အခန်း (၅၅၅)
Vol. 37 Ch. 555
သူက မဟာကောင်းကင်ဘုံ ကြယ်စင်စုအစီအရင် အားကိုးနှင့် ရန်သူကို တိုက်ခိုက်ရန် ကောင်းကင်နှင့် မြေပြင်မှ တာအိုစွမ်းအားများအသုံးပြုနိုင်သော တာအိုအရှင်သခင် တစ်ဦးကဲ့သို့ မဖြစ်နိုင်သည့်တိုင် အတိုင်းအတာတစ်ခုအထိ အစွမ်းထက်ဆဲပင်။
သို့သော် ယင်းက ချီလင်းတန်သာ သာမန်အတိုင်းတိုက်ခိုက်လျှင်ဆိုသော အရာပေါ် မူတည်၍ တွက်ချက်ထားခြင်းဖြစ်၏။
တာအိုအမှတ်အသားများကို တိုးတက်ပြောင်းလဲစေပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြုနိုင်ခြင်းက တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူ၏ အမှတ်သညာဖြစ်ပေသည်။
ကောင်ကင်ကြယ်(၉)စင်းမှ အသွင်းပြောင်းထားသော ခရမ်းရောင်ဥက္ကာခဲကို ချီလင်းတန် ကျွမ်းကျင်သော တာအိုအမှတ်အသားဖြင့် ပေါင်းစပ်လိုက်ခြင်းက ဂျီကျူးယွဲ့ လက်ခံနိုင်သော စွမ်းအားထက် ကျော်လွန်သွားချေပြီ။
၎င်းနှင့် ရင်ဆိုင်ရပါက အဆင့်(၁) အစစ်အမှန် စိတ်ဝိညာဉ် တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူပင် ရှောင်တိမ်းရပေလိမ့်မည်။
“ ပြီးသွားပြီ…”
ဂျီကျူးယွဲ့ စိတ်ဓာတ်ကျစွာနှင့် မျက်လုံးများ မှိတ်လိုက်တော့၏။
သူ ရင်ဆိုင်ရန် ရှေ့ထွက်လာခဲ့ရခြင်းမှ ရွှမ်ယီက အစွမ်းထက်သည် မှန်သော်လည်း အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူမျှသာ ဖြစ်သေးသည်။
သူတော်စင်အင်ပါယာအဆင့်ကို တိုက်ခိုက်နိုင်ခြင်းက ၎င်းအတွက် ကန့်သတ်ချက် ဖြစ်လောက်၏။
ရဲ့ချင်းစုန်အတွက်မူ
၎င်းထံတွင် နတ်တန်ခိုးစွမ်းရည်အမြောက်အများ ပိုင်ဆိုင်ထားသော်လည်း ချီလင်းတန်နှင့်ရင်ဆိုင်ရန် ကျင့်ကြံမှုအဆင့်က မလုံလောက်သေးပေ။
နက်နဲခြင်းအင်ပါယာဂိုဏ်းတွင် ထိပ်တန်းကျင့်ကြံသူဟူ၍ သူတို့(၃)ယောက်တည်းသာရှိ၏။
သို့သော် ချီလင်းတန်ကဲ့သို့ လူအတွက်မူ မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်ကြီးအား အသုံးပြုနိုင်သူ ဂျီကျူးယွဲ့ တစ်ယောက်တည်းသာရှိသည်။
ယခုတွင် သူ့ကိုယ်သူ အများကြီး မျှော်လင့်ခဲ့မိဟန်တူ၏။
“ ဂိုဏ်းချုပ်… နောက်ဆုတ်…”
သူတို့နှစ်ယောက်အကြားတိုက်ပွဲက ကြာမြင့်နေပြီဖြစ်ဟန်တူသော်လည်း အမှန်တွင် အကြိမ်အနည်းငယ်သာ ရင်ဆိုင်ရသေးသည်။
တဖက်တွင် ရွှမ်ယီက ချီလင်းတန်၏ စွမ်းအားကြောင့် အံ့အားသင့်သွားဟန်တူသည်။
ဂျီကျူးယွဲ့၏ အော်သံကြောင့် ပြန်လည် သတိ၀င်လာခဲ့ပြီး နောက်ဆုတ်မည့်အစား ဂျီကျူးယွဲ့အား စိတ်အေးလက်အေး ပြုံးပြလိုက်၏။
“ အကြီးအကဲ ကျူးယွဲ့… မစိုးရိမ်ပါနဲ့…”
စကားဆုံးသည်နှင့် ရွှမ်ယီ၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားပြီး အစီအရင်အတွင်းသို့ ရောင်ရှိလာသည်။
သူက လက်တစ်ဖက်ဆန့်ထုတ်လိုက်ကာ ဂျီကျူးယွဲ့အား ဆွဲယူပြီး နောက်ကျောဘက်သို့ပို့လိုက်၏။
ထို့နောက် ကောင်းကင်ထက်မှ ကျဆင်းလာသော ခရမ်းရောင် ဥက္ကာခဲအားကြည့်လျက် အေးစက်စွာ ပြုံးလိုက်သည်။
“ အစစ်အမှန် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူလေးက နက်နဲခြင်းအင်ပါယာဂိုဏ်းကိုလာပြီး ဘယ်လိုတောင် မောက်မာရဲတာလဲ…”
ရွှမ်ယီ၏ နှုတ်ဖျားမှ အေးစက်သော စကားများထွက်ပေါ်လာသည်။
ထို့နောက် အသိစိတ်ပင်လယ်အတွင်း၌ရှိသော ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်သည့် အလင်းလုံးလေးအား ဖြိုခွဲကာ အသုံးပြုလိုက်၏။
အလင်းလုံးလေး ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက်
ကောင်းကင်ထက်၌ မိုးကြိုးလျှပ်စီးများ ဖြစ်ပေါ်လာလေသည်။
ဂျိန်း… အုန်း
ရုတ်တရက် အဆက်မပြတ်ဖြစ်ပေါ်လာသော မိုးကြိုးလျှပ်စီးများက မြင်လိုက်ရသူတိုင်း၏ နှလုံးသားကို တုန်ခါသွားစေသည်။
ချီလင်းတန်ပင် အနည်းငယ် ဖြူဖျော့သွားပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
စိတ်ဝိညာဉ်ဒြပ်စင်များက မြူမှုန်များကဲ့သို့ ပြောင်းလဲလျက် ကောင်းကင်ထက်၌ အမိုးခုံးကြီးတစ်ခု ပမာ ဖုံးအုပ်သွားခဲ့သည်။
ထိုကြောက်မက်ဖွယ် မြင်ကွင်းက ကမ္ဘာကြီးကို တုန်လှုပ်သွားစေ၏။
ရွှမ်ယီကမူ မိုးကြိုးလျှပ်စီး ပင်လယ်၏ အလယ်ဗဟို၌ တည်ငြိမ်စွာ ရှိနေခဲ့သည်။
လက်ရှိကျဆင်းလာသော အင်ပါယာအဆင့်သို့ ချိုးဖျက်မည့် ကောင်းကင်ဘုံအတိဒုက္ခက စတုတ္ထအတိဒုက္ခ အင်ပါယာအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး သာမန်အင်ပါယာများ ကြုံတွေရသော မိုးကြိုးကပ်ဘေးများနှင့် ယှဉ်ပါက
အဆပေါင်းများစွာ ပြင်းထန်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
မူလကတည်းက တိုင်ရှုဓားခန္ဓာကြောင့် ရွှမ်ယီရင်ဆိုင်ရသော မိုးကြိုးကပ်ဘေးများက အဆင့်တူကျင့်ကြံသူများထက် များစွာ ကျော်လွန်နေခဲ့သည်။
ယခုတွင် ထွက်ပေါ်လာသော ကောင်းကင်ဘုံအတိဒုက္ခက စတုတ္ထအတိဒုက္ခ အင်ပါယာအဆင့်သို့ ရောက်ရှိနေကာ သာမန်ထက် များစွာပြင်းထန်နေသောကြောင့် အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။
မြင်လိုက်ရသူတိုင်း တုန်လှုပ်သွားကြပြီး စကားပင် မပြောနိုင်ကြတော့ချေ။
သို့သော် ရွှမ်ယီအတွက်မူ ဤကောင်းကင်ဘုံ အတိဒုက္ခအား ကပ်ဘေးတစ်ခု ဆိုတာထက် ကောင်းချီးဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
သူက နီဗားနားကျမ်းစာကို ကျင့်ကြံထားခဲ့ပြီး ၎င်းက အဆင့်တစ်ခုခြင်းစီတိုင်း၌ ပြီးပြည့်စုံခြင်းအား အထူးအလေးပေးထားသည်။
ထို့အပြင် အင်ပါယာအဆင့်၌ ကျရောက်သော မိုးကြိုးကပ်ဘေးများက အင်ပါယာအဆင့်ကျင့်ကြံသူတိုင်းအတွက် အရေးကြီးသော စမ်းသပ်မှု တစ်ခုလည်းဖြစ်၏။
ဤ မိုးကြိုးကပ်ဘေးက အင်ပါယာအဆင့်၏ အဓိက အခြေခံအုတ်မြစ်ဖြစ်သော ထာ၀ရ နတ်ဘုရားပလ္လင်အား အုတ်မြစ်ချ တည်ဆောက်ပေးပေလိမ့်မည်။
မှန်ပေသည်။
ကောင်းကင်ဘုံ အတိဒုက္ခ ပိုမိုပြင်းထန်လေလေ ၎င်းအား ကျော်ဖြတ်ပြီးနောက် ဖြစ်ပေါ်လာမည့် ထာ၀ရ နတ်ဘုရားပလ္လင်က ပို၍ သန့်စင် ခိုင်မာလေဖြစ်သည်။
ရွှမ်ယီ အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ရင်း စိတ်ကို တည်ငြိမ်စေလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်ဒြပ်စင်များကမူ ပြင်ပသို့ ပျံ့နှံ့သွားချေပြီ။
မိုးကြိုး မုန်တိုင်းများ အလယ်တွင် အသွင်ပြောင်းလဲခြင်းကို စတင်လိုက်၏။
သို့သော် သူ၏ အသိစိတ်ပင်လည်အတွင်း၌ ကြီးမားသော နတ်အသိစွမ်းအားက ရှိနေဆဲပင်။
“ ထွက်ခဲ့…”
ရွှမ်ယီ၏ စကားသံက အသိစိတ်ပင်လယ်အတွင်း ပဲ့တင်ထပ်သွားခဲ့ပြီး အားကောင်းသော နတ်အသိစွမ်းအားများ ပြင်ပသို့ ထွက်လာခဲ့သည်။
မှော်ဆေးအင်ပါယာအဆင့်တွင် နတ်အသိစွမ်းအားကို ဒြပ်ရှိသော အရာအဖြစ်သို့ ပြောင်းလဲနိုင်ပြီး တိုက်ခိုက်မှု ပညာရပ်အမျိုးမျိုးအဖြစ် အသုံးပြု၍ရသည်။
ထိုအချိန်တွင် ရွှမ်ယီက မိုးကြိုးစွမ်းအား တစ်စိတ်တစ်ပိုင်းကို ခန္ဓာကိုယ်အတွင်း ဆွဲယူလိုက်ပြီး မရီဒန်ကြောများကို သန့်စင်စေလိုက်၏။
“ သူ သေချင်နေတာလား…?”
“ ဒါ… ရွှမ်ယီက ဘာဖြစ်ချင်နေတာလဲ.? ဒီလောက်ထိ အလျင်စလို လုပ်စရာမလိုဘူးလေ…”
ကောင်းကင်ပြိုလဲခြင်း တောင်ထိပ်၌ ရှိနေသူများ
ချီလင်းတန် ၊ ဂျီကျူးယွဲ့ ၊ ရှီချီနှင့် ကျန်လူများအားလုံး လက်ရှိအချိန်တွင် တိုက်ပွဲမြေပြင်၌ ရှိနေသည်ကိုပင် မေ့လျော့သွားကြ၏။
မိုးကြိုးကပ်ဘေးအတွင်းမှ ရွှမ်ယီ၏ လှုပ်ရှားမှုကိုမြင်လျှင် သူတို့ အလွန်အံ့အားသင့်သွားကြသည်။
အင်ပါယာအဆင့် ကောင်းကင်ဘုံ အတိဒုက္ခကို (၃)ပိုင်းခွဲခြားထား၏။
ပထမ အတိဒုက္ခ - စိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်ခြင်း
ဒုတိယ အတိဒုက္ခ - ခန္ဓာကိုယ်အား သန့်စင်ခြင်း
တတိယ အတိဒုက္ခ - ထာ၀ရ နတ်ဘုရားပလ္လင်တည်ဆောက်ကာ ၎င်းအထက်၌ နတ်ဘုရားအမှတ်အသား ပေါင်းစပ်ခြင်း တို့ဖြစ်သည်။
လက်ရှိအချိန်တွင် ရွှမ်ယီက သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်နေဆဲဖြစ်၏။
သို့သော် သူက ထိုဖြစ်စဉ် မပြီးမြောက်သေးဘဲ ဒုတိယအတိဒုက္ခဖြစ်သော ခန္ဓာကိုယ်အား သန့်စင်ခြင်းကို စတင်လိုက်သည်။
မိုးကြိုးကပ်ဘေးအတွင်းမှ အဆင့်များကို ပေါင်းစပ်လိုက်ခြင်းက တစ် နှင့် နှစ် ပေါင်းသကဲ့သို့ သေချာပေါက် ရိုးရှင်းမနေပေ။
အဘယ်ကြောင့်ဆိုသော်
ဒုတိယ အတိဒုက္ခ ခန္ဓာကိုယ်ကို သန့်စင်ခြင်းက ပထမအတိဒုက္ခဖြစ်သော စိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်ခြင်းနှင့် နှိုင်းယှဉ်လျှင်
၎င်းက ခန္ဓာကိုယ်အတွင်းမှ သွေးကြောများကို တိုက်ရိုက်ပြောင်းလဲ ပုံသွင်းပြီး အင်ပါယာခန္ဓာကို ထုဆစ်ခြင်းဖြစ်သည်။
၎င်း၏ စွမ်းအားက ပထမအကျော့ထက် နှစ်ဆပိုမိုပြင်းထန်ပေသည်။
သို့သော် သာမန်ကျင့်ကြံသူများ အဆင့်ချိုးဖျက်လျှင် ၎င်းတို့က ပထမအကျော့၌ စိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်ခဲ့ပြီး ဒုတိယအကျော့တွင် နတ်တန်ခိုးစွမ်းရည်များ အသုံးပြုလျက် ခန္ဓာကိုယ်ကို ကာကွယ်ထားလေ့ရှိကြသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိခန္ဓာကိုယ်မှ အရေးကြီးသော အစိတ်အပိုင်းများကို မထိခိုက်အောင် ကာကွယ်နိုင်၏။
ဤသို့ဖြင့် မိုးကြိုးကပ်ဘေးအား ကျော်ဖြတ်နိုင်ခြင်းဖြစ်ပေသည်။
သို့သော် ယခုတွင် ရွှမ်ယီက ၎င်းခန္ဓာကိုယ်အတွင်း စိတ်ဝိညာဉ်စွမ်းအင် တစ်စက်မှ ရှိမနေသေးသောအချိန်၌ အတိဒုက္ခကို နှစ်ဆင့်ဖြစ်ပေါ်စေခဲ့သည်။
ယင်းက သေခြင်းတရားကို လိုက်လံရှာဖွေနေသည်နှင့် မခြားပေ။