← Chapters

အခန်း (၅၅၀)

Vol. 37 Ch. 550

အခန်း (၅၅၀)

Vol. 37 Ch. 550

ကံကောင်းစွာနှင့် သူတို့နှစ်ယောက်လုံး အင်အားစုကြီးများမှ ခေါင်းဆောင်များဖြစ်လေရာ စိတ်ကို ချက်ချင်းပြန်လည်တည်ငြိမ်စေလိုက်ပြီး

လက်အောက်ငယ်သားများအား သူတို့မရှိချိန်တွင် နန်းတော်နှင့် ဂိုဏ်းကို သေချာစောင့်ရှောက်ထားရန် မှာကြားလိုက်၏။

ထို့နောက် ကောင်းကင်ပြိုလဲခြင်းတောင်သို့သွားပြီး ကျန်အဖွဲ့များနှင့် ပေါင်းစည်းရန် ပြင်လိုက်ကြသည်။

သို့သော် သူတို့ မထွက်ခွာရသေးမီ ကောင်းကင်ထက်၌ ဧရာမ အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။

“ ခင်ဗျားတို့က ရွှမ်ယီအကြောင်း ပြောနေကြတာလား...?”

အေးဆေးတည်ငြိမ်သော စကားသံတစ်ခုက ထိုအက်ကြောင်းအတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

စကားသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတော်စင် အင်ပါယာ နှစ်ယောက်လုံး ကြီးမားသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ကြရ၏။

……

တိုင်ရွှမ်နှင့် ဖီးနစ်မီးတောက် အင်ပါယာတို့ ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ကြောင့် အလွန်ထိတ်လန့်သွားကြစဉ်…

ကောင်းကင်ပြိုလဲခြင်း တောင်ထိပ်တွင်…

ဝေ့ယွမ်၏ ဦးဆောင်မှုအောက်၌ မြင့်မြတ်နယ်မြေ (၄)ခုက ကောင်းကင်ပြိုလဲခြင်းတောင်ပေါ်သို့ အစီအစဉ်တကျ ဝင်ရောက်လာခဲ့ကြသည်။

ရဲ့ချင်းစုန် ရွှမ်ယီကိုယ်စား တောင်ပိုင်းကောင်းကင်ညီလာခံသို့ တက်ရောက်ခဲ့ပြီးကတည်းက ဂိုဏ်းတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း သူတို့ သိရှိထားပြီးဖြစ်၏။

ဤသို့ဖြင့် ထိုစဉ်ကတည်းက တောင်ပေါ်၌ ယာယီစခန်းများ ဆောက်လုပ်ထားခဲ့သည်။

ထိုရောက်ရှိလာသူများထဲမှ ခေါင်းဆောင်နှစ်ယောက်ဖြစ်သော ရှီချီနှင့် ကျူးယောင်အင်ပါယာတို့ကို နတ်တန်ခိုးစွမ်းရည်ခန်းမသို့ တိုက်ရိုက်ဖိတ်ကြားလိုက်၏။

“ ဒီအဆောက်အအုံ ကောင်းလိုက်တာ… ကြည့်ရတာ တော်တော်ဆန်းကြယ်တာပဲ...”

နတ်တန်ခိုးစွမ်းရည်ခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ရှီချီနှင့်ကျူးယောင်အင်ပါယာတို့ နှစ်ယောက်လုံး သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပေ။

သူတို့က နတ်တန်ခိုးစွမ်းရည်ခန်းမ၏ ပထမအထပ်၌သာ ရှိနေကြသေးသော်လည်း ဤနေရာ၌ပင် တာအိုအစီအရင်တစ်ခု ရှိနေခဲ့သည်။

ထို့အပြင် ၎င်း၏အကျိုးသက်ရောက်မှုက အလွန်ကြီးမားကာ မြင့်မြတ်နယ်မြေကြီးများ၌ ခင်းကျင်းထားသော အစီအရင်များနှင့်ပင် ယှဉ်နိုင်စွမ်းရှိနေသည်။

ရှီချီနှင့်ကျူးယောင်အင်ပါယာတို့ နှစ်ယောက်စလုံးက အန္တိမအင်ပါယာအဆင့်တွင် နှစ်ပေါင်းတစ်သိန်းကျော်ကြာ သောင်တင်နေခဲ့ကြပြီးဖြစ်ကာ ထိုအချိန်များအတောအတွင်း မည်သည့်အခွင့်အလမ်းကောင်းတစ်ခုမှ မရရှိခဲ့ဘဲ ၎င်းတို့၏ ရှေ့ဆက်လိုသောဆန္ဒမှာလည်း စိတ်ကူးယဉ်မှုတစ်ခုအလား ဖြစ်လာခဲ့သည်။

အထူးသဖြင့် ရှီချီအင်ပါယာအတွက် ဖြစ်ပေသည်။

သူ အန္တိမအင်ပါယာအဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း သူကျင့်ကြံလာခဲ့သော ရှီချီအင်ပါယာကျမ်းစာက ဆက်လက်ကျင့်ကြံရန် နည်းလမ်းမရှိတော့ဘဲ ရှေ့ဆက်ရန်အတွက် သူ၏ကိုယ်ပိုင်အသိဉာဏ်ကိုသာ အသုံးပြုခဲ့ရသည်။

ဤသို့ဖြင့် နှစ်ပေါင်းနှစ်သောင်းကျော် ကုန်လွန်သွားခဲ့ကာ သူ၏ကျင့်ကြံမှုက အလယ်အလတ်အန္တိမအင်ပါယာအဆင့်သို့သာ ရောက်ရှိသေးပြီး ရှေ့သို့ ခြေတစ်လှမ်းမျှသာ လှမ်းနိုင်ခဲ့၏။

သို့သော် ဤခန်းမအတွင်းသို့ ဝင်ရောက်လာပြီးသည်နှင့် ယခင်တုန်းက မစဉ်းစားမိခဲ့သော တာအိုအပိုင်းအစလေးများက ဤခန်းမကြီးအတွင်းရှိ အမည်မသိလျှို့ဝှက်ဆန်းကြယ်သော အစီအရင်အောက်တွင် လှုပ်ရှားလာသည်ကို တွေ့ရှိခဲ့ရပြီးနောက် ရှီချီအင်ပါယာ အလွန်ထိတ်လန့်သွားခဲ့ရသည်။

ထို့နောက် အသိစိတ်ထဲ၌ ထိုးထွင်းသိမြင်မှုအနည်းငယ်ကို ဝေဝေဝါးဝါး ခံစားလိုက်ရ၏။

အန္တိမအင်ပါယာအဆင့်သို့ ရောက်ရှိပြီးနောက် ရှေ့သို့တစ်လှမ်းတိုးရန်မှာ အလွန်ခက်ခဲလှပြီး ထိုးထွင်းသိမြင်မှုအရိပ်အယောင်လေးမျှ ဖြစ်နေလျှင်ပင် အလွန်အရေးကြီးကြောင်း သိထားရန်လိုအပ်သည်။

ယခုတွင် ဤခန်းမက အမှန်တကယ်ကို ထိုကဲ့သို့အကျိုးသက်ရောက်မှုမျိုး ရှိနေခဲ့သည်။

အကယ်၍ ပြင်ပသို့ သတင်းများထွက်သွားပါက အပြင်းအထန် ရုတ်ရုတ်သဲသဲဖြစ်သွားပေလိမ့်မည်။

မဟာဂိုဏ်းကြီးများပင် လာရောက်သိမ်းဆည်းခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

မဟာဂိုဏ်းကြီးအကြောင်းကို တွေးမိလိုက်ချိန်၌ ရှီချီ၏နှလုံးသား အနည်းငယ်လှုပ်ခတ်သွားခဲ့၏။

လျူယန်မင်းဆက်ကို ရွှမ်ယီဖျက်ဆီးခဲ့သည့်ကိစ္စက တောင်ပိုင်းနယ်စပ်တစ်လျှောက် ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။

တစ်ဖက်တွင် ရွှမ်ယီ၏ ကြောက်မက်ဖွယ်ခွန်အားနှင့် နက်နဲခြင်းအင်ပါယာဂိုဏ်းက တပည့်များအပေါ် တန်ဖိုးထားမှုကြောင့် လူတိုင်းတုန်လှုပ်သွားခဲ့ရသည်။

တစ်ဖက်တွင်မူ လျူယန်မင်းဆက်ကို နောက်ခံပေးထားသော ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း (ဖေးရှန့်ဂိုဏ်း)၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ လူများစွာတို့ လျှို့ဝှက်စွာ ထင်ကြေးပေးနေခဲ့ကြ၏။

သို့သော် ထိုကိစ္စဖြစ်ပျက်ခဲ့သည်မှာ အချိန်နှစ်လနီးပါးကြာသွားခဲ့သော်လည်း ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းက အနည်းငယ်မျှ တုံ့ပြန်မှုမရှိသောကြောင့် လူပေါင်းများစွာတို့ ထိုကိစ္စနှင့်ပတ်သက်ပြီး တဖြည်းဖြည်းမေ့လျော့လာကြချေပြီ။

အကယ်၍ ယနေ့သာ ဤနတ်တန်ခိုးစွမ်းရည်ခန်းမအတွင်းသို့ သူ မဝင်ရောက်မိခဲ့ပါက ရှီချီလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး မှတ်မိလိမ့်မည်မဟုတ်ပေ။

ဤသို့ဖြင့် ရှီချီ တစ်ခဏမျှသာ တွေးတောလိုက်ပြီးနောက် ထိုကိစ္စအား မေ့ထားလိုက်တော့သည်။

“ ဒါနဲ့ ဂိုဏ်းချုပ်ရွှမ်ယီက ဘယ်မှာများလဲ...”

ရှီချီက လက်ယှက်ရင်း မေးလိုက်သည်။

တစ်ဖက်တွင် ရှီချီ၏စကားကြောင့် ကျူးယောင်လည်း ပဟေဠိမျက်ဝန်းများဖြင့် ရဲ့ချင်းစုန်အား ကြည့်လိုက်လေသည်။

လာမည့် ဆောင်းဦးအမဲလိုက်ပွဲတွင် ရွှမ်ယီက သူတို့တပ်ဖွဲ့လေးခု၏ တပ်မှူးဖြစ်လာမည် ဖြစ်သော်လည်း နောက်ဆုံးတွင် လူတိုင်းက မြင့်မြတ်နယ်မြေတစ်ခုချင်းစီ၏ ခေါင်းဆောင်များဖြစ်လေရာ သူတို့အဆင့်အတန်းများက တန်းတူဟု ဆိုနိုင်သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရှီချီနှင့်ကျူးယောင်တို့က စကားများစွာ မပြောကြသော်လည်း နှလုံးသားထဲတွင် အနည်းငယ် စိုးရိမ်နေဆဲပင်။

ရွှမ်ယီက အလွန်ငယ်ရွယ်လွန်းနေသေးသည်ဖြစ်ရာ စစ်တပ်အား အမိန့်ပေးသောအချိန်တွင် သွေးဆူလွယ်မည်ကို ကြောက်ရွံ့နေခဲ့ကြ၏။

ယခုတစ်ကြိမ်တွင် သူတို့နှစ်ယောက်က အရင်ဆုံး ရောက်လာကြခြင်းဖြစ်သည်။

လာမည့်တိုက်ပွဲနှင့် ပတ်သက်သည့် အစီအစဉ်များကို မေးမြန်းရန် ရည်ရွယ်ထားခဲ့၏။

သို့သော် သူတို့ ကောင်းကင်ပြိုလဲခြင်းတောင်ကို ရောက်ရှိပြီးနောက် သူတို့အား နှုတ်ဆက်ရန် ထွက်လာသူ သို့မဟုတ် အတွင်းသို့ ဖိတ်ခေါ်ခဲ့သူက ရွှမ်ယီမဟုတ်ဘဲ သူ၏တပည့်များသာ ဖြစ်နေခဲ့သည်။

ယခု နတ်တန်ခိုးစွမ်းရည်ခန်းမအတွင်းသို့ သူတို့ရောက်ရှိလာသည့်တိုင်အောင် ရွှမ်ယီအား တွေ့ရှိရခြင်း မရှိသေးပေ။

ဤကိစ္စက သူတို့နှစ်ယောက်လုံးအတွက် အလွန်ထူးဆန်းလွန်းနေခဲ့၏။

သာမန်လူများအမြင်တွင် ရွှမ်ယီ၏ ပုံစံက တော်တော်လေး ချဲ့ကားသည်ဟု ထင်သွားနိုင်သည်။

သို့သော် နက်နဲခြင်းအင်ပါယာဂိုဏ်း ဖွင့်ပွဲအခမ်းအနားကို မြင်ဖူးသူများအနေဖြင့် ရွှမ်ယီ၏ ပုံစံက အနည်းငယ် ခက်ထန်ဟန်ရသော်လည်း စိတ်ဓာတ် ကောက်ကျစ်စဉ်းလဲသူ မဟုတ်ကြောင်း နားလည်ကြပေလိမ့်မည်။

၎င်းတို့ထံမှ မေးခွန်းအား ကြားလျှင် ရဲ့ချင်းစုန်က အသာအယာ ပြုံးလိုက်ပြီး

“ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့နှစ်ယောက်ကို ဖုံးကွယ်ထားစရာတော့ မရှိပါဘူး… ဂိုဏ်းချုပ်မှာ ဒီနေ့ အရေးတကြီးလုပ်စရာတစ်ခု ရှိနေတယ်… ပြောရမယ်ဆိုရင်တော့ နက်နဲခြင်းအင်ပါယာဂိုဏ်းရဲ့ ဆယ်ယောက်မြောက်တပည့်ဖြစ်တဲ့ ကုချီရဲ့တာအိုခန္ဓာနဲ့ ပတ်သက်တဲ့ကိစ္စပဲ...”

“ အင်ပါယာကုချီလား...”

“ ကုချီဆိုတာ စွန့်ပစ်ခံ ဓားအင်ပါယာ မဟုတ်ဘူးလား...”

ကုချီ၏ နာမည်အား ကြားလျှင် ရှီချီနှင့် ကျူးယောင်တို့၏ အမူအရာများ ပြောင်းလဲသွားခဲ့၏။

ကုချီ ကြုံတွေ့ခဲ့ရသော ကိစ္စများမှာ အံ့အားသင့်စရာကောင်းလှပြီး မဟာဂိုဏ်းကြီးထံမှ စွန့်ပစ်ခံအနေဖြင့် ကျော်ကြားသူတစ်ယောက်လည်းဖြစ်သည်။

ကုချီ၏ တာအိုခန္ဓာ၌ ချို့ယွင်းချက် ရှိနေသော ကိစ္စက တောင်ပိုင်းနယ်စပ်တွင်ပင် လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ချေ။

လူတိုင်းအမြင်တွင် ကုချီအတွက် အကောင်းဆုံးအဆုံးသတ်မှာ သူ့ဘဝတစ်လျှောက်လုံး အဆင့်နိမ့်အင်ပါယာအဆင့်၌ ကုန်ဆုံးခြင်း ဖြစ်ပေသည်။

ယခုတွင်မူ မည်ကဲ့သို့နည်း။

ရဲ့ချင်းစုန်၏ စကားများအား ထောက်ရှုကြည့်မည်ဆိုလျှင် ရွှမ်ယီက ကုချီ၏ မူလတာအိုခန္ဓာနှင့် ပတ်သက်သော ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့ရုံမျှသာမက ၎င်းအား ပြင်ဆင်ရန်ပင် ကြိုးစားနေချေပြီ။

All Chapters