အခန်း (၅၄၅)
Vol. 37 Ch. 545
အလွန်အမင်း အံ့အားသင့်သွားဟန်ရသော ကုချီကို ကြည့်လိုက်ပြီး
ရွှမ်ယီ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး… အရင်ဆုံး ကောင်းကင်ပြိုလဲခြင်းတောင်ကို ပြန်ကြမယ်… ပြီးတော့မှ မင်းရဲ့ မူလတာအိုခန္ဓာ ပြီးပြည့်စုံဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ငါ ပြင်ဆင်ပေးမယ်…”
ကုချီအား တပည့်အဖြစ် လက်ခံပြီးနောက် တပည့်များ လက်ခံရမည့်တာဝန်က နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့ချေပြီ။
ရွှမ်ယီ၏အကြည့်က ဝေ့ယွမ်ထံသို့ ကျရောက်သွားပြီးနောက် သူမနံဘေး၌ ရပ်နေသော မောင်နှမနှစ်ယောက်အား ကြည့်ကာ အနည်းငယ်ပြုံးပြလိုက်သည်။
ဆိုးရွားသော ကံကြမ္မာနှင့် ပတ်သက်လျှင် အရှေ့ပိုင်းတိုက်ကြီး၌ သူလက်ခံခဲ့သော တပည့် (၁၀)ယောက်ထဲတွင် ကုချီက အဆိုးရွားဆုံး ဖြစ်၏။
တစ်ဖက်တွင် ထိုမောင်နှမ၏ ကံတရားက သူ့လက်အောက်မှ တပည့်များအကြားတွင် အကောင်းဆုံးဖြစ်မည်ဟု ထင်မှတ်ရသည်။
ထိုကံကောင်းလွန်းသော တပည့်လေးနှစ်ယောက်က ကျင်းမောင်နှမ ဖြစ်ပေသည်။
အစ်ကိုဖြစ်သူ နာမည်က ကျင်းရှန်ဖြစ်ပြီး ညီမဖြစ်သူ နာမည်က ကျင်းချူရန် ဖြစ်၏။
သူတို့နှစ်ဦးက လက်ရှိအချိန်တွင် သေမျိုးများအဖြစ်သာ ရှိနေဆဲဖြစ်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ စတင်ရသေးခြင်း မရှိချေ။
သို့ရာတွင် သူတို့နှစ်ယောက်၏ ကံကြမ္မာက စိုပြေကောင်းမွန်လွန်းလှသည်ဖြစ်ရာ ဝေ့ယွမ်ပင်လျှင် သူတို့နှစ်ယောက်နှင့် ဆုံတွေ့သောအချိန်၌ အနည်းငယ်မျှ ငြူစူခဲ့ခြင်း အလျဉ်းမရှိချေ။
ရွှမ်ယီနှင့်ဝေ့ယွမ်တို့က ၎င်းတို့နှစ်ယောက်အား တောင်ပိုင်းနယ်စပ်ရှိ ရှေးခေတ်မှ ဆင်းသက်လာသော ဂိုဏ်းတစ်ခု၏ အမွေအနှစ်နယ်မြေတွင် တွေ့ဆုံခဲ့ခြင်းဖြစ်၏။
ထိုနေရာတွင် ရှေးခေတ်မှ မဟာဂိုဏ်းကြီးတစ်ခု၏ အမွေအနှစ်များ ရှိနေကြောင်း လူများစွာတို့ သံသယရှိနေခဲ့ကြသည်။
ထိုကျင်းမောင်နှမတို့က သေမျိုးများ ဖြစ်ကြပြီး ထိုရှေးဟောင်းအပျက်အစီးများအနီးရှိ ရွာတစ်ရွာတွင် နေထိုင်ကြခြင်းဖြစ်၏။
တစ်နေ့တွင် ရှေးဟောင်းအပျက်အစီးနယ်မြေမှ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန် လာရောက်ကြသော ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့က ထိုရွာလေးအား တွေ့ရှိသွားခဲ့ပြီး သူတို့မောင်နှမအား လမ်းပြအဖြစ် တာဝန်ပေးအပ်ခဲ့သည်။
ထိုစူးစမ်းလေ့လာရေးအဖွဲ့က ရှေးဟောင်းအပျက်အစီးများနေရာသို့ စူးစမ်းလေ့လာရန် သွားရောက်ကြသော အဖွဲ့များအနက် ကံအကောင်းဆုံးအဖွဲ့တစ်ခုဟု ဆို၍ရသည်။
သူတို့အဖွဲ့က လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အန္တရာယ်များ၊ အခက်အခဲများကို ကြုံတွေ့ခဲ့ရပြီးနောက် အပျက်အစီးနယ်မြေအတွင်း အဖိုးတန်ဆုံးသော အမွေအနှစ်ကို တွေ့ရှိခဲ့ကြ၏။
ကောလာဟလများက မှန်ပေသည်။
ယင်းက မြင့်မြတ်နယ်မြေဖြစ်သော ဂိုဏ်းတစ်ခုထံမှ အမွေဖြစ်ပြီး လက်ရှိအချိန်တွင် နှစ်ခုသာ ကျန်တော့၏။
၎င်းတို့အနက် တစ်ခုမှာ ရှေးယခင်က တည်ရှိခဲ့သော ကျန်းဂိုဏ်းမှ မြင့်မြတ်လက်နက် ဖြစ်ပေသည်။
၎င်းက ကံကြမ္မာရတနာတစ်ခု မဟုတ်သော်ငြား မြင့်မြတ်လက်နက်များအကြားထဲတွင် အလွန်အဆင့်မြင့်သောနေရာ၌ ရှိ၏။
ကျန်အမွေအနှစ်တစ်ခုက ထိုဂိုဏ်းမှ တာအိုကျမ်းစာ ဖြစ်ပေသည်။
ထိုဂိုဏ်းက အလွန်ရှည်လျားလှသော အချိန်မြစ်ကြီးထဲတွင် ပျက်စီးသွားခဲ့သည်မှာ ကြာမြင့်ခဲ့ချေပြီ။
သို့သော် ၎င်းတို့ထံမှ ကျန်ရစ်ခဲ့သော အမွေနှစ်ခုတွင် စောင့်ရှောက်နေသော အမွေခံဝိညာဉ်များ ရှိနေဆဲဖြစ်၏။
အစပိုင်းတွင် ကံကောင်းဟန်ရသော စူးစမ်းလေ့လာရေးအဖွဲ့က မရေမတွက်နိုင်သော အခက်အခဲအကျပ်အတည်းများကို ဖြတ်သန်းနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ကံဆိုးစွာနှင့် မည်သူမှ အမွေခံဝိညာဉ်ထံမှ မျက်နှာသာပေးခြင်းကို မရရှိခဲ့ကြပေ။
ထိုအစား အမွေခံဝိညာဉ်က ကျင်းမောင်နှမနှစ်ယောက်ကို မျက်စိကျသွားခဲ့၏။
ဤသို့ဖြင့် အစ်ကိုဖြစ်သူက မြင့်မြတ်လက်နက်ကို ရရှိခဲ့ပြီး ညီမဖြစ်သူက တာအိုကျမ်းစာကို အမွေအဖြစ် လက်ခံရရှိခဲ့သည်။
သို့သော် တစ်ဖက်တွင် စူးစမ်းလေ့လာရေးအဖွဲ့မှ ကျင့်ကြံသူများက ထိုကိစ္စနှင့်ပတ်သက်ပြီး လွန်စွာမကျေမနပ်ဖြစ်နေခဲ့ကြကာ အပျက်အစီးနယ်မြေမှ လွတ်မြောက်လာသည်နှင့် ကျင်းမောင်နှမထံမှ အတင်းအကျပ် လုယူရန် ကြိုးစားကြတော့၏။
ထိုအချိန်တွင် ကောင်းကင်ထက်မှ ဖြတ်သန်းသွားသော ရွှမ်ယီတို့နှင့် တိုက်ဆိုင်စွာ ဆုံတွေ့သွားခဲ့သည်။
ထို့နောက် ရွှမ်ယီက ကျင်းမောင်နှမတို့ကို သူနှင့်အတူ ခေါ်ဆောင်လိုက်၏။
တစ်ဖက်တွင် သူ၏အမည်ကို ထုတ်ဖော်ပြောကြားလိုက်သည်နှင့် စူးစမ်းလေ့လာရန် ရောက်ရှိလာသော ကျင့်ကြံသူအဖွဲ့ စကားကြမ်းကြမ်းပင် မပြောဝံ့ကြတော့ချေ။
ချက်ချင်း ထိုနေရာမှ ထွက်ပြေးကြတော့၏။
…..
လက်ရှိအချိန်သို့ ပြန်သွားရမည်ဆိုလျှင်
ကုချီက ချက်ချင်းပင် ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး
“ တပည့် နားလည်ပါပြီ… ကျေးဇူးအများကြီးတင်ပါတယ် ဆရာ…”
ရွှမ်ယီက ကုချီအား အသာအယာ ပြုံးပြလိုက်၏။
ကုချီက သူ၏နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုများအား မျိုသိပ်လိုက်ကာ ဝေ့ယွမ်အား တစ်ချက်ကြည့်လိုက်ပြီး
“ တွေ့ရတာ ဝမ်းသာပါတယ် စီနီယာအစ်မ…”
ကုချီက အင်ပါယာအဆင့်ကျင့်ကြံသူ ဖြစ်နေခဲ့သော်လည်း ဝေ့ယွမ်က ရွှမ်ယီနှင့်အတူ အချိန်တော်တော်ကြာအောင် နေထိုင်ခဲ့ဖူးသည်အတွက် သူမ၏ အမြင်ကလည်း ပိုမိုကျယ်ပြန့်လာခဲ့ကာ ဤကိစ္စများနှင့် အသားကျနေချေပြီ။
ထို့အပြင် ဤမတိုင်မီကတည်းက သူမထံတွင် လီလန်ဟုခေါ်သော အင်ပါယာအဆင့်သို့ ရောက်ရှိနေသည့် ဂျူနီယာညီမတစ်ယောက်ရှိကြောင်း ရွှမ်ယီထံမှ သိထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ကုချီထံမှ စီနီယာအစ်မဟု ခေါ်ဆိုခြင်းခံရမှုအပေါ် သူမ ပြာယာခတ်မသွားဘဲ အသာအယာပြုံးလိုက်ကာ
“ တွေ့ရတာ ဝမ်းသာပါတယ် ဂျူနီယာမောင်လေး… ဒါနဲ့ ဂျူနီယာမောင်လေးရဲ့ ကျင့်ကြံမှုက ငါ့ထက် အများကြီးမြင့်တာပဲ… အနာဂတ်ကျရင် ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အခက်အခဲတစ်ခုခု ရှိလာတဲ့အခါကျရင် ငါ့ကို သင်ပေးဦးနော်…”
ဝေ့ယွမ်က ကုချီ၏ နှလုံးသားထဲ၌ ယခုအချိန်အထိ အလွန်အမင်း စိတ်လှုပ်ရှားနေဆဲဖြစ်ကြောင်း နားလည်ထားသည်။
ထို့ကြောင့် သူမက နောက်တစ်ဝက် အတည်တစ်ဝက်နှင့် ပြောလိုက်ခြင်းဖြစ်၏။
တစ်ဖက်တွင် ဝေ့ယွမ်၏စကားကြောင့် ကုချီ အနည်းငယ်အံ့အားသင့်သွားခဲ့သော်လည်း နှလုံးသားထဲ၌ နွေးထွေးသွားသလို ခံစားလိုက်ရသည်။
သူ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း (ဖေးရှန့်ဂိုဏ်း) မှ နှင်ထုတ်ခံရပြီးကတည်းက ယခင်ရှိခဲ့သော ဂျူနီယာညီအစ်ကိုမောင်နှမများထံမှနေ၍ ယခုကဲ့သို့သော နွေးထွေးမှုကို လုံးဝ မခံစားခဲ့ရဖူးပေ။
ထို့နောက် သူက ချက်ချင်း ဝေ့ယွမ်အား ဦးညွှတ်လိုက်ပြီး
“ စီနီယာအစ်မ စိတ်ချပါ… ကျွန်တော် သိသမျှအားလုံး အကုန်သင်ပေးပါ့မယ်”
စကားဆုံးသည်နှင့် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြ၏။
တစ်ဖက်တွင် ဝေ့ယွမ်၏ စကားကြောင့် ရွှမ်ယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူ၏အကြီးဆုံးသောတပည့်က တာ၀န်ကျေပေသည်။
ဝေ့ယွမ်က အသက်အရွယ်ငယ်သေးသော်ငြား သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိနေပြီဖြစ်၏။
ထို့ကြောင့် သူမက အရှေ့ပိုင်းတိုက်ကြီးမှ နက်နဲခြင်းအင်ပါယာဂိုဏ်း၏ စီနီယာအစ်မကြီးဖြစ်ရန် လုံလောက်နေပြီဟု ဆိုနိုင်သည်။
ကုချီက ဝေ့ယွမ်အား နှုတ်ဆက်လိုက်ပြီးနောက် အနားတွင် ကြောင်စီစီနှင့် ရပ်နေသော ကျင်းမောင်နှမအား ကြည့်လိုက်၏။
ကုချီထံမှ အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် ကျင်းမောင်နှမတို့က အံ့ဩမှုနှင့် တုန်လှုပ်မှုများ ပြည့်နှက်နေသော ကလေးမျက်ဝန်းလေးများနှင့် ပြန်လည်ကြည့်လိုက်ကြ၏။
အထူးသဖြင့် အစ်ကိုဖြစ်သူ ကျင်းရှန် ဖြစ်သည်။
ကုချီအား ကြည့်နေသော သူ၏မျက်ဝန်းများထဲ၌ ယင် ယန်သင်္ကေတလေးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဖြစ်ပေါ်လာ၏။
တစ်ဖက်တွင် ကုချီ၏စိတ်ထဲ၌ သူ၏ကျင့်ကြံအဆင့်အား တစ်စုံတစ်ယောက်က ထွင်းဖောက်ကြည့်နေသည့်အလား ခံစားလိုက်ရသည်။
ထို့နောက် ကုချီ မည်သည့်စကားမှ မပြောရသေးခင် ကျင်းရှန်က သူ၏ သတ္တိကို နှိုးဆွလိုက်ပြီး ဝေ့ယွမ်၏ အင်္ကျီစအား ဆွဲကာ အနားတိုးလျက်
“ အစ်မယွမ်… အစ်မ ကျွန်တော့်ကို အရင်တစ်ခါ ပြောခဲ့တုန်းက အင်ပါယာအဆင့်က အမြင့်ဆုံးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား… ဒါဆိုရင် အဲဒီအစ်ကိုကြီးက အင်ပါယာအဆင့်မှာ ရှိနေလျက်သားနဲ့ ဘာဖြစ်လို့ ဆရာ့ဆီမှာ တပည့်လာခံနေသေးတာလဲ…”
ကျင်းရှန်က အတတ်နိုင်ဆုံး လေသံကိုလျှော့၍ ပြောလိုက်သည်။
သို့သော် နောက်ဆုံးတွင် သူက ယခုမှ ကျင့်ကြံမှုနှင့် စတင်ထိတွေ့ဖူးရုံမျှသာ ရှိသေးပြီး အသံပို့လွှတ်ခြင်းနည်းလမ်းများကို သိရှိခြင်းမရှိသေးချေ။
ထို့ကြောင့် ရွှမ်ယီနှင့် ကုချီတို့အား မဆိုထားနှင့် ၊ နံဘေး၌ရပ်နေသော ညီမဖြစ်သူပင် သူ့စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။