လင်းရီရဲ့ လျှို့ဝှက်ကုတ်
Vol. 132 Ch. 1968
‘ ချိန်ချန်းရုံ …. ‘
လင်းရီ စိတ်ထဲ ရေရွတ်လိုက်မိသည်။
တစ်ချက် နားထောင်ကြည့်လိုက်သည်နှင့် နာမည်ပိုင်ရှင်က ဟောင်ကောင်မှ ဖြစ်ကြောင်းကို ကောက်ချက်ချဖို့ မခဲယဉ်းလှပေ။
ယခုကိစ္စရပ်ကို နောက်ကွယ်ကနေ ကြိုးကိုင်ထိန်းချုပ်နေသူသည်လည်း ဟောင်ကောင်က ဖြစ်မည်မှာ နှစ်ခါစဉ်းစားနေရန် မလိုပေ။
ဤတစ်ချက်ကို အတည်ပြုနိုင်သည်နှင့် အခြား ပြဿနာများကို လွယ်လင့်တကူ ဖြေရှင်း၍ ရပြီ ဖြစ်သည်။
ဟွာရှ၏ သန်းခေါင်စာရင်းစနစ်အရ လူတစ်ယောက်၏ နာမည်ကို သိသည်နှင် တစ်ဖက်သူ၏ အချက်အလက်ကို စုံစမ်းဖို့က လုံးဝ မခဲယဉ်းပေ။ နောက်ကွယ်ကနေ ထိန်းချုပ်နေသူသည်လည်း ဖြည်းဖြည်းချင်း ရုပ်လုံးကြွလာနေပြီ ဖြစ်၏။
သို့သော်လည်းပဲ မည်သည့်အမှားအယွင်းမျှ မရှိစေရန်အတွက် သူ့ဘက်က လောလောဆယ် လှုပ်ရှား၍ မဖြစ်သေးချေ။
အရှေ့ခန်းတွင် ကားမောင်းနေသည့် ကျန်းယောင်မင်မှာ သူ့ကားသူ အာရုံစိုက်ပြီး မောင်းနှင်နေသည်။
ဖုန်းဝေ့ဟောက်က ဖုန်းကိုင်ထားပြီး လမ်းပြမြေပုံကို အာရုံစိုက်နေခဲ့၏။
သူတို့ထဲ မည်သူကမျှ သူတို့တင်ဆောင်လာသည့် ‘ရုပ်အလောင်း’သည် အသက်ရှင်နေသည့် လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သံသယ ဖြစ်ချင်း မရှိကြပေ။
“ ဖုန်းထဲ ပြနေတာတော့ ဒီနဲ့ ငါး ကီလိုမီတာမှာ ယာဉ်ကြောပိတ်နေတယ်… ပိတ်ဆို့နေတဲ့ ယာဉ်တန်းက မီတာ ၁၀၀ လောက်ရှိတယ်… ဒါ အခွင့်ကောင်းပဲ …” ဖန်းဝေ့ဟောက် ပြောလိုက်ပြီး “ သူတို့ကို အဲ့မှာ စောင့်ခိုင်းထားပြီး နောက်က ကားတွေကို ပိတ်ထားခိုင်းပြီးတော့မှ ငါတို့အတွက် အခွင့်အရေး ဖန်တီးလို့ရတယ်…”
“ ဒါဆိုမင်း သွားပြီးတော့မှ အလောင်းကို သေတ္တာထဲ ထည့်ထားလိုက်တော့ …” ကျန်းယောင်မင် ပြောလိုက်၏။
“ အလျင်လိုဖို့ မလိုဘူး ….” ဖုန်းဝေ့ဟောက် သက်တောင့်သက်သာ ဖြစ်စွာ စကားပြောဆိုလိုက်ပြီး “ လက်ရှိ အခြေအနေအတိုင်းဆိုရင် ငါးကီလိုမီတာ အကွာအဝေးကို ရောက်ဖို့က အနည်းဆုံး ဆယ်မိနစ်မောင်းရမှာ … အလောင်းသိမ်းတာက နှစ်မိနစ်လောက်ဆို ပြီ … အနောက်မှာ ကျုံးဝေ့တပ်ဖွဲ့က လူတွေလည်း လိုက်လာနေတယ်… စွန့်စားလို့ မဖြစ်ဘူး …”
“ ငါ ဝန်လီနဲ့ တခြားသူတွေကို မီးပွိုင့်အနောက်မှာ ငါတို့ကို လာကြိုဖို့ ပြောလိုက်မယ်… ကျုံးဝေ့တပ်ဖွဲ့က လူတွေကို ခါချခဲ့ပြီးရင် တစ်ခါတည်း ထွက်ပြေးရုံပဲ …”
“ မောင်းတဲ့အချိန် စိတ်မလောနဲ့ … ငါတို့ဘက်က လုံးဝ အသာစီးပဲ …” ဖုန်းဝေ့ဟောက် ခေါင်းတညိတ်ညိတ်ဖြင့် ဆက်ပြီးပြော၏။ “ အချိန်ကျလာရင် ကိုယ့်ကိုယ် ဂရုစိုက်ဖို့ မမေ့နဲ့ … မင်းက ကားမောင်းတဲ့လူ .. တစ်ခုခု ဖြစ်သွားရင် သူတို့လက်ထဲ ရောက်သွားနိုင်တယ်… အဲ့လို ဖြစ်သွားခဲ့ရင် ရလဒ်က ဘာဖြစ်မလဲ မင်းနားလည်တယ်မလား …”
“ ငါ နားလည်တယ်… ကိုယ့်အသက်ကိုယ်တော့ ဟာသမလုပ်ပါဘူးဟ …”
ကားအနောက်ထဲတွင်တော့ လင်းရီမှာ ၎င်းတို့နှစ်ဦး ပြောဆိုနေသည့် စကားတစ်ခွန်းချင်းစီတိုင်းကို မှတ်သားနေလျက် ရှိသည်။ ထို့ပြင် ယခုက အချိန်ကျပြီဟု ခံစားနေရပြီး သူ့ဘက်က စပြီး လှုပ်ရှားသင့်ချေပြီ။
ညှင်သာစွာဖြင့် .. လင်းရီ သူ့လက်ချောင်းများအား စကားပြောကိရိယာသို့ တတက်တက်ခေါက်လိုက်ကာ လျိုဟုန်ထံသို့ အချက်ပြသင်္ကေတများ ပေးပို့လိုက်၏။
……….
တစ်ချိန်တည်းတွင် အနောက်မှ လိုက်ပါလာနေသည့် လျိုဟုန်နှင့် ကျန်သူများမှာ ကားထဲတွင် လင်းရီ ပေးပို့လာသည့် သင်္ကတများအား ချက်ချင်း လက်ခံရရှိလိုက်သည်။
“ မော့စ်ကုတ်ပဲ …” ချိုးယွီလော့ ရုတ်ချည်း အော်ဟစ်လိုက်၏။
“ သူဘာပြောလဲ သေချာနားထောင် …”
ချိုးယွီလော့ တင်းကြပ်စွာ မျက်မှောင်ကြုတ်ထားလျက် နားကြပ်မှတဆင့် အသံများကို အာရုံစူးစိုက် နားထောင်နေသည်။
" - ·− −·− ·
−− ·
·− ·−− ·− −·−− "
" Take me away "
"−·· −−− −·−
· −··− ·−−· −−− ·−· ··· ·
−·−− −−− ··− ·−· ··· · ·−·· ··−· "
" Don't expose Yourself "
" ··· − −−− ·−−·
−··· ·· −−·
···− · ···· ·· −·−· ·−·· · "
"Stop Big Vehicle "
ပေးပို့လာသည့် အသံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ချိုးယွီလော့က ၎င်းတို့ကို မှတ်တမ်းယူကာ AI အား ကုတ်ဖြည်ခိုင်းလိုက်သည်။
ဤသည်က သူမ လင်းရီ၏ မက်ဆေ့ချ်ကို ဘာသာပြန်သည့် နည်းလမ်းပင်။
“ ငါ့ကိုခေါ်သွား … ကိုယ့်ကိုယ်ကို မဖော်ထုတ်မိစေနဲ့ … ကားကြီးကိုတား ….”
နင်ချဲ့ မျက်မှောင်ကြုတ်သွားခဲ့ပြီး “ လင်းရီ တစ်ခုခုကို ရှာတွေ့သွားလို့ ငါတို့ကိုယ်ငါတို့ မဖော်ထုတ်မိစေပဲ သူ့ကို ကားဆီကနေ ခေါ်သွားခိုင်းနေတာများလား …”
လျိုဟုန်နှင့် ချိုးယွီလော့တို့ ကိုယ်စီ ခေါင်းညိတ်လိုက်ကြ၏။ မက်ဆေ့ချ်၏ ပထမအပိုင်းက လိုရင်းတိုရှင်းသာ ဖြစ်ပြီး နားလည်ရလွယ်ကူသည်။
သို့သော် နောက်ဆုံး အပိုင်းဖြစ်သည့် ‘ ကားကြီးကိုတား ‘ ဆိုသည့်စကားက အနည်းငယ် နားလည်ရ ခဲယဥ်းနေခဲ့၏။
“ နင့်စာက မမှားတာတော့ ကျိန်းသေပါတယ်နော်….”
“ လုံးဝ မမှားနိုင်ဘူး …”
ထောက်လှမ်းရေး ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ချိုးယွီလော့ သူမ အစွမ်းအစအပေါ် ယုံကြည်ချက် အပြည့်အဝ ရှိသည်။ ထို့ပြင် AI ဆော့ဖ်ဝဲကလည်း စစ်တပ်အတွက် အထူးဖန်တီးထားခြင်း ဖြစ်၏။
“ ဧကန္တ … ထရပ်ကားအကြီးစားကြီးတွေကို ပြောချင်တာများလား …” နင်ချဲ့ သူမ၏ အတွေးကို ထုတ်ပြောလိုက်သည်။
“ စဉ်းစားနေဖို့ အချိန်မရှိဘူး .. “ လျိုဟုန် ပြောဆိုလိုက်ပြီး “ ယွီလော့ … ယာဉ်ထိန်းရဲကို ဧရိယာအတွင်းက ကားကြီးတွေအကုန် တားခိုင်းထားလိုက် .. နင်ချဲ့ … ကားကို အမြန်မောင်း … လင်းရီကို ပြန်ခေါ်ရမယ်…”
“ ဟုတ်ကဲ့ ….”
လျိုဟုန် အမိန့်ပေးသည့်အတိုင်း နင်ချဲ့သည် ကားကို အရှိန်တင်၍ လူနာတင်ယာဉ်အား ရပ်တန့်ရန် ဟန်ပြင်လိုက်သည်။
လူနာတင်ကားထဲတွင်တော့ ဖုန်းဝေ့ဟောက်မှာ အချိန်ကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။ “ အချိန်ကျပြီ… ငါ အလောင်းကို သွားလဲလိုက်ဦးမယ်… ဝန်လီနဲ့ တခြားသူတွေကို အဆင်သင့် လုပ်ထားဖို့ ပြောလိုက် … ကျုံးဝေ့တပ်ဖွဲ့ရဲ့ ယာဉ်တန်းကို တားပြီး ငါတို့အတွက် လမ်းတစ်ခု ချန်ထားခိုင်းလိုက် …”
“ အိုကေ …”
အစီအစဉ် ချမှတ်ပြီးသည်နှင့် ဖုန်းဝေ့ဟောက်သည် ကားအနောက်ဘက်ခြမ်းသို့ ရောက်ရှိလာသည်။
သို့သော် ထိုအချိန်မှာပဲ အနောက်မှနေ၍ ကျယ်လောင်သည့် ကားဟွန်းသံအား ကြားလိုက်ရသည်။
ကျန်းယောင်မင် ဘေးကြည့်မှန်သို့ တစ်ချက်ကြည့်လိုက်ရာ ကျုံးဝေ့တပ်ဖွဲ့၏ လန်ခရူဇာက သူတို့ကားအနောက်သို့ အရှိန်တပြင်း လိုက်ပါလာနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲ … အနောက်ကကောင်တွေ ဘာလုပ်နေတာလားဟ ….”
သူတို့တွေ အဘယ်ကြောင့် အနောက်က လိုက်ခံနေရလဲဆိုတာကို အကြောင်းအရင်း ရှာမရနိုင်ဘဲ ဖြစ်နေသဖြင့် ဖုန်းဝေ့ဟောက် စိုးရိမ်ကြောင့်ကြစ ပြုလာသည်။
သူတို့ကိုယ်သူတို့ ကောင်းစွာ ဖုံးကွယ်ထားသည်ဖြစ်၍ ရှာတွေ့သွားဖို့က လုံးဝ မဖြစ်နိုင်ကြောင်းကို ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိသည်။ သို့ပေမယ့် အနောက်က ကား၏ သွင်ပြင်ကို ကြည့်ရသလောက်တော့ သူတို့ကားကို ရပ်တန့်ချင်နေဟန်ပင်။
“ မပျာနဲ့ … သူတို့ဘာဖြစ်ချင်နေလဲ ကြည့်ကြတာပေါ့ … အဆင်ပြေသွားမှာပါ ….”
နင်ချဲ့ မောင်းနှင်နေသည့် ကားက လူနာတင်ယာဉ်ကို လိုက်မှီသွားခဲ့ပြီ ဘေးချင်းကပ် အနေအထားသို့ ဖြစ်သွားသည့်အချိန်၌ ကားပြတင်းပေါက်မှန်ကို ချကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဒရိုင်ဘာ .. ကားကို ကျေးဇူးပြုပြီး တစ်ချက်လောက် ရပ်ပေးပါ …”
လင်းရီ ညွှန်ကြားသည့်အတိုင်း နင်ချဲ့မှာ ယာဉ်ကျေးစွာ ပြောဆို၍ သူမတို့ တစ်စုံတစ်ရာကို သိရှိနေကြောင်း ဖော်ပြခြင်း မပြုခဲ့ပေ။
ဘာတွေ ဖြစ်နေမှန်း သူမတို့ နားမလည်သော်ငြားလည်း လင်းရီ၏ အစီအစဉ်အတိုင်း လိုက်နာသည်က အလုံခြုံဆုံး ဖြစ်မည်မှာ ကျိန်းသေသည်။
ထိုအခိုက်အတန့်၌ ယာဉ်အတွင်း ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သူမတို့လည်း မရေရာဘဲ ဖြစ်နေသည်။
“ ဟုတ် … နားလည်ပြီ …”
ဖုန်းဝေ့ဟောက် များများစားစား ပြန်လည်ပြောဆိုခြင်း မပြုခဲ့ပေ။
မစ်ရှင်က မပြီးမြှောက်သေးသော်လည်းပဲ ယခုအခြေအနေ၌ သူတို့ထံတွင် ရွေးချယ်စရာ မရှိချေ။ အခြေအနေကို လိုက်ပြီး မီးစင်ကြည့်ကရုံသာ တတ်နိုင်တော့၏။
မဟုတ်ပါက တစ်ဖက်လူကို သံသယဖြစ်ပေါ်စေပြီး မစ်ရှင်ကျရှုံးသွားနိုင်သည်။
ဖြည်းညှင်းစွာဖြင့် … ကျန်းယောင်မင်သည် ကားကို လမ်းဘေးတစ်နေရာသို့ ထိုးရပ်လိုက်ကာ အနောက်မှ ကားလေးစင်းလည်း အခြားတစ်ဖက်ခြမ်းတွင် ရပ်တန့်သွားခဲ့ကြသည်။
“ မင်္ဂလာပါ … ကိစ္စ တစ်ခုခု ရှိလို့လား …” ဖုန်းဝေ့ဟောက် အပြုံးတစ်ခုအား ဆင်မြန်းရင်း ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
“ မရှိပါဘူး … ဘာမှမစိုးရိမ်နဲ့ …” နင်ချဲ့ အပြုံးလေးဖြင့် ပြန်ဖြေလိုက်ပြီး “ အခုလေးတင်ပဲ အထက်က အမိန့်ပေးလာလို့လေ … အလောင်းကို ဆေးရုံက လိုက်ပို့ပေးဖို့ မလိုတော့ဘူး … ကျွန်မတို့ တခြား စီစဉ်စရာလေးတွေ ရှိသေးလို့ … အခု ရှင်တို့ ဆေးရုံကို ပြန်မောင်းသွားလို့ရပြီ…”
“ အလောင်းကို လိုက်ပို့ပေးစရာ မလိုတော့ဘူး ဟုတ်လား …”
“ ဟုတ်တယ်… ကျွန်မတို့ တခြားစီစဉ်စရာလေးတွေ ရှိနေသေးလို့လေ… လူကြီးမင်းတို့နှစ်ယောက်ကို ဒုက္ခပေးမိပြီ ….”
“ ဒါဆို ကျုပ်တို့ ကူပေးမယ်လေ…”
“ ရတယ် ရတယ် … ကျွန်မတို့ လူတွေ ရှိတယ်…”
ပြောပြီးနောက် နင်ချဲ့ လက်ဝှေ့ရမ်းလိုက်သည်တွင် ကားထဲရှိ အခြားသော ကျုံးဝေ့တပ်ဖွဲ့ဝင်များက လူနာတင်ယာဉ်နောက်ဖုံးအား ဖွင့်ကာ လင်းရီ၏ ခန္ဓာကိုယ်အား လျိုဟုန်၏ ကားထဲသို့ ဂရုတစိုက်နှင့် ထည့်လိုက်၏။
ထိုအတောအတွင်း ဖုန်းဝေ့ဟောက်နှင့် ကျန်းယောင်မင်တို့မှာ ကျုံးဝေ့တပ်ဖွဲ့ဝင်များက လင်းရီ၏ ရုပ်အလောင်းကို သူတို့ကားထဲ ရွေ့ပြောင်းသွားသည်ကို မည်သည့်စကားမျှ မပြောဘဲ အသာစောင့်ကြည့်နေခဲ့ကြသည်။
သူတို့၏ လက်ရှိ အထောက်အထားက လူနာတင်ကားမောင်းသည့် ဒရိုင်ဘာများ ဖြစ်ပြီး မလိုအပ်သည့် တစ်စုံတစ်ရာကို ပြုလုပ်ခြင်းက တစ်ဖက်လူ၏ သံသယကို နှိုးဆော်မိသွားစေနိုင်သည်။
ယင်းက အကြံဉာဏ်ကောင်းတစ်ခုတော့ မဟုတ်ချေ။
“ အိုကေ … အဆင်ပြေသွားပြီ … လူကြီးမင်းတို့နှစ်ယောက် .. ကျေးဇူးပဲနော်… ကျွန်မတို့ အရင်သွားနှင့်တော့မယ်…”
နင်ချဲ့ အပြုံးလေးဖြင့် လက်ပြနှုတ်ဆက်ကာ ကားထဲသို့ ဝင်၍ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
ကားလေးစင်း ဖြည်းညင်းစွာ ထွက်ခွာသွားသည်အား ငေးကြည့်နေရင်း ဖုန်းဝေ့ဟောက်၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့၏။ ဖော်မပြနိုင်သည့် ဒေါသတစ်ရပ်က ရင်ဘက်အတွင်း ပေါက်ဖွားလာခဲ့ကာ မည်သို့ပုံချရမှန်း မသိ ဖြစ်နေသည်။
“ ငါတို့ အခု ဘာဆက်လုပ်ကြမလဲ …” ကျန်းယောင်မင် မေးမြန်းလာခဲ့၏။
ဖုန်းဝေ့ဟောက်၏ မျက်နှာအမူအရာမှာ အလွန်အမင်း အုံ့မှိုင်းနေခဲ့ပြီး “ ကားထဲအရင်ဝင် … သီးသန့်ဖြစ်မယ့် တစ်နေရာကို မောင်း … ငါ ဒီကိစ္စ သခင်လေးဆီ အရင်ဆုံး အစီရင်ခံလိုက်ဦးမယ်…”