သေစေနိုင်လောက်တဲ့ နည်းစနစ်
Vol. 132 Ch. 1971
“ မရီး ….. ဘယ်သူက မရီးတုန်း …” ကောင်းချုံ ပြောလိုက်ပြီး “ မင်းတို့စောက်ကောင်စုတ်လေးတွေ စကားကို ဆင်ခြင်ပြီးပြောကြ … နှုတ်က မဟုတ်တာတွေ လျှောက်မပြောနဲ့ … မင်းတို့အားလုံးပေါင်းတိုက်ရင်တောင် သူတို့တစ်ယောက်ကို နိုင်မှာ မဟုတ်ဘူး …”
ဤသည်ကို ကြားတော့ စားသောက်နေကြသည့် လူတိုင်း မသိစိတ်အလျောက် ထမင်းစားတူများအား ချကာ နင်ချဲ့နှင့် ချိုးယွီလော့ထံသို့ လှည့်ကြည့်လိုက်ကြသည်။
သူတို့အားလုံး အနည်းငယ် သိချင်စိတ် ပြင်းပြနေခဲ့ကြ၏။
ဒီအလှလေး နှစ်ယောက်ရဲ့ တိုက်ရည်ခိုက်ရည်က အဲ့လောက်တောင် ကောင်းသလား ….
သေချာပေါက် လျှောက်ပြောနေတာပဲ ဖြစ်ရမယ်…
“ အစ်ကိုကောင်း … မင်း ကိုယ့်အချင်းချင်းတွေကို ဒီလိုကြီး ဂျင်းထည့်စရာတော့ မလိုပါဘူးကွာ ….”
“ သူတို့ကို ကြိုးစားကြည့်ခိုင်းလိုက် .. ဘယ်လိုပဲ ဖြစ်ဖြစ် ဒီ ပြဿနာရှာတဲ့ ငနဲတွေက တစ်နေကုန် ပျင်းနေကြတာ …”
မိုဟုန်ရှန်း ပြောဆိုလိုက်သည်။
သူတို့ချင်းက မတူညီသည့် ယူနီများမှ ဖြစ်သော်လည်းပဲ မိုဟုန်ရှန်း၏ ရာထူးအဆင့်က လင်းရီနှင့် ကျန်နှစ်ဦးထက် သာ၍ မြင့်သည်။ ထို့ကြောင့် မိုဟုန်ရှန်းမှာ ချိုးယွီလော့နှင့် နင်ချဲ့တို့၏ အမြင်ကို မေးမြန်းမနေခြင်းပင်။
“ သူတို့နှစ်ယောက်က ဒီငနဲတွေကို လက်လွန်သွားရင် ဘယ်လိုလုပ်မှာ …” ကောင်းချုံ ပြောလိုက်သည်။
“ ရတယ်… ဒီက လျော့ပေါ့ပေးလိုက်မယ်…” နင်ချဲ့ အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
ကောင်းချုံ၏ မျက်နှာမှာ ပွဲကောင်းတစ်ခုအား ကြည့်ရှုရတော့မည့် မျက်နှာထားမျိုး ဖြစ်သွာခဲ့ပြီး သူ့နောက်ရှိ လူများဘက်သို့ လှည့်ကြည့်လိုက်၏။
“ မင်းတို့ မျက်နှာတွေ ကြည့်ရတာ ငါ့စကားကို မယုံကြတဲ့ ပုံပဲ ဟုတ်တယ်မလား … အခု အမိန့်နာခံ … လူစုကြ …”
သူ အမိန့်ပေးလိုက်သည်နှင့် လူတိုင်း ထမင်းစားတူများအား ချကာ ဆယ်ယောက်တစ်တန်း ၊ လေးတန်းအညီ တန်းစီလိုက်ကြ၏။
“ မင်းတို့ထဲ ဘယ်ကောင် မကျေနပ်ဘူးလဲ … မကျေနပ်တဲ့ကောင် အခု ရှေ့ထွက်လာခဲ့ …” ကောင်းချုံ ကျယ်လောင်စွာ ပြောဆိုလိုက်ပြီး “ ဒါ မင်းတို့ကိုယ်မင်းတို့ အလှလေးရှေ့မှာ တောက်ပပြရမယ့် အခွင့်ကောင်းကြီးနော် …”
လူတိုင်း တစ်ယောက်ကိုယ်တစ်ယောက် လှမ်းကြည့်လိုက်ကြ၏။ သို့သော် မည်သူကမျှ ထွက်မလာခဲ့ကြချေ။
ကောင်းချုံ သူ့ရှေ့ရှိ လူများအား ကြည့်၍ ပြုံးလိုက်ပြီး “ မင်းတို့ကိုယ်မင်းတို့ သိပ်အထင်ကြီးဖို့ ကောင်းတယ် ထင်နေကြတယ်မဟုတ်ဘူးလား … အခုကျ ဘာလို့ ဘောမရှိတဲ့ ကောင်တွေလို ဖြစ်နေကြတာ …. အမျိုးသမီးတစ်ယောက်နဲ့ လက်ရည်ဖလှယ်ရမှာကိုတောင် မင်းတို့ ကြောက်နေရသလားကွ ….”
ပြောပြီးသည်နှင့် ကောင်းချုံသည် လူတန်း အလယ်တွင် ရှိသည့် အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ယောက်အား ပြောလိုက်သည်။ “ မာလျန် … မင်း အမြဲပြောပြောနေတာ နောက်လာမယ့် အထူးတပ်ဖွဲ့ လူရွေးပွဲကျရင် သေချာပေါက် မင်းအရွေးခံရမယ် ဆို … ပြီးတော့ စောနက အော်သွားတဲ့ထဲမှာ မင်းလေသံ အကျယ်ဆုံးပဲ … အခုကျ ဘာလို့ အသံမထွက်တော့တာ….”
“ အစ်ကိုကောင်း … မင်း ငါ့ကို လာလှောင်မနေနဲ့ …” မာလျန် လင်းရီအား လက်ညှိုးထိုးပြလိုက်ပြီး “ မင်းသာ ငါ့ကို အဲ့ဒီ ညီကိုနဲ့ လက်ရည်ဖလှယ်ခိုင်းမယ်ဆိုရင် ပြဿနာ မရှိဘူး .. ဒါပေမယ့် အမျိုးသမီးနှစ်ယောက်နဲ့ကျ ………….. အဲ့တာက မကောင်းဘူးလေ … ပြီးတော့ ငါ့ကို စော်ကားလိုက်တာပဲ မဟုတ်ဘူးလား … ဘယ်သူကရော အမျိုးသမီးတစ်ယောက်နဲ့ တိုက်ခိုက်ချင်မှာ ….”
ကောင်းချုံ မရယ်ဘဲ မနေနိုင်ချေ။
ဤ အမျိုးသမီး နှစ်ယောက်ကပင် သူတို့ကို အသေသတ်ဖို့ လုံလောက်နေပြီ ဖြစ်ရာ အကယ်၍ လင်းရီနှင့်သာ တိုက်ခိုက်မည်ဆိုပါက ဘယ်နားက အသက်ထွက်သွားခဲ့မှန်း မသိဘဲ ဖြစ်သွားပေလိမ့်မည်။
“ မင်း ပြောတာ ဘာစကားလဲ … မင်းက အမျိုးသမီးတွေကို နိမ့်ချအထင်သေးနေတာလား …”
“ အဲ့သဘောမျိုး ပြောချင်တာ မဟုတ်ပါဘူး … ဒါပေမယ့် အမျိုးသမီးတွေနဲ့ တိုက်ခိုက်ရမယ်ဆိုတာကတော့ သိပ်မဟုတ်သေးဘူးလေ… ထားလိုက်တော့ ….”
“ ငါ့ဘက်ကတော့ တိုက်ခိုက်ရလည်း ပြဿနာ မရှိဘူးနော်….” နင်ချဲ့ ခပ်ထေ့ထေ့ ပြုံးရင်း ပြောလိုက်သည်။
ကောင်းချုံ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ မင်းတို့မြင်လား … တစ်ဖက်ကတောင် ကိစ္စ မရှိဘူး ပြောနေပြီ… ဒါကို မင်းတို့က ဆင်ခြေတွေပေးပြီး ကြက်ပေါက်လေး လုပ်နေကြတယ်… နောင်ကို မင်းတို့ အပြင်ထွက်ရင် မြို့စောင့်တပ်ကပါဆိုပြီး မပြောနဲ့ … စောက်ရှက်ပဲ့တယ်…”
“ ကျွန်တော်တို့က ဆင်ခြေပေးနေတာ မဟုတ်ပါဘူး … ဒီတိုင်း အမျိုးသမီး တစ်ယောက်နဲ့ တိုက်ခိုက်ရမှာက နည်းနည်း ကိုးရို့ကားယား နိုင်လို့ပါ …”
“ အဆင်ပြေတယ်… သူတို့ကတောင် ပြဿနာ မရှိဘူးပြောနေတာ မင်း မကြားဘူးလား …” ကောင်းချုံ ပြောလိုက်ပြီး “ ဘယ်သူ လက်ရည်စမ်းချင်လဲ … ထွက်လာခဲ့ …. ကြောက်တယ်ဆိုလည်း ဘေးထွက်ရှောင်နေလိုက် … တပ်ဖွဲ့ကိုတော့ အရှက်မခွဲနဲ့ …”
“ ဘယ်သူက ကြောက်နေလို့လဲ …” မာလျန် ရှေ့ထွက်လာခဲ့ပြီး “ ငါ သူတို့ သုံးယောက်လုံး ပေးတယ်….”
မိုဟုန်ရှန်းမှာ အနီးအနားတွင် ရပ်နေရင်း ပြုံးလိုက်မိသည်။ ဤငနဲများက တကယ့်ကျွမ်းကျင်သူ အစစ်အမှန်များနှင့် ဆုံတွေ့ဖူးခြင်း မရှိကြချေ။ ဤသည်က သူတို့အတွက် သင်ခန်းစာယူရန် အခွင့်အရေးကောင်းပင်။
“ ကျန်တဲ့ကောင်တွေဘယ်မှာလဲ … မာလျန်တစ်ယောက်တည်းလား … မင်းတို့ကောင်တွေက ငကြောက်တွေပါဆိုပြီး ကိုယ့်ကိုယ်ကို ဝန်ခံနေကြတာလား ….” ကောင်းချုံ စိတ်ဓာတ် လှုံ့ဆော်ပေးလိုက်၏။
“ အစ်ကိုကောင်း … မင်း အဲ့လိုတော့ မပြောနဲ့ … မာလျန်တစ်ယောက်တည်းနဲ့တင် လုံလောက်နေပြီ… ငါတို့ဝင်ပါစရာ လိုသေးလို့လား …”
“ ဟုတ်တယ်… ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပြီ …” မာလျန် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုရင်း ရှေ့သို့ တက်လာသည်။ “ သူတို့အားလုံးကို တစ်ခါတည်း တက်လာခိုင်းလိုက် …”
သုံးယောက်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချိုးယွီလော့ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ကောင်းပြီလေ… အတူတက်ကြတာပေါ့ ….”
လင်းရီတို့ သုံးဦးလုံး ရှေ့ထွက်လာခဲ့ကြကာ မာလျန်နှင့် မျက်နှာချင်းဆိုင်လိုက်ကြ၏။
မာလျန်ကနေပြီး “ ဒါက ချစ်ကြည်ရေးပွဲပဲ … အခုလေးတင် ထမင်းစားပြီးတာဆိုတော့ အစာကြေအောင် လုပ်တယ်ပဲ သဘောထားကြတာပေါ့ …”
“ ရတယ်လေ… မင်း ပြောသလိုပဲ … မင်းဖြစ်ချင်တဲ့အတိုင်း ငါတို့လုပ်ပေးမယ်…” နင်ချဲ့ ခွန်းတုံ့ပြန်လိုက်သည်။
“ ဒါဆို ငါ အရင်တက်လာပြီ …” ပြောပြီးသည်နှင့် မာလျန် သူ၏ တိုက်ခိုက်ရေးကိုယ်ဟန်ကို အသွင်ယူ၍ နင်ချဲ့ထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်.
မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ နင်ချဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အလို့ငှာ နင်ချဲ့ သူမ၏ခေါင်းကို အနည်းငယ် ငဲ့စောင်းလိုက်သည်။ ထို့နောက် လက်ဖဝါးကို ဓားတစ်ချောင်းအသွင်သို့ ဆန့်တန်း၍ လည်စောင်းသို့ ခုတ်ချလာခဲ့သည်။
မျက်စိတ်တစ်မှိတ်အတွင်းမှာပဲ မာလျန်မှာ နေရာ၌ပင် သတိလစ်မေ့မြောသွားခဲ့တော့၏။
မာလျန် လဲကျသွားခဲ့သည်ကို မြင်တော့ ကြည့်ရှုနေကြသူအားလုံးမှာ တုန်လှုပ်အေးခဲသွားခဲ့ကြသည်။ ထိုအမျိုးသမီးထံက တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် မာလျန် မှောက်သွားလိမ့်မည်လို့ သူတို့ထဲ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
မာလျန် သူက .. နောက်နှစ်မှာ အထူးတပ်ဖွဲ့ကို ဝင်မယ့်လူလေ။
ပွဲက ဒီလိုနဲ့ပဲ ပြီးသွားရောလား...
မင်းလာနောက်နေတာလားကွ ....
မိုဟုန်ရှန်းမှာမူ နင်ချဲ့၏ လှုပ်ရှားမှုများအား ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ဤသည်က စံချိန်မီ တိုက်ခိုက်ရေး နည်းစနစ်မဟုတ်ဘဲ ချက်ချင်း အသက်သေစေနိုင်သည့် လှုပ်ရှားမှုများ ပင်။
ကြည့်ရသည်မှာ ကျုံးဝေ့တပ်ဖွဲ့၏ လေ့ကျင့်ရေး နည်းလမ်းများက အခြားတပ်ဖွဲ့များနှင့် ကြီးကြီးမားမား ကွာဟနေပုံပင်။
“ မာလျန် ကျသွားပြီ … မင်းတို့ထဲ ဘယ်သူ တက်လာဦးမလဲ ..” ကောင်းချုံ တန်းစီနေသူများထံ ကြည့်ပြီး ပြောလိုက်သည်။
“ မင်းတို့အားလုံး တစ်ပြိုင်တည်း တက်လာလို့လည်း ရတယ်နော်…. သူတို့ထဲက တစ်ယောက်ကို အမှောက်သိပ်နိုင်ရင် မင်းတို့ကို တစ်ရက် အပြင်ထွက်လည်ခွင့်ပေးမယ်….”
“ တော် တော် တော် .. ငါတို့ အရှုံးပေးပြီ …”
လူအုပ်ကြီးမှာ နောက်သို့ ဆုတ်သွားခဲ့ကြပြီး ၎င်းတို့၏ နင်ချဲ့နှင့် ချိုးယွီလော့ထံသို့ ကြည့်သည့် အကြည့်တို့မှာ လုံးလုံးလျားလျား မတူညီကြတော့ချေ။
“ မင်းတို့ကောင်တွေ စောနလေးတင်ပဲ အမောက်တထောင်ထောင်နဲ့ ဖြစ်နေကြတာ မဟုတ်ဘူးလား … အခု ဘယ်လိုဖြစ်တာ …” ကောင်းချုံ ထပ်ပြီး ဆွပေးလိုက်ပြန်သည်။
“ မေးနေစရာ လိုသေးလို့လား … မာလျန် ဘယ်လို စကေးရှိတယ်ဆိုတာ ငါတို့အားလုံး အသိပဲ … ဒါကိုတောင် အဲ့ဒီ အစ်မကြီးက တစ်ချက်တည်းနဲ့ အမှောက်သိပ်ပြသွားတယ်… ငါတို့သာ တက်သွားခဲ့လို့တော့ မာလျန်ထက်တောင် ပိုပြီး အခြေအနေဆိုးသွားလိမ့်ဦးမယ်….”
“ ရပ် ရပ် ရပ် … နင်တို့ ဘယ်သူ့ကို အစ်မကြီးလို့ လာခေါ်နေတယ်ထင်လဲ …” နင်ချဲ့ ပြောလိုက်ပြီး “ ငါ့အသက်က ၂၉ ပဲ ရှိသေးတယ်….”
“ ကျွန်တော်က ၂၁ …”
နင်ချဲ့ “ ….. “
“ ငါမပြောခဲ့ဘူးပဲ ထားလိုက်တော့ ….”
“ ကောင်းပြီ … ထမင်းသွားစားကြစို့ .. ခဏနေကြရင် အလုပ်လုပ်ဖို့ ရှိသေးတယ်….” လင်းရီ ပြောလိုက်သည်။
သို့နှင့် သုံးယောက်သား ကန်တင်းရှိ အစားအသောက်များကို ယူ၍ နေရာတစ်ခုတွင် အတူစားသောက်ကြလေသည်။ မာလျန်မှာ အခြားသူများ၏ ကူညီပေးမှုဖြင့် သတိပြန်လည်လာခဲ့ပြီး အတော်လေး အရှက်ရသည့် မျက်နှာထားမျိုး ဖြစ်နေခဲ့၏။
ကလင် ကလင် ကလင် …
လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ လျိုဟုန်က ဆက်သွယ်လာခဲ့ခြင်းပင်။
“ ကောင်းပြီ … ကျုပ် သိပြီ …”
ရိုးရှင်းစွာ တုံ့ပြန်ပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်၏။
“ ဘော့စ်လျို သတင်းအချက်အလက်တွေ ရထားပြီ … ငါတို့ကို သူနဲ့ လာတွေ့ခိုင်းနေတယ်…”
“ ဒါဆိုလည်း သွားကြမယ်လေ…”
သုံးယောက်သား တစ်ပြိုင်တည်း မတ်တပ်ရပ်၍ ပြန်ပြီး အရေးကြီးကိစ္စများ ဆွေးနွေးရန် ပြင်ဆင်လိုက်ကြသည်။ ထို့နောက် အစီအစဉ်အတိုင်း စတင်လှုပ်ရှားကြမည် ဖြစ်၏။
မိုဟုန်ရှန်းနှင့် ကောင်းချုံတို့လည်း နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။
“ အစ်ကိုကောင်း … ကျုပ်ကို ခဏစောင့်ဦး …”
မာလျန်သည် ကောင်းချုံကို အနောက်မှ လှမ်းအော်ပြီး ဟန့်တားလိုက်၏။
“ ဘာကိစ္စလဲ …” ကောင်းချုံ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး နောက်သို့လှည့်ကာ မေးမြန်းလာသည်။
“ အဲ့ဒီ အမျိုးသမီးက ဘယ်သူလဲ … သူက ဘာလို့ အဲ့လောက်တောင် အင်အားကြီးနေရတာ …”
မာလျန် တိုးတိုးတိတ်တိတ် မေးမြန်းလာခဲ့ကာ သူ၏ မျက်ဝန်းတို့ထဲတွင် ကြောက်လန့်တုန်လှုပ်မှုတို့ ပြည့်နှက်နေခဲ့သည်။
“ သူက ဟွာရှရဲ့ အထင်ကြီးစရာအကောင်းဆုံး တပ်ဖွဲ့တွေထဲက တစ်ခုပဲ … မင်း ဒီလောက်သိထားရင် ရပြီ ..” ကောင်းချုံ ပြောလိုက်ပြီး “ ပြီးတော့ သူတို့ရဲ့ အသက်ကို ကြည့်ပြီး အထင်မသေးလိုက်နဲ့ … သူတို့ရဲ့ စစ်တပ်ရာထူးက အစ်ကိုရှန်းအောက် ဒုတိယပဲ …”
“ အင်အားအကောင်းဆုံး တပ်ဖွဲ့က အထူးတပ်ဖွဲ့ မဟုတ်ဘူးလား ….”
“ သူတို့နဲ့ ယှဉ်လိုက်ရင် အထူးတပ်ဖွဲ့လည်း စာဖွဲ့စရာတောင် မရှိဘူး …” ကောင်းချုံ ပြောလိုက်ပြီး “ စောနတုန်းကလိုပဲ … မင်း သူနဲ့ တိုက်ခိုက်တုန်းက တစ်ဖက်က သေကွင်းသေကွက်တွေကို တိုက်ခိုက်လာခဲ့တာ မြင်တယ်မလား … ငါ ကျန်တာတော့ မပြောတတ်ဘူး … ဒါပေမယ့် သူတို့ထဲ ကြိုက်တဲ့ တစ်ယောက်ကို လက်ညှိုးထိုးလိုက် .. တပ်စုတစ်စုလုံးကို အမှောက်သိပ်ပြနိုင်တဲ့ အစွမ်းအစ ရှိတယ်….”
“ သေကွင်းသေကွက်တွေကိုပဲ တိုက်ခိုက်တယ် …”
ဤသည်ကို ကြားတော့ မာလျန် ကြက်သီးဖြန်းသွားခဲ့ပြီး “ အစ်ကိုကောင်း ဆိုလိုချင်တာ သူတို့က . . . . . “
“ မင်းထင်တာ မှန်တယ်… သူတို့အကုန်လုံး လူသတ်ဖူးကြတယ်… နည်းနည်းလေး မဟုတ်ဘူး … အခုလောက်ဆို သာမန် စစ်သားနဲ့ အဲ့ဒီ လက်ရွေးစင် စစ်သားတွေကြားက ကွာဟချက်ကို မင်းနားလည်လောက်ရောပေါ့ …”