အခန်း (၅၅၂)
Vol. 37 Ch. 552
သို့သော် ဂျီကျူးယွဲ့က အနည်းငယ် ခေါင်းယမ်းလိုက်ပြီး
“ မင်းတို့နှစ်ယောက် နားလည်မှုလွဲနေကြပြီ… ဒီအစီအရင်က ငါ့ရဲ့ကိုယ်ပိုင်နည်းလမ်းမဟုတ်ဘူး… ဂိုဏ်းချုပ်ရွှမ် ပေးထားတဲ့အရာတစ်ခုပဲ… ငါက အဲဒီနည်းလမ်းထဲကအတိုင်း လိုက်လုပ်ပြီး ကူညီပေးတာပဲ ရှိတယ်...”
“ အမ်…”
ဂျီကျူးယွဲ့ စကားကြောင့် ရှီချီနှင့် ကျူးယောင်တို့ အလွန်အံ့အားသင့်သွားခဲ့ကြသည်။
ရွှမ်ယီ တောင်ပိုင်းနယ်မြေတွင် စတင်ထွက်ပေါ်လာချိန်ကတည်းက အောင်မြင်မှုပေါင်းများစွာကို မှတ်တမ်းရေးထိုးနိုင်ခဲ့သော်လည်း အစီအရင်တာအို၌ သူကျွမ်းကျင်ကြောင်းကိုမူ ဘယ်တုန်းကမှ ကြားဖူးခဲ့ခြင်း မရှိချေ။
ရွှမ်ယီက
“ အကြီးအကဲကျူးယွဲ့က နှိမ့်ချလွန်းနေပါပြီ… ကျုပ်က အစီအရင်ပုံကြမ်းကို ပေးလိုက်ရုံပါပဲ… တကယ်လို့ အကြီးအကဲကျူးယွဲ့သာ မရှိဘူးဆိုရင် ဒီအစီအရင်ကို ပြုလုပ်ဖို့ အချိန်အများကြီး လိုလိမ့်မယ်...”
ရွှမ်ယီ၏ စကားကိုကြားလျှင် ရှီချီနှင့်ကျူးယောင်တို့ နှလုံးသားများ တုန်ခါသွားခဲ့၏။
သူတို့က ယခုကဲ့သို့ မြင့်မားသောအဆင့်ထိ ကျင့်ကြံခဲ့ပြီးကြသည်ဖြစ်လေရာ သူတို့၏အမြင်က တခြားလူများထက် ပို၍ ကြီးမားပေသည်။
လက်ရှိအချိန်တွင် ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်၌ ခင်းကျင်းထားသော အစီအရင်အား သူတို့ အသေးစိတ်နားမလည်နိုင်သော်လည်း ထိုအစီအရင်၏ ဆန်းကြယ်မှုကိုမူ မြင်နိုင်စွမ်း ရှိကြ၏။
ယင်းက သူတို့ မြင်ဖူးခဲ့သော ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအစီအရင်များထက် ကျော်လွန်နေသည်။
ရွှမ်ယီ၏ စကားများအား ထောက်ချင့်ကြည့်ရမည်ဆိုလျှင် ဤကဲ့သို့ အစီအရင်အား သာမန်အလွယ်တကူ ပေးပစ်လိုက်ဟန်တူသည်။
ထိုကိစ္စက ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်း မြင့်မားလွန်းသည်ဟူသော အကြောင်းအရာထက် ပို၍ကြောက်မက်ဖွယ်ကောင်းလှ၏။
ထိုကဲ့သို့ အစီအရင်မျိုးက အဆင့်(၇) အစီအရင်ဆရာသခင်များကိုပင် အချင်းချင်းပြိုင်ဆိုင်စေရန် လုံလောက်နေချေပြီ။
၎င်းအား အလွယ်တကူပေးပစ်နိုင်သော လူတစ်ယောက်၏ နောက်ခံအနေအထားက လူတိုင်းအား အလွန်အမင်း မနာလိုဖြစ်သွားစေနိုင်သည်။
ပြောစရာပင် မလိုချေ။
လက်ရှိအချိန်တွင် နက်နဲခြင်းအင်ပါယာဂိုဏ်းမှ ပြသခဲ့သော စွမ်းအားများက တဖြည်းဖြည်း ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာနေပြီဖြစ်၏။
ဤမတိုင်ခင်တုန်းက အင်အားစုကြီးများကို ပြားပြားဝပ်စေခဲ့သော ရဲ့ချင်းစုန် ရှိသည်။
၎င်းက သူ၏စွမ်းအားကို တောင်ပိုင်းနယ်စပ်၌ ထုတ်ဖော်ပြသခဲ့ကာ နက်နဲခြင်းအင်ပါယာဂိုဏ်းအား မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာစေခဲ့သည်။
ယခုတွင် ၎င်းတို့ထံ၌ သူတော်စင်အင်ပါယာအဆင့်ကျင့်ကြံသူ ဂျီကျူးယွဲ့လည်း ရှိနေခဲ့ချေပြီ။
ထို့အပြင် ရွှမ်ယီကလည်း လျူယန်မင်းဆက်ကို ဖျက်ဆီးခဲ့ပြီး အံ့ဩဖွယ်ကောင်းသော ဓားပညာများကို ပြသခဲ့သေးသည်။
ရှင်းရှင်းလင်းလင်းပြောရမည်ဆိုလျှင် နက်နဲခြင်းအင်ပါယာဂိုဏ်းက တောင်ပိုင်းနယ်စပ်၌ ထိပ်တန်းမြင့်မြတ်နယ်မြေဟူသော ဘွဲ့နှင့် လုံးဝထိုက်တန်နေချေပြီ။
ကံကောင်းထောက်မစွာနှင့် ရှီချီနှင့်ကျူးယောင်တို့က ခိုင်မာသော တာအိုနှလုံးသားများ ပိုင်ဆိုင်ထားခဲ့သည်ဖြစ်လေရာ စိတ်အတွင်းမှ မငြိမ်မသက်မှုများအား လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး ရွှမ်ယီ၏ နောက်ဘက်တွင် ရှိနေသော ကုချီအား ကြည့်လိုက်ကြသည်။
ကျူးယောင်က စပ်စုလိုဟန်ဖြင့်
“ ကျုပ် မေးခွန်းတစ်ခုလောက် မေးလို့ရမလား… ကုချီရဲ့ မူလတာအိုခန္ဓာကို ပြီးပြည့်စုံစေဖို့အတွက် ဒီမဟာအစီအရင်ကြီးကို ဘယ်လို အသုံးပြုမှာလဲ...”
သို့သော် ရွှမ်ယီ ပြန်လည်၍ အဖြေမပေးရသေးမီ ကောင်းကင်ပြိုလဲခြင်းတောင် အထက်ကောင်းကင်ယံတွင် အလွန်ကြီးမားသော လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
“ ကုချီရဲ့ မူလတာအိုခန္ဓာကို ပြီးပြည့်စုံအောင် လုပ်မှာတဲ့လား… ဟားဟားဟား… မြင့်မြတ်နယ်မြေလေးတစ်ခုက ဘယ်လိုတောင် ကြီးကျယ်တဲ့ စကားကို ပြောရဲတာလဲ...”
ကောင်းကင်ထက်တွင် ခမ်းနားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
၎င်းအား ကြည့်ရသည်မှာ ရှေးခေတ်မှ နတ်ဆိုး နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။
၎င်းထံမှ ကြောက်မက်ဖွယ် ဖိအားများ ထွက်ပေါ်နေခဲ့ပြီး အရှိန်အဝါများကလည်း အလွန်အံ့ဩဖွယ်ကောင်းလှ၏။
၎င်းထံမှ ထွက်ပေါ်လာသော စကားများကလည်း ငလျင်တစ်ခု လှုပ်ခတ်လိုက်သည့်အလား ထင်မှတ်ရကာ တိမ်ပင်လယ်ကြီးအား ဖြိုခွင်းပစ်လိုက်သည်။
ကျူးယောင်နှင့် ရှီချီတို့ ရုတ်တရက်ရောက်ရှိလာသူအား မော့ကြည့်လိုက်လျှင် သူတို့အမူအရာများ ပြောင်းလဲသွားခဲ့ရသည်။
ထိုထွက်ပေါ်လာသော ကြီးကျယ်ခမ်းနားသည့် ပုံရိပ်က တုန်လှုပ်ချောက်ချားစရာကောင်းသည်က အမှန်ပင်။
သို့သော် ရှီချီနှင့် ကျူးယောင်တို့အား အမှန်တကယ် ဆွဲဆောင်လိုက်သောအရာမှာ ၎င်းနောက်ဘက်တွင် ရှိနေသည်။
“ တိုင်ရွှမ်အင်ပါယာ… ဖီးနစ်မီးတောက်အင်ပါယာ...”
ရှီချီ အံကြိတ်ကာ ရေရွတ်လိုက်ပြီး မျက်ဝန်းများအတွင်း၌ ဒေါသအခိုးအငွေ့များ ပြည့်နှက်လာခဲ့သည်။
တစ်ဖက်တွင် ကျူးယောင်က အနည်းငယ်တည်ငြိမ်နေဟန်ရသော်လည်း နှလုံးသားထဲ၌ အလွန်အမင်း ဒေါသထွက်နေခဲ့၏။
အကြောင်းပြချက်မှာ ကောင်းကင်ထက်၌ ရှိနေသည်။
ကောင်းကင်ထက်မှ ခမ်းနားကြီးကျယ်သော ပုံရိပ်အနောက်ဘက်တွင် ဖြူဖျော့နေသော မျက်နှာနှင့် တိုင်ရွှမ်နှင့် ဖီးနစ်မီးတောက် သူတော်စင်အင်ပါယာတို့ ရှိနေခဲ့ကြပြီး ထူးဆန်းသော သံကြိုးနှစ်ချောင်းက ၎င်းတို့ခန္ဓာကိုယ်အား တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားကာ ကျင့်ကြံမှုများကို ဆီးလ်ခတ်ထားသည်။
အတင်းအကြပ် ဖမ်းဆီးခံထားရကြောင်း ထင်ရှား၏။
သူတို့နှစ်ယောက်အား ပင်လယ်ပြာ ရွှေမျက်လုံးသားရဲကြီး၏ ခန္ဓာကိုယ်နှင့် တွဲချည်ထားခဲ့သည်။
တောင်ပိုင်းနယ်စပ်မှ မြင့်မြတ်နယ်မြေနှစ်ခု၏ ခေါင်းဆောင်နှစ်ယောက်အား ယခုကဲ့သို့ ဆက်ဆံထားမှုမှာ သူတို့နှစ်ဦးကို အရှက်ရစေရုံမျှသာမက တောင်ပိုင်းနယ်စပ်မှ ကျင့်ကြံသူအားလုံး၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းလည်း ဖြစ်၏။
“ အိုး… ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက်ကလည်း တောင်ပိုင်းနယ်စပ်က မြင့်မြတ်နယ်မြေခေါင်းဆောင်တွေ ထင်တယ်…”
ကြီးကျယ်ခမ်းနားသောပုံရိပ်က ပင်လယ်ပြာရွှေမျက်လုံးသားရဲကြီးကျောပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများအား တွန့်ကွေးကာ လှောင်ပြုံးလျက် ပြောလိုက်သည်။
“ ဟောဒီက နှစ်ယောက်လည်း ခင်ဗျားတို့လိုပဲ ကျုပ်နဲ့ စတွေ့တုန်းက လေးစားရကောင်းမှန်း မသိခဲ့ကြဘူး… ခင်ဗျားတို့ရော ဘာလုပ်နေကြသေးတာလဲ… ထွက်လာခဲ့… ပြီးရင် သူတို့ကို ကယ်နိုင်မလား စမ်းကြည့်လိုက်လေ…”
စကားဆုံးသည်နှင့် ထိုပုံရိပ်က ပင်လယ်ပြာရွှေမျက်လုံးသားရဲကြီးကျောပေါ်မှ ဆင်းလိုက်ကာ ခြေတစ်လှမ်းဖြင့် ကောင်းကင်ပြိုလဲခြင်းတောင်အနီးသို့ ရောက်လာခဲ့သည်။
ထို့အပြင် သူ၏စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းက အထင်ကြီးစရာပင်။
သူက မဟာကောင်းကင်ဘုံကြယ်စင်စု အစီအရင်ကြီး အပြင်ဘက်အစွန်းနား၌ ရပ်နေခဲ့၏။
သူက အထင်သေးသော မျက်ဝန်းများဖြင့် ရှီချီနှင့် ကျူးယောင်တို့အား ကြည့်နေခဲ့ရာမှ သူ၏ အကြည့်များ ရွှမ်ယီထံသို့ ရောက်ရှိလာပြီးနောက် နှုတ်ခမ်းထောင့်များ ပို၍တွန့်ကွေးသွားခဲ့သည်။
“ မင်းက နက်နဲခြင်းအင်ပါယာဂိုဏ်းချုပ်ပဲဖြစ်မယ်…. ဂိုဏ်းကိုကာကွယ်ဖို့ ဒီလိုအစီအရင်မျိုးကိုတောင် တည်ဆောက်နိုင်တယ်ဆိုတော့ ဂိုဏ်းထဲမှာ သူတော်စင်အင်ပါယာ (အန္တိမအင်ပါယာ)အဆင့် ကျင့်ကြံသူ ရှိရမယ်…”
ထို့နောက် ပုံရိပ်ထိုပုံရိပ်က ရွှမ်ယီထံသို့ လက်ညှိုးညွှန်လိုက်ပြီး
“ ပြီးတော့ မင်းမှာ အရမ်းကောင်းမွန်တဲ့ အရည်အချင်းတွေ ရှိပုံပဲ… ဒါကြောင့်မို့လို့ မင်းကို အခွင့်အရေးတစ်ခုပေးမယ်… ငါ့ရဲ့နောက်လိုက်တစ်ယောက်အဖြစ် ခံယူလိုက်… ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်… အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းအပါအဝင်...”
ထိုပုံရိပ်ထံမှ ထွက်ပေါ်လာသော စကားသံက တဖြည်းဖြည်းအေးစက်နက်ရှိုင်းလာခဲ့ကာ
“ မင်းရဲ့ဂိုဏ်းကိုလည်း ဖျက်ဆီးပစ်မယ်…”
စကားဆုံးသည်နှင့် ၎င်းက ရုတ်တရက် လက်အား ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်သို့ နတ်အလင်းများ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် သူ၏ အစစ်အမှန်ပုံရိပ် ထွက်ပေါ်လာလျှင် ငယ်ရွယ်သော အမျိုးသားတစ်ဦးဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
၎င်းက ငွေရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ ခါးတွင် ကျောက်စိမ်းဓားရှည်တစ်ချောင်းကိုလည်း ချိတ်ဆွဲထားသေး၏။
သို့သော် လူတိုင်း၏မျက်လုံးကို အဓိကဆွဲဆောင်လိုက်သောအရာမှာ ငွေရောင်ဝတ်စုံရင်ဘတ်၌ ရေးထိုးထားသော ကောင်းကင်ထက်သို့ ပျံတက်နေဟန်ရသည့် အင်မော်တယ်ဓားတစ်ချောင်းပုံစံ ဖြစ်ပေသည်။
“ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း…”
“ မင်းရဲ့ဘွဲ့နာမည်ကို သိလို့ရမလား…”
ရုတ်တရက်ရောက်ရှိလာသူ၏ အစစ်အမှန်ပုံစံကို မြင်လိုက်ပြီးလျှင် ရှီချီနှင့်ကျူးယောင်တို့၏ ဒေါသများက ချက်ချင်းထိတ်လန့်ကြောက်ရွံ့မှုများအဖြစ်သို့ ပြောင်းလဲသွားလေသည်။