အခန်း (၅၄၉)
Vol. 37 Ch. 549
၎င်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်၀န်းကျင် ကျန်း(၁)သောင်းကို တုန်ခါသွားစေခဲ့သည်။
ထို့အပြင် ပတ်၀န်းကျင် ကျန်း(၁)သောင်း ကောင်းကင်ယံ၌ ကိုးရက်တိုင်တိုင် မိုးကြိုးလျှပ်စီးများဖြစ်ပေါ်နေလေရာ အင်ပါယာ တိုင်ရွှမ်ပင် တုန်လှုပ်သွားခဲ့ရ၏။
[ Note- သူတော်စင် အင်ပါယာ အန္တိမအင်ပါယာ အတူတူပါပဲ မူရင်းမှာ အခုမှ Saint Emperor ဆိုပြီး ထည့်ရေးထားလို့ပါ ]
…
လက်ရှိ အချိန်သို့ပြန်သွားရမည်ဆိုလျှင်
အဆုံးမဲ့ မိုးကြိုးကျွန်း ဗဟိုချက်၌ ခရမ်းရောင် လျှပ်စီးများက စပါးအုံးများအလား လှုပ်ရှားပြေးလွှားလှုပ်ရှားနေ၏။
ထိုနေရာတွင် အင်ပါယာတိုင်ရွှမ် တင်ပလင်ခွေထိုင်နေခဲ့ပြီး မိုးကြိုးလျှပ်စီးများထံမှ သန့်စင်ပေးခြင်းကို ခံယူနေခဲ့သည်။
ထိုသို့ ထိုင်နေသည်မှာ အချိန်မည်မျှ ကြာသွားပြီမှန်းပင် မသိချေ။
နောက်ဆုံးတွင် အင်ပါယာတိုင်ရွှမ် မျက်လုံးများပွင့်လာခဲ့၏။
ထိုအချိန်တွင် ကောင်းကင်ယံ၌ ပြေးလွှားလှုပ်ရှားနေသော မိုးကြိုးလျှက်စီးများအားလုံး ရပ်တန့်သွားလေသည်။
အင်ပါယာ တိုင်ရွှမ်၏ ခန္ဓာကိုယ်မှ တောက်ပသော နတ်အလင်းများထွက်ပေါ်လာပြီး ဆန်းကြယ်ပလ္လင်အဆင့် အရှိန်အဝါများကလည်း တဖြည်းဖြည်း မြင့်တက်၍လာနေ၏။
ဂျိန်း…
ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုနှင့်အတူ အင်ပါယာတိုင်ရွှမ် မတ်တပ်ရပ်လိုက်ပြီး မိုင်(၃၀၀၀)ကျယ်၀န်းသော မိုးကြိုးတိမ်တိုက်များအား စိုက်ကြည့်လိုက်သည်။
ထို့နောက် လက်သီးတစ်ချက် ပစ်လွှတ်ကာ ဖြိုခွင်းပစ်လိုက်၏။
ဖြောင်း ဖြောင်း ဖြောင်း…
ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာ ယခုတွင် သူတော်စင် အင်ပါယာဟု ခေါ်ဆိုရတော့မည်ဖြစ်သော အင်ပါယာတိုင်ရွှမ် လက်သီးအား ရုတ်သိမ်းလိုက်ချိန်တွင် အဆုံးမဲ့ မိုးကြိုးကျွန်း၏ အလယ်ဗဟိုမှနေပြီး ဖီးနက်မီးတောက် အင်ပါယာ လက်ခုပ်တီးလျက် ထွက်ပေါ်လာသည်။
“ အောင်မြင်မှုဆိုတာ အမြဲတမ်း ကျေနပ်စရာ ကောင်းတဲ့ အရာတစ်ခုပဲ… သူတော်စင် အင်ပါယာအဆင့်ကို ချိုးဖျက်နိုင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်…”
အင်ပါယာတိုင်ရွှမ်က ဖီးနစ်မီးတောက် အင်ပါယာကို တည်ငြိမ်စွာ ကြည့်လိုက်၏။
သူ့မျက်နှာထက်တွင် ၀မ်းသာမှု အရိပ်အယောင် တစက်မှ မရှိချေ။
သူက လက်ကို အသာအယာဝှေ့ယမ်းလိုက်လျှင် လေဟာနယ်လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ထူးဆန်းသော ပန်းတစ်ပွင့် အင်ပါယာ တိုင်ရွှမ် လက်ဖဝါးထက်သို့ ရောက်ရှိလာခဲ့ပြီး ၎င်းအား ဖီးနစ်မီးတောက် အင်ပါယာထံသို့ လှမ်းပို့လိုက်၏။
“ စိတ်မပူပါနဲ့… မင်းကို ပေးရမယ့်ဟာကို ငါပေးမှာပါ… ဒီ အဆုံးမဲ့ မိုးကြိုးပန်းပွင့် ဒီနေ့ကစပြီး မင်းအပိုင်ပဲ…”
လျှပ်စီးများဖြင့် တလက်လက်တောက်ပနေသော ပန်းပွင့်လေးအားကြည့်ရင်း ဖီးနစ်မီးတောက် သူတော်စင် အင်ပါယာ မျက်၀န်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။
တဖက်တွင် ပန်းပွင့်အား လက်ခံယူနေသော ဖီးနစ်မီးတောက် သူတော်စင် အင်ပါယာကိုကြည့်ရင်း တိုင်ရွှမ်၏ နှလုံးသားတစ်ခုလုံး နာကျင်နေခဲ့သည်။
ဤ အဆုံးမဲ့ မိုးကြိုးကျွန်း ဗဟိုချက်တွင် ဆန်းကျယ်မှုများစွာ ရှိနေပြီး ဆန်းကြယ်ပလ္လင်အဆင့် ကျင့်ကြံမှုဖြင့် သူတစ်ယောက်တည်း ၀င်လာရဲခြင်းမရှိချေ။
ထို့အပြင် တောင်ပိုင်းကောင်းကင် ဆောင်းဦးအမဲလိုက်ပွဲက မကြာမီ စတင်တော့မည်။
သူ့ထံတွင် ဝှက်ဖဲများစွာကို ပိုင်ဆိုင်ထားသော်လည်း စိတ်မအေးနိုင်သေးချေ။
ဤသို့ဖြင့် ဖီးနစ်မီးတောက် သူတော်စင် အင်ပါယာနှင့် သဘောတူညီမှုတစ်ခု ရယူခဲ့၏။
ဖီးနစ်မီးတောက် သူတော်စင် အင်ပါယာက သူ့အား အဆုံးမဲ့မိုးကြိုးကျွန်း၏ ဗဟိုချက်သို့ ဘေးကင်းစွာ ၀င်ရောက်နိုင်ရန် ကူညီပေးပြီး ကောင်းကင်ဘုံ အတိဒုက္ခ ခံယူရတွင်လည်း ချောမွေ့စေရန် ကူညီပေးရမည်။
အဖိုးအခအနေဖြင့် ဖီးနစ်မီးတောက် သူတော်စင် အင်ပါယာအား အဆုံးမဲ့မိုးကြိုးကျွန်းပေါ်၌ ရှိသော ရှားပါး ရတနာများထဲမှ (၃)မျိုးကို စိတ်ကြိုက်ရွေးယူခွင့်ပေးရမည်ဖြစ်၏။
ယခင်တုန်းက သူ့တပည့်များက နက်နဲခြင်းအင်ပါယာဂိုဏ်းဖွင့်ပွဲတွင် စကားမှားသွားပြီး ပြသနာပြေလည်စေရန်အလို့ငှာ ဖီးနစ်မီးတောက် ဂိုဏ်းမှ ရတနာသစ်ပင်များကို ပေးအပ်ခဲ့ရသည်။
သို့ဖြစ်ရာ သူ့အနေဖြင့် တိုင်ရွှမ်၏ ဖိတ်ကြားချက်ကို ငြင်းပယ်စရာအကြောင်းမရှိပေ။
မမျှော်လင့်ထားစွာနှင့် ဤခရီးစဉ်က သူတို့ကို အလွန်အံ့အားသင့်စေခဲ့သည်။
အဆုံးမဲ့ မိုးကြိုးပန်းပွင့်က အဆင့်(၆)စိတ်ဝိညာဉ်အပင်ဖြစ်ပြီး အလွန်အဖိုးတန်၏။
ဖီးနစ်မီးတောက်ဂိုဏ်းက မီးကို အဓိက အထူးပြုကျင့်ကြံသော်လည်း မိုးကြိုးက မီးနှင့် တချို့နေရာတွင် တူညီသော ဂုဏ်သတ္တိများရှိလေရာ ထိုပန်းပွင့်က ဖီးနစ်မီးတောက် နယ်မြေအတွက် အလွန်အကျိုးရှိသည်။
ထို့အပြင် ဤ အဆုံးမဲ့ မိုးကြိုးပန်းပွင့်အတွင်း ကောင်းကင်မိုးကြိုး၏ တာအိုစည်းချက်များ ပါ၀င်နေသောကြောင့် ဖီးနစ်မီးတောက် အင်ပါယာ ပို၍ အံ့အားသင့်သွားခဲ့ရသည်။
ယင်းက သူသာ အနာဂါတ်တွင် အဆင့်ချိုးဖျက်ရန်အတွက် ကောင်းကင်ဘုံ အတိဒုက္ခနှင့် ရင်ဆိုင်ရလျှင် တော်တော်လေး အထောက်အကူ ပေးနိုင်၏။
သူတို့ သဘောတူညီချက် ပြီးဆုံးသွားပြီးနောက် အဆုံးမဲ့မိုးကြိုးကျွန်းပေါ်၌ ယခင်က ပြန့်ကျဲနေခဲ့သော မိုးကြိုးများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤ အဆုံးမဲ့မိုးကြိုးကျွန်း၌ အဓိကအချက်အချာကျသောအရာမှာ အဆုံးမဲ့ မိုးကြိုးပန်းဖြစ်သောကြောင့်ပင်။
၎င်းမရှိတော့သည်နှင့် ထောက်ပံ့ထားသော ပင်မထောက်တိုင် မရှိတော့သည့်အလား ဖြစ်သွားပြီး ကျွန်းပေါ်မှ မိုးကြိုးများပျောက်ကွယ်သွားခဲ့ကာ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ပို၍ ကြွယ်၀သော သာမန်ကျွန်းတစ်ကျွန်းအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော် တိုင်ရွှမ်ဖြစ်စေ ဖီးနစ်မီးတောက်ဖြစ်စေ ထိုကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ်မျှ ဂရုမစိုက်ကြပေ။
သူတို့နှစ်ယောက်သား ကောင်းကင်ထက်သို့ ပျံတက်လျက် အလင်းတန်းနှစ်ခုအလား ကမ်းစပ်သို့ ပျံသန်းလာခဲ့ကြသည်။
ကမ်းစပ်မှ စောင့်ဆိုင်းရာ လှေပျံထက်တွင် ဖီးနစ်မီးတောက်ဂိုဏ်းမှ ကျင့်ကြံသူများက သာမန်အတိုင်း ရှိနေခဲ့ကြ၏။
တိုင်ရွှမ်မင်းဆက်မှ ကျင့်ကြံသူများကမူ သူတို့ခေါင်းဆောင် ပြန်ရောက်လာသည်ကိုမြင်လျှင် အားလုံး အံ့အားသင့်သွားခဲ့ကြသည်။
“ သူတော်စင် အင်ပါယာ… လောင်ဇူး သူတော်စင် အင်ပါယာအဆင့်ကို ရောက်သွားပြီဟေ့…”
တိုင်ရွှမ် မင်းဆက်မှလူများ ၀မ်းသာအားရ ဟစ်ကြွေးလိုက်ကြ၏။
တောင်ပိုင်းနယ်စပ်တွင် တိုင်ရွှမ်မင်းဆက်ကို မြင့်မြတ်နယ်မြေတစ်ခုနှင့် ယှဉ်နိုင်သော အင်အားစုတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ကျင့်ကြံသူမရှိသေးသည်ဖြစ်ရာ ကျန် မြင့်မြတ်နယ်မြေများထက် နိမ့်ကျနေဆဲဖြစ်၏။
သို့သော် ယနေ့တွင် ထိုကွာခြားချက် ဆက်လက် တည်ရှိနေတော့မည်မဟုတ်ပေ။
တောင်ပိုင်းကောင်းကင် ဆောင်းဦး အမဲလိုက်ပွဲပြီးဆုံးသွားပါက တိုင်ရွှမ်မင်းဆက်က တရား၀င် မြင့်မြတ်နယ်မြေတစ်ခုဖြစ်လာတော့မည်။
နတ်ဘုရားမင်းဆက်…!
သူ့လူများ ၀မ်းသာအားရ ကြွေးကြော်နေသည်ကိုမြင်လျှင် တိုင်ရွှမ် အင်ပါယာလည်း မနေနိုင်ဘဲ ပြုံးလိုက်မိ၏။
သူ့ခန္ဓာကိုယ်အတွင်း၌ ရုန်းကြွနေသော စွမ်းအားများကို ခံစားမိလိုက်လျှင် စိတ်ထဲ၌ တစ်စုံတစ်ယောက်အား တွေးမိလိုက်သည်။
သူ့မှတ်ညာဏ်ထဲမှ လူငယ်တစ်ဦး၏ ပုံရိပ်က သူ့အား အမြဲတစေ ဖိအားပေးနေခဲ့၏။
အဖြူရောင်၀တ်စုံနှင့် ဓားတစ်လက် ကိုင်ဆွဲထားသော လူငယ်တစ်ဦးက အန္တိမအင်ပါယာ ( သူတော်စင်အင်ပါယာ ) များကို နောက်ဆုတ်သွားစေရန် ဖိအားပေးနိုင်စွမ်းရှိသည်။
“ နက်နဲခြင်းအင်ပါယာ ဂိုဏ်းချုပ်….”
အင်ပါယာတိုင်ရွှမ် ခါးသီးစွာပြုံးရင်း သက်ပြင်းချလိုက်မိ၏။
ရွှမ်ယီ၏ တည်ရှိမှုက အရှေ့ပိုင်းတိုက်ကြီးမှ လူငယ်မျိုးဆက်အား ဖိအားပေးနိုင်ရုံသာမက
သူတို့ ယခင်မျိုးဆက်ဟောင်းများလည်း ဖိအားများ ခံစားနေခဲ့ရသည်။
မျိုးဆက်တိုင်း မျိုးဆက်တိုင်း အလွန်အစွမ်းထက်သော လူငယ်များ ထွက်ပေါ်လာသည်က သာမန်ပင်။
သို့သော် သက်ကြီးပိုင်းမျိုးဆက်များကိုပင် ဖိအားပေးနိုင်သော ဖြစ်ရပ်မျိုးက ရှားပါး၏။
အရှေ့ပိုင်းတိုက်ကြီး၏ သမိုင်းမှတ်တမ်းများအား ပြန်ကြည့်မည်ဆိုလျှင်ပင် ထိုကဲ့သို့ အရာမျိုးက မရှိသလောက်ပင်။
ထို အနည်းငယ်မျှသာရှိသော လူများထဲတွင်မှ ရွှမ်ယီက အလွန်ထူးခြားလှ၏။
အင်ပါယာတိုင်ရွှမ် ရေရွတ်လိုက်သံက အလွန်တိုးညှင်းသော်လည်း ဖီးနစ်မီးတောက် အင်ပါယာ ကြားနိုင်ဆဲဖြစ်ကာ သူလည်း လိုက်ပါ သက်ပြင်းချလိုက်မိသည်။