အခန်း (၅၄၁)
Vol. 37 Ch. 541
ရုတ်တရက် ရောက်လာခဲ့ပြီး အလျင်အမြန် ပြန်လည် ထွက်ခွာသွားသော အင်ပါယာအဆင့် လူငယ်ကြောင့် ဝေ့ယွဲ့အပါအ၀င် ဝေ့နိုင်ငံမှ ကောင်းကင်ဘုရင် နှစ်ယောက်လုံး မှင်သက်ကျန်ခဲ့ကြ၏။
[ Note : အဲ့ဒီလူငယ်က အင်ပါယာအဆင့်ကျင့်ကြံသူပါ ၊ ရှေ့အပိုင်းမှာ ကျွန်တော် မျက်စိမှောက်သွားလို့ပါ God Emperor နဲ့ God Kingလွဲသွားတယ် ]
“ ထူးဆန်းလိုက်တာ…”
ဝေ့ယွဲ့ မနေနိုင်ဘဲ ရေရွတ်မိလိုက်သည်။
သို့သော် ဝေ့ယွဲ့နောက်ဘက်ရှိ ကောင်းကင်ဘုရင်နှစ်ယောက်အနက် တောင်းပိုင်းနယ်စပ်သို့ မကြာခဏ ရောက်လာဖူးသော ရှုဇီဆိုသူက ထွက်ခွာသွားသော လူငယ်၏ ကျောပြင်အား စိုက်ကြည့်နေခဲ့သည်။
သူ့မျက်၀န်းများအတွင်း ထူးဆန်းမှုတစ်ခု စွန်းထင်းနေ၏။
“ ဘာလို့လဲ ရှုဇီ… မင်း သူ့ကို သိလို့လား…”
ကျန်ကောင်းကင်ဘုရင်တစ်ယောက်က အဖော်ဖြစ်သူ၏ ထူးဆန်းနေမှုကိုမြင်လျှင် မေးမြန်းလိုက်သည်။
ရှုဇီ ရှုပ်ထွေးစွာ ခေါင်းယမ်းလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့် အင်ပါယာအဆင့် လူငယ် ထွက်သွားရာဘက်သို့ အမြန်လှည့်ကြည့်လိုက်ကာ
“ ကျုပ် သူနဲ့တော့ မရင်းနှီးဘူး… ဒါပေမယ့် အဲ့ဒီ အင်ပါယာရဲ့ နာမည်က တောင်ပိုင်းနယ်စပ်မှာ နည်းနည်းတော့ထူးခြားတယ်… ဘုရင်မင်းမြတ် နဲ့ အစ်ကိုလင်းတို့လည်း သူ့နာမည်ကိုကြားရင် သိမှာ သေချာတယ်…”
“ အိုး… ဟုတ်လား…”
ရှုဇီ၏ စကားကြောင့် ဝေ့ယွဲ့နှင့် လင်းဇောင်တို့ သံသယမျက်၀န်းများဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြ၏။
ရုတ်တရက် သူတို့ အသိစိတ်ထဲ အမည်တစ်ခု ထွက်ပေါ်လာလေသည်။
“ သူက မဟာဂိုဏ်းကြီးက စွန့်ပစ်ခံအင်ပါယာ ကုချီများလား…”
သို့သော် သူတို့ စကားများ လမ်းခုလတ်၌ ရပ်တန့်သွား၏။
အဘယ်ကြောင့်ဆိုသော် ထိုလူငယ်က အင်ပါယာအဆင့် ကျင့်ကြံခြင်းအခြေခံရှိနေပြီး ၎င်း၏ နတ်အသိက အလွန်ကျယ်ပြန့်သည်။
မတော်တဆ နားလည်မှုလွဲပြီး စိတ်ဆိုးသွားပါက ခက်ချေရော့မည်။
နောက်ဆုံးတွင် ကုချီဆိုသော နာမည်က တောင်ပိုင်းနယ်စပ်တွင် ကျော်ကြားသော်လည်း ကောင်းမွန်သော ကျော်ကြားခြင်းတော့မဟုတ်ပေ။
သူတို့အမေးကို ရှုဇီ ခေါင်းညိတ်အတည်ပြုလိုက်ပြီးနောက် သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်ကြသည်။
ထို ကုချီဆိုသည့် လူငယ်က တောင်ပိုင်းနယ်မြေမှ ဒေသခံမဟုတ်ချေ။
၎င်းက ချီလင်းတန်ကဲ့သို့ အရှေ့ပိုင်းနယ်မြေ၌ မွေးဖွားခဲ့သူဖြစ်၏။
သို့သော် ချီလင်းတန်နှင့် ယှဉ်ပါက ကုချီထံတွင် အထင်ကြီးစရာ နောက်ခံမျိုးတော့မရှိချေ။
ကုချီ၏ မိသားစုက သေမျိုးမိသားစု တစ်ခု ဖြစ်ကာ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ မတော်တဆ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကျင့်ကြံခြင်းလမ်းကြောင်းပေါ် စတင်အခြေချ လာခဲ့စဉ် ကုချီ ကိုးကွယ်ဆည်းကပ်ခဲ့သော လက်ဦးဆရာက အရှေ့ပိုင်းနယ်မြေရှိ ဂိုဏ်းငယ်လေး တစ်ခုမှ ဖြစ်သည်။
ထိုဆရာသခင်က အခြေတည်ဝိညာဉ်အဆင့်၌သာရှိပြီး ၎င်းပိုင်ဆိုင်သော အရင်းအမြစ်နှင့် လမ်းညွှန်မှုများကလည်း အလွန်သေးငယ်လွန်းလှ၏။
သို့သော် ကုချီက ထိုအရာများကြောင့် ရပ်တန့်မသွားခဲ့ဘဲ အခက်အခဲများအား အံ့တုကာ ရှေ့သို့ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
စကားထဲပင် ထည့်ပြောရန် မထိုက်တန်လှအောင် သေးငယ်သော အရင်းအမြစ်များဖြင့် ကုချီက အသက်(၃၀) မတိုင်မီ ဘုရင်အဆင့်သို့ ရောက်ရှိခဲ့၏။
ထို့နောက် ၎င်း၏ သတင်းက ဖေးရှန့်ဂိုဏ်းထံသို့ပင် ရောက်ရှိသွားသည်။
၎င်းတို့က ကုချီအား ခေါ်ဆောင်ရန် တပည့်တစ်ဦးစေလွှတ်ခဲ့ပြီး အပြင်စည်းတပည့်အဖြစ် လက်ခံပေးခဲ့၏။
သို့သော် မမျှော်လင့်ထားစွာနှင့် အပြင်စည်းဌာန၌ ပါရမီအကဲဖြတ်ရာတွင် ကုချီထံ၌ တာအိုခန္ဓာပိုင်ဆိုင်ထားကြောင်း ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်မှစပြီး ကုချီ၏ ဘ၀က တဆစ်ချိူး ပြောင်းလဲကာ ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့ပြီး ဖေးရှန့်ဂိုဏ်း တပည့်ခေါင်းဆောင် နေရာအတွက် အားကောင်းသော ပြိုင်ဘက်အဖြစ် ရည်ရွယ်လျက် ဖေးရှန့်ဂိုဏ်းက ဂရုတစိုက် ပျိုးထောင်ပေးခဲ့သည်။
ထိုအချိန်တွင် ကုချီက ချီလင်းတန်နည်းတူ ကျော်ကြားခဲ့၏။
ဤသို့ဖြင့် ကုချီ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်လာပြီးနောက် သူ၏ မူလ တာအိုခန္ဓာက အပြည့်အ၀နိုးထလာခဲ့သည်။
သို့သော် ကံကြမ္မာက ကုချီအား ကျီစယ်သွားခဲ့သည်။
သူ၏ မူလ တာအိုခန္ဓာက နိုးထလာခဲ့သော်လည်း ၎င်းနှင့်အတူ မွေးဖွားလာသော မူလတာအို ရတနာ အရိုး၌ တာအိုအဆင့် ကျင့်စဉ်ပါ၀င်မလာခဲ့ပေ။
၎င်းက သလင်းကျောက်အရိုးသက်သက်သာ ဖြစ်နေခဲ့သည်။
ထိုကိစ္စက ကုချီကို ချီလင်းတန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း လုံး၀ဆုံးရှုံးသွားစေခဲ့၏။
ထိုမျှမကသေးဘဲ ဖေးရှန့်ဂိုဏ်းအတွင်း၌ ချီလင်းတန်၏ ဖိအားပေးမှုများကြောင့် ဂိုဏ်းမှ နှင်ထုတ်ခံလိုက်ရပြီး အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး၌ ဟာသ သဖွယ်ဖြစ်ခဲ့ရသည်။
မဟာဂိုဏ်းကြီးမှ စွန့်ပစ်ခံဆိုသော်အမည်က ထိုမှနေ၍ ဆင်းသက်လာခဲ့ခြင်းဖြစ်၏။
…
ဝေ့ယွမ်တို့အဖွဲ့ ထိုကိစ္စအား ဆွေးနွေးနေစဉ် လေသံကို လျှော့ထားခဲ့ကြသည်။
သို့သော် ကုချီကတာအိုခန္ဓာပိုင်ရှင်ဖြစ်ပြီး ၎င်းက ချို့ယွင်းနေလျှင်တောင် နတ်အသိနှင့်ပတ်သက်ပြီး သာမန် အင်ပါယာများ ယှဉ်နိုင်သော အရာမဟုတ်ချေ။
သူတို့စကားများကို ကုချီ ရှင်းရှင်းလင်းလင်းကြားနေရ၏။
သို့သော် အလားတူအခြေအနေများကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ထိုကိစ္စများနှင့် ပတ်သက်၍ အလွယ်တကူ လျစ်လျူရှုနိုင်စွမ်းရှိလာခဲ့သည်။
ကုချီ ကျောထက်၌ လွယ်ထားသော ဓားရှည်အား လက်ဖြင့် အုပ်ကိုင်လိုက်ပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်၀န်းများဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
သို့သော် သူ့မျက်၀န်းများထဲ၌ ဖြေရှင်းမရနိုင်သော စိုးရိမ် ပူပန်မှုများ စွန်းထင်းနေဆဲပင်။
သူ ဖေးရှန့်ဂိုဏ်းမှ နှင်ထုတ်ခံလိုက်ရပြီးနောက် အရှေ့ပိုင်းနယ်မြေကို စွန့်ခွာကာ တောင်ပိုင်းနယ်စပ်သို့ ရောက်လာခဲ့၏။
သူ၏ မူလတာအိုခန္ဓာက အသုံးမ၀င်သော်ငြား လောကကြီးအပေါ် အရှုံးပေးရန် စိတ်ကူးမရှိဘဲ အကောင်းဆုံး ဆက်လက် ကြိုးစား လေ့ကျင့်ခဲ့သည်။
သို့သော် သူက ဖေးရှန့်ဂိုဏ်းမှ နှင်ထုတ်ခံခဲ့ရသည်ဖြစ်ရာ ထိုနေရာ၌ သင်ယူခဲ့ရသော ကျင့်စဉ်များကို အသုံမပြုနိုင်တော့ချေ။
သို့မဟုတ်ပါက ဖေးရှန့်ဂိုဏ်း၏ လိုက်လံရှာဖွေ အပြစ်ပေးခြင်းကို ခံရပေလိမ့်မည်။
ထိုအခါ သူ့နောက်ကွယ်မှ မိသားစုနှင့် အတိတ်တုံးက မိတ်ဆွေများပါ ပြသနာတက်သွားပေလိမ့်မည်။
ထို့ကြောင့် ကျင့်ကြံခြင်းလမ်းစဉ် အစောပိုင်း၌ သင်ယူခဲ့ရသော ပညာရပ်များကိုသာ အသုံးပြုနိုင်ခဲ့သည်။
သို့သော် ထိုကဲ့သို့ ဆိုးရွားသော အခြေအနေ၌ပင် ကုချီ အရှုံးမပေးသေးချေ။
ကျင့်စဉ်များ ၊ ပညာရပ်များ မရှိတော့ကော ဘယ်အရေးနည်း...?
သူက ဓားပညာကို လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့၏။
ထို့နောက် ကုချီက ဓားတာအိုတွင် မယုံကြည်နိုင်စရာကောင်းလောက်သော အောင်မြင်မှုများ ရရှိလာပြီး ကမ္ဘာကြီးကို အံ့အားသင့်သွားစေခဲ့သည်။
သူက ဓားတာအိုကို စတင်လေ့ကျင့်ပြီး သိပ်မကြာမီ အဆင့်(၂) ဓားရည်ရွယ်ချက်ကို နားလည်နိုင်ခဲ့၏။
ထိုမှတဆင့် ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးကာ အင်ပါယာအဆင့်သို့ ချိူးဖျက်နိုင်ခဲ့သည်။
သို့သော် ကံကြမ္မာက ကုချီအား အဆုံးမဲ့
ကျီစယ်နေခဲ့၏။
သူ၏ အောင်မြင်မှုများအလယ်တွင် ကုချီတစ်ယောက် ၀မ်းနည်းဖွယ် အမှန်တရားတစ်ခုကို ရှာတွေ့ခဲ့လေသည်။
သူပိုင်ဆိုင်ထားသော မူလတာအိုခန္ဓာ၏ ချို့ယွင်းချက်များကြောင့် အင်ပါယာအဆင့်သို့ ချိုးဖျက်ပြီးနောက် ကျင့်ကြံမှုက ရှေ့သို့ တစ်လက်မမျှ ဆက်တိုးနိုင်ခြင်းမရှိတော့ချေ။
ဤသို့ဖြင့် ကုချီထံတွင် မဟာဂိုဏ်းကြီးမှ စွန့်ပစ်ခံဟူသော အမည်အပြင် ကျန် နာမည်တစ်ခုကိုပါ ပိုင်ဆိုင်လာခဲ့၏။
ယင်းက စွန့်ပစ်ခံဓားအင်ပါယာ ဟူ၍ပင်…
ထိုအမည်၏ ရည်ရွယ်ချက်က ရိုးရှင်းပေသည်။
ကုချီက လောကကြီးကို အရှုံးမပေးဘဲ ဓားတာအိုသို့ ပြောင်းလဲ လေ့ကျင့်ခဲ့သော်လည်း နောက်တစ်ကြိမ် အတားအဆီးနှင့် ရင်ဆိုင်ခဲ့ရ၏။
အရှေ့ပိုင်းတိုက်ကြီးမှ လူများအမြင်တွင် ကုချီက လုံး၀ ကံဆိုးသောလူတစ်ယောက်ဖြစ်ပေသည်။
၎င်းအနေဖြင့် ဆက်လက် မကြိုးစားတော့ဘဲ လက်လျှော့သင့်နေပြီဖြစ်၏။
သို့သော် ကုချီ၏ ဆုံးဖြတ်ချက်က လူတိုင်းကို ထပ်မံ၍ အံ့အားသင့်သွားစေပြန်သည်။
သူက လုံး၀ လက်မလျှော့ရုံသာမက ကျင့်ကြံခြင်းအဆင့်၌ ရှေ့ဆက်မတိုးနိုင်တော့သဖြင့် သူ၏ စွမ်းအားများအားလုံးကို ဓားတာအို အပေါ်၌ ပုံအော မြှုပ်နှံထားလိုက်တော့၏။