← Chapters

ဆိုရှယ်လစ် ဝိသေသများနှင့် ကျွမ်းဝင်နေမှု

Vol. 132 Ch. 1969

ဆိုရှယ်လစ် ဝိသေသများနှင့် ကျွမ်းဝင်နေမှု

Vol. 132 Ch. 1969

နှစ်ယောက်လုံး ကားထဲသို့ ပြန်ဝင်လာခဲ့ကြကာ ဖုန်းဝေ့ဟောက်၏ မျက်နှာအမူအရာမှာ အတော်လေး အကျည်းတန်နေလျက် ရှိသည်။

သူ ယခုလို ဖြစ်နေသည်ကိုလည်း အပြစ်တင်၍ မရပေ။ မစ်ရှင် ပြီးဆုံးခါနီးအချိန်တွင်မှ လမ်းခုလတ်တွင် ထင်မှတ်မထားသည့် ကိစ္စတစ်ခုက ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့ အရာမျိုးကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။

သူတို့၏ ယခင် ကြိုးပမ်းအားထုတ်ထားသည်များအားလုံး အလဟဿ ဖြစ်သွားခဲ့ပြီ ဖြစ်၏။

“ အခြေအနေ ဘယ်လိုရှိလဲ …”

ဖုန်းတစ်ဖက်ခြမ်းရှိ ဖန်းရှီဟုန်၏ လေသံမှာ သက်တောင့်သက်သာ ဖြစ်နေပြီး သူချမှတ်ထားသည့် အစီအစဉ်ထဲတွင် လွဲချော်မှုများ ရှိလာလိမ့်မည်ဟူ၍ လုံးဝ ထင်မှတ်မထားသည်မှာ သိသာလှသည်။

“ မအောင်မြင်သွားဘူး သခင်လေး …” ဖုန်းဝေ့ဟောက် ပြောဆိုလိုက်ပြီး “ ကျုပ်တို့ အောင်မြင်ခါနီး အချိန်မှာပဲ အလောင်းကို ကျုံးဝေ့တပ်ဖွဲ့က ပြန်ယူသွားတယ်…”

“ ပြန်ယူသွားတယ် ….” ဖန်းရှီဟုန်၏ လေသံက ချက်ချင်းဆိုသလို မြင့်တက်လာခဲ့ပြီး “ မင်းတို့ကောင်တွေကို ရိပ်မိသွားတာများလား …”

“ မဟုတ်ဘူး … အကုန်လုံးက အဆင်ပြေပြေနဲ့ပဲ ရှိတယ်… သူတို့ ပြန်ယူသွားတုန်းက ကျုပ်တို့ကို စကားလည်း ကောင်းကောင်းမွန်မွန်ပဲ ပြောသွားတယ်.. ဒါပေမယ့် ဘာလို့ ဒီလိုလုပ်သွားခဲ့လဲဆိုတဲ့ အကြောင်းအရင်းကိုတော့ ကျုပ်စိတ်ထဲ မရှင်းဘူး …”

ဖုန်းတစ်ဖက်ခြမ်းရှိ ဖန်းရှစ်ဟုန်မှာ ခေတ္တ အတွေးနက်သွားခဲ့၏။ “ မင်းတို့ အရင်ပြန်လာခဲ့ … နောက်မှပဲ ထပ်စီစဉ်ကြမယ်….”

“ ဟုတ်ကဲ့ ….”

“ ရှောင်ဖုန်း ... သခင်လေးက ငါတို့ကို ဘာပြောလဲ ….”

ဖုန်းဝေ့ဟောက် ဖုန်းချသွားပြီးသည့်နောက် ကျန်းယောင်မင် မေးမြန်လာသည်။

“ သခင်လေးက ငါတို့ကို အရင်ပြန်လာခဲ့ဖို့ အမိန့်ပေးလာတယ်… ဒီက မစ်ရှင်ကိုတော့ ယာယီ လက်လျှော့ထားရုံ ရှိတာပဲ …”

“ ငါ ဝန်လီနဲ့ တခြားသူတွေကို ခေါ်လိုက်ဦးမယ်…” ကျန်းယောင်မင် ဖုန်းထုတ်၍ ရှန်းဝန်လီ၏ နံပါတ်ကို ဆက်သွယ်လိုက်၏။

“ မစ်ရှင် ပြောင်းပြီ … ပြန်ဆုတ်တော့ …”

“ ငါ ဒီမှာ ပြဿနာ တက်နေလို့ …. နင်တို့ အရင်သွားနှင့်ကြ …”

“ မင်း ဘာဖြစ်တာ …” ကျန်းယောင်မင် အံ့အားတကြီး မေးမြန်းလိုက်သည်။

“ ငါတို့ လမ်းမှာ ယာဉ်ထိန်းရဲနဲ့ တိုးနေလို့ … သူတို့က ထရပ်ကားတွေကို စစ်ဆေးနေတာ…. ငါတို့နဲ့ တခြား ထရပ်ကားတွေလည်း အကုန် ယူသွားခံလိုက်ရပြီ …”

“ လခွမ်း … သူတို့က ဘာမို့လို့ ထရပ်ကားတွေကို စစ်ဆေးနေတာလဲ ….”

“ ထရပ်ကားတွေတင် မကဘူး … တခြား အိမ်စီးကားတွေရော စစ်ဆေးခံနေရတယ်….” ရှန်းဝန်လီ ပြောလိုက်ပြီး “ သူတို့ပြောတာတော့ ဒီလက ကျိုးဟိုင်မှာ မူးယစ်ဆေးဝါးကို တင်းတင်းကြပ်ကြပ် နှိမ်နှင်းတဲ့ကာလဆိုပဲ … ဒါကြောင့်မို့ လမ်းဆုံတွေမှာ စစ်ဆေးရေး ဝင်နေတာ …. ငါတို့အခု ပြန်ကြားရေး ဌာနကို ဖမ်းခေါ်ခံထားရတယ်…”

“ သေစမ်းကွာ …”ကျန်းယောင်မင် ကျိန်ဆဲလိုက်ပြီး “ ကြည့်ရတာ ထွေထူး ကြီးကြီးမားမားတော့ မရှိလောက်ပါဘူး … သူတို့မင်းကို သိပ်မကြာခင် လွှတ်ပေးလောက်တယ်… အဲ့ခါကျ မင်းဆီ ပြန်ဆက်သွယ်လိုက်မယ်….”

“ ကောင်းပြီ …”

ဤသည်များအားလုံးက လင်းရီ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းကို မည်သူကမျှ သတိမမူမိကြချေ။

ထိုကဲ့သို့သော နည်းဗျူဟာက … ဆိုရှယ်လစ် ဝိသေသလက္ခဏာရပ်များဖြင့် ပြည့်နှက်နေပြီး ဟောင်ကောင်က ရောက်ရှိလာသူတစ်ဦး ထိုးဖောက်မြင်သာနိုင်သည့် အရာတစ်ခု ဟုတ်မနေခဲ့ချေ။

ထိုစဉ် လန်ခရူဇာထဲတွင်တော့ လင်းရီနှင့် ကျန်သူများမှာ ကျိုးဟိုင် မြို့စောင့်တပ်ခရိုင်သို့ ဦးတည်နေကြလေသည်။

“ နင် တစ်ခုခု တွေ့သွားခဲ့လို့ ငါတို့ကို လှုပ်ရှားခိုင်းလိုက်တာလား…” နင်ချဲ့ အလျင်စလိုပဲ မေးမြန်းလာခဲ့၏။

“ အဲ့ဒီ ဒရိုင်ဘာနှစ်ယောက်က တစ်ဖက်အဖွဲ့ရဲ့ လူတွေပဲ …”

“ ဟင် … ဒရိုင်ဘာတွေက ဟုတ်လား …”

ဤသည်ကို ကြားတော့ သူတို့သုံးဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။ ရန်သူက လူနာတင်ယာဉ်ကိုပင် အပိုင်စီးထားနိုင်လိမ့်မည်လို့ သူမတို့တွေ မျှော်လင့်မထားခဲ့ပါချေ။

“ အံ့ဩသွားလား …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါလည်း ကားထဲမှာ လဲနေရင်းနဲ့ သူတို့ရဲ့ စကားအသွားအလာကနေတဆင့် သိလိုက်ရတာပဲ …”

“ တခြား အရေးကြီးတဲ့ သဲလွန်စတွေရော ရှိသေးလား …” လျိုဟုန် မေးမြန်းလာခဲ့သည်။

“ ယွီလော့နဲ့ ကျုပ် …. သင်္ဘောပေါ်မှာ တွေ့ခဲ့တဲ့ လူက 'ချိန်ချန်းရုံ' ဆိုတဲ့လူပဲ … နာမည်ကို နားထောင်ကြည့်ရတာ ဟောင်ကောင်က ဖြစ်လိမ့်မယ်… တပ်ဖွဲ့ကို အကြောင်းကြားပြီး အဲ့ဒီလူ အကြောင်း စုံစမ်းခိုင်းလိုက် … အကြောင်းတစ်ခုခု ထူးရင် ထူးလာနိုင်တယ်…”

လျိုဟုန် ခေါင်းညိတ်လိုက်သည်။ “ ငါတို့ အခု … ကန့်လန့်ကာ နောက်ကွယ်မှာ ရှိနေတဲ့ လူရဲ့ အချက်အလက်ကို သိရပြီဆိုတော့ ဒီကိစ္စ ဘယ်သူ့လက်ချက်လဲဆိုတာ မကြာခင် သိရတော့မှာပါ ….”

“ မဟုတ်သေးဘူး … တကယ့် ကန့်လန့်ကာ နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့လူက ‘ သခင်လေး ' ဆိုတဲ့ တစ်ယောက်ပဲ … သူ့ကြည့်ရတာ အဖွဲ့အစည်းတချို့ရဲ့ အကြီးအကဲခေါင်းဆောင်တစ်ယောက်ယောက်ရဲ့ သားဖြစ်လိမ့်မယ်… ဒီကိစ္စကိုလည်း စုံစမ်းပြီး ရထားတဲ့ သတင်းအချက်အလက်တွေနဲ့ ကိုက်ညီ ၊ မညီ စုံစမ်းကြည့်ဖို့လိုတယ်….”

“ အဲ့ဒါအပြင် အခု ဒီကိုရောက်လာတဲ့ လူတွေထဲမှာ ဝန်လင်လို့ခေါ်တဲ့ တစ်ယောက်လည်း ပါတယ်… နာမည်ကြည့်ရတာတော့ မိန်းကလေး ထင်တာပဲ …”

“ မင်းငါ့ကို ကားကြီးတွေ တားခိုင်းထားတာ အဲ့ဒီအမျိုးသမီးနဲ့ ဆက်စပ်နေတာလား …”

“ အတိအကျပဲ … သူတို့ရဲ့ အစီအစဉ်က ယာဉ်ကြောကြပ်တဲ့ နေရာမှာ လှုပ်ရှားဖို့ စီစဉ်ထားတာ … မီးပွိုင့်နီနေတဲ့ အချိန်ဖြတ်ပြီး တစ်ဖက်ကားကြီးက အပေါက်အသင့် ဖွင့်ထားမယ်… ပြီးတာနဲ့ ထွက်ပြေးသွားရုံပဲ … သူတို့ကို လိုက်ဖမ်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး …”

“ တကယ်ကောင်းတဲ့ အစီအစဉ်ပဲ …” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါတောင် သူတို့ကို လေးစားမိတယ်…”

“ ဘော့စ်လျို .. ယာဉ်ထိန်းရဲဌာနကို ဆက်သွယ်ပြီး ဟောင်ကောင်လေသံနဲ့ ဝန်လီလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိမရှိ မေးမြန်းကြည့်ခိုင်းလိုက် …”

“ မင်းက ဘာလုပ်မှာ .. သူ့ကို စုံစမ်းမေးမြန်းဖို့ ခေါ်လာစေချင်တာလား …”

လင်းရီ ခေါင်းခါယမ်းလိုက်သည်။ “ ဒီတိုင်း ရိုးရိုးရှင်းရှင်း မေးခွန်းတချို့ မေးမြန်းရုံလောက်ပါပဲ … သူ့နဲ ဆက်စပ်နေတဲ့ သတင်းအချက်အလက် တချို့ ရှိမရှိပေါ့ … မရှိလည်း ကိစ္စမရှိဘူး …”

နင်ချဲ့၏ မျက်လုံးတို့က တစ်ခုခုကို စဉ်းစားတွေးတောနေဟန်ဖြင့် ဂနာမငြိမ် ဖြစ်သွားခဲ့ပြီး “ အဲ့ဒီ ဒရိုင်ဘာနှစ်ယောက်ကို ဘာမှမလုပ်ခိုင်းတာက ရန်သူကို တပ်လှန့်သလို ဖြစ်သွားစေမှာစိုးလို့လား …”

“ အမှန်ပဲ … မြက်ခင်းထဲ အောင်းနေတဲ့မြွေကို ခြောက်လှန့်မိမှာကြောက်လို့ .... အခုဆို သူတို့တွေ ဟောင်ကောင်ကို ချက်ချင်း ပြန်သွားလောက်ပြီ … တစ်ဖက်သူက သတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာ လှုပ်ရှားလို့ အကောင်းဆုံးပဲ …”

“ ကောင်းပြီလေ.. ငါ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး အဲ့ဒီ အမျိုးသမီးကို စုံစမ်းစစ်ဆေးဖို့ ခေါ်ခိုင်းလိုက်မယ်….”

“ ကောင်းပြီ …”

ဆွေးနွေးတိုင်ပင် ပြီးသည်နှင့် လူတိုင်း ကျိုးဟိုင် မြို့စောင့်တပ်ခရိုင်သို့ ဆက်ပြီး ဦးတည်လိုက်ကြသည်။

လင်းရီမှာ ယခုလောလောဆယ်တွင် မျက်နှာဖော်ပြဖို့က အဆင်မပြေသေးသဖြင့် ထိုနေရာတွင် နေထိုင်သည်က အကောင်းဆုံး ရွေးချယ်မှုပင်။

…..

ထို မွန်းလွဲပိုင်းတွင် ကျိုးဟိုင်မှ ဟောင်ကောင်သို့ ပျံသန်းသည့် လေယာဉ်တစ်စင်းက လေဆိပ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။

ဖုန်းဝေ့ဟောက်နှင့် ကျန်းယောင်မင်တို့ ခြောက်ဦးလုံး လေယာဉ်ပေါ်က ဆင်းလာခဲ့ကြသည်။ ထိုအချိန်တွင် ကားနှစ်စင်းက လေဆိပ်ဝင်ပေါက်ဝတွင် အသင့်စောင့်ဆိုင်းလျက်သား ရှိနေသည်။

တာမင်နယ်ထဲက ထွက်လာသည်နှင့် ခြောက်ဦးမှာ ကားအသီးသီးသို့ ဝင်ရောက်သွားခဲ့ကြ၏။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် အဆိုပါ ကားနှစ်စင်းက ' လွီယွီ့ လက်ဖက်ရည်အိမ်တော်' ဟု အမည်တွင်သည့် လက်ဖက်ရည်ဆိုင်တစ်ခု၏ ဝင်ပေါက်ဝ၌ ရပ်တန့်သွားခဲ့သည်။

လက်ဖက်ရည်အိမ်တော်က သုံးထပ်အဆောက်အဦး တစ်ခုဖြစ်ပြီး ဧရိယာအားဖြင့် ကြီးကြီးမားမား ကျယ်ဝန်းနေခြင်းတော့ မရှိလှပေ။

သို့ပေမယ့်လည်း တရုတ်၏ ကျော်ကြားလှသည့် လက်ဖက်ရည် သူတော်စင် လွီယွီ့ကို အစွဲပြု၍ အမည်ပေးထားပုံ ထောက်ပါက ၎င်းအိမ်တော်၏ လက်ဖက်ရည် အသွေးမှာ မည်မျှကောင်းမွန်နေလိမ့်မည်ဆိုတာကို စိတ်ကူးယဉ်ကြည့်နိုင်သည်။

ထိုသို့ မဟုတ်ခဲ့ပါက ဟောင်ကောင်ရှိ လက်ဖက်ရည် ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတို့မှာ ဝေဖန်မဆုံး ဖြစ်နေပေလိမ့်မည်။

ကားနှစ်စင်း ရပ်တန့်သွားသည်နှင့် တံခါးပေါက် ပွင့်ဟလာကာ လူခြောက်ဦးမှာ အသီးသီး ကားပေါ်က ဆင်းလာခဲ့ကြသည်။ သို့သော် ဖုန်းဝေ့ဟောက်နှင့် ကျန်းယောင်မင်တို့ နှစ်ဦးတည်းသာလျှင် အိမ်တော်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး ကျန်လေးဦးမှာ တံခါးပေါက်ဝတွင် ကျန်နေရစ်ခဲ့၏။

အတွင်းတွင်တော့ ချောက်ချားဖွယ်ရာ ကောင်းရလောက်အောင် တိတ်ဆိတ်နေလျက် ရှိပြီး ဝန်ဆောင်မှုပေးသူများပင် အနက်ရောင် အနောက်တိုင်း ဝတ်စုံနှင့် ကိုယ်ခံပညာ ကျွမ်းကျင်သူများကို အစားထိုးထားကာ လုံခြုံရေးပိုင်းဆိုင်ရာ၌ အထူးတလှယ် တင်းကြပ်ထားသည်။

မွှေးပျံ့နေသည့် လက်ဖက်ခြောက်၏ သင်းရနံ့သည်သာလျှင် အုံ့မှိုင်းလေးတွဲ့တွဲ့ ဖြစ်နေသည့် လေထုကို အနည်းငယ် လျော့ပါး သက်သာသွားစေခဲ့၏။

ဖုန်းဝေ့ဟောက်တို့ နှစ်ဦးလုံး တတိယအလွှာသို့ တန်းမတ်စွာ ဦးတည်လိုက်ကြသည်။ ထိုနေရာရောက်သည်တွင် ဖန်းရှစ်ဟုန်သည် ရှေးဆန်းသည့် အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အဝါရောင် သစ်တော်ပင်သားဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံ တစ်လုံးပေါ်တွင် ခြေတင်ချိတ်ရင်း အေးဆေးထိုင်နေလျက် ရှိကာ ရေနွေးကြမ်းကို စိတ်အေးလက်အေး အရသာခံ သောက်သုံးနေလျက် ရှိသည်။

“ သခင်လေး …”

ဖန်းရှစ်ဟုန်ကို မြင်တော့ နှစ်ဦးလုံးက ကိုယ်ကို ၉၀ ဒီဂရီ ကိုင်း၍ လေးလေးနက်နက် ဦးညွှတ်လိုက်ကြကာ ၎င်းတို့၏ လေးစားရိုသေမှုကို ပြသလိုက်ကြသည်။

ဖန်းရှစ်ဟုန်မှာ ခံစားချက်ကင်းမဲ့သည့် မျက်နှာအမူအရာဖြင့် တည်ငြိမ်စွာ ပြောဆိုလာသည်။

“ ဘာတွေ ဖြစ်ခဲ့လဲနဲ့ ဘာက ပြဿနာလဲဆိုတာ ငါ့ကို သေချာ အသေးစိတ်ရှင်းပြ …”

“ သူတို့ဘက်က ပြင်ဆင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်…” ဖုန်းဝေ့ဟောက် ပြောဆိုလိုက်သည်။

“ ပြင်ဆင်ထားတယ်…… မင်း ဆိုလိုချင်နေတဲ့ သဘောက ……”

“ ကျုပ်အထင် သူတို့ဘက်က ကျုပ်တို့တွေ လင်းရီရဲ့ အလောင်းကို ပစ်မှတ်ထားမယ်ဆိုတာကို သံသယ ရှိနေတာကြောင့်လို့ ယူဆတယ်…. လမ်းမှာ တစ်ခုခု ဖြစ်မှာ ကြောက်ပြီး တစ်ဝက်တစ်ပျက်မှာတင် သူတို့ကားနဲ့ ပြန်ခေါ်သွားခဲ့တာ ဖြစ်မယ်….”

“ ဒါဆို ငါတို့ရဲ့ သတင်းအချက်က ပေါက်ကြားသွားခဲ့တယ်ဆိုတဲ့ သဘောပေါ့ ….”

“ အဲ့လိုတော့ လုံးဝ မဖြစ်နိုင်ပါဘူး …” ဖုန်းဝေ့ဟောက် အခိုင်အမာဆိုလိုက်ပြီး “ ကျုပ်တို့ အဖွဲ့သားတွေ မနက်အရုဏ်တက်မှာ ဆေးရုံထဲ မောင်းဝင်လာပြီး ဘယ်သူနဲ့မှလည်း အဆက်အသွယ် အထိအတွေ့ မလုပ်ခဲ့ဘူး … ကျုပ်တို့ လှုပ်ရှားခဲ့တဲ့ အချိန်မှာတောင် ဘယ်လို အမှားအယွင်းမျိုးမှ မရှိခဲ့ဘူး … အဲ့တာကိုတော့ ကျုပ် လုံးဝ အာမခံနိုင်တယ်…”

ဖန်းရှစ်ဟုန် မည်သည့်စကားမျှ မဆိုဘဲ အတွေးနက်သွားခဲ့သည်။

ဟဲရစ် ၊ လီဇီချန် နှင့် ရွှီကျားဟောက်တို့ အကုန်လုံးက သူ့အဖေ၏ လက်အောက်ငယ်သားများ ဖြစ်ပြီး ဖုန်းဝေ့ဟောက်နှင့် ကျန်းယောင်မင်ကိုတော့ သူကိုယ်တိုင် လက်သပ်မွေးထားခဲ့ခြင်းပင်။

၎င်းတို့၏ လုပ်ပုံကိုင်ပုံ နည်းလမ်းများ အားလုံးကို သူ တရင်းတနှီး ရှိပြီး မပြောပလောက်သည့် အမှားအယွင်း အသေးလေး တစ်ခုပင် ပြုလုပ်လိမ့်မည်ဆိုတာကို မယုံကြည်ပေ။

ဆိုတော့ ပြဿနာက ဘာများလဲ …

သူတို့ အလောင်းကို လာယူမယ်ဆိုတာ ကျုံးဝေ့တပ်ဖွဲ့က ဘယ်လိုဖြစ်ပြီး အာရုံခံမိသွားခဲ့လဲ …

All Chapters