆင်ပြေပါတယ်။ ဟိုမှာကြည့်၊ တံဆိပ်ရှိတဲ့ မှော်ဆရာတွေက အကုန်လုံးကို တိုက်ရိုက်လုပ်လို့ရတယ်။ ကောင်စီရဲ့ ထောက်ပံ့ကြေးတွေကိုလည်း တိုက်ရိုက်လွှဲပြောင်းပေးပါတယ်။ လစဉ်လစဉ် တန်းစီပြီးယူဖို့ မလိုဘူး”
ဒီတံဆိပ်ကို ဘဏ်ကတ်အဖြစ်လည်း သုံးလို့ရသလား။
ဂါးရက် စိတ်ဝင်စားနေသည်ကို မြင်သောအခါ မှော်ဆရာက ပို၍အသေးစိတ် ရှင်းပြသည်။ မှော်ပညာကျောင်းဝင်ခွင့်ကာလအတွင်း ကျောင်းတက်ရသူမဟုတ်ဘဲ နယ်မှနေ၍ ယခုမှရောက်လာသည့် မှော်ဆရာအမျိုးအစားဖြစ်သည့် ဂါးရက်က အိပ်မက်မက်နေသူတစ်ယောက်ဖြစ်သည်မှာ သေချာသည်။ နေးဗစ်မြို့၏ အခြေအနေကို မရင်းနှီးသေးသည့် ဤကဲ့သို့မှော်ဆရာများကို စွန့်စားခန်းများအတွက် သို့မဟုတ် အလုပ်များအတွက် ဈေးသက်သာစွာဖြင့် အလွယ်တကူ ငှားရမ်း၍ ရနိုင်သည်...
“ဪ၊ ဒါနဲ့ ကောင်စီရဲ့ ထောက်ပံ့ကြေးက နည်းနည်းလေး။ မင်းလို အဆင့် ၁ မှော်ဆရာဆိုရင် အလှူငွေရမှတ် တစ်ခုပဲ တစ်လကို ရမှာ၊ ရွှေဒင်္ဂါးပြားတစ်ပြားနဲ့ လဲလို့ရလောက်တဲ့ ပမာဏပဲ။ ဒီက နေးဗစ်မြို့မှာတော့ အရာအားလုံးက ဈေးကြီးတယ်။ ဒါကြောင့် မင်းဒီမှာနေချင်ရင် အလုပ်အမြန်ရှာရလိမ့်မယ်။ ကောင်စီက မကြာသေးမီကပဲ တာဝန်တွေကို ထုတ်ပြန်လိုက်တယ်၊ ဒူရီတောင်တွင်းမှာ မှော်ကျောက်သလင်းတွေ စုဆောင်းရမယ်။ စိတ်ဝင်စားလား”
ဂါးရက်: “...”
စိတ်မဝင်စားပါဘူး ကျေးဇူးတင်ပါတယ်။
သူ ငြင်းဆန်တော့မလိုရှိစဉ်မှာပင် သူ၏ရှေ့မှ လုပ်ငန်းဆောင်ရွက်နေသည့် မှော်ဆရာက သူ၏တံဆိပ်ကို ရရှိပြီး ထွက်သွားခဲ့သည်။ အချက်အလက်စိစစ်ရေးကောင်တာမှ စာရေးက စားပွဲကို ခေါက်လိုက်ပြီး အသံကိုမြှင့်လိုက်သည်။
"နောက်တစ်ယောက်"
ဂါးရက်က ဆံပင်အညိုရောင် မှော်ဆရာကို နှုတ်ဆက်ပြီး ရှေ့သို့ဆက်လျှောက်သွားသည်။ သူထိုင်လိုက်သည်နှင့် စာရေးက စာရွက်တစ်ရွက်ထုတ်ပြီး သူ့ဆီသို့ တွန်းပေးလိုက်သည်။ “အချက်အလက် စိစစ်ဖို့လား။ ဒီဖောင်ကို ဖြည့်ပါ”
ဂါးရက်က ခေါင်းငုံ့ပြီး စာရွက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏နှုတ်ခမ်းများကို မသိမသာစေ့လိုက်သည်။ သူ၏ရှေ့မှ စာရွက်သည် ကြွပ်ဆတ်ပြီး ဖြူဖွေးနေသောကြောင့် သူပထမဆုံး အချိန်ခရီးသွားစဉ်က စာရေးကိရိယာဆိုင်၌ ဝယ်ခဲ့သည့် စာလိပ်ထက် အရည်အသွေးပိုကောင်းနေသည်။
မှော်ကောင်စီကတော့ တကယ်ကို ချမ်းသာသည်...
သူသည် ဘေးမှ ငှက်တောင်ကလောင်ကို ကောက်ကိုင်လိုက်သည်။ ဖောင်တွင် သိပ်အများကြီးမရှိပါ။ နာမည်၊ အသက်၊ မူလနေရပ်၊ မှော်ပညာကို မည်သည့်ဘက်ကို စိတ်ဝင်စားသည်ဆိုသည်နှင့် အဆင့်ကိုသာ မေးထားသည်။ မှော်ကောင်စီက အခြားအသေးစိတ်အချက်အလက်များကို သိပ်အာရုံမစိုက်ဘူးဟု ထင်ရသည်။
ဂါးရက်က ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ရှေ့မှ အသက် ၃၀ ဝန်းကျင် မှော်ဆရာက ရေနွေးကြမ်းကို ဖြည်းဖြည်းချင်းသောက်နေသည်။ ဂါးရက်၏အကြည့်ကို သတိထားမိသောအခါ သူက နောက်ထပ်စာရွက်နှစ်ရွက်ကို ပစ်ပေးလိုက်ပြီး ပေါ့ပေါ့ပါးပါးနှင့် ပြောသည်။
“အခြားအသေးစိတ်အချက်အလက်တွေကို နောက်စာရွက်မှာ ရေးလို့ရတယ်။ ဥပမာ၊ မင်းအရင်က ဘယ်မှာ မှော်ပညာသင်ခဲ့တာလဲ၊ ဘယ်တာဝန်တွေကို ပြီးမြောက်ခဲ့လဲ၊ (သို့) ဘယ်ပိုင်ဆိုင်မှုတွေ ရှိလဲဆိုတာပေါ့။ ဒီဌာနချုပ်မှာဆိုရင် အနာဂတ်မှာ ပဋိပက္ခတွေ ဖြစ်လာခဲ့ရင် အဆင်ပြေစေဖို့ မှော်ကောင်စီကို အပ်နှံပြီး စီမံခန့်ခွဲခိုင်းလို့ရပါတယ်”
ဪ ဒါဆိုရင် ကျွန်တော့်ရဲ့ ဆေးရုံနဲ့ အိမ်ခြံမြေတွေကိုပါ တစ်ခါတည်း မှတ်ပုံတင်လို့ ရတယ်ပေါ့။ အိမ်ခြံမြေတွေကို မှော်တာဝါကို စီမံခန့်ခွဲခိုင်းလို့လည်း ရတယ်ပေါ့။ ကောင်းလိုက်တာ။ နောက်ဆုံးတော့ ချမ်းသာပြီကွ။
ဂါးရက်၏နှုတ်ခမ်းများသည် အနည်းငယ်ကွေးညွတ်သွားပြီး စာရေးရန် စတင်လိုက်သည်။ စာရေးက သူရေးတာကို မပြီးမချင်း စောင့်နေ၏။
ဖောင်ဖြည့်ပြီးသည်နှင့် သူက ၎င်းကိုယူပြီး ကြီးမားသော ပွင့်လင်းမြင်သာသည့် ခရစ္စတယ်ပေါ်တွင် တင်လိုက်သည်။ “ဒစ်” ဟူသော အသံနှင့်အတူ အပြာရောင်အလင်းက အပေါ်မှနေ၍ ကျလာပြီး စာရွက်ပေါ်မှ စာများကို တစ်ကြောင်းချင်းစီ စစ်ဆေးသွားသည်။
ဂါးရက်က ကြည့်မနေတော့ဘဲ နောက်တစ်ကောင်တာသို့ ရွေ့သွားပြီး အမျိုးသမီးစာရေးတစ်ယောက်နှင့် စကားပြောရင်း ပျော်ပျော်ရွှင်ရွှင် စနောက်နေခဲ့သည်။ နောက်ဆုံးတော့ သူက နှုတ်ခမ်းနီဆိုးထားသည့် ပါးပြင်ကို ပုတ်ခွင့်ပေးလိုက်သည်။
ဖောင်ဖြည့်ပြီးသည့်နောက် ဂါးရက်က သူ၏မေးကို လက်ဖြင့်ထောက်ကာ အတွင်းဘက်ကို ချောင်းကြည့်နေခဲ့သည်။ ခဏအကြာတွင် ခရစ္စတယ်၏အပေါ်၌ လှည့်လို့ရသည့်ဘုတ်ပြားတစ်ခု ပွင့်သွားပြီး “ဒိန်” ဟူသော အသံနှင့်အတူ တံဆိပ်တစ်ခုက ဖောင်ပေါ်သို့ ကျလာခဲ့သည်။ စာရေးကလည်း မသိသလိုနှင့် ဖောင်နှင့်တံဆိပ်ကို ကောက်ယူလိုက်ပြီး ဂါးရက်ရှေ့သို့ လာကာ ပစ်ချလိုက်သည်။
“မင်းရဲ့ စိတ်စွမ်းအင်ကို အဲဒီထဲကို ထည့်လိုက်”
ဂါးရက်က သူ့ကို လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ ညွှန်ကြားချက်အတိုင်း သူ၏ စိတ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်။ စာရေးက တံဆိပ်ကို စားပွဲ၏အစွန်း၌ရှိသည့် မှော်အစီအရင်တစ်ခုထဲ ထည့်လိုက်ပြီး တစ်ခုခုကို ဖိလိုက်သည်။
မှော်အစီအရင်ပေါ်မှ မျဉ်းကြောင်းများက ရုတ်တရက် တောက်ပလာပြီး စားပွဲ၊ ကြမ်းပြင်နှင့် နံရံများပေါ်မှ စီးဆင်းနေသည့် အလင်းရောင်များနှင့် ဆက်သွယ်သွားသည်။ တိတ်ဆိတ်စွာပင် အနက်ရောင်တံဆိပ်၏ အလယ်မှ ကြေးနောင်ကြယ်တစ်ပွင့်က လင်းလာသည်။
“အဆင့် ၁ မှော်ဆရာ”
စာရေးက ဂရုမစိုက်သည့်ပုံစံဖြင့် ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ စားပွဲအောက်မှ စာရွက်တစ်
ရွက်ကို ထုတ်ယူလိုက်သည်။
“ဒီမှော်ဆရာတံဆိပ်က မင်းရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ ထည့်သွင်းလိုက်တဲ့ စိတ်စွမ်းအင်ကို မှတ်တမ်းတင်ထားမှာပါ။ သက်ဆိုင်ရာ မှတ်စုတွေနဲ့ အသုံးပြုပုံတွေကို ဒီစာရွက်ပေါ်မှာ ရေးထားတယ်။ ပြန်သွားပြီး သေချာဖတ်လိုက်။ မင်းရဲ့ မှော်ပညာအဆင့် ပြောင်းသွားရင် ပြန်မှတ်တမ်းတင်ဖို့ ဒီနေရာကို လာဖို့မမေ့နဲ့ (သို့) ခရိုင်က မှော်ဆရာတာဝါမှာလည်း လုပ်လို့ရတယ်”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
ဂါးရက်က လက်လှမ်းပြီး ယူလိုက်သည်။
“တံဆိပ်ရော”
“ခဏလေး ဘာလို့လောနေတာလဲ”
စာရေးက နောက်ဆုံးတော့ ရေခွက်ကို လွှတ်ချလိုက်သော်လည်း ဂါးရက်ကို စိုက်ကြည့်လိုက်
သည်။
“ငါတို့ မင်းရဲ့ နားမလည်နိုင်တဲ့ သုတေသနအဆင့်ကိုလည်း မှတ်တမ်းတင်ဖို့ လိုတယ်။ တကယ်တော့ အချိန်ကုန်တယ်ကွာ။ အဆင့် ၁ မှော်ဆရာက ဘယ်လို နားမလည်နိုင်တဲ့အဆင့် ရှိနိုင်မှာလဲ။ ရမှတ်တစ်ဝက်တောင် မရှိလောက်ဘူး...”
နောက်ဆုံးစကားကို အသံအလွန်တိုးတိုးနှင့် ပြောလိုက်ပြီး မျက်လုံးများကို စားပွဲပေါ်တွင် စိုက်ကြည့်နေသည်။ သူ့ဘာသာသူ ပြောနေသလိုပင်။ သူပြောနေချိန်တွင် အရှိန်က တဖြည်းဖြည်းနှေးလာပြီး အသံကလည်း တဖြည်းဖြည်းတိုးလာခဲ့သည်။ အနက်ရောင်တံဆိပ်၏ အစွန်း၌ စက်ဝိုင်းပုံစံကွင်းတစ်ခုက ဖြည်းဖြည်းချင်းနှင့် ခိုင်မြဲစွာ ပေါ်လာခဲ့သည်။ တစ်ခုတည်းသော ကြေးနီရောင်ကြယ်၏ အလင်းအောက်တွင် ငွေရောင်ကွင်းက ပို၍တောက်ပလာခဲ့သည်။