ဖုံးကွယ်ထားသည့် အမှောင်ထု
Vol. 132 Ch. 1966
မနက် လေးနာရီ အချိန်အခါ ဖြစ်ပြီး အရှေ့ဘက် ကောင်းကင်ယံတွင် ရောင်နီဦးတို့ ထိန်လင်းစ ပြုလာနေပြီ။
လင်းရီမှာ ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေဆဲ ဖြစ်၏။ ပြတင်းပေါက် အပြင်တွင် ဖြတ်သွားဖြတ်လာပြုနေသည့် ကားအင်ဂျင်သံများကိုလည်း ကျယ်လောင်စွာ ကြားနေရပြီး လမ်းသွားလမ်းလာ ခြေလျင်လျှောက်ရင်း စကားပြောနေကြသူတို့၏ အသံသည်ပင် တစထက် တစထ ကျယ်လောင်လာနေသည်။
မနက် ၂ နာရီနှင့် ၃ နာရီအကြားက လှုပ်ရှားရန် အကောင်းဆုံး အချိန်အခါဟု လင်းရီ ယူဆထားခဲ့သော်လည်း မည်သည့် လှုပ်ရှားမှုကမျှ ထွက်ပေါ်မလာခဲ့ချေ။
သူထပ်ပြီး မှားယွင်းတွက်ချက်မိလေပြီ။
ထိုအချိန်တွင် လူနာခန်းတံခါး ပွင့်လာခဲ့ပြီး နင်ချဲ့အထဲသို့ ဝင်ရောက်လာခဲ့၏။
သူမ၏ နာ့စ်ယူနီဖောင်းက တစ်စုံတစ်ယောက်ကို တစ်ခုခု လှုပ်ရှားလာစေချင်အောင် နိုးဆွနေစေသော်လည်းပဲ ထိုအခိုက်အတန့်တွင်တော့ နင်ချဲ့မှာ ကလူကျီစယ်လိုစိတ်တို့ပင် ပျောက်ရှနေခဲ့၏။
“ ဘာမှ မထူးဘူးလား ….” လင်းရီ မေးမြန်းလိုက်သည်။
နင်ချဲ့ ခေါင်းခါယမ်းပြီး တည်ကြည်လေးနက်သည့် မျက်နှာအမူအရာဖြင့် “ ယွီလော့က ဆေးရုံရဲ့ နေရာအသီးသီးမှာ သတင်းပေးတွေ ချထားတယ်… ဒါတောင် သံသယဝင်ဖို့ကောင်းတဲ့ လူတစ်ယောက်ကိုမှ မတွေ့ရဘူး … ငါတော့ သူတို့တွေ ရောက်မလာဘူးလို့တောင် ထင်လာပြီ …”
“ စီ အဆင့်သွေးရည်ကြည်ကို ပြန်ယူဖို့ ဒီလောက်ထိ ဒုက္ခခံထားတာကို နောက်တစ်ကြိမ် ပြန်မလာဘူးဆိုတာ မဖြစ်နိုင်ဘူး …”
နာရီကို တစ်ချက်ငုံ့ကြည့်ပြီး လင်းရီ ပြောလိုက်၏။ “ နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့ … ရှစ်နာရီထိုးလို့မှ ဘယ်သူမှ မပေါ်လာဘူးဆိုရင် ငါတို့ မှားယွင်းတွက်ဆမိပြီလို့ပဲ သဘောထားလိုက်ကြတာပေါ့ ….”
“ တကယ်တော့.... ငါတို့က ဒီလိုမျိုး စဉ်းစားတယ်ဆိုပေမယ့် တခြား ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးတယ်…” နင်ချဲ့ ပြောလိုက်ပြီး “ ပိုပြီး ယုတ္တိရှိအောင်လို့ ဆိုပြီး ငါတို့ လူတွေကို အပြင်ဘက်တွေမှာလည်း အစောင့်ချထားသေးတယ်… တစ်ဖက်သူက အခွင့်အရေး မရှိဘူးထင်လို့ မလှုပ်ရှားလာခဲ့တာမျိုး ဖြစ်လောက်တယ်… ဒါပေမယ့် နောက် တစ်နာရီကနေ နှစ်နာရီလောက်ဆိုရင် ဆေးရုံမှာ လူတွေက ပိုပိုပြီး များလာတော့မှာ … သူတို့တွေ အဲ့လို ရှုပ်ထွေးတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး လှုပ်ရှားကောင်း လှုပ်ရှားလာနိုင်တယ်…”
လင်းရီ အတွေးနက်သွားခဲ့၏။
“ အဲ့လိုက ပိုပြီး မဖြစ်နိုင်လောက်ဘူး …”
“ နင့်မှာ တခြား တွေးထားတာတွေ ရှိနေလို့လား ….”
“ ငါ အခုလေးတင်ပဲ ပြဿနာ တစ်ခုကို သတိထားမိတယ်…” လင်းရီ လေးနက်တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ သူတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ငါ့ကို သတ်ဖို့ မဟုတ်ဘူး … ဒီတိုင်း ငါ့အလောင်းကို ယူသွားဖို့ပဲ .. ထိုးဖောက်မဝင်နိုင်အောင် အစောင့်တွေကို တင်းတင်းကြပ်ကြပ်ချထားတော့ ငါ့ကို ခေါ်သွားဖို့က လွယ်ကူမှာ မဟုတ်ဘူး … ဒီအချက်ကို တစ်ဖက်ကလည်း သတိထားမိမှာ ကျိန်းသေတယ်… ဒီတော့ ပွင့်ပွင့်လင်းလင်းကြီး ထိုးဖောက်၀င်လာမှာတော့ မဖြစ်နိုင်ဘူး .. အဲ့ဒီအစား သူတို့ရဲ့ ခွန်အားတွေကို တခြား သွယ်ဝိုက်တဲ့ နည်းနဲ့ အသုံးချပြီး လှုပ်ရှားလာခဲ့လောက်တယ်….”
“ အဲ့လူတွေက မျောက်တွေလား … သူတို့ရဲ့ မြင်နိုင်စွမ်းက တကယ်ကို ကောင်းလွန်းတယ်…”
လင်းရီလည်း တူညီစွာ ခံစားလိုက်ရသည်။ ဤသည်က ကြောင်နှင့်ကြွက်ဂိမ်း ကစားသည်နှင့်ပင် တူညီနေသည်ဟု ခံစားနေရ၏။
သို့သော် နှစ်ဖက်ခြမ်းရှိ အထောက်အထားများကတော့ မကြာခဏဆိုသလို ပြောင်းလဲနေခဲ့လေသည်။
တစ်ခါတစ်ရံ … သူက အနောက်ကနေ လိုက်ဖမ်းသည့် ကြောင် ဖြစ်ပြီး … တစ်ခါတစ်လေမှာတော့ တစ်ဖက်သူက ကြောင်အသွင်သို့ ကူးပြောင်းကာ သူတို့ကို လက်ဦးမှု ရယူလာသည်။
ယခုလက်ရှိ အခြေအနေကဲ့သို့ပင်။ သူတို့အားလုံးက ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေကြရသည်ဟု ခံစားနေကြရ၏။
အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
“ ဘယ်လိုပဲ ဖြစ်နေပါစေ သူတို့က စီအဆင့် သွေးရည်ကြည်ကို ဖန်တီးနိုင်တဲ့လူတွေဆိုတော့ ရွှေနက်ကော်ပိုရေးရှင်းနဲ့ အနက်ရောင်မြွေတို့ထက်တော့ အားကောင်းမှာ ကျိန်းသေတယ်…”
“ နင် ပြောသွားခဲ့တဲ့အတိုင်းဆိုရင် သူတို့က အထဲကို ဖောက်မဝင်လာရဲတော့ ငါတို့က မျှားခေါ်ဖို့ လိုတာပေါ့ …”
“ အမှန်ပဲ … ဒါပေမယ့် မျှားခေါ်ဖို့ဆိုရင် နည်းဗျူဟာ လိုတယ်….” လင်းရီ ပြောလိုက်ပြီး “ အခု … ငါတို့ တစ်ဆင့်ပြီး တစ်ဆင့် သွားကြမယ်… ခဏနေ ငါ့ကို ခေါ်သွားဖို့ လူနာတင်ယာဉ် စီစဉ်လိုက် … စည်းမျဉ်းတွေ အတိုင်းဆိုရင် လူသေအလောင်းက ဆေးရုံမှာ အကြာကြီး နေလို့ မရဘူး …”
“ ဘယ်လို … နင်က လူနာတင်ယာဉ်လိုတယ်ဟုတ်လား ….”
“ ဒါက ငါတို့ဘက်က လက်ဦးမှု ရယူဖို့ အကောင်းဆုံး အခွင့် အရေးပဲ …” လင်းရီ ပြောလိုက်ပြီး “ ငါ့ရဲ့ လက်ရှိ အလောင်းက သုတေသန လုပ်ငန်းအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးတယ်… သူတို့ဘက်က ကျုံးဝေ့တပ်ဖွဲ့ရဲ့ လက်ထဲကို အဲ့ဒီ ဒေတာ အချက်အလက်တွေ မရောက်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားကြမှာပဲ … တကယ်လို့ ဒီနေ့ ဒီအချိန်မှာမှ မလှုပ်ရှားဘူးဆိုရင် သူတို့မှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး … ဒီတော့ နောက်လာမယ့် နာရီတွေမှာ လှုပ်ရှားဖို့က အကောင်းဆုံး အချိန်အခါပဲ … ဘာလို့ဆို သူတို့အတွက် အသာစီးရဖို့ အကောင်းဆုံး အချိန် ဖြစ်နေလို့ပဲ ….”
“ လူနာတင်ယာဉ်က လွယ်ပါတယ်… ဒါပေမယ့် မီးသင်္ဂြိုဟ်တဲ့ ရုံကိုတော့ ငါတို့နဲ့ ပူးပေါင်းပေးဖို့ ပြောရမယ်….”
“ ကျစ် .. ဒါဘယ်လို ဉာဏ်ရည်ဉာဏ်သွေးမျိုးလဲ ဟမ် …” လင်းရီ အထင်တသေးနှင့် ပြောလိုက်ပြီး “ ငါ ပြောပြီးပြီလေ… ငါ့အလောင်းက သုတေသနလုပ်ငန်းအတွက် အဖိုးမဖြတ်နိုင်ဘူးလို့ … မင်းက ငါ့ကို သင်္ဂြိုဟ်ရုံပို့မှတော့ ဘာကို သုတေသန သွားလုပ်တော့မှာ … ပြာတွေသယ်လာပြီး သုတေသန လုပ်မှာလား ဟုတ်လား ….”
“ အိုး …. ဒါဆိုလည်း နင်ငါ့ကို ဘာလို့ အပြစ်လာတင်နေတာလဲ … လူတွေ အမြဲတမ်း ပြောကြတယ်မဟုတ်ဘူးလား … ရင်သားကြီးတဲ့ မိန်းကလေးတွေက ဦးနှောက်မရှိကြဘူး … ငါ့ဥစ္စာကလည်း အရမ်းကြီးနေတော့ အိုင်ကျူဘက်မှာ နည်းနည်းသေးသွားတာ နေမှာပေါ့ …” နင်ချဲ့ မျက်နှာတစ်ချက် မနီမြန်းဘဲ ပြောဆိုလိုက်သည်။
“ ဒါပေမယ့် ငါလည်း နင် ဘာလို့ ဒီလောက်တောင် အစွမ်းအစ ရှိနေလဲဆိုတာ ဓာတ်ခွဲခန်းထဲထည့်ပြီး စမ်းသပ်ကြည့်ချင်တယ် သိလား … တစ်ညလုံး လှုပ်ရှားထားတာတောင် ခွန်အားတွေ ကျန်နေသေးတုန်းပဲဆိုတော့လေ …”
လင်းရီ “ …. “
“ ရှိနေတဲ့ ဦးနှောက်ကို အတုံးလိုက်အတစ်လိုက် မသုံးနဲ့ … လွှာပြီးသုံး ဟုတ်ပြီလား …”
“ ဟီးဟီး ….” နင်ချဲ့ တစ်ချက် ရယ်မော၍ “ ငါ အခုသွားပြီး ကားစီစဉ်လိုက်တော့မယ်… အားလုံး ပုံမှန် အတိုင်းပဲ သွားမယ်.. ဒါပေမယ့် မီးသင်္ဂြိုဟ်ရုံ မသွားဘူးဆိုတော့ ဘယ်ကိုသွားမှာ …”
“ စစ်တပ်လေဆိပ်ဆီ ….”
“ အိုကေ .. နားလည်ပြီ …” နင်ချဲ့ ပြောပြီးနောက် ထွက်ခွာရန် ဟန်ပြင်လိုက်ကာ “ နင် နားလိုက်ဦး … ငါတို့ဆီက သတင်းကို စောင့်နေလိုက် …”
“ အိုကေ …”
နည်းဗျူဟာကို ဆွေးနွေးညှိနှိုင်းပြီးနောက် နင်ချဲ့ ထွက်ခွာသွားခဲ့သည်။
လင်းရီမှာမူ ကုတင်ပေါ်တွင် အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် လဲလျောင်းနေသည်။ ဤခု ဖြစ်ရပ်က သူ့ကို အနည်းငယ် စိတ်စိုးရိမ် ကြောင့်ကြနေစေသည်။
အစောပိုင်း စစ်ဆင်ရေးကို မည်သူကပဲ စီစဉ်ပါစေ ၊ ၎င်းတို့တွင် စီ အဆင့် သွေးရည်ကြည်ကို ဖန်တီးနိုင်သည့် အစွမ်းအစ ၎င်းတို့ထံတွင် မရှိချေ။
ယခုဖြစ်ရပ်များ၏ နောက်ကွယ်တွင် ကြိုးကိုင် စေခိုင်းနေသူက ကမ္ဘာ့ အင်အားကြီး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်မည်မှာ ကျိန်းသေသည်။
ထို့ပြင် လင်းရီသည်ကား တစ်ဖက်ခြမ်းက စေလွှတ်လိုက်သည့် ပွန်းရုပ်လေးကိုသာ ကိုင်တွယ်နေရခြင်းပင်။
သို့သော် ပွန်းရုပ်ဟု ဆိုသော်လည်းပဲ ကျုံးဝေ့တပ်ဖွဲ့ကို အခြေအနေ တင်းမာသည်အထိ လုပ်ဆောင်နိုင်စွမ်းရှိရာ ထိုအချက်ကြောင့် လင်းရီမှာ ရတက်မအေးနိုင်ဘဲ ဖြစ်နေရသည်။
ကျုံးဝေ့တပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လင်းရီမှာ မြင့်မားလှသည့် လှိုင်းလုံးထုကြီး၏ တိုက်စားဝါးမျိုမှုကို အံတုရင်း အမှောင်ထု ပင်လယ်ထဲတွင် လှေငယ်လေး တစ်စင်းဖြင့် ရွက်လွင့်နေသည့် ခရီးသွားတစ်ဦးပမာ ခံစားနေရသည်။
ထိုအခိုက် မရည်ရွယ်ပါဘဲ စိတ်က မာမွန်း အဖွဲ့အစည်းကြီး၏ နောက်ကွယ်ရှိ ကြိုးကိုင်ထိန်းချုပ်နေသူထံ ဆက်စပ်မိသွားခဲ့သည်။ စုန့်ကျင်းမင် တစ်ခါက ပြောပြဖူးခဲ့၏။ မာမွန်း အဖွဲ့အစည်းက ရက်စက်သည့် အမျိုးမျိုးသော လူသား စမ်းသပ်ချက်များကို ပြုလုပ်နေသည့် မကောင်းဆိုးဝါး အဖွဲ့အစည်း ဖြစ်ပြီး စီ အဆင့် သွေးရည်ကြည်သည်လည်း ၎င်းတို့ထဲက တစ်ခုအပါအဝင် ဖြစ်နိုင်သည်။
ထို့ကြောင့် မသေချာသည့်တိုင် စီအဆင့် သွေးရည်ကြည်ကို ဖန်တီးထုတ်လုပ်သူများနှင့် မာမွန်း အဖွဲ့အစည်းတို့ကြား ကျိန်းသေပေါက် ဆက်စပ်မှု တစ်စုံတစ်ရာတော့ ရှိကိုရှိရမည်။
သို့မဟုတ် … ၎င်းတို့ကပင် ဤခုကိစ္စရပ်များကို ကြိုးကိုင် ထိန်းချုပ်နေသူများ ဖြစ်နိုင်ပေသည်။
အဖြေမရှိသည့် မေးခွန်း ပုစ္ဆာများစွာက လင်းရီ၏ ဦးနှောက်ကို ထုံထိုင်းလာစေခဲ့ကာ ဗလာကျင်းသွားစေလု နီးပါးပင်။
ယင်းက … ဖြည်ရန် သဲလွန်စ မရှိသည့် ချည်ဘောလုံး တစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။
အချိန်မှာ တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီး မနက်ခင်း ခြောက်နာရီဝန်းကျင်တွင် လင်းရီသည် နင်ချဲ့ထံက မက်ဆေ့ချ်တစ်ခုကို လက်ခံရရှိလိုက်၏။
နောက်ဆယ်မိနစ်တွင် စစ်ဆင်ရေးစတင်မည်ဟု အသိပေးလာခဲ့ခြင်းပင်။
……..
ဟွာရှန်းဆေးရုံ၏ ပထမ အတွင်းလူနာဆောင် ဝင်ပေါက်ဝတွင် သစ်လွင်တောက်ပြောင်နေသည့် လူနာတင်ယာဉ်တစ်စင်းက အလယ်တွင် ပါကင်ထိုးထားကာ တစ်စုံတစ်ရာအား စောင့်ဆိုင်းနေဟန် ပေါ်သည်။
၎င်းဝင်ပေါက်ဝတွင် အပြာရောင် ဆေးခန်းသုံးမာ့စ်နှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ရှိနေပြီး တစ်စုံတစ်ရာကို မျှော်လင့်စောင့်စားနေသည့်နှယ် အတွင်းဘက်ခြမ်းသို့ စောင့်ကြည့်နေလျက် ရှိ၏။
သက်လတ်ပိုင်း အမျိုးသား၏ နာမည်က ရန်ဖုန်း ဖြစ်ပြီး ဟွာရှန်းဆေးရုံ အရေးပေါ်ဌာန၏ ဒရိုင်ဘာ တစ်ဦးပင်။
နာရီဝက် အကြာတုန်းက အရေးပေါ် စင်တာ၏ ဒါရိုက်တာမှာ သူ့ကို ရုံးခန်းထဲသို့ အခေါ်လွှတ်ပြီး အရေးကြီး ပုဂ္ဂိုလ်တစ်ဦးအား လွှဲပြောင်းပို့ဆောင်ပေးရန်အတွက် ဝင်ပေါက်ဝတွင် စောင့်ဆိုင်းနေဖို့ ပြောလာခဲ့သည်။
ဒါရိုက်တာကိုယ်တိုင် ညွှန်ကြားလာသည့် တာဝန်တစ်ရပ်ဖြစ်သဖြင့် ရန်ဖုန်းလည်း ဖင်လေးဖင့်ခြင်း မပြုဝံ့ကာ နာရီဝက်ကြိုစော၍ ဤနေရာတွင် အဆင်သင့် စောင့်ဆိုင်းနေခဲ့သည်။
“ အစ်ကိုရန် … ဒါရိုက်တာမာ ရှင့်ကို ရှာနေတယ်….”
ရန်ဖုန်း စောင့်ဆိုင်းနေစဉ်မှာပဲ နာ့စ်တစ်ဦးက သူ့အား ရုတ်ချည်း လှမ်းခေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
စကားပြောလာသည့် နာ့စ်ကို မြင်တော့ ရန်ဖုန်း အနည်းငယ် မရင်းနှီးသယောင် ခံစားလိုက်ရသည်။
သို့သော် ဆေးရုံ၌ နာ့စ်ဝန်ထမ်းတို့က သူထင်ထားသည်ထက် များပြားစွာ တည်ရှိနေခဲ့ကာ သူတို့တစ်ယောက်ချင်းစီတိုင်းနှင့် ရင်းနှီးနေဖို့ကလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ထွေထူးအာရုံထားမနေတော့ချေ။
“ ဒါရိုက်တာမာက ငါ့ကို ရှာနေတယ် ဟုတ်လား …”
ဒါရိုက်တာမာဆိုသူက အရေးပေါ်စင်တာ၏ ခေါင်းဆောင်အ ကြီးအကဲ ဖြစ်ပြီး စင်တာတစ်ခုလုံးကို တာဝန်ယူထားသူပင်။
“ ဒါပေမယ့် ငါက ဒီမှာ အလုပ်နဲ့လေ.. ထွက်သွားလို့မှ မရတာ …” ရန်ဖုန်း ဇဝေဇဝါ ဖြစ်စွာ ပြန်ပြောလိုက်သည်။