← Chapters

အခန်း (၅၅၄)

Vol. 37 Ch. 554

အခန်း (၅၅၄)

Vol. 37 Ch. 554

သို့သော် ထိုသတင်းနှင့် ပတ်သက်ပြီး လူတိုင်း ထူးဆန်းသလို ခံစားနေခဲ့ရကာ ဖေးရှန့်ဂိုဏ်း၏ လှည့်ကွက်များ ပါ၀င်နိုင်ကြောင်း ရိပ်စားမိခဲ့ကြသည်။

ဥပမာအားဖြင့် ဖေးရှန့်ဂိုဏ်းက ဂျီကျူးယွဲ့အား လောဘကြီးသူ ၊ ယုတ်မာကောက်ကျစ်သူ စသဖြင့် မခံမရပ်နိုင်အောင် ပြော‌ဆိုခဲ့သော်လည်း ဂျီကျူးယွဲ့အား လိုက်လံရှာဖွေ ဖမ်းဆီးခြင်းမရှိခဲ့ပေ။

ယခု ဂျီကျူးယွဲ့ စကားများက ထိုအချိန်တုန်းကနှင့် လုံး၀ ဆန့်ကျင်ဘက်ဖြစ်နေခဲ့၏။

တစ်ဖက်တွင် ဂျီကျူးယွဲ့ စကားကြောင့် ချီလင်းတန်မျက်နှာတစ်ခုလုံး အေးစက်သွားခဲ့ရသည်။

အမှန်တိုင်းဆိုရမည်ဆိုလျှင် သူက ဂျီကျူးယွဲ့နှင့် ဖေးရှန့်ဂိုဏ်းအကြားမှ ပြသနာများကို တိတိကျကျ မသိခဲ့ရပေ။

သူ့ ဆရာများကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ဖုံးကွယ်ထားခဲ့ကြ၏။

သို့သော် သူက မဟာဂိုဏ်းကြီးမှ လူတစ်ယောက်အနေဖြင့် တောင်ပိုင်းနယ်မြေမှ အင်အားစုလေးများကို အလွန်အထင်သေးသည်။

ထို့ကြောင့် ၎င်းတို့နှင့် ဆက်ပြောလိုစိတ်မရှိတော့ပေ။

“ ကျုပ် ခင်ဗျားကို မသတ်နိုင်ဘူးလို့ ထင်နေတာလား…”

ချီလင်းတန် ဒေါသတကြီး ဟစ်အော်လိုက်၏။

တစ်ချိန်တည်းတွင် ရွှမ်ယုလုံဓားမှ သမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့ စွမ်းအားများ ထွက်ပေါ်လာပြီး မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြီးထံသို့ ကျရောက်လာခဲ့သည်။

ချီလင်းတန်၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများကိုမြင်လျှင် ဂျီကျူးယွဲ့ အနည်းငယ် မျက်နှာပျက်သွားခဲ့ကာ ပင့်သက်ရှိုက်လိုက်မိ၏။

“ ဒီစွမ်းအား… ဘယ်လိုဖြစ်နိုင်မှာလဲ…”

“ မင်းမှာ ဘယ်လိုလုပ်ပြီး ဒီလို ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတွေ ရှိနေတာလဲ…”

ထို့နောက် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးများအကြား ဆန်းကြယ်သော အမှတ်အသားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ဝိညာဉ်ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်လာလေသည်။

ယင်းက စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်သာ စွမ်းဆောင်နိုင်သောအရာဖြစ်၏။

ချီလင်းတန်က စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသလော…?

….

စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့်သို့ရောက်လျှင် ဝိညာဉ်ခန္ဓာတစ်ခု ဖန်တီးနိုင်ပေလိမ့်မည်။

စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့်၌ ကျင့်ကြံခြင်း တစ်ဆင့်မြင့်သွားတိုင်း မဟာတာအို၏ ရုန်းမှ တည်ဆောက်ထားသော ဝိညာဉ်ခန္ဓာကို သန့်စင်ပေးနိုင်သည်။

နာမ်ခန္ဓာ ( ဝိညာဉ်ခန္ဓာ ) နှင့် အစစ်အမှန် ရုပ်ခန္ဓာတို့က တစ်ခုနှင့်တစ်ခုဆက်စပ်နေပြီး ၎င်းတွင် အစစ်အမှန် ခန္ဓာကိုယ်မှ စွမ်းအား (၇၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထား၏။

ထို့အပြင် ၎င်းတို့က တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ဖြစ်ရာ စိတ်ချင်းဆက်သွယ်နေပြီး တိုက်ခိုက်ချိန်တွင် တစ်ပြိုင်တည်း လှုပ်ရှားနိုင်သဖြင့် တိုက်ပွဲတွင် အလွန်အကျိုးရှိသည်။

ထို့အပြင် အစစ်အမှန် ခန္ဓာကိုယ်မှ စွမ်းအား (၇၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခြင်းက သာမန်အတိုင်းရိုးရှင်းသော အရာတစ်ခုတော့မဟုတ်ပေ။

ချီလင်းတန်က အဆင့်(၃) အစစ်အမှန် စိတ်ဝိညာဉ် အဆင့်၌သာ ရှိသေးသော်ငြား သူလေ့ကျင့်ထားသော ကျင့်စဉ်က ကောင်းကင်ကို ဆန့်ကျင်နေသည်။

ဤသို့ဖြင့် သူပိုင်ဆိုင်ထားသော ဝိညာဉ်ခန္ဓာက အထွတ်အထိပ် အင်ပါယာအဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်စွမ်းရှိနေ၏။

သာမန်အတိုင်းဆိုလျှင် အဆင့်(၅) အစစ်အမှန် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသာ ထိုကဲ့သို့ စွမ်းအားရှိသော ဝိညာဉ်ခန္ဓာကို တည်ဆောက်နိုင်သည်။

အစောပိုင်းတွင် မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်အားကိုးဖြင့် ဂျီကျူးယွဲ့ ရှေ့တက်ကာ ဦးဆောင်ဝံ့သည်မှာ ချီလင်းတန်က အစစ်အမှန် ခန္ဓာကိုယ်ဖြင့် ရောက်လာမည်ဟု ထင်မှတ်မထားသောကြောင့်ဖြစ်သည်။

လူသားများနှင့် နတ်ဆိုးများအကြား ရန်ငြိုးများ တိုက်ပွဲများ အမြဲတစေ ရှိနေခဲ့သော်လည်း နတ်ဆိုးများအကြား၌ အချင်းချင်း နယ်မြေလုပွဲများ ရှိနေဆဲပင်။

ထိုနည်းတူစွာ လူသားများ အကြား၌လည်း အချင်းချင်း ရန်ငြိုးများ တိုက်ပွဲများ ရှိနေခဲ့၏။

သို့သော် အရှေ့ပိုင်းတိုက်ကြီး၌ လူသားများနှင့် နတ်ဆိုးများက အဓိက ရန်ဘက်များဖြစ်ကာ ထိုကိစ္စက အရာအားလုံးထက် အရေးကြီးပေသည်။

သို့ဖြစ်ရာ မြင့်မြတ်နယ်မြေများ ၊ နတ်ဘုရားမင်းဆက်များ နှင့် မဟာဂိုဏ်းကြီးများကိုသာ အချင်းချင်း လွတ်လပ်စွာ စိတ်ကြိုက်တိုက်ခိုက်စေလိုက်ပါက လူသားမျိုးနွယ်အတွက် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်သွားပေလိမ့်မည်။

အမှန်အတိုင်းဆိုရမည်ဆိုလျှင် မဟာဂိုဏ်းကြီးတစ်ခုဖြစ်သော ‌ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၌ပင် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကဲ့သို့ ပြိုင်ဘက်ဂိုဏ်းတစ်ခုရှိနေ၏။

ဤသို့ဖြင့် လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းကျော်က အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများ ပူးပေါင်းကာ စည်းမျဉ်းတစ်ခု ချမှတ်ခဲ့ကြသည်။

မဟာဂိုဏ်းကြီးများအနေဖြင့် ပြသနာတစ်ခုဖြစ်လျှင် ၎င်းတို့ အစစ်အမှန်ခန္ဓာများဖြင့် တိုက်ခိုက်ရန် ထွက်လာ၍ မရချေ။

ဝိညာဉ်ကိုယ်ပွားများကိုသာ စေလွှတ်ခွင့်ရှိ၏။

နတ်ဆိုးများနှင့် ရင်ဆိုင်ရချိန်မှသာ အစစ်အမှန်ခန္ဓာကိုယ်တိုင်ထွက်လာပြီး တိုက်ခိုက်နိုင်သည်။

…

လက်ရှိအချိန်သို့ ပြန်သွားရမည်ဆိုလျှင်

ချီလင်းတန်ထံမှ ထွက်ပေါ်လာသော စွမ်းအားများက ကောင်းပြိုလဲခြင်းတောင်ထိပ် တစ်ခုလုံးသို့ လွှမ်းခြုံသွားခဲ့သည်။

သူတော်စင် အင်ပါယာအဆင့်ကျင့်ကြံသူများပင် ထိုဖိအားအောက်၌ တုန်လှုပ်သွားကြ၏။

ချီလင်းတန်၏ အစစ်အမှန် စွမ်းအားနှင့်ပတ်သက်ပြီး သူတို့ မခန့်မှန်းနိုင်ကြသေးပေ။

သို့သော် ချီလင်းတန်၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော တာအိုရုန်းများကို အတုအယောင် ပြုလုပ်နိုင်မည်မဟုတ်ချေ။

မဟာတာအိုစွမ်းအားကို အသုံးပြုနိုင်ခြင်းအား ထောက်ချင့်ကြည့်မည်ဆိုလျှင် ၎င်းက စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူ ဖြစ်နေရန်သေချာသည်။

“ စိတ်မပူပါနဲ့… ပျံသန်းခြင်းအင်မော်တယ် ဂိုဏ်းသားတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး ဒေါင်ယွဲ့မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မှာလဲ…”

ချီလင်းတန်က ဂျီကျူးယွဲ့အားကြည့်ကာ လှောင်ပြုံးလိုက်ရင်း

“ ခင်ဗျားရှေ့မှာ ရပ်နေတာက ကျုပ်ရဲ့ ဝိညာဉ်ခန္ဓာပဲ…”

စကားဆုံးသည်နှင့် သမုဒ္ဒလှိုင်းလုံးများကဲ့သို့ စွမ်းအားများ အောက်သို့ ကျဆင်းလာပြီး မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြီးအား တိုက်ခိုက်လိုက်သည်။

ထိုအခါ အလွန်ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကောင်းကင်ပြိုလဲခြင်းတောင်ပေါ်မှ လူတိုင်း အံ့အားသင့်သွားကြ၏။

“ ဘာတွေဖြစ်နေတာလဲ…”

“ တစ်ယောက်ယောက်က နက်နဲခြင်းအင်ပါယာဂိုဏ်းကို လာတိုက်တာလား…?”

“ ဘယ်သူက ဒီလောက် သတ္တိရှိတာလဲ… နတ်ဆိုးတွေ လာတိုက်တာများလား...?”

တောင်ထိပ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားမိလိုက်လျှင် လူတော်တော်များများ ထိပ်လန့်သွားကြ၏။

“ လူတိုင်း ကိုယ့်နေရာမှကိုယ် နေကြပါ…”

“ ဘယ်သူမှ အပြင်ကို မထွက်ပါနဲ့…”

လူပေါင်းများစွာတို့ ရုတ်ရုတ်သဲသဲဖြစ်နေကြစဉ် တိုင်ရွှမ် အိမ်ရှေ့မင်းသားနှင့် ဖီးနစ်မီးတောက် မြင့်မြတ်သားတော်တို့ ထွက်ပေါ်လာပြီး အခြေအနေများကို ထိန်းသိမ်းလိုက်ကြသည်။

နှစ်ယောက်လုံးက အဆင့်နိမ့် အင်ပါယာများသာဖြစ်ကြသော်လည်း တစ်ယောက်က တိုင်ရွှမ် အင်ပါယာ၏ သွေးသားဖြစ်ကာ နောက်တစ်ယောက်က ဖီးနစ်မီးတောက် အင်ပါယာ၏ လက်ရင်းတပည့်ဖြစ်ပေသည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေသူများအား ထိန်းသိမ်းလိုက်ပြီးနောက် သူတို့ ဘိုးဘေး နှင့် ဆရာတို့အတွက် မကောင်းသော ခံစားချက်များရနေသဖြင့် တောင်ထိပ်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။

“ သွားကြစို့…”

ထို့နောက် နှစ်ယောက်သား အလင်းတန်းများအဖြစ် ပြောင်းလဲလျက် တိုက်ပွဲ ဖြစ်ပွားနေရာသို့ ဦးတည်၍ ပြေးလာလိုက်ကြသည်။

သို့သော် သူတို့ လမ်းတစ်၀က်သို့သာ ရောက်သေးပြီး ကောင်းကင်ပြိုလဲခြင်း တောင်ထိပ်အား မမြင်ရသေးခင်

ကျယ်လောင်သော ပေါက်ကွဲသံများ ရုတ်တရက် ရပ်တန့်သွား၏။

အုန်း…

ထို့နောက် ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားသည့်အလား ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်ခု ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

“ ကြယ်ကိုးလုံး ဆင်းသက်ခြင်း… ဖျက်ဆီးစမ်း…”

ချီလင်းတန်၏ မျက်၀န်းများ အေးစက်နေခဲ့ပြီး လက်ဖဝါးအတွင်း၌ ထူးဆန်းသော တံဆိပ်တစ်ခု ဖန်တီးကာ ရှေ့သို့ ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်၏။

ခရမ်းရောင် စိတ်ဝိညာဉ်စွမ်းအင် တစ်ခု လက်ဖဝါးအတွင်းမှ ပြေးထွက်သွားပြီး ကောင်းကင်ဘုံ ကိုးခုအထက်မှ ကျဆင်းလာသော ခရမ်းရောင်း ဥက္ကာခဲ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

၎င်းက အတိုင်းအဆမဲ့သော စွမ်းအားများကို သယ်ဆောင်လျက် မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြီးအား ထိန်းချုပ်နေသော ဂျီကျူးယွဲ့ထံသို့ ဦးတည် ၀င်ရောက်လာ၏။

နောက်ဆုံးတွင် ဂျီကျူးယွဲ့ မျက်၀န်းထဲ၌ ကြောက်ရွံ့မှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

All Chapters