အခန်း (၅၄၈)
Vol. 37 Ch. 548
နတ်တန်ခိုးစွမ်းရည်ခန်းမ ထိပ်ဆုံးအထပ်တွင်…
ရွှမ်ယီ အသက်ကင်းမဲ့သော မျက်လုံးများနှင့် တင်ပလင်ခွေထိုင်နေခဲ့ပြီး သူ့အာရုံများအားလုံး အသိစိတ်ပင်လယ် အတွင်း၌ ရှိနေခဲ့၏။
အသိစိတ်ပင်လယ်ထဲတွင် သူ အတိတ်တုံးက ဖတ်ခဲ့ဖူးသော စာအုပ်များ ၊ မှတ်တမ်းများ ၊ ကျင့်စဉ်များ တဖျပ်ဖျပ် ရွေ့လျားလျက်ရှိနေသည်။
သူ တောင်ပိုင်းတိုက်ကြီး ဗဟိုသူတော်စင် အကယ်ဒမီ၌ရှိနေခဲ့စဉ်တုန်းက စာကြည့်တိုက်ထဲတွင် ရှေးဟောင်း ကျမ်းစာတစ်စောင်ကို ဖတ်ရှုခဲ့ဖူး၏။
ယင်းက သိပ်ပြီးအဆင့်မြင့်မားခြင်းမရှိဘဲ အင်ပါယာအဆင့် အစီအရင်နည်းစနစ်တစ်ခုဖြစ်ပေသည်။
သို့သော် ၎င်း၏ အကျိုးသက်ရောက်မှုက အလွန် ဆန်းကြယ်လှ၏။
ထိုကျမ်းစာစောင်တွင် မှတ်တမ်းထင်ထားသော မိတ်ဆက်အရ ကောင်းကင်နှင့် မြေကြီးရတနာများကို အလွန်သန့်စင်သော တာအိုအရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲနိုင်သည်ဟု ဆိုထားသည်။
သူက ထိုအချိန်က ဖတ်ခဲ့ဖူးသော ကျမ်းစာစောင်အား အသိစိတ်ပင်လယ်အတွင်း ပြန်လည်ရှာဖွေနေခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် တာအိုအရင်းအမြစ်များ ချို့တဲ့နေသော်လည်း ကောင်းကင်နှင့် မြေကြီးရတနာများကမူ ပေါများလွန်းပေသည်။
ကောင်းကင်ပြိုလဲခြင်းတောင်ကို သူ အသွင်းပြောင်းခဲ့ပြီးနောက် ၎င်းက တောင်ပိုင်းနယ်မြေ သာမက အရှေ့ပိုင်းတိုက်ကြီး တစ်ခုလုံး၌ပင် အသန့်စင်ဆုံး ရွှေနယ်မြေဟု တင်စား ခေါ်ဆိုနိုင်လောက်သည်။
ရွှမ်ယီ အသိစိတ်ပင်လယ်အတွင်းမှ စာအုပ်များကို အလွန်လျှင်မြန်စွာ လှန်လျောနေခဲ့ရာမှ ရုတ်တရက် နှေးကွေးသွား၏။
ထို့နောက် တခဏအကြာတွင် ရပ်တန့်သွားခဲ့ပြီး ရွှမ်ယီ၏ အကြည့်များ စာမျက်နှာတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။
“ ဆန်းကြယ် ကောင်းကင်စိတ်ဝိညာဉ် အစီအရင်….”
….
နတ်တန်ခိုးစွမ်းရည်ခန်းမ ပထမအထပ်တွင် ဂျီကျူးယွဲ့ ရွှမ်ယီထံမှ ကမ်းပေးနေသော စာလိပ်တစ်ခုကို လှမ်းယူလိုက်ပြီး ငုံ့ကာ ဖတ်ရှုကြည့်လိုက်၏။
ထို့နောက် အံ့အားသင့်စွာဖြင့်
“ ဆန်းကြယ်လွန်းတဲ့ အစီအရင်ပါလား… ဒါကို ဘယ်ကရလာတာများလဲ… ဘယ်သူက ဒီလို အစီအရင်မျိုးကို ဖန်တီးခဲ့တာပါလိမ့်….”
ရွှမ်ယီ အသာအယာခေါင်းယမ်းလိုက်ပြီး
“ အဲ့တာကို မထင်မှတ်ဘဲ ရခဲ့တာပါ… ပြီးတော့ အရှေ့ပိုင်းတိုက်ကြီးကမဟုတ်ဘူး…”
ထိုစကားများက သူ၏ မျှော်လင့်ချက်ဘောင်အတွင်း၌ ရှိနေဟန်ဖြင့် ဂျီကျူးယွဲ့ ခေါင်းတစ်ချက် ညိတ်လိုက်၏။
နောက်ဆုံးတွင် ဤအစီအရင်၌ အသုံးပြုထားသော နည်းလမ်းများက ယနေ့ခေတ် နည်းလမ်းများနှင့် ကွာခြားလွန်းလှသည်။
ယင်းက ရှေးခေတ်မှ ဆင်းသက်လာသော အစီအရင်တစ်ခု ဖြစ်ဟန်တူ၏။
“ ဒီ အစီအရင်ကို စီစဉ်ပေးလို့ရမလား…”
ရွှမ်ယီ၏ မေးခွန်းကိုကြားလျှင် ဂျီကျုးယွဲ့ ခေါင်းတစ်ချက် ညိတ်လိုက်ပြီး
“ ရတာက ရပါတယ်… ဒါပေမယ့် ကျုပ်နဲ့ မရင်းနှီးတဲ့ တည်ဆောက်ပုံတွေ အများကြီးပဲ… ဒါကြောင့် ဒီနေ့ ချက်ချင်းတော့မရနိုင်ဘူး… မနက်ဖြန်တော့ ရနိုင်လောက်ပါတယ်…”
ဂျီကျူးယွဲ့ ထံမှ အဖြေကြောင့် ရွှမ်ယီ ခပ်ဟဟ ရယ်လိုက်ပြီး
“ ခင်ဗျားတော့ အလုပ်ရှုပ်တော့မှာပဲ…”
ထို့နောက် ဂျီကျူးယွဲ့ ထွက်ခွာသွားတော့၏။
ရွှမ်ယီလည်း ယခုမှ အသက်ရှုနည်းနည်းရှောင်သွားတော့သည်။
ဤသို့ဖြင့် စနစ်ထံမှ ဆုလာဘ်အဖြစ်ရရှိထားခဲ့သော အဆင့်မြှင်တင်မှု အလင်းတန်းလေးအား စစ်ဆေးတော့မည်အချိန်တွင်
နတ်တန်ခိုးစွမ်းရည်ခန်းမ တံခါး ထပ်မံပွင့်သွားခဲ့သည် ဝေ့ယွမ် ၀င်ရောက်လာခဲ့သည်။
သူမက ရွှမ်ယီအား ဦးညွှတ်လိုက်ရင်း
“ ဆရာ ဂိုဏ်းအပြင်မှာ ကျင့်ကြံသူတွေ အများကြီးရောက်နေပါတယ်… သူတို့က တိုင်ရွှမ် ၊ ကျူးယောင် ၊ ရှီချီ နဲ့ ဖီးနစ်မီးတောက် အင်အားစုတွေကဖြစ်ပြီး တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ် အမိန့်နဲ့ ရောက်လာကြတာလို့ ပြောပါတယ်…”
….
ကောင်းကင်ပြိုလဲခြင်းတောင် အပြင်ဘက်တွင် ကျူးယောင်နှင့် ရှီချီ အင်အားစုတို့မှ သူတော်စင် အင်ပါယာနှစ်ယောက် ဘေးချင်းယှဉ် ရပ်နေခဲ့ကြပြီး တိမ်များအထက်သို့ ထိုးဖောက်ကာ ခံ့ခံ့ညားညား တည်ရှိနေသော ကောင်ကင်ပြိုလဲခြင်းတောင်ကြီးအား စိတ်၀င်တစား ကြည့်ရှုနေကြသည်။
၎င်းတို့ မျက်၀န်းများထဲတွင် အလင်းတချို့ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။
သူတို့ကျင့်ကြံမှုအဆင့်များဖြင့် မဟာကောင်းကင်ဘုံ ကြယ်စင်စုအစီအရင်ကို ဖွင့်လှစ်ထားခြင်းမရှိသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် နက်နဲသော လှိုင်းလေးများကို အာရုံခံနိုင်ကြသည်။
ယင်းက အနည်းငယ်မျှသာဖြစ်သည့်တိုင် သူတို့ နှလုံးသားထဲ၌ အမျိုးအမည်မသိသော ခံစားချက်များ ဖြစ်ပေါ်လာစေနိုင်၏။
“ ပြန်တွေးကြည့်ရမယ်ဆိုရင် တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်က ကျုပ်တို့ အင်အားစု လေးခုကို နက်နဲခြင်းအင်ပါယာဂိုဏ်း အမိန့်နာခံခိုင်းခဲ့တုန်းက ကျုပ်တို့ တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ကြတယ်… ကြည့်ရတာ အမျှော်အမြင်နဲ့ ပတ်သက်လာရင် ကျုပ်တို့က တောင်ပိုင်းကောင်းကင်ဗိုလ်ချုပ်နဲ့ မယှဉ်နိုင်သေးဘူးပဲ…”
ရှီချီ သူတော်စင် အင်ပါယာ (Saint Emperor) က ခါးသီးစွာ ရေရွတ်လိုက်၏။
တစ်ဖက်တွင် ကျူးယောင် သူတော်စင် အင်ပါယာကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
လာမည့် တောင်ပိုင်းကောင်းကင် ဆောင်ဦး အမဲလိုက်ပွဲက နှစ်ပေါင်း(၁)သိန်းအတွင်း အကြီးမားဆုံးဖြစ်၏။
၎င်းတွင် ပါ၀င်မည့် ကျင့်ကြံသူအရေအတွက် (၃၀၀၀၀) ရှိပေသည်။
ထို (၃၀၀၀၀) ဆိုသော အရေအတွက်က တောင်ပိုင်းနယ်စပ်တွင် များပြားသည်ဟု မဆိုနိုင်သော်လည်း ၎င်းတို့အနက် အနိမ့်ဆုံးက ဘုရင်အဆင့် ဖြစ်ကြောင်း သိထားရန်လိုအပ်၏။
“ ဒါနဲ့ ဖီးနစ်မီးတောက် သူတော်စင် အင်ပါယာကို မတွေ့မိသလိုပဲ…”
ကျူးယောင် သူတော်စင် အင်ပါယာက ပတ်၀န်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
ယခုအချိန်ထိတိုင်အောင် တိုင်ရွှမ် သူတော်စင် အင်ပါယာနှင့် ဖီးနစ်မီးတောက် သူတော်စင် အင်ပါယာတို့က သူတို့အား နှုတ်ဆက်ရန် ထွက်မလာကြသေးပေ။
ရှီချီ သူတော်စင် အင်ပါယာက
“ မနေ့က ဖီးနစ်မီးတောက် အင်ပါယာ ကျုပ်ကို ဆက်သွယ်ခဲ့တယ်… သူပြောတာကတော့ တစ္ဆေအိုကြီး တိုင်ရွှမ်ကို အရင်တွေ့ပြီးမှ နက်နဲခြင်းအင်ပါယာဂိုဏ်းကို လာမယ်တဲ့….”
“ အမ်… တိုင်ရွှမ် မင်းဆက်က လူတွေလည်း မရောက်သေးတာလား…?”
ရှီချီထံမှ အဖြေကြောင့် ကျူးယောင် အံ့အားသင့်သွားပြီး နောက်ဘက်သို့ လှည့်ကြည့်မိလိုက်သည်။
သို့သော် တိုင်ရွှမ်မင်းဆက်မှ ဘုရင်အဆင့်ကျင့်ကြံသူ (၇၂၀၀)ကိုတွေ့လိုက်ရ၏။
ထို့အပြင် ၎င်းတို့ထံမှ အရှိန်အဝါများအရ ရှေ့တန်းသို့ထွက်ရန် အဆင်သင့်ဖြစ်နေပြီဟု ထင်မှတ်ရလောက်သည်။
၎င်းတို့ထံမှ ကြောက်ရွံ့စိတ် တစ်စုံတစ်ရာကို ခံစားရခြင်းမရှိပေ။
ရှီချီ ခေါင်းယမ်းလိုက်ပြီး
“ တိုင်ရွှမ် မင်းဆက်က တပ်ဖွဲ့ကို တိုင်ရွှမ် အိမ်ရှေ့မင်းသား ဦးဆောင်လာတာ… ပြီးတော့ ဖီးနစ်မီးတောက် ဂိုဏ်းကိုလည်း သူတိုရဲ့ မြင့်မြတ်သားတော်က ဦးဆောင်လာတာပဲ…”
“ ဒါနဲ့ တစ္ဆေအိုကြီးတိုင်ရွှမ်နဲ့ ပတ်သက်ပြီး ကျုပ်သိထားတဲ့ သတင်းတစ်ခုတော့ရှိတယ်…”
ထိုနေရာအရောက်တွင် ရှီချီ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သော်လည်း ဆက်လက်ပြီး ပြောလိုက်၏။
“ လွန်ခဲ့တဲ့ လက တစ္ဆေအိုကြီး တိုင်ရွှမ် သူ့ နယ်နိမိတ်ထဲမှာ လျှို့ဝှက်နယ်မြေ တစ်ခု ရှာတွေ့ခဲ့တယ်တဲ့….”
….
ထိုအချိန်တွင်
တောင်ပိုင်းနယ်စပ် ၊ တိုင်ရွှမ် မင်းဆက် နယ်နိမိတ်အတွင်းရှိ အဆုံးမဲ့မိုးကြိုးကျွန်း....
ကျန်း(၃၀၀၀၀)ရှည်လျားသော ကျွန်းကြီးထက်၌ မိုးခြိမ်းသံ ၊ မိုးကြိုးပစ်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
ကျွန်းအပြင်ဘက်တွင် လှေပျံတစ်စင်း ကောင်းကင်ထက်၌ ပျံဝဲနေခဲ့ပြီး ၎င်းအထက်၌ တိုင်ရွှမ် မင်းဆက်နှင့် ဖီးနစ်မီးတောက် ဂိုဏ်းမှ ကျင့်ကြံသူများ ရှိနေခဲ့ကာ မည်သူမှ အဆုံးမဲ့မိုးကြိုးကျွန်းပေါ်သို့ မချဉ်းကပ်ရဲဖြစ်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုကျွန်းပေါ်၌ ဖြစ်ပေါ်နေသော သဘာ၀ မိုးကြိုးများက အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့်ပင်။
ကျွန်း၏ အပြင်ပိုင်းနယ်မြေ၌ ကျဆင်းနေသော မိုးကြိုးတစ်စင်းချင်းစီတိုင်းက ကောင်းကင်ဘုရင်တစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိသည်။
အင်ပါယာအဆင့်ကျင့်ကြံသူများသာ ကျွန်း အတွင်းပိုင်းသို့ ၀င်ရောက်နိုင်၏။
သို့သော် ဗဟိုသို့ ၀င်ရောက်ရန်မှာမူ ခက်ခဲနေသေးသည်။
ထို့အပြင် ဤ ကျွန်းကြီးက ရှေးယခင်ကတည်းက ဤနေရာ၌ ရှိနေခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သော တစ်လခန့်ကမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။