အခန်း (၅၄၄)
Vol. 37 Ch. 544
ရွှမ်ယီက ချီတုံချတုံဖြစ်နေသော ကုချီအား တိတ်တဆိတ် ဆက်လက် စောင့်ကြည့်နေခဲ့၏။
ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး သူတို့ ဆက်လက်ပျံသန်းလာခဲ့သည်မှာ မိုင်(၁၀၀၀)ကျော်သွားချေပြီ။
ထိုအချိန်တွင် သူတို့လမ်းကြောင်း၌ အတားအဆီးတစ်ခုကို တွေ့လိုက်ရ၏။
“ ဟားဟားဟား… အရမ်းတိုက်ဆိုင်တာပဲ…”
ရွှမ်ယီတို့အဖွဲ့အရှေ့တွင် မိုးကုပ်စက်ဝိုင်းအစွန်းသို့တိုင်အောင် ဆန့်တန်း ကာဆီးထားသော အလွန်ရှည်လျားသည့် ဧရာမ တောင်တန်းကြီးတစ်ခု ရှိနေသည်။
၎င်းက သူတို့ လမ်းခရီးကို ကာဆီး ပိတ်ဆို့ထား၏။
“ ကြည့်ရတာ သာမန် တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး… ကံကြမ္မာက ဖန်တီးပေးထားတာပဲ ဖြစ်ရမယ်…”
မျက်စိရှေ့မှ တောင်တန်းကြီးအား ကြည့်ရင်း ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားခဲ့သည်။
ထို့နောက် သူ့စကားအသံက အနောက်ဘက်မှ ကုချီ နားထဲသို့ ရောက်ရှိသွား၏။
“ ကြည့်လိုက်… မင်းရှေ့မှာ နောက်ထပ် တောင်ကြီးတစ်လုံး ပေါ်လာပြန်ပြီ…”
ထိုစကားများအား ကြားလျှင် ကုချီ အရှေ့ဘက်၌ရှိသော ဧရာမ တောင်တန်းကြီးအား သေချာစိုက်ကြည့်လိုက်၏။
တဖက်တွင် ရွှမ်ယီက ဂျီကျူးယွဲ့ထံမှ ရရှိထားသော တည်နေရာ ကူးပြောင်းခြင်းအစီအရင်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ရွှမ်ယီတို့အဖွဲ့ ဧရာမ တောင်တန်းကြီး တစ်ဖက်ခြမ်းသို့ တည်နေရာကူးပြောင်းကာ ကုချီ၏ အမြင်အာရုံအောက်မှ ပျောက်ကွယ်သွားလေသည်။
ကုချီနှင့် သူတို့အကြား မိုင်ပေါင်း(၁၀၀၀၀)ရှည်လျားသော တောင်တန်းကြီး တစ်ခု ချန်ထားရစ်ခဲ့၏။
“ ငါ့ရှေ့မှာ တောင်တန်းကြီးရှိနေတယ်…”
ကုချီ တောင်တန်းကြီးအား ကြည့်ရင်း ငေးငိုင်ကာ တစ်ယောက်တည်း ရေရွတ်နေသော်လည်း နားထဲတွင်မူ ရွှမ်ယီ နောက်ဆုံးပြောခဲ့သော စကားများကို ထပ်တလဲလဲကြားယောင်နေခဲ့၏။
တောင်တန်းတွေလား…
ငါ့ရှေ့မှာ လာပိတ်ရင် ဘာဖြစ်မလဲ…?
ဒါဆို ငါရဲ့ ခန္ဓာကိုယ်က ချို့ယွင်းနေရင်ရော ဘာဖြစ်မလဲ…?
တဖြည်းဖြည်း ကုချီ၏ မျက်လုံးများ ရီဝေလာခဲ့ပြီး အသိစိတ်က ဆယ်ကျော်သက်အရွယ်၌ လက်ဦးဆရာနှင့် စတင်ဆုံတွေ့ခဲ့သည့်နေ့သို့ ပပြန်လည်ရောက်ရှိသွားခဲသည်။
“ ကုချီ… မင်းရဲ့ မိသားစုက သေမျိုးတွေအကြားမှာဆိုရင် ချမ်းသာတဲ့ မိသားစု တစ်ခုအဖြစ် သတ်မှတ်လို့ရတယ်… တကယ်လို့ မင်း ဒီမှာဆက်နေမယ်ဆိုရင် မင်းရဲ့ သက်တမ်းက တိုးလာမှာမဟုတ်ပေမယ့် တစ်သက်လုံး ချမ်းချမ်းသာသာ ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားနိုင်လိမ့်မယ်…”
စကားပြောလိုက်သော အဘိုးအို၏ မျက်နှာက မှုန်ဝါးနေခဲ့ပြီး ဆယ်ကျော်သက်အရွယ် ကုချီအား ညင်သာစွာ ပြောလိုက်၏။
“ ဒါပေမယ့် မင်းသာ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို စတင်ခြေချလိုက်မယ်ဆိုရင် ဒီ ချမ်းသာ ကြွယ်၀မှုတွေက မင်းနဲ့ လုံး၀ သက်ဆိုင်တော့မှာ မဟုတ်ဘူး…”
“ ပြီးတော့ အဲ့ဒီလမ်းကြောင်းက မင်းမျှော်လင့်ထားတာထက်ပိုပြီး ခက်ခဲ ကြမ်းတမ်းသလို အရမ်းလည်း ကြောက်ဖို့ကောင်းတယ်… ရှေ့ကို ဆက်လျှောက်လှမ်းနေသ၍ မရမတွက်နိုင်တဲ့ ကပ်ဘေးတွေ ကြုံလာမှာ အသေအချာပဲ…”
“ ပြီးတော့ ရှေ့ကို ပိုပြီး ရောက်လာလေလေ မင်းကိုမင်း အရေးမပါဘူးလို့ ခံစားရလေ ဖြစ်လာလိမ့်မယ်… ရင်ဆိုင် ကြုံတွေ့လာရမယ့် အခက်အခဲ အတားအဆီးတွေကလည်း တဖြည်းဖြည်း ဖြတ်ကျော်ဖို့ ခက်ခဲလာလိမ့်မယ်…”
“ ငါ မေးကြည့်မယ်… မင်း ကြောက်လား…”
ထိုအခိုက်တန့်တွင်…
ကုချီ၏ စိတ်ကူးကမ္ဘာထဲမှ အဘိုးအို၏ မှုန်ဝါးနေသော မျက်နှာနေရာတွင် ရွှမ်ယီ၏ မျက်နှာ အစားထိုး ၀င်ရောက်လာခဲ့သည်။
ထို့အပြင် ဆယ်ကျော်သက်အရွယ် ကုချီကလည်း လက်ရှိ ကုချီအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုအချိန်တွင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ စတင်ခြေချစဉ်ကတည်းက အမြဲ မခွဲမခွာ ဆောင်ထားခဲ့သော ကုချီ၏ နောက်ကျောမှ ဓားက ကျယ်လောင်သော မြည်သံနှင့်အတူ အပြင်းအထန် တုန်ခါလာခဲ့သည်။
ဓားမြည်သံက မိုးခြိမ်းသံအလား ထင်မှတ်ရ၏။
“ ကျုပ် ကုချီ.. ဓားသမားတစ်ယောက်အနေနဲ့ ဘယ်အတားအဆီးကိုမှ မကြောက်ဘူး…”
စကားဆုံးသည်နှင့် ကုချီ နောက်ကျော၌ လွယ်ထားသော ဓားကို ဆွဲထုတ်လိုက်ကာ အားမာန်အပြည့်ဖြင့် ရှေ့မှ တောင်တန်းကြီးအား စိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းတွင် သူ့ခန္ဓာမှ သက်တံ့ရောင်အလင်းများ ဖြာထွက်လာကာ ၀မ်လီ တောင်တန်းကြီးထံသို့ ဖြာကျသွား၏။
ထို့နောက် လက်တွင်းမှ ဓားအား ဝှေ့ယမ်းလိုက်လျှင် ကောင်းကင်တစ်ခွင်လုံး ဓားစွမ်းအင်များ ပြည့်နှက်သွားခဲ့ပြီး မိုးကြိုးပစ်သံတမျှ ကျယ်လောင်သော ဓားမြည်သံများလည်း ထွက်ပေါ်လာသည်။
ကုချီထံမှ ထွက်ပေါ်နေသော ဓားအရှိန်အဝါက ကောင်းကင်ကိုပင် တုန်ခါနေစေခဲ့၏။
ထိုအချိန်တွင် ကုချီအား အမြဲတစေ ဖုံးလွှမ်းထားခဲ့သော ခေါင်းမာမှု ၊ တုံ့ဆိုင်းမှု စသည်တို့အားလုံး ကွယ်ပျောက်သွားခဲ့ပြီး သူ့ထံမှ အရှိန်အဝါက တစ်ဟုန်ထိုး တိုးတက်သွားလေသည်။
ဓားအရှိန်အဝါကလည်း ယခင်ကထက်မြင့်တက်လာခဲ့ကာ ကြောက်မက်ဖွယ် ဓားချီအလင်းက ကောင်းကင်ကို ဖြတ်သန်းလျက် ၀မ်လီတောင်တန်းရှိရာသို့ ကျရောက်သွားလျှင် ဧရာမ တောင်တန်းကြီး ဝုန်းကနဲ ပြိုကျသွားခဲ့၏။
“ ဟမ်… သူ တကယ် အဆင့်ချိုးဖျက်သွားတာလား…?”
ဝေ့ယွမ် အံ့အားသင့်စွာ ရေရွတ်လိုက်၏။
ရွှမ်ယီက တည်နေရာခုန်ကူးသွားခဲ့သော်လည်း အဝေးသို့ ထွက်သွားခဲ့ခြင်းမရှိချေ။
၀မ်လီတောင်တန်း အခြားတစ်ဖက်၌ စောင့်နေခဲ့၏။
ကုချီထံမှ ဓားမြည်သံကြောင့် ရွှမ်ယီ၏ မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် ပြုံးနေလျက်ပင် အံ့အားသင့်နေသော ဝေ့ယွမ်အား အဖြေပေးလိုက်၏။
“ သူ့ရဲ့ ဓားရည်ရွယ်ချက်က အဆင့်ချိုးဖျက်ဖို့ တံခါး၀ကို ရောက်နေခဲ့တာကြာပြီ… ဒါပေမယ့် သူနှလုံးသားထဲက စွဲလမ်းမှုတစ်ခုကြောင့်ပဲ အရေးကြီးဆုံး ခြေလှမ်းကို မလှမ်းနိုင်ခဲ့တာ…”
ဆရာဖြစ်သူထံမှ ရှင်းပြချက်ကိုကြားလျှင် ဝေ့ယွမ် နှုတ်ခမ်းစူလိုက်ပြီး
“ ဆရာက ကိုယ့်ကိုယ်ကို နှိမ့်ချနေတာပဲ… ဒီကမ္ဘာကြီးပေါ်မှာ ဓားသမားတွေ အများကြီးရှိသလို အဲ့ဒီ အရေးကြီးတဲ့ ခြေလှမ်းကို မလှမ်းနိုင်တဲ့ လူတွေဆိုတာ ရေတွက်လို့တောင်မရဘူး… ဒါပေမယ့် ဆရာ့လို စကားတစ်ခွန်းလောက်နဲ့ ကိုယ်တွင်းမိစ္ဆာကို ချေဖျက်ပေးနိုင်တဲ့လူကတော့ မရှိသလောက်ထိကို ရှားတယ်…”
ဝေ့ယွမ်စကားကြောင့် ရွှမ်ယီပြုံးမိလိုက်ပြီး သူမ၏ ဦးခေါင်းအား ညင်သာစွာ တစ်ချက်ပုတ်ကာ မည်သည့်စကားမှ ဆက်မဆိုတော့ချေ။
ထိုအချိန်တွင် ကာဆီးနေသော တောင်တန်းအား ဖျက်ဆီးခဲ့သော ကုချီ ရွှမ်ယီတို့အဖွဲ့ကို မြင်သွားခဲ့သည်။
ထိုအခါ အလင်းတန်းတစ်ခုအလား ရွှမ်ယီရှိရာသို့ အပြေးအလွှားရောက်လာ၏။
ထို့နောက် ချက်ခြင်း မြေပြင်ထက်သို့ ဒူးထောက်ကာ ဦးညွှတ်လိုက်ပြီး
“ ကျွန်တော် အဆင့်ချိုးဖျက်နိုင်ခဲ့ပြီ… လမ်းညွှန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာရွှမ်… တကယ်လို့ ဆရာရွှမ်သာ လက်ခံမယ်ဆိုရင် ကျွန်တော် ကုချီ ဆရာရွှမ်ရဲ့ တပည့်တစ်ယောက် ဖြစ်ချင်ပါတယ်…”
ထိုစကားအားပြောနေစဉ် ကုချီမျက်၀န်းထဲ၌ စိုးရိမ်မှုတစ်ခုရှိနေခဲ့၏။
ရုတ်တရက် တောင်းဆိုမှုကြောင့် ရိုင်းပြသည် ထင်သွားမည်စိုးသလို ၊ သူ့အား လက်မခံမည်ကိုလည်း အလွန် စိုးရိမ်နေပေသည်။
ထို့နောက် ကုချီ မျက်၀န်းထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွား၏။
“ ကျွန်တော့ အရည်အချင်းက ဆရာရွှမ်ရဲ့ တပည့်ဖြစ်ဖို့ မလုံလောက်ဘူးဆိုရင် ဆရာရွှမ်ရဲ့ ဓားကျွန်တစ်ယောက်တော့ ဖြစ်ခွင့်ပေးပါ…”
“ ဆရာရွှမ်ဆီက သင်ပြမှု နည်းနည်းကိုသာ လက်ခံရရှိမယ်ဆိုရင် ကျွန်တော့ တစ်ဘ၀လုံး စိတ်ချမ်းသာသွားမှာဖြစ်ပြီး သေရမယ်ဆိုရင်တောင် နောင်တမရှိတော့ပါဘူး…”
ရွှမ်ယီက သူ့အား ရိုသေလေးစာစွာ ဂါ၀ရပြုနေသော ကုချီအား ကြည့်လိုက်ပြီး ပြုံးရင်း ခေါင်းတစ်ချက် ညိတ်လိုက်ကာ
“ ကိုယ့်ကိုယ့်ကို အဲ့လောက်ထိ နှိမ့်ချနေစရာမလိုပါဘူး… မင်းရဲ့ ပါရမီက ဒီကမ္ဘာကြီးပေါ်မှာ ထိပ်တန်းလို့တောင် ပြောလို့ရတယ်… ငါ့ တပည့်တစ်ယောက်ဖြစ်လာဖို့ လုံး၀ပြသနာမရှိဘူး…”
“ ငါ မင်းကို ဒီနေ့ ဒီနေရာမှာ တပည့်အဖြစ် လက်ခံမယ်… ပြီးတော့ စောနလေးက ငါ မင်းကို လက်ဆောင်တစ်ခု ပေးခဲ့ပေမယ့် အဲ့အချိန်တုန်းက ဆရာတပည့် မဖြစ်သေးတော့ ကြိုဆို လက်ဆောင်အဖြစ် သတ်မှတ်လို့ မရသေးဘူး…”
“ ဒီတော့ ငါမင်းကို ဆရာတပည့်ဖြစ်ခြင်း အထိမ်းအမှတ်အနေနဲ့ ကြိုဆိုလက်ဆောင် တစ်ခုပေးမယ်…”
စကားဆုံးသည်နှင့် ရွှမ်ယီက ကုချီအား အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုဖြင့် ကြည့်ကာ ခပ်တိုးတိုးပြောလိုက်၏။
“…….”
ရွှမ်ယီ၏ စကားသံက ကျယ်လောင်ခြင်းမရှိသော်လည်း ကုချီနားအတွင်း၌ မိုးကြိုးအစင်းတစ်ထောင်လောက် ကျဆင်းလာသည့်အလားပင်။
အိန္ဒြေမဆည် နိုင်လောက်အောင်ပင် ဖြစ်သွားခဲ့ရ၏။
“ ဗျာ… ကျွန်တော့ရဲ့ မူလတာအိုခန္ဒာကို ပြီးပြည့်စုံအောင်လုပ်နိုင်တယ်လို့ ဆရာပြောလိုက်တာလား…”