အခန်း (၅၄၃)
Vol. 37 Ch. 543
ပိုင်လီလီအား သူမ မြင်ဖူးခြင်း မရှိသော်လည်း လက်ရှိဂိုဏ်းမှ အခြေအနေများနှင့် ပတ်သက်ပြီး ရွှမ်ယီ၏ ပြောပြခဲ့မှုများကြောင့် သူမတို့အကြောင်းနှင့် ပတ်သက်၍ ဝေ့ယွမ် ရင်းနှီးနေခဲ့သည်။
ဤသို့ဖြင့် ပိုင်လီလီထံတွင် မူလဓားနယ်မြေခန္ဓာကို ပိုင်ဆိုင်ထားကြောင်း သူမ သိရှိထား၏။
ပိုင်လီလီသာ အင်ပါယာအဆင့်သို့ ရောက်ရှိသွားပါက သူမ၏ခန္ဓာကိုယ်က လုံးဝပြည့်စုံစွာ နိုးထလာပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် တာအိုချီများ၏ အကူအညီဖြင့် သူမနှင့်သက်ဆိုင်သော ဓားနယ်မြေကို အလိုအလျောက် နိုးထစေနိုင်မည်ဖြစ်၏။
ခြောက်ယောက်မြောက် ဂျူနီယာညီမ ပိုင်လီလီသာ အင်ပါယာအဆင့်သို့ ရောက်ရှိသွားပါက သူမ၏ ဓားနယ်မြေစွမ်းအားဖြင့် အဆင့်တူကျင့်ကြံသူများထက် ကျော်လွန်သွားကာ အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း ရှိသွားပေလိမ့်မည်။
ကြည့်ရသည်မှာ ရွှမ်ယီ၏ ပုံစံကလည်း နောက်ပြောင်နေခြင်း အလျဉ်းမရှိချေ။
ဝေ့ယွမ် အလွန်အံ့အားသင့်သွားခဲ့၏။
ထို့နောက်မှ လိုက်လာသော လူငယ်၏ ဓားတာအိုပါရမီက အမှန်တကယ်ကို ပိုင်လီလီထက် နိမ့်ကျခြင်း မရှိခြင်းပေလော…?
ဝေ့ယွမ် မည်သို့ပင်ကြည့်စေကာမူ ကုချီထံမှ မည်သို့သော ထူးခြားချက်ကိုမှ မြင်တွေ့ခြင်း မရှိချေ။
ရွှမ်ယီ အနည်းငယ် ရယ်မောလိုက်ပြီး စကား ထပ်မပြောတော့ချေ။
ကုချီ သူတို့နောက်သို့ လိုက်ပါနေကြောင်း သူ စတင်ရိပ်မိခဲ့သည်နှင့် စနစ်ဖြင့် ၎င်းအား တစ်ချက်စစ်ဆေးကြည့်ခဲ့သည်။
ဤသို့ဖြင့် ကုချီ၏ အခြေအနေကို သူ ရှင်းလင်းစွာ နားလည်သွားခဲ့၏။
ကုချီ - ပါရမီအမှတ် (၅၄၇) ၊ မူလတာအိုခန္ဓာ (ပြည့်စုံခြင်း မရှိ)။
ထိုကုချီဆိုသောလူငယ်က မူလတာအိုခန္ဓာဖြင့် မွေးဖွားလာခြင်းဖြစ်သော်လည်း ၎င်း၏ မူလတာအို ရတနာအရိုးထဲတွင် တာအိုကျင့်စဉ် ပါဝင်လာခြင်း မရှိချေ။
၎င်းက အဘယ်ကြောင့်နည်း။
ထိုကိစ္စက တောင်ပိုင်းနယ်စပ်နှင့် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးတွင်ပင် ယခုအချိန်ထိ မဖြေရှင်းနိုင်သေးသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေခဲ့၏။
ပြောရမည်ဆိုလျှင် အရှေ့ပိုင်းတိုက်ကြီး တစ်ခုလုံး၌ပင် မဟာဂိုဏ်းကြီးက နှစ်ခုတည်းသာရှိပြီး ၎င်းတို့ထံ၌ ပိုင်ဆိုင်ထားသော အရင်းအမြစ်များမှာ ရေတွက်၍ပင် မရချေ။
သို့သော် ဖေးရှန့်ဂိုဏ်းမှ အကြီးအကဲပင်လျှင် ထိုအချိန်က ကုချီ၏အခြေအနေကြောင့် အလွန်ထိတ်လန့်သွားခဲ့ကာ ကိုယ်တိုင်ကိုယ်ကျစစ်ဆေးရန် သွားရောက်ခဲ့သော်လည်း မည်သည့်ထူးခြားချက်ကိုမှ မတွေ့ခဲ့ရပေ။
ကုချီအပေါ် ရက်စက်ကာ လှည့်စားခဲ့သော ကံကြမ္မာပေါ်တွင် အပြစ်ပုံချရန်သာ တတ်နိုင်ခဲ့၏။
သို့သော် ရွှမ်ယီထံတွင် စနစ်ကို ပိုင်ဆိုင်ထားပြီး ကုချီ၏ မူလတာအိုခန္ဓာမှ အကြောင်းရင်းကို သိရှိပြီးနောက် အနည်းငယ် ရယ်မောမိလိုက်သည်။
ကုချီ၏ မူလတာအိုအရိုးအတွင်း၌ တာအိုကျင့်စဉ် မဖွဲ့စည်းနိုင်ခြင်းအကြောင်းရင်းက တစ်ခုတည်းသာရှိ၏။
ယင်းက ကုချီ ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းခဲ့အချိန်တုန်းက တည်ဆောက်ခဲ့သော အဆင့်များ၌ အခြေခံအုတ်မြစ်က အားနည်းလွန်းသောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် ကုချီထံတွင် အားကောင်းသော နောက်ခံကို ပိုင်ဆိုင်ထားခြင်းမရှိဘဲ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းချိန်တွင် အလွန်အမင်းအဆင့်မြင့်သော ကျင့်စဉ်များ လေ့ကျင့်ခွင့် မရခဲ့သောကြောင့်ဖြစ်သည်။
သို့သော် ယခုမြင်တွေ့ရသလောက်ဆိုလျှင် ထိုကုချီဆိုသော လူငယ်က သူ၏ အခြေခံအုတ်မြစ်များကို အသေအချာလေး တည်ဆောက်ခဲ့ပုံရ၏။
အမှန်အတိုင်းဆိုရမည်ဆိုလျှင် သူ၏ မူလတာအို ရတနာအရိုးအတွင်းမှ တာအိုအဆင့်ကျင့်စဉ်ကို ပြည့်စုံစွာ နိုးထစေရန် လိုအပ်သော အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်များက ထိုမျှနှင့် မလုံလောက်သေးပေ။
သူ၏ မူလတာအို ရတနာအရိုးအတွင်းမှ တာအိုကျင့်စဉ်ကို အမှန်တကယ် ပြည့်စုံစွာ ဖြစ်ပေါ်လာစေလိုပါက ကျင့်ကြံခြင်းလမ်းကြောင်းအစမှ လက်ရှိရောက်နေသောအဆင့်ထိ ကြားအဆင့်တိုင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိရန် လိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ တာအိုခန္ဓာအမည်၌ပင် မူလဟူသော စကားလုံး ပါဝင်နေသောကြောင့်ဖြစ်၏။
ယင်းက အရာအားလုံး၏ မူလအစဆိုသောသဘော သက်ရောက်နေပေသည်။
သာမန်အားဖြင့်ဆိုလျှင် တာအိုခန္ဓာပိုင်ဆိုင်သူများက ၎င်းတို့ တာအိုအရိုးအတွင်း၌ ပါဝင်သော တာအိုကျင့်စဉ်များကို ကျင့်ကြံပါက တာအိုအရှင်သခင်အဆင့်သို့ တန်းတန်းမတ်မတ် ရောက်ရှိသွားနိုင်သည်။
ယင်းက အလွန်ကောင်းမွန်လှ၏။
သို့သော် ကုချီ၏ မူလတာအိုခန္ဓာနှင့်ပတ်သက်ပြီး စနစ်ထံမှ ရှင်းလင်းချက်အရဆိုလျှင် ထိုခန္ဓာ၌ ဖြစ်ပေါ်လာသော မူလတာအို ရတနာအရိုးအတွင်းမှ တာအိုကျင့်စဉ်အား လေ့ကျင့်လျှင် ကုချီအနေဖြင့် တာအိုအရှင်သခင်အဆင့်၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားနိုင်ခြေရှိသည်။
ရွှမ်ယီ ရယ်စရာကောင်းသည်ဟု ခံစားနေရခြင်းမှာ ဖေးရှန့်ဂိုဏ်းက ကုချီ၏ မူလတာအို ရတနာအရိုးမှ တာအိုကျင့်စဉ်ကို ဖြစ်ပေါ်လာစေရန် မစွမ်းဆောင်နိုင်ခဲ့သောကြောင့်ပင်။
ရွှမ်ယီက ကုချီ ခေါင်းအထက်မှ အထူးအမှတ်အသား ပြုထားသော စာကြောင်းတစ်ကြောင်းကို မြင်နေရ၏။
[ မူလ တာအိုခန္ဓာ ( ပြီးပြည့်စုံခြင်း ) ]
[ အသက်သွင်းရန် နည်းလမ်း - ကျင့်ကြံခြင်း အခြေခံအုတ်မြစ်များအား ပြန်လည် ဖန်တီးရန်အတွက် နတ်ဘုရားအရင်းအမြစ် ဂျင် (၁)သန်း နှင့် တာအိုအရင်းအမြစ် ဂျင် (၅)သိန်း အသုံးပြုပါ ၊ ထို့နောက် အသက်၀င်လာပေလိမ့်မည် ]
ရွှမ်ယီ၏ မျက်နှာ အမူအရာ ပြောင်းလဲမှုက သိမ်မွေ့သော်လည်း ဝေ့ယွမ်၏ မျက်စိအောက်မှ လွတ်မြောက်ခဲ့ခြင်းမရှိချေ။
သူမက သံသယဖြစ်စွာနှင့် မေးလိုက်၏။
ဤကိစ္စက ဖုံးကွယ်ထားစရာ အကြောင်းမရှိသဖြင့် ရွှမ်ယီက ပြုံးလိုက်ပြီး ဝေ့ယွမ်ဦးခေါင်းကို တစ်ချက်ပုတ်လိုက်ကာ ကုချီ၏ ခန္ဓာကိုယ်မှ ပြသနာအကြောင်း ပြောပြလိုက်သည်။
“ အဲ့လူ ဒီလောက်ထိ ချီတုံချတုံ ဖြစ်နေတာ မထူးဆန်းတော့ပါဘူး… ဆရာ သူ့ကို လက်မခံမှာ စိုးရိမ်နေတာပဲ…”
ဝေ့ယွမ်က ကုချီအား သနားစာနာသော မျက်၀န်းများနှင့် လှမ်းကြည့်လိုက်ရင်း
“ ဖေးရှန့်ဂိုဏ်းက ရယ်စရာကောင်းသားပဲ… မဟာဂိုဏ်းကြီးဖြစ်နေရဲ့သားနဲ့ သူတို့ တပည့်တစ်ယောက်ရဲ့ ခန္ဓာကိုယ် ပြသနာကိုတောင် အဖြေမထုတ်နိုင်ဘူး…”
ကုချီ၏ မူလတာအိုခန္ဓာချို့ယွင်းမှုက ၎င်း၏ အခြေခံအုတ်မြစ် မခိုင်မာသောကြောင့်ဖြစ်သည်။
သို့သော် အင်ပါယာအဆင့်သို့ ဖြတ်ကျော်ချိန်တွင် အသေအချာပြင်ဆင်ထားပါက ယခင်အဆင့်များမှ အခြေခံအုတ်မြစ်များကို ပြန်လည် တည်ဆောက်ရန်နှင့် ပြီးပြည့်စုံသော မူလတာအို ရတနာအရိုးတို့ကို နိုးထစေရန် ကပ်ဘေး မိုးကြိုးများကို အသုံးပြုနိုင်သည်။
နောက်ဆုံးတွင် ပေါ့ဆမှုတစ်ခုက ပျက်စီးခြင်းထံသို့ ဦးတည်သွားခဲ့၏။
ဖေးရှန့်ဂိုဏ်းမှ ပေးအပ်ခဲ့သော အရင်းအမြစ်များက ကုချီ၏ အခြေခံအုတ်မြစ်များ ပြန်လည်တည်ဆောက်ရန်နှင့် မူလတာအိုခန္ဓာကို ပြီးပြည့်စုံစေရန် မလုံလောက်ခဲ့ပေ။
ထို့ကြောင့် ဝေ့ယွမ်၏ လှောင်ပြောင်မှုက ကျိုးကြောင်းဆီလျော်ပေသည်။
ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး
“ ကမ္ဘာကြီးက အရမ်းကိုမှ ကျယ်ပြန့်ပြီး မယုံကြည်နိုင်စရာ ကောင်းတဲ့ ဆန်းကြယ်မှုတွေလည်း အများကြီးရှိတယ်… ကုချီထက် ပိုပြီး သနားစရာကောင်းတဲ့ လူတွေဆိုတာ ရေတွက်လို့တောင် မရဘူး… ငါ အမှန်တကယ် တန်ဖိုးထားတာက သူ့ရဲ့ လုံ့လ၀ရိယပဲ…”
သို့သော် ရွှမ်ယီ မပြောဘဲ ထိန်ချန်ထားသော အရာများလည်းရှိနေ၏။
ကုချီ၏ ဇွဲ့လုံလ နှင့် စိတ်ဓာတ်ခိုင်မာမှုက အလွန်ကောင်းမွန်သော်လည်း ယင်းက သူ့အား ရှေ့မဆက်နိုင်ရန် တားဆီးနေသော အရာလည်း ဖြစ်ပေသည်။
သူက ယခင်ကဲ့သို့ နာမည်ကျော်ကြားသူ မဟုတ်တော့သော်လည်း မူလတာအိုခန္ဓာ၏ ချို့ယွင်းချက်က ရှောင်လွှဲမရသည့် ရက်စက်သော အမှန်တရားဖြစ်၏။
ထိုကိစ္စကို လျစ်လျူရှုရန် ကြိုးစားလေလေ အရေးကြီးသော အချိန်တွင် ၎င်းနှင့်ပတ်သက်ပြီး ပို၍ ထိခိုက် နစ်နာလေဖြစ်သည်။
လက်ရှိအချိန်တွင် သူက ကုချီရှေ့၌ ရှိနေသော်လည်း ကုချီက သူ့အား ဆရာတင်လိုကြောင်း ဖွင့်ဟပြောရန် တွန့်ဆုတ်နေဆဲပင်။
ထိုခြေတစ်လှမ်းကို လှမ်းရန် ကုချီ အလွန် တုံ့ဆိုင်းနေခဲ့၏။
ထို ဇွဲလုံလနှင့် စိတ်ဓာတ်ခိုင်မာမှုက ကုချီအား လောကဓံ၏ ထိုးနှက်မှုအောက်တွင် အကြိမ်ကြိမ် ပြန်လည် ရပ်တည်နိုင်စေခဲ့သည်။
သို့သော် ယနေ့တွင် ၎င်းက ကုချီအတွက် အတားအဆီးတစ်ခု ဖြစ်လာခဲ့ချေပြီ။
အကယ်၍ ကုချီသာ ထိုအတားအဆီးကို လုံးလုံးလျားလျား ချိုးဖျက်နိုင်ပါက သူ၏ ဓားနှလုံးသား အပြည့်အ၀ နိုးထလာလိမ့်မည်။
ထိုအခါ ယခင်က ပိတ်ဆို့နေခဲ့သော ဓားရည်ရွယ်ချက် အတားအဆီးကိုလည်း ကျော်ဖြတ်နိုင်မည်ဖြစ်၏။