← Chapters

အခန်း (၅၄၂)

Vol. 37 Ch. 542

အခန်း (၅၄၂)

Vol. 37 Ch. 542

ဤသို့ဖြင့် နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် ကုချီက အဆင့်(၂) ဓားရည်ရွယ်ချက်မှ နေ၍ အဆင့်(၃) ဓားရည်ရွယ်ချက် တံခါး၀သို့ ရောက်ရှိသွားခဲ့၏။

သို့သော် ထိုနေရာသို့ရောက်ပြီးနောက် သူ မည်မျှ ကြိုးစားပါစေ ဆက်လက် တိုးတက်ခြင်းမရှိတော့ချေ။

ထို့ကြောင့် ကုချီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့ပြီး ကမ္ဘာတစ်ပါတ် ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့ဖြင့် ကုချီ လှည့်လည်သွားလာနေစဉ် ရွှမ်ယီနှင့်ပတ်သက်သော သတင်းများကို ကြားလိုက်ရ၏။

ရွှမ်ယီ...

အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံမှု...

အမည်မသိနောက်ခံ...

သူက တောင်ပိုင်းကောင်းကင်တံခါးတွင် ကိုယ်တိုင် နာမည်တစ်ခု ရေးထိုးနိုင်ခဲ့သူဖြစ်၏။

အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံမှုဖြင့် ဓားတစ်လက်ကိုင်ဆောင်ကာ အင်ပါယာအဆင့်ကျင့်ကြံသူများအား ကြက်သတ်သလို သတ်ပစ်ခဲ့သည်။

အထူးသဖြင့် ရွှမ်ယီက နက်နဲခြင်းအင်ပါယာဂိုဏ်း တည်ထောင်လိုက်ကြောင်းနှင့် သူက ဂိုဏ်းချုပ်ဖြစ်ကြောင်း ပြောခဲ့ချိန်တွင်…

လူတိုင်းက သူ ကြွားလုံးထုတ်ပြီး အဓိပ္ပာယ်မရှိသောအရာများ ပြောဆိုနေသည်ဟု ထင်မှတ်ကာ လှောင်ပြောင်ခဲ့ကြ၏။

ယင်းက သူဖြတ်သန်းခဲ့ရသော အတွေ့အကြုံနှင့် အလွန်နီးစပ်သည် မဟုတ်ပေလော။

သို့သော် ရွှမ်ယီက မည်သည့်စကားမှ မဆိုခဲ့ဘဲ ခွန်အားနှင့် သက်သေပြခဲ့ပြီး ဝေဖန်သူများအား ပါးစပ်ပိတ်သွားစေခဲ့သည်။

ကုချီ၏ အနာဂတ်အတွက်မူ…

သူက အင်ပါယာလျူယန်အား ဓားတစ်ချက်ဖြင့် သတ်ဖြတ်ကာ မင်းဆက်တစ်ခုအား ဓားတစ်လက်နှင့် ဖျက်ဆီးခဲ့သော ရွှမ်ယီ၏ သူရဲကောင်းဆန်သော အသွင်အပြင်ကို မြင်တွေ့ခဲ့ရသည်။

နောက်ဆုံးတွင် သူ အဖြေကို ရှာတွေ့သွားခဲ့၏။

ရွှမ်ယီအား သူ၏နှလုံးသားထဲမှ လေးလေးနက်နက် ဆရာအဖြစ် ကိုးကွယ်ဆည်းကပ်ချင်ခဲ့သည်။

သို့သော် ကုချီ၏ နှလုံးသားထဲတွင် ရှောင်လွှဲမရနိုင်သော စိုးရိမ်ပူပန်မှုတစ်ခုက အမြဲတမ်း ရှိနေခဲ့၏။

ယင်းက သူ၏ ရုပ်ခန္ဓာမှ ချို့ယွင်းချက် ဖြစ်ပေသည်။

သူက နက်နဲခြင်းအင်ပါယာဂိုဏ်း ဝင်ခွင့်စမ်းသပ်မှုအကြောင်းကိုလည်း ကြားသိခဲ့ရပြီး နတ်ဆိုးမျိုးနွယ်စုခေါင်းဆောင်တစ်ဦး၏ ဦးခေါင်းကို ဖြတ်ရန်ကိစ္စက သူ့အတွက် ဘာမှမဟုတ်ချေ။

သို့သော် နက်နဲခြင်းအင်ပါယာဂိုဏ်းနှင့်ပတ်သက်ပြီး သူပို၍သိလာပြီးသည့်နောက် ထိုဂိုဏ်းမှတပည့်များက အလွန်ပါရမီကောင်းကာ အစွမ်းထက်ကြောင်း သိရှိခဲ့ရသည်။

၎င်းတို့အားလုံးထံတွင် မျှော်မှန်း၍မရနိုင်သော အနာဂတ်များ ပိုင်ဆိုင်ထားခဲ့ပြီး အနည်းဆုံး အင်ပါယာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် သေချာ၏။

ဥပမာ မြင့်မြတ်ခြင်း မူလလေလံစံအိမ်မှ လီလန်...

သူမတွင်နှစ်သွယ်အင်ပါယာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့ပြီး မိမိထက် အဆင့်မြင့်သူနှင့် လက်ရည်ညီ ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

ထို့အပြင် သူမက အသက် (၂၀) ဝန်းကျင်သာ ရှိသေးပြီး အင်ပါယာအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

ကောလာဟလများအရဆိုလျှင် ရွှမ်ယီ၏ တတိယတပည့် ဒေါင်ရွှမ်က ထူးခြားသော မျိုးရိုးတစ်ခုမှ ဆင်းသက်လာသူဖြစ်ကာ မြောက်ပိုင်းလွင်ပြင်မှ ရောက်ရှိလာသူတစ်ဦးဖြစ်သည်။

ထို့အပြင် သူမ၏ ယခင်ဆရာက ရွှမ်ယီ၏ အသိမိတ်ဆွေဟောင်းဖြစ်ပုံရသည်။

ထို့မျှမကသေးဘဲ သူမ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်ကောင်းမွန်လှ၏။

ထို့အပြင် တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်၏ မြေးနှစ်ယောက်ဖြစ်သော ပိုင်လီလီနှင့် ပိုင်ရှုရှု...

သူမတို့နှစ်ယောက်စလုံးတွင် အံ့မခန်းအရည်အချင်းများကို ပိုင်ဆိုင်ထားပြီး ရွှမ်ယီအား ဆရာအဖြစ် သတ်မှတ်ထားကြသည်။

သူတို့အားလုံး လက်ရှိမျိုးဆက်မှ ပါရမီရှင်များချည်းသာ ဖြစ်ကြသော်လည်း အားလုံးက ရွှမ်ယီအား လိုလိုချင်ချင် ဆရာအဖြစ် ကိုးကွယ်ထားကြ၏။

မှန်ပေသည်။

လက်ရှိအချိန်တွင် ကုချီ၏ တိုက်ခိုက်နိုင်စွမ်းက နက်နဲခြင်းအင်ပါယာဂိုဏ်းမှ တပည့်များအောက်မကျပေ။

ပို၍ပင် အစွမ်းထက်နေနိုင်၏။

သို့သော် အနာဂတ်တွင်မူ မည်သို့နည်း။

သူက မည်မျှပင် အရည်အချင်းရှိစေကာမူ ဓားတာအို၌ မည်မျှဆက်လက်လျှောက်လှမ်းနိုင်လိမ့်မည်ဟူသော အရာက မသေချာချေ။

သူက ကံကောင်းထောက်မစွာနှင့် ရွှမ်ယီထံမှ ဓားတာအိုနှင့် ပတ်သက်ပြီး အောင်မြင်မှု ဆယ်ပုံတစ်ပုံကို သင်ယူခွင့်ရခဲ့လျှင်ပင် အင်ပါယာတစ်ယောက်နှင့်သာ ယှဉ်နိုင်ပေလိမ့်မည်။

ကုချီက ရွှမ်ယီအား အလွန်အထင်ကြီးလေးစားနေခဲ့သော်လည်း ရွှမ်ယီက သူ့ကို တပည့်အဖြစ် လိုချင်မလိုချင်ကို သူကိုယ်တိုင်လည်း သေသေချာချာမသိပေ။

ကုချီ အတွေးများဖြင့် ရုန်းကန်နေရင်း ရှေ့သို့ဆက်လက်ပျံသန်းလာစဉ် ရုတ်တရက် မျက်စိရှေ့၌ လူတစ်စု ပေါ်လာခဲ့သည်။

ဓားရှည်တစ်ချောင်း ကျော၌ လွယ်ထားသော အမျိုးသားတစ်ဦး ၊ မိန်းကလေးတစ်ဦးနှင့် အရွယ်မရောက်သေးသော ဆယ်ကျော်သက် လူငယ်တစ်ဦး တို့၏ နောက်ကျော မြင်လိုက်ရ၏။

ရုတ်တရက် ကုချီ၏ မျက်လုံးများ အလွန်ပြူးကျယ်သွားခဲ့သည်။

သူ့အာရုံများက ရှေ့၌ မြင်နေရသော မိန်းကလေး နှင့် ဆယ်ကျော်သက် လူငယ်အား အလိုအလျောက် လျစ်လျူရှုလိုက်မိ၏။

သူ့အကြည့်များက ဓားလွယ်ထားသော အမျိုးသား၏ နောက်ကျောထက်၌သာ ရှိနေခဲ့ကာ အသက်ရှူသံများလည်း မြန်ဆန်လာခဲ့သည်။

သူက အမြဲတစေ တည်ငြိမ်ကာ စိတ်ဓာတ်ခိုင်မာသူတစ်ဦး ဖြစ်သည့်တိုင်အောင် အရှေ့ဘက်မှ အမျိုးသား၏ကျောပြင်အား မြင်လိုက်သည်နှင့် ကလေးတစ်ယောက်သဖွယ် ဖြစ်သွားခဲ့ရသည်။

ကုချီ အလွန်စိတ်လှုပ်ရှားနေခဲ့၏။

သူ ငယ်စဉ်တုန်းက ကျင့်ကြံခြင်းလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းတော့မည့်အချိန်တွင် ပထမဦးဆုံး လက်ဦးဆရာနှင့် တွေ့လိုက်ရသည့်အလား ခံစားနေရသည်။

သူစကားပြောရန် ပါးစပ်ကို အကြိမ်ကြိမ်ဖွင့်ဟလိုက်သော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ချေ။

“ ဆရာ… ကျွန်မတို့နောက်ကို တစ်ယောက်ယောက် လိုက်နေတယ်ထင်တယ်… သူ့ဆီကထွက်လာတဲ့ အရှိန်အဝါက တော်တော်လေးအားကောင်းတယ်…”

မျက်မှောင်ကြုတ်ရင်း စကားပြောလိုက်သော မိန်းကလေးက ဝေ့ယွမ်ဖြစ်ပြီး သူမ ရည်ညွှန်းလိုက်သော ဆရာဆိုသူကလည်း သဘာဝအတိုင်း ရွှမ်ယီဖြစ်ပေသည်။

ဝေ့ယွမ်၏ စကားကို ကြားလျှင် ရွှမ်ယီက နောက်သို့လှည့်မကြည့်ဘဲ အသာအယာပြုံးလိုက်ကာ

“ လွှတ်ထားလိုက်ပါ… သူ့ဘာသာ လိုက်ချင်ရင် လိုက်လာပါစေ…”

ထို့နောက် ရွှမ်ယီက တစ်စုံတစ်ခုအား တွေးမိလိုက်ဟန်တူပြီး ထပ်မံ၍

“ ဒါနဲ့ အဲဒီလူငယ်ရဲ့ ဓားပညာက အရမ်းကောင်းတယ်… မင်းရဲ့ ခြောက်ယောက်မြောက် ဂျူနီယာညီမလေးထက် မလျော့ဘူး…”

မိုင်(၁)ထောင်၀န်းကျင် ကွာဝေးသောနေရာမှ ကုချီ၏အရှိန်အဝါကို ရွှမ်ယီ နတ်အသိဖြင့် ခံစားကြည့်ရှုလိုက်သည်။

အင်ပါယာအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် ၎င်းတို့သက်တမ်းက အနည်းဆုံးနှစ်ပေါင်းတစ်သိန်း ရှိပေသည်။

လက်ရှိတွင် ကုချီ၏ အသက်က နှစ်ပေါင်း (၁၂၀၀၀)၀န်းကျင်သာ ရှိသေးပြီး အင်ပါယာအဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။

၎င်းက သာမန်လူများအတွက်ဆိုလျှင် ပါရမီရှင်ဟု ခေါ်ထိုက်နေပြီဖြစ်သည်။

သို့သော် နှစ်ပေါင်း (၁၂၀၀၀)ရောက်မှ အင်ပါယာအဆင့်သို့ ရောက်ရှိခြင်းက ရွှမ်ယီအတွက်မူ ထူးခြားခြင်း မရှိတော့ချေ။

သို့သော် ၎င်းက ထိုအသက်အရွယ်တွင် အဆင့်(၂) ဓားရည်ရွယ်ချက်ကို နားလည်ထားခဲ့ပြီး အဆင့်(၃) ဓားရည်ရွယ်ချက်၏ တံခါးဝသို့ ရောက်နေခဲ့ချေပြီ။

ထို့ကြောင့် ရွှမ်ယီပင်လျှင် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အသိအမှတ်ပြုကာ ထိုလူငယ်၏ ဓားတာအိုကို ကောင်းမွန်သည်ဟု မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ရွှမ်ယီထံတွင် တိုင်ရှုဓားခန္ဓာ ပိုင်ဆိုင်ထားပြီး ဓားရည်ရွယ်ချက်ကလည်း အဆင့်(၉)သို့ ရောက်ရှိနေပြီကို မေ့ထား၍ မရချေ။

ထို့အပြင် စနစ်မှ ပေးအပ်သော နတ်တန်ခိုးစွမ်းရည် ဖန်တီးခြင်းတာဝန် ပြီးမြောက်ခဲ့ပြီးနောက် သူ၏ဓားရည်ရွယ်ချက်က အဆင့်(၉)မှနေ၍ ဓားကမ္ဘာတစ်ဝက်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။

ဒဏ္ဍာရီများထဲတွင်သာ ရှိသော ဓားကမ္ဘာဆိုသည့်အဆင့်နှင့် ခြေလှမ်းတစ်ဝက်မျှသာ ဝေးကွာတော့၏။

သာမန်အတိုင်းဆိုလျှင် ရွှမ်ယီက တခြားလူများအပေါ် ချီးကျူးရန် ခဲယဉ်းပေသည်။

သို့သော် ယခုတွင် ထိုလူငယ်က ဓားတာအို၌ ပါရမီအလွန်ကောင်းမွန်သည်ဟု နှုတ်မှဖွင့်ဟကာ ချီးကျူးခဲ့၏။

ထိုလူက သူမ၏ ခြောက်ယောက်မြောက် ဂျူနီယာညီမ ပိုင်လီလီနှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်ခြင်းပေလော။

ဝေ့ယွမ်၏ လှပသော မျက်ဝန်းလေးများထဲ၌ အံ့အားသင့်မှုများ ဖြစ်ပေါ်လာခဲ့ပြီး မနေနိုင်ဘဲ နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။

All Chapters