← Chapters

အရေးကြီးတဲ့ သဲလွန်၏

Vol. 132 Ch. 1967

အရေးကြီးတဲ့ သဲလွန်၏

Vol. 132 Ch. 1967

“ အဲ့တာတော့ ကျွန်မလည်း သေချာမသိဘူး … ဒါရိုက်တာမာကတော့ အရေးကြီး ကိစ္စလို့ ပြောခိုင်းလိုက်တာပဲ … ကျွန်မကို လာခေါ်ခိုင်းလို့ …” အမျိုးသမီး နာ့စ်က သာမန်လျှံကာ လေသံဖြင့် ပြောလာခဲ့၏။

“ ဟုတ်ပြီ … ငါ သိပြီ …”

ရန်ဖုန်း သဘောတူလိုက်ပြီး ရှည်ရှည်ဝေးဝေး ဆက်လက် မေးမြန်းမနေတော့ချေ။

အစောပိုင်းတွင်တုန်းက ဒါရိုက်မာ အတန်တန်မှာကြားခဲ့သည်မှာ ယခု သူလိုက်ပို့ပေးရမည့်လူက ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟူ၍ပင်။ လမ်းတွင် မပေါ့ဆရန်လည်း ပြောကြားခဲ့ပြီး အခြား သတိထားရမည့် အရာများစွာကိုလည်း ညွှန်ကြားခဲ့လေသည်။

ယခု သူ့ကို ပြန်ရှာနေပုံထောက်ပါက ကြည့်ရသည်မှာ အခြားအရေးကြီး ကိစ္စတစ်ခု ပြောစရာ ရှိလာပုံပင်။

သို့သော်လည်းပဲ အနည်းငယ်တော့ ထူးဆန်းနေသည်ဟု ရန်ဖုန်း ခံစားနေရ၏။ လူနာက သိပ်မကြာခင် ပို့ဆောင်ဖို့ လိုအပ်လေသည်။ အကယ်၍ အရေးပေါ် အခြေအနေ ဖြစ်နေခဲ့လျှင်ပင် သူ့အား ဖုန်းခေါ်၍ သတိပေးလျှင်လည်း ရသည်မဟုတ်လော။ အဘယ်ကြောင့် လူကိုယ်တိုင်တွေ့ဖို့ လိုအပ်နေရသနည်း။

သို့ပေမယ့် ရန်ဖုန်း များများမစဉ်းစားချင်ပေ။ သူက သာမန် ဒရိုင်ဘာ တစ်ယောက်သာ ဖြစ်၏။ ဤသည်ကလည်း ဒါရိုက်တာမာတွင် သူ့နံပါတ် ရှိမနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူ့ဘက်က အလျင်အမြန် သွားတွေ့ဖို့ လိုအပ်၏။

သို့သော်လည်း နာ့စ်အနီးနား သူဖြတ်ကျော်သွားသည့် အချိန်၌ ရုတ်တရက် ရပ်တန့်ခြင်းကို ခံလိုက်ရသည်။

“ အစ်ကိုရန် …. ခဏလေး …..”

ရန်ဖုန်း ရပ်တန့်သွားခဲ့ပြီး မေးမြန်းလိုက်၏။

“ ဘာကျန်သေးလို့လဲ ….”

“ ကျွန်မ တစ်ခု ပေးချင်တာလေး ရှိလို့ ….”

နာ့စ်က ရန်ဖုန်း၏ အနီးနားသို့ လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် မျက်လှည့်ဆန်စွာဖြင့် အင်္ကျီလက်ကြားထဲမှ ဓားမြောင်တစ်ချောင်းကို ထုတ်လာခဲ့ကာ ရန်ဖုန်း၏ ဝမ်းဗိုက်သို့ တေ့ထားလိုက်သည်။

နာ့စ်၏ ကိုယ်လုံးဖြင့် ကွယ်နေသဖြင့် ဖြတ်သွားဖြတ်လာ မည်သူကမျှ ထိုမြင်ကွင်းအား သတိမမူမိကြချေ။

ဤအမျိုးသမီးက ဆေးရုံရှိ သူနာပြုမဟုတ်ပါဘဲ ဖန်းရှစ်ဟုန် စေလွှတ်လိုက်သည့် ရှန်းဝန်လီသာ ဖြစ်၏။

“ မလှုပ်နဲ့ ….”

ရန်ဖုန်း ခေါင်းအစ ခြေအဆုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့နောက်ကျော တစ်ခုလုံး ချွေးအေးတို့ စိုရွှဲသွားခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတော့၏။

သူ့ဘဝကြီးတွင် ယခုလို အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။

“ မင်း … မင်း ငါ့ကို ဘာလုပ်မလို့လဲ ….”

“ အသံမထွက်နဲ့ …. ငါနဲ့လိုက်ခဲ့ …. မဟုတ်ရင် အသေပဲ ….” ရှန်းဝန်လီ အေးတိအေးစက် လေသံဖြင့် အမိန့်ပေးလိုက်သည်။

“ ဟုတ် ဟုတ်ကဲ့…..”

ရှန်းဝန်လီ၏ ခြိမ်းခြောက်မှုအောက်တွင် ရန်ဖုန်းသည် ကြောက်ကြောက်လန့်လန့်ဖြစ်စွာဖြင့် ရှေ့သို့ ဆက်ပြီး လမ်းလျှောက်သွားသည်။ ထို့နောက် အနက်ရောင် ကားနှစ်စင်းအနီးနားသို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် ကားတံခါးက အဆင်သင့် ပွင့်ဟလာခဲ့ပြီး ရန်ဖုန်းမှာ အထဲသို့ ဆွဲထည့်ခြင်းခံလိုက်ရ၏။

တစ်ချိန်တည်းတွင် သူ့လက်ထဲရှိ ကားသော့ကို ရှန်းဝန်လီက လုယူသွားခဲ့သည်။

ဆေးရုံမှာ လူပေါင်းစုံ လှုပ်ရှားသွားလာသည့် နေရာတစ်ခုဖြစ်ပြီး လူတိုင်းကလည်း အလုပ်ကိုယ်စီနှင့် အလုပ်များနေကြကာ အဆိုပါ အဖြစ်အပျက် အသေးစားလေးအား မည်သူကမျှ သတိမမူမိကြဘဲ ဖြစ်နေသည်။

ကားထဲကို ရောက်တော့ ကျန်းယောင်မင်နှင့် ဖုန်းဝေ့ဟောက်တို့မှာ ကယ်ဆယ်ရေး ယူနီဖောင်းကို လဲပြုထားပြီး ပတ်ဝန်းကျင်ရှိ အခြေအနေကို လေ့လာအကဲခတ်နေခဲ့ကြသည်။ ထို့နောက် ရှန်းဝန်လီထံက သော့ကို ယူဆောင်၍ ဧရာမကြီးမားသည့် သေတ္တာကြီးတစ်လုံးကို သယ်ဆောင်ကာ လူနာတင်ကားသို့ လမ်းလျှောက်လာသည်။

ဤသို့ဖြင့် ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့သူများအဖြစ် အောင်မြင်စွာ အသွင်ယူနိုင်သွားခဲ့သည်။

အကယ်၍ ညဘက်အချိန်အခါသာ ဖြစ်ခဲ့မည်ဆိုပါက ၎င်းတို့၏ လှုပ်ရှားမှုတိုင်းက သံသယဝင်ဖို့ ကောင်းနေမည်မှာ ကျိန်းသေသည်။ သို့သော် ယခုမူကား လူထောင်နှင့်ချီက ဟွာရှန်းဆေးရုံသို့ ၀င်ချည်ထွက်ချည် အလုပ်များနေခဲ့ကြကာ မည်သူကမျှ ဤသို့သော အသေးအမွှားကိစ္စလေးအား ထွေထူး အရေးတယူ ပြုမနေခဲ့ကြချေ။

ပြောကြသည့်အတိုင်း လူအုပ်များပြားသည့်နေရာက အကာအကွယ်ယူလို့ အကောင်းဆုံးနေရာပင်။

တစ်ချိန်တည်းတွင် လျိုဟုန်နှင့် အခြားသူများက ၂၁ လွှာရှိ ICU လူနာခန်းထဲသို့ ရောက်လာခဲ့ကြပြီး သူတို့၏ အမူအရာမှာ အနည်းငယ် လေးပင်နေခဲ့၏။

“ သံသယ ဝင်စရာကောင်းတဲ့ ဘယ်သူ့ကိုမှ မတွေ့မိသေးဘူးလား …” လင်းရီ မေးမြန်းလိုက်၏။

“ ယင်ကောင်တစ်ကောင်တောင် မမြင်မိဘူး …” နင်ချဲ့ ပြောလိုက်ပြီး “ ပြီးတော့ လုံခြုံရေးကိုလည်း လျှော့ချထားတယ်.. နဂို ခြောက်ယောက်ကနေ အခု နှစ်ယောက်ပဲ ထားထားတယ်… ဒါတောင် သံသယဝင်ဖို့ကောင်းတဲ့လူကို မမြင်မိသေးဘူး ….”

“ ဒါဆိုလည်း အရင် စီစဉ်ထားတဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့်ပဲ သွားကြတာပေါ့ ….” လင်းရီ‌ ပြောလိုက်ပြီး “ တကယ်လို့ သူတို့ ရောက်မလာဘူးဆိုရင် ငါကိုယ်တိုင် ဟောင်ကောင်ကိုသွားပြီး ဒီကိစ္စ စုံစမ်းမယ်….”

လျိုဟုန် ခေါင်းညိတ်ပြီး လင်းရီထံသို့ ပစ္စည်း အသေးလေး နှစ်ခုကို ကမ်းပေးလာသည်။ “ ဒီမှာ …. ဒါက စကားပြော နားကြပ်နဲ့ ခြေရာခံလို့ရတဲ့ ကိရိယာ အသေးစားလေးပဲ .. မင်းနဲ့ ဆောင်ထားလိုက် … တကယ်လို့ တစ်ခုခုဆို ငါတို့ ချက်ချင်း သိရတာပေါ့ …”

ခြေရာခံသည့် ပစ္စည်းက စတစ်ကာကဲ့သို့ ဖြစ်ပြီး လင်းရီ ၎င်းကို သူ့ပေါင်တွင် ကပ်ထားလိုက်သည်။ ကြိုတင်ပြင်ဆင်မှုများ ပြီးဆုံးပြီ ဖြစ်၏။

“ ယူနစ်အားလုံးကို ဂရုစိုက်ဖို့ အသိပေးလိုက် …. စစ်ဆင်ရေး စတော့မယ်….” လျိုဟုန် ပြောလိုက်သည်။ “ မင်းတို့ကောင်တွေ လူနာတင်ယာဉ် အနောက်ကနေ လိုက်တဲ့ အချိန်ကျ တအား နီးနီးကပ်ကပ်ကြီး မလိုက်နဲ့ … လူနာတင်ယာဉ်ထဲမှာ တခြားလူအပိုတွေလည်း မထည့်နဲ့ … ဒါပေမယ့် အရမ်းကြီး သတိလက်လွတ် ဖြစ်နေပြန်လို့လည်း မရဘူး … “

“ နားလည်ပြီ….”

“ ကောင်းပြီ … အခုပဲ သွားကြစို့ ….”

အစီအစဉ် စတင်သည်နှင့် လူတိုင်းလည်း ကိုယ်စီအလုပ်များကြတော့သည်။ ကျုံးဝေ့တပ်ဖွဲ့ရှိ လူများ ရောက်ရှိလာပြီး လင်းရီကို တွန်းထုတ်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး မျက်နှာပါမကျန် အပေါ်က ပိတ်စအဖြူဖြင့် ဖုံးအုပ်ထားပြီး အရာအားလုံး စီစဉ်တကျ ဖြစ်နေခဲ့၏။

၎င်းနောက် ဓာတ်လှေကားထဲသို့ ဝင်၍ ပထမအလွှာသို့ ဆင်းလာသည်။

အဝတ်စ အဖြူ အုပ်ထားသည့် တွန်းလှည်းကို မြင်တော့ လူတိုင်းမှာ မသိစိတ်အလျောက် ဘေးသို့ကပ်ပြီး လမ်းဖယ်ပေးလိုက်ကြသည်။

ဤသည်က ဆေးရုံ ဖြစ်ပြီး ဘာတွေ ဖြစ်နေလဲဆိုတာ လူတိုင်း နားလည်သည်။ လူသေအလောင်းကို ထိမိ၍ မည်သူကမျှ ကံဆိုးမှုများ မကူးစက်ချင်ကြပေ။

မကြာမီ အုပ်စုမှာ ပထမအလွှာသို့ ရောက်လာခဲ့ပြီး နာ့စ်များ၏ အကူအညီဖြင့် လင်းရီ၏ ‘အလောင်း’ကို လူနာတင်ယာဉ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

အရာအားလုံး အဆင်သင့် ဖြစ်သည်နှင့် ကျန်းယောင်မင်မှာ ကားကို ဖြည်းညင်းစွာ မောင်းနှင်၍ ဆေးရုံထဲက မောင်းထွက်လာခဲ့၏။

လင်းရီမှာ လူနာတင်ကားထဲတွင် သူ၏ အရှိန်အဝါအား ဖိနှိပ်လျက် လဲလျောင်းနေလျက် ရှိပြီး အကယ်၍ တစ်စုံတစ်ယောက်က သေချာ ဂရုတစိုက် မကြည့်ရှုသရွေ့ ပိတ်စအဖြူအောက်တွင် အသက်ရှင်နေသည့် လူတစ်ယောက် လဲလျောင်းနေသည်ကို မည်သူကမျှ သတိပြုမိကြမှာ မဟုတ်ပေ။

လူနာတင်ယာဉ် ထွက်ခွာသွားခဲ့ပြီးနောက် ကျုံးဝေ့တပ်ဖွဲ့၏ ကားလေးစင်းက အနောက်မှ လိုက်ပါလာသည်။

၎င်းတို့ကိုလည်း ယုတ္တိတန်စေရန်အတွက် လျိုဟုန်မှ အထူးတလည် စီစဉ်ထားခဲ့ခြင်းပင်။ လင်းရီ၏ အဆင့်အတန်းဖြင့် အကယ်၍ တစ်စုံတစ်ဦးက လိုက်ပါပို့ဆောင်ပေးခြင်း မရှိဘူးဆိုပါက တစ်ဖက်လူ၏ သံသယကို နှိုးဆွမိစေမှာ အမှန်ပင်။

ဆေးရုံထဲက မောင်းထွက်လာခဲ့ပြီးနောက် ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် ဖုန်းဝေ့ဟောက်က ကား၏ ဘေးမှန်သို့ ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ငါတို့နဲ့ ဆယ်မီတာ အကွာမှာ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ကားလေးစင်း ကပ်ပါလာတယ်.. အကွာအဝေးက ပြဿနာ မရှိဘူး … ငါတို့ အသာလေး ခြေရာဖျောက်ပြီး ထွက်ပြေးသွားလို့ရတယ်…”

ဤသည်ကို ကြားတော့ လင်းရီ ရင်ထဲ ဒိန်းကနဲ ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် အတော်လေးလည်း အံ့အားသင့်မိသွားခဲ့၏။

ထိုအခါမှပဲ တစ်ဖက်သူမှာ လက်လျှော့ခြင်း မရှိသေးဘဲ ထိုအစား ယခုအချိန်ထိ သူနှင့် အနီးကပ်ဆုံး နေရာတွင် ပုန်းအောင်းနေခြင်း ဖြစ်ကြောင်းကို သတိထားမိလိုက်သည်။

သို့သော်လည်းပဲ အပြင်တွင် စောင့်ကြပ်နေသည့် ကျုံးဝေ့တပ်ဖွဲ့ဝင်များက ၎င်းတို့အား သတိမထားမိခဲ့ကြချေ။ ထိုအချင်းအရာကြောင့် ကျုံးဝေ့တပ်ဖွဲ့ဝင်တို့က အားနည်းသည်ဟု လင်းရီ မမြင်ပေ။ ဤလူများ၏ တန်ပြန်ကင်းထောက်ခြင်းနှင့် ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းအစတို့က အင်မတန် သန်မာနေခြင်း ဖြစ်၏။

၎င်းတို့ကို နောက်ကွယ်တွင် အမိန့်ပေးစေခိုင်းပြီး ကြိုးကိုင်နေသည့် အဖွဲ့အစည်းဆိုပါက မည်မျှပင် သန်မာနေလိမ့်မည်နည်း။

ထိုအကြောင်းတွေးမိတော့ လင်းရီသည် အပြင်းအထန် ခုန်ပေါက်နေသည့် မိမိ၏ နှလုံးခုန်သံကို အတင်းအကြပ် ပြန်လည် ဖိနှိပ်ထားလိုက်၏။

“ သခင်လေး ပြောတာ မှန်တယ်.. ဒီကားက လေဆိပ်ကို သွားမှာပဲ … ပြီးတော့ စစ်တပ်လေဆိပ်ဆီပဲ …” ကျန်းယောင်မင်သည် ဖုန်းကို ကြည့်ရင်း ပြောလိုက်သည်။

ယင်းက ရှန်းဝန်လီထံမှ မက်ဆေ့ချ်ဖြစ်ပြီး ရန်ဖုန်းထံမှ ရရှိထားခြင်း ဖြစ်၏။

“ ဆန်းတော့ မဆန်းပါဘူး … တစ်ဖက်လူက ကျုံးဝေ့တပ်ဖွဲ့က … စီ အဆင့် သွေးရည်ကြည်ကို ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီး သေသွားခဲ့တဲ့သူ .... ဆိုတော့ သူ့အလောင်းကို သုတေသန လုပ်လို့ သိပ်ကောင်းပဲပေါ့ … ဒီတိုင်း မီးသင်္ဂြိုဟ်ပစ်လိုက်ရင် နှမြောစရာပဲလေ….”

“ လက်ရှိ အခြေအနေအတိုင်းဆိုရင် တခြား ဘာမှမလုပ်သေးခင် ရန်ကျင်း အရင် ပို့ခံရမှာပဲ …”

“ ငါတို့ကောင်တွေ အစကတည်းက အပျော်စီးသင်္ဘော စစ်ဆင်ရေးမှာ အဲ့အမှိုက် ချိန်ချန်းရုံကို မလွှတ်လိုက်သင့်ဘူး … မဟုတ်ရင် ဒီလိုမျိုးကိစ္စတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး …”

“ ဒီအခြေအနေအထိ ရောက်လာပြီးမှတော့ အဲ့တာတွေ ပြောနေလို့ ဘာထူးတော့မှာ …” ဖုန်းဝေ့ဟောက် ထူးမခြားနား အမူအရာဖြင့် ပြောဆိုလိုက်ရင်း “ ဝန်လီနဲ့ တခြားသူတွေကို လမ်းတစ်လျှောက်ရဲ့ လမ်းပေါက်ဝမှာ စောင့်နေဖို့ ပြောလိုက် … ဒီလိုအချိန်မျိုးမှာ ဘာအမှားအယွင်းမှ ဖြစ်လာလို့မရဘူး ….”

“ နားလည်ပြီ …”

၎င်းတို့ အပြန်အလှန် ပြောဆိုသည့် စကားဝိုင်းမှတဆင့် အရေးပါသည့် သဲလွန်စ နှစ်ခုကို လင်းရီ ရရှိလိုက်သည်။

သူတို့ ပြောနေသည့် ‘ သခင်လေး ‘ဆိုသူက လက်ရှိ ဖြစ်ရပ်များ၏ နောက်ကွယ်က လက်သည်တရားခံ ဖြစ်ရမည်။ ထိုလူက သင်္ဘောပေါ်တွင် ချိုးယွီလော့ ဗီဒီယိုကောထဲ မြင်တွေ့လိုက်ရသည့်လူ ဖြစ်ဖို့များ၏။

သို့သော် လင်းရီ၏ အာရုံကို ဆွဲဆောင်သွားစေသည့် အခြား သတင်း တစ်ခုလည်း ရှိနေပြန်သည်။

ထိုသူကား ချိန်ချန်းရုံ။

၎င်းတို့ ပြောဆိုသွားသည့် စကားဝိုင်းမှတဆင့် လင်းရီ သုံးသပ်ကြည့်ရသလောက်တော့ ချိန်ချန်းရုံဆိုသူမှာ သင်္ဘောပေါ်တွင် မျက်နှာဖုံးတပ်ထားသည့် သက်လတ်ပိုင်းလူ ဖြစ်နိုင်ပေသည်။

All Chapters