← Chapters

နောက်ဆက်တွဲ အစီအစဉ်

Vol. 132 Ch. 1970

နောက်ဆက်တွဲ အစီအစဉ်

Vol. 132 Ch. 1970

“ ကျုပ်ထင်တာပြောရရင်တော့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ မြော်မြင်နိုင်စွမ်းကြောင့် ဖြစ်မယ်လို့ ထင်တယ် … “ ကျန်းယောင်မင် ပြောဆိုလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ဆိုတာ အဖွဲ့အစည်း သေးသေးလေးမှ မဟုတ်တာ … လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အထောက်အထားတွေ မရှိဘူးဆိုရင်တောင် သူတို့ဘက်က ကြိုတင်ကာကွယ်မှုတွေ လုပ်ထားမှာပဲ …”

“ ဝန်လီရဲ့ အခြေအနေရော ….”

“ ကျုပ်တို့ လေယာဉ်ပေါ်တက်ခါနီးတုန်းက ဖုန်းပြောတော့ ဟွာရှရဲ့ ယာဉ်ထိန်းရဲက သူတို့နှစ်ယောက် အပါအဝင် လူ အယောက် ၃၀ ကျော်ကို ဖမ်းဆီးပြီး ရိုးရှင်းတဲ့ မေးခွန်းတချို့ မေးမြန်းပြီးတာနဲ့ ပြန်လွှတ်ပေးလာခဲ့တယ်လို့ ပြောပါတယ်…”

“ ကျုံးဝေ့တပ်ဖွဲ့ဘက်က ဒီလိုမျိုး ပြုမူလာပုံထောက်ရင် ကျုပ်တို့တွေ ဖော်ထုတ်ခံလိုက်ရပုံတော့ မပေါ်ဘူး …”

ဖန်းရှစ်ဟုန် ခေါင်းညိတ်လိုက်သည်။ သူ့တွင် သံသယများစွာ ရှိနေသော်လည်းပဲ ဖုန်းဝေ့ဟောက်နှင့် အခြားသူတို့ ဖော်ထုတ်ခံလိုက်ရလိမ့်မည်ဟု မမြင်ပေ။ မဟုတ်ပါက ကျုံးဝေ့တပ်ဖွဲ့မှာ သူတို့အား ဖမ်းဆီရန် အခွင့်အရေးကောင်းအား လက်လွတ်ပေးမှာ မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဟွာရှက ကျုံးဝေ့တပ်ဖွဲ့၏ ပိုင်နက်ဖြစ်ပြီး အသာစီးကလည်း ၎င်းတို့လက်ထဲတွင်ပဲ ရှိသည်။

“ ကောင်းပြီ … မင်းတို့ သွားကြတော့ …” ဖန်းရှစ်ဟုန် လက်ဝှေ့ရမ်းလိုက်ပြီး သူ၏ သွင်ပြင်က အနည်းငယ် ပင်ပန်းနေခဲ့၏။

သူ၏ မစ်ရှင် နှစ်ခုလုံးက ဆက်တိုက် ကျဆုံးခဲ့ပြီး ယင်းက သူ့အတွက် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုဖြစ်ကာ သူ့လုပ်နိုင်စွမ်းအပေါ် ပြန်ပြီး မေးခွန်းထုတ်ချင်စရာလည်း ဖြစ်လာသည်။

ကိုယ့်ကိုယ်ကို အမြဲတမ်း အထင်ကြီးထားသည့် ဖန်းရှစ်ဟုန်အတွက်တော့ စိတ်တည်ငြိမ်စေရန်အတွက် အနည်းငယ် အချိန်ယူရလိမ့်မည်။

“ သခင်လေး … ကျုပ်တို့ အလောင်းကို ပြန်ယူဖို့ လုပ်ရမယ်လေ… တခြား နောက်ထပ် မစ်ရှင်တွေ မလုပ်တော့ဘူးလား …” ဖုန်းဝေ့ဟောက် မေးမြန်းလာခဲ့၏။

“ အခုလောလောဆယ်မှာ ကျုံးဝေ့တပ်ဖွဲ့က သူ့အလောင်းကို ကျိန်းသေပေါက် ကာကွယ်ထားမှာပဲ … မင်းတို့ လူနည်းနည်းလေးနဲ့ဆို ခက်ခဲနိုင်တယ်… ငါ ပြန်ပြီး ဆွေးနွေးဖို့လိုတယ်….”

“ ဟုတ်ကဲ့ … နားလည်ပါပြီ သခင်လေး …”

“ ဒီအတောအတွင်း မင်းတို့ဘာမင်းတို့ ကြည့်ကြပ်ပြီး နေကြ … ငါ့ကို ထပ်ပြီး မဆက်သွယ်နဲ့ … ငါ့ဘက်ကပဲ ဆက်သွယ်လိုက်မယ်….”

“ ဟုတ်ကဲ့ …”

နှစ်ယောက်သား ခေါင်းညိတ်ပြီး ထွက်ခွာသွားခဲ့ကြသည်။ ဖန်းရှစ်ဟုန်တစ်ယောက်တည်းသာလျှင် အခန်းတွင်း၌ ဆက်ပြီး ကျန်ရစ်နေခဲ့၏။

……………………

ဟောင်ကောင်၊ ‘ O ‘ ဟိုတယ်။

ဖန်းတောက်ဇူ ၊ အီဗန်နှင့် ဝေါ်ကာတို့သုံးဦး ဤနေရာတွင် ထပ်မံပြီး လျှို့ဝှက်အစည်းအဝေးကို ကျင်းပကြပြန်သည်။

သူတို့ သုံးယောက်လုံး အတူထိုင်ချ၍ ခြေတံသွယ်သွယ် ၊ ချုံစန် ဝတ်စုံနှင့် အလှလေးတို့မှာ ကျောက်စိမ်းခွက်နှင့် လက်ဖက်ရည်ကရားကို သယ်ဆောင်လာခဲ့ကာ အသီးသီး ငှဲ့ပေးလိုက်ကြသည်။ ထို့နောက် ဦးညွှတ်ပြီး အခန်းတွင်းမှ ထွက်ခွာသွားခဲ့ကြ၏။

“ ကြီးကြပ်ဖန်း … မစ်ရှင် ကျရှုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခင်များဘက်က ဘာပြောချင်တာမှ မရှိဘူးလား …” ဝေါ်ကာ မေးမြန်းလိုက်သည်။

“ ကြီးကြပ်ဖန်း … ကျုပ်တို့ အဲ့ကိစ္စအကြောင်း မပြောခင် မစ်ရှင် အသေးစိတ်နဲ့ ဘာကြောင့် ကျရှုံးသွားခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို အရင်ကြားချင်တယ်…” အီဗန် ပြောဆိုလိုက်သည်။

“ အဓိက ပြဿနာက …. ဂျပန်ကမ်းရိုးတန်းအစောင့်တပ်တွေ ဝင်စွက်ဖက်လာတာကြောင့်ပဲ … တစ်ဖက်ကသာ သူတို့ရဲ့ အကူအညီကို မရခဲ့ဘူးဆိုရင် ကျုံးဝေ့တပ်ဖွဲ့ကလည်း လူကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး …” ဖန်းတောက်ဇူသည် အခါးရည်ကြမ်းခွက်ကို တည်ငြိမ်စွာ အရသာခံ၍ ပြောဆိုလိုက်ပြီး “ ကျုပ် ဒီကိစ္စကို ရုံးချုပ်နဲ့ စကားပြောကြည့်ပြီးပြီ … သူတို့ပြောတာတော့ ဂျပန်အာဏာပိုင်အဖွဲ့အစည်းက စေလွှတ်လိုက်တာလို့ ပြောတယ်… ဒါပေမယ့် ကျုပ်ကတော့ အဲ့လို မထင်ဘူး …”

ဟုန်မန်ဂိုဏ်း၏ ခေါင်းဆောင်နေရာ ရာထူးကို ဆယ်စုနှစ်တစ်ခုကျော်ကြာ အုပ်ချုပ်ဆုပ်ကိုင်ထားသည့် ဖန်းတောက်ဇူသည် နိုင်ငံရေးလှည့်ကွက်များဖြင့် ကစားသည့် နေရာတွင်လည်း ဝါရင့်အတွေ့အကြုံ ကစားသမားဟောင်း တစ်ဦး ဖြစ်နေပြီး ဖြစ်၏။ သူ့အမှားကို ဝန်ခံရင်းဖြင့် အခြားသူအပေါ်တွင်လည်း အပြစ်ပုံချလိုက်သေးသည်။ တစ်နည်းအားဖြင့် ၊ မစ်ရှင်ကျရှုံးမှုက ထောက်လှမ်းရေး သတင်းအချက်အလက်များ၏ မှားယွင်းမှုကြောင့်သာ ဖြစ်ပြီး သူ့ဘက်က တာဝန်ယူမှုတချို့ ပြုလုပ်ထားသော်လည်းပဲ ပြောပလောက်ခြင်းကား မရှိပေ။

စင်စစ်တွင်လည်း ဖရီးမေဆင်ဘက်က ဤဖြစ်ရပ်တွင် တာဝန်ခံမှု တချို့ကို အမှန်ပင် ခံယူထိုက်၏။ ဂျပန်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့များ ချီတက်လာစဉ်က ချိန်ချန်းရုံသည် ကျုံးဝေ့တပ်ဖွဲ့ဘက်က ဂျပန်နှင့် ပူးပေါင်းလှုပ်ရှားလာသည်ဟု သံသယ ဝင်ခဲ့ဖူးသည်။

အကယ်၍ ဖရီးမေဆင်ဘက်ကသာ ဂျပန်အစိုးရ၏ တရားဝင် လှုပ်ရှားမှုဟူ၍ ပြောကြားမလာခဲ့ဘူးဆိုပါက ယခုလက်ရှိ အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့မှာ မဟုတ်ချေ။

“ ဒီကိစ္စမှာ အဖွဲ့အစည်းဘက်က တာဝန်ခံမှု တချို့ လုပ်ဖို့ လိုအပ်တာ အမှန်ပဲ …” အီဗန် ပြောလိုက်ပြီး “ ပြီးတော့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေ အရဆိုရင် ဒီစစ်ဆင်ရေးမှာ မစ်ဆူ မိသားစုက ဂျပန်ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့နဲ့ ပူးပေါင်းခဲ့ဖို့ ဖြစ်နိုင်ချေများတယ်…”

ဖန်းတောက်ဇူ၏ အမူအရာသည် မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိဘဲ ယခုကဲ့သို့ ဖြစ်နိုင်ချေ အလားအလာကို သူ့ဘက်က ကြိုတင်မျှော်လင့်ထားပြီးဟန် ရှိသည်။

သူ့ဘက်က လင်းယွင်အုပ်စုကို စုံစမ်းထားပြီး အစောပိုင်းတွင် နှစ်ဘက်ကြား၌ အထိကရုဏ်း တိုက်ပွဲတို့ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့သော်ငြားလည်း အာယာနဲမစ်ဆူ ရုံးထိုင်ပြီးကတည်းက အထိကရုဏ်း တိုက်ပွဲတို့ ရပ်တန့်သွားခဲ့ရုံမျှကဘဲ ပူးပေါင်းဆောင်ရွက်မှု တော်တော်များများပင် ပေါ်ပေါက်လာခဲ့သည်။

ဤသည်က အာယာနဲ မစ်ဆူသည် တစ်ဖက်သူကို ကူညီပံ့ပိုးပေးနေခြင်း ဖြစ်ကြောင်း ညွှန်ပြနေသည်။

ဂျပန်ကျွန်းတစ်ခုလုံးတွင် မစ်ဆူမိသားစုက သိသာထင်ရှားသည့် ဩဇာလွှမ်းမိုးမှုတို့ ပိုင်ဆိုင်ထားပြီး အကယ်၍ ၎င်းတို့ဘက်က တောင်းဆိုခဲ့မည် ဆိုပါက ဂျပန်အာဏာပိုင်များဘက်က ပူးပေါင်းဆောင်ရွက်ပေးမည်မှာ သဘာ၀ပင်။

အဆိုပါ သဲလွန်စများအား စုစည်းကောက်ချက်ချကြည့်သည်တွင် မစ်ဆူမိသားစုကကလွဲ၍ အခြားသော ဖြစ်နိုင်ချေအလားအလာတို့ ရှိမနေကြောင်းကို အထင်သား မြင်တွေ့နိုင်လေသည်။

“ မစ်ဆူမိသားစုက ဒီနှစ်တွေမှာ အမြင့်ပိုင်းထဲကို အတော်လေး ရောက်နေတယ်…”

အီဗန် ခေါင်းညိတ်လိုက်သည်။ “ အရင် လီတိုဂရပ်ဖီစက်ကိစ္စနဲ့ နာမည်ပျက်တဲ့ ဖြစ်ရပ်က သူတို့အပေါ် သက်ရောက်မှု ကြီးကြီးမားမားလည်း မရှိသလိုပဲ … ဒါပေမယ့် ကျုပ်တို့ဘက်က ဒီပြဿနာကို ဖြေရှင်းဖို့ အဆင်သင့်ပဲ …”

“ အစီအစဉ် အသစ် ရှိတာလား …”

“ သိပ်မကြာခင်တုန်းက ဂျပန်မာရှိတဲ့ ရာမာဂူချီဂိုဏ်း ဖြိုခွဲခံရတယ်… ပြိုကွဲနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ပြန်တည်ဆောက်ဖို့ စီစဉ်ထားတယ်.. ဒါပေမယ့် မစ်ဆူမိသားစုက တကယ့် အနှောင့်အယှက်ပဲ …” အီဗန် ပြောလိုက်ပြီး “ အခု … ဗစ်တိုးရီးယား အမှုမှာပါ ပတ်သက်ဆက်နွယ်လာပြီဆိုတော့ မစ်ဆူမိသားစုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ လိုနေပြီဆိုတာ ပြောပြနေတာပဲ ….”

ဖန်းတောက်ဇူ ခေါင်းညိတ်လိုက်သည်။ “ အချိန်ကိုက်ပဲ … ကျုပ်တို့ ထိပ်သီးပိုင်း အရာရှိတွေရဲ့ အစွမ်းအစတွေနဲ့ ဆိုရင် ဒီကိစ္စကို ကိုင်တွယ်ဖို့က အရမ်းကြီး မခက်ခဲနိုင်ဘူး … လင်းရီရဲ့ အလောင်းကို ပြန်ရဖို့လည်း ကျုပ်တို့ဘက်က တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေပြီ… ဆိုတော့ သိပ်မကြာခင် သတင်းကောင်း ကြားရတော့မှာပါ …”

“ အဲ့တာ အကောင်းဆုံးပဲ … သူ့အလောင်းက သုတေသန လုပ်ငန်းအတွက် တန်ကြေးကြီးတယ်... ကျုံးဝေ့တပ်ဖွဲ့လက်ထဲ လုံးဝ ရောက်သွားလို့ မဖြစ်ဘူး …” အီဗန် ပြောဆို၍ “ ဥက္ကကြီးရဲ့ အမိန့်ကလည်း အလောင်းကို အထိအခိုက် အနည်းဆုံး ဖြစ်အောင် ပြန်ယူခဲ့ပေးဖို့ပဲ …”

“ ငါ နားလည်တယ်… ဒီကိစ္စကိုလည်း တစ်ယောက်ယောက်နဲ့ စီစဉ်ခိုင်းထားပြီးပြီ ….”

ဒူ ဒူ ဒူ …

သုံးယောက် စကားပြောဆိုနေစဉ်မှာပဲ ဖန်းတောက်ဇူ၏ ဖုန်းက တုန်ခါလာသည်။ သူ တစ်ချက်လှမ်းကြည့်လိုက်ရာ သူ့သားထံက မက်ဆေ့ချ်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ယင်းက စာတိုမက်ဆေ့ချ်တစ်ခု ဖြစ်၏။

စာက တိုတိုလေးပင်။

‘ မစ်ရှင် ကျဆုံး ’

ဖန်းတောက်ဇူ တဒင်္ဂမျှ ကြက်သေသေသွားခဲ့၏။ သို့သော် မစ်ရှင် ကျရှုံးသည့် ကိစ္စရပ်ကိုတော့ အီဗန်အား ချက်ချင်း ပြောပြလိုက်၍ မဖြစ်ချေ။ 'အဘယ်ကြောင့်' ဆိုသည့် အကြောင်းအရင်းကို သူ့ဘက်က သေချာစုံစမ်းဖို့လိုသည်။

“ ကြီးကြပ်ဖန်း … ကျုပ်တို့ ဒီမှာ ရက်နည်းနည်းလောက် ထပ်နေပြီး နောက်မစ်ရှင်ကို အောင်မြင်ဖို့ ဟောင်ကောင်နဲ့ ပူးပေါင်းပေးပါ့မယ်… ဒီအတောအတွင်းတော့ ကြီးကြပ်ဖန်းကို ဒုက္ခပေးရတော့မှာပဲ….”

“ အားနာလွန်းနေပါပြီ … ကျုပ် အခုပဲ စားပွဲဝိုင်း ပြင်ထားခိုင်းတယ်… စားရင်းနဲ့ ဆက်ပြီး စကားပြောကြတာပေါ့ …”

“ ဒါပေါ့ ဒါပေါ့ ဒါပေါ့ …..”

……………………

လူနာတင်ကားထဲက ထွက်လာခဲ့ပြီးနောက် သုံးဦးသားလုံး ကျိုးဟိုင် မြို့စောင့်တပ်ဧရိယာထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ထို့နောက် ရန်ကွမ်းရှနှင့် အတူ သောက်ရင်း စားရင်း စကားပြောဆိုနေခဲ့ကြပြီး အချိန်အများအပြား ကုန်ဆုံးခဲ့ကြလေသည်။

အရက် အနည်းငယ် သောက်ပြီးနောက်တွင် လျိုဟုန်က ရန်ကျင်းသို့ ပြန်၍ ကျန်သည့် နောက်ဆက်တွဲ ကိစ္စရပ်များအား ကိုင်တွယ်ဖို့ ဟန်ပြင်သည်။

ကျန် အားလပ်ချိန်တွင်တော့ လင်းရီသည် လျန်ရူရွှယ် ၊ ချင်းဟန်နှင့် ကျန်သူများအား သူ၏ အခြေအနေအကြောင်းကို ပြောပြထားပြီး စိတ်မပူကြဖို့ ကြိုတင် အသိပေးလိုက်၏။

ညနေပိုင်းအချိန်၌ မိုဟုန်ရှန်းက လင်းရီနှင့် အခြားသူများကို မြို့စောင့်တပ်၏ ကန်သင်းသို့‌ ခေါ်ဆောင်လာခဲ့ပေးသည်။ မည်သို့ပင်ဖြစ်စေ အပြင်ထွက် စား၍ အဆင်မပြေသဖြင့် ဤနေရာတွင် စားရုံသာ တတ်နိုင်တော့သည်။

လင်းရီက ပြဿနာ မရှိသော်လည်း ချိုးယွီလော့နှင့် နင်ချဲ့၏ ထွက်ပေါ်လာမှုက လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

မြို့စောင့်တပ်ဖွဲ့ထဲ၌ ကြည့်ကောင်းလှပသည့် အမျိုးသမီး စစ်မေတချို့ ရှိသော်လည်းပဲ သူမတို့ နှစ်ဦးကဲ့သို့ ကြည့်ကောင်းသည့် အမျိုးသမီးကတော့ ကျောက်သံပတ္တမြားပမာ အမှန်ပင် ရှားပါးလွန်းလှသည်။ ၎င်းကြောင့်ပဲ လူအုပ်ကြီးမှာလည်း မနေနိုင် မထိုင်နိုင်ဖြစ်ကာ အားပါးတရ ငမ်းနေကြတော့၏။

မည်သို့ပင်ဆိုစေ မြို့စောင့်တပ်ဖွဲ့ထဲ မိန်းကလေး ရှားပါးသည်ကတော့ အမှန်ပင် ငြင်းမရသည့် အချက်တစ်ချက် ဖြစ်၏။

“ စားစရာ ရှိတာ စားကြစမ်း … မျက်လုံးက ဘာတွေ လျှောက်ကြည့်နေကြတာ …” ကောင်းချုံက ထိုငနဲများအား အော်ဟစ် ငေါက်ငမ်းလိုက်လေသည်။

“ အစ်ကိုကောင်း … မင်း မတရားဘူး .. မင်းမှာ မိန်းမတစ်ယောက် ရှိသွားတာနဲ့ ကိုယ့်ရဲ့ ညီကိုကောင်းတွေကိုတော့ မေ့လို့ ဘယ်ရမှာလည်း ဟုတ်တယ်မလား …”

“ ဟုတ်တယ် ဟုတ်တယ်… မရီးက ဒီလောက်လှတာ … ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ညီကိုတွေနဲ့တော့ မိတ်ဆက်ပေးသင့်တာပေါ့ ….”

လူတိုင်းမှ အားပေးဟစ်အော်လိုက်ကြသည်။

All Chapters