← Chapters

ဗစ်တိုးရီးယား ဆိပ်ကမ်းကို သွေးစွန်းစေမယ်

Vol. 132 Ch. 1972

ဗစ်တိုးရီးယား ဆိပ်ကမ်းကို သွေးစွန်းစေမယ်

Vol. 132 Ch. 1972

ကန်တင်းထဲက ထွက်လာခဲ့ပြီးနောက် ငါးဦးသား အစည်းအ‌ဝေးခန်းထဲသို့ တစ်ဦးပြီး တစ်ဦး ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် လျိုဟုန်ထံသို့ ဗွီဒီယိုကော ခေါ်ဆိုပြီး စခရင် အကြီးစားတစ်ခုနှင့် ချိတ်ဆက်လိုက်၏။

“ လူတွေ စုံပြီမလား …” လျိုဟုန် ဗွီဒီယိုကောထဲတွင် မေးမြန်းလာခဲ့၏။

လင်းရီ ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။

“ ချိန်ချန်းရုံလို့ ခေါ်တဲ့လူကို ငါတို့ အပြည့်အဝ နီးပါး စုံစမ်းစစ်ဆေးထားပြီးပြီ …” လျိုဟုန် ပြောဆိုလိုက်ပြီး “ သူက ဟောင်ကောင် ကျားရှင်း အုပ်စုရဲ့ အထွေထွေ လက်ထောက် မန်နေဂျာပဲ … ပြီးတော့ ကျားရှင်း အုပ်စုက ဟုန်မန်ဂိုဏ်းနဲ့လည်း ဆက်နွယ်နေတယ်.. ငါတို့ အရင် အစောတုန်းက ခန့်မှန်းထားခဲ့တာတွေ မှန်တယ်.. စစ်ဆင်ရေးတွေကို နောက်ကွယ်ကနေ အမိန့်ပေးနေတဲ့သူက ဟုန်မန်ဂိုဏ်းကပဲ …”

“ သေချာ အသေးစိတ်လေး ပြောပေးပါလား .. ဘာလို့ အဆက်အသွယ်တွေက ဒီလောက်တောင် များနေရတာ …”

“ အပေါ်ယံကြည့်ရင်တော့ ကျားရှင်းအုပ်စုရဲ့ အထက်ကြီးပိုင်းတွေပဲ ဖြစ်ဖြစ်.. ဒါမှမဟုတ် ကုမ္ပဏီရဲ့ တရားဝင် အထောက်အထားပဲ ဖြစ်ဖြစ် … ဟုန်မန်ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး … သူ့ရဲ့ အရွယ်အစားက ဟောင်ကောင်မှာ ထိပ်တန်းထဲ ဝင်နိုင်ရုံလောက် ရှိတယ်လို့ပဲ ပြောရမယ်… မင်းတို့ ထင်သလောက် အံ့ဩစရာ ကောင်းမနေဘူး …”

“ ဒီရဲ့ ကော်ပိုရေးရှင်းနဲ့ ဟုန်မန်ဂိုဏ်းရဲ့ ဆက်စပ်မှုတွေကတော့.... ငါတို့လည်း ကျုံးဝေ့တပ်ဖွဲ့ရဲ့ အထူးချန်နယ်တွေကနေတဆင့် သိရတာပဲ …”

“ ဝန်လင်ဆိုတဲ့ တစ်ယောက်ကရော …” ချိုးယွီလော့ မေးမြန်းလိုက်ပြီး “ ကျွန်မ မှတ်မိသာမှန်မယ်ဆိုရင် သူ့နာမည် အပြည့်အစုံက ရှန်းဝန်လင် ဖြစ်ရမယ်…”

“ ဒီ အမျိုးသမီး အကြောင်းကတော့ သိပ်မရှိဘူး … သူက အင်္ဂလန်က … ဒါပေမယ့် ဟောင်ကောင်ကို လွန်ခဲ့တဲ့ ငါးနှစ်က ရောက်လာခဲ့တာ … ဖန်းရှစ်ဟုန်ရဲ့ ဘော်ဒီဂတ်အဖြစ်လည်း ခဏ အလုပ်ဝင်ခဲ့ဖူးသေးတယ်… သူ့အကြောင်း ငါတို့ရတာ ဒါအကုန်ပဲ …”

“ ဖန်းရှစ်ဟုန် ….” ချိုးယွီလော့ ရေရွတ်လိုက်ပြီး “ သူက ဟုန်မန်ဂိုဏ်း ခေါင်းဆောင် ဖန်းတောက်ဇူရဲ့သား ဟုတ်တယ်မလား ….”

“ အင်း … အဲ့တာအပြင် ငါတို့ တခြား အဖွဲ့အစည်းကြီးတွေရဲ့ သတင်းအချက်အလက်တွေကိုလည်း စစ်ဆေးခဲ့သေးတယ်…” လျိုဟုန် ပြောလိုက်ပြီး “ အန်းယိဂိုဏ်း ခေါင်းဆောင်မှာက သားတစ်ယောက်နဲ့ သမီးနှစ်ယောက်… ဒါပေမယ့် သူ့အကြီးဆုံးသားက အသက်လေးဆယ်ကျော်ပြီး အဝလွန်နေတယ်… မင်းတို့ ပြောဖူးတဲ့ သွင်ပြင်နဲ့ မကိုက်ညီဘူး ….”

“ ဇီဖူဂိုဏ်းခေါင်းဆောင်မှာက သားနှစ်ယောက်နဲ့ သမီးနှစ်ယောက်… အကြီးဆုံးသားက ဒီနှစ်မှာ အသက် ၂၆ ရှိပြီ … သူက အမေရိကားမှာ … လတ်တလော ဟောင်ကောင်ပြန်လာတဲ့ အရိပ်အယောင်လည်း မမြင်ရဘူး … ကျန်တဲ့ မိန်းကလေးတွေကလည်း ၁၆ နှစ်အရွယ်တွေဆိုတော့ … ပရိုဖိုင်တွေက မကိုက်ညီနေပြန်ဘူး …”

လျိုဟုန် ပြောပြီးနောက် ခေတ္တရပ်တန့်သွားခဲ့သည်။

“ မင်းတို့ ပြောပြတဲ့ သတင်းအချက်အလက်တွေပေါ် အခြေခံပြီး သုံးသပ်ကြည့်ရမယ်ဆိုရင် ဗစ်တိုးရီးယား သင်္ဘောပေါ်မှာ ဗွီဒီယိုကောကနေတဆင့် အမိန့်ပေးနေတဲ့လူက ဖန်းရှစ်ဟုန်ပဲ ဖြစ်ရမယ်… သူ့ဘေးမှာ ရှိတဲ့လူတွေက ချိန်ချန်းရုံ ၊ ရှန်းဝန်လီ … သူတို့ရဲ့ အထောက်အထားတွေကလည်း ဟုန်မန်ဂိုဏ်းကို ညွှန်ပြနေတာပဲ … ဒီတော့ ဖန်းရှစ်ဟုန်ဆိုတာ ကျိန်းသေတယ်….”

ချိုးယွီလော့နှင့် နင်ချဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူမတို့တွေ လျိုဟုန် စကားလုံးများ၏ ဂယက်ရိုက်ခတ်မှုများကို ပြည့်ဝစွာ နားလည်နေသည်။

အကယ်၍ လင်းရီသာ လှုပ်ရှားဆောင်ရွက်မည်ဆိုပါက သူတို့ထဲ မည်သူ့ကိုမျှ အသက်ရှင်ချန်ရစ်ထားမှာ မဟုတ်ချေ။ တစ်ဖက်ခြမ်းက အပြီးသတ်ပျက်သုဉ်းသွားမှသာ ဤကိစ္စလည်း ပြီးဆုံးပေလိမ့်မည်။

အကယ်၍ သတင်းအချက်အလက်များကသာ မှန်ကန်ခြင်း မရှိဘူးဆိုပါက မှားယွင်း သုတ်သင်မိခြင်း အဖြစ်သို့ အဆုံးသတ်သွားလိမ့်မှာ ဖြစ်ပြီး.... ဘော့စ်လျိုလည်း ဤသဘောတရားကို သေချာသိနားလည်လိမ့်မည်ဟု သူတို့ ယုံကြည်သည်။

တစ်နည်းဆိုရသော် ၊ ဖန်းရှစ်ဟုန်က ဤကိစ္စများကို ပြုလုပ်နေကြောင်း ဘော့စ်လျို သေချာနေသောကြောင့်သာ ဖြစ်လိမ့်မည်။

“ တခြား ဘာသတင်းတွေ ရှိသေးလဲ ….” လင်းရီ မေးမြန်းလိုက်၏။ သူ၏ မျက်နှာအမူအရာမှာမူ နက်မှောင်နေသည်။

“ မင်းက ဘာသတင်းကို ဆိုလိုချင်တာ …”

“ အခု နောက်ကွယ်ကနေ အမိန့်ပေးနေတာက ဖန်းရှစ်ဟုန်ဆိုတာ သေချာနေပြီ … ဒါပေမယ့် စီ အဆင့် သွေးရည်ကြည်ကို ဖန်တီးတဲ့လူက သူတို့ မဟုတ်တာတော့ သေချာတယ်… အဲ့အကြောင်း ဘာသတင်းမှ မရှိဘူးလား …”

“ အခုထိတော့ မရှိသေးဘူး …” လျိုဟုန် ခါးသီးစွာ ပြုံးလျက် ပြောလိုက်ပြီး “ ဟုန်မန်ဂိုဏ်းရဲ့ ဒီသတင်းနည်းနည်းလေး ရဖို့တောင် တော်တော်လေး အားထုတ်လိုက်ရတယ်… ငါတို့ လက်ထဲမှာ ရှိထားတဲ့ သတင်းအရင်းအမြစ်တွေနဲ့ စီ အဆင့် သွေးရည်ကြည်ရဲ့ ဖန်တီးသူတွေကို ရှာဖွေဖို့က မဖြစ်နိုင်လုနီးပါးပဲ …”

တက် တက် တက် ….

လင်းရီ၏ လက်ချောင်းများက စားပွဲကို တတက်တက် ခေါက်နေသည်။ ကျုံးဝေ့တပ်ဖွဲ့၏ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၏ သတင်းစုဆောင်းသည့် စွမ်းရည်မှာ လုံးဝ ထိပ်တန်းပင်။ သူတို့ဘက်က တစ်ဖက်အဖွဲ့၏ သတင်းအချက်အလက်များကို ရှာဖွေနိုင်ခြင်း မရှိသည်က တစ်ဖက် ပြိုင်ဘက်၏ ခွန်အားမှာ ကျုံးဝေ့တပ်ဖွဲ့၏ အထက်တွင် ရှိနေရုံမျှမက လုံးလုံးလျားလျား သာလွန်နေကြောင်းကို ဖော်ပြနေသည်။

ဤသည်က ကောင်းမွန်သည့် လက္ခဏာရပ်တော့ မဟုတ်ချေ။

“ ဗစ်တိုးရီးယား သင်္ဘောပေါ်မှာ သူတို့လူတွေ သေသွားခဲ့တာ အလောင်းတွေကနေ ဘာသဲလွန်စမှ မရဘူးလား …” ချိုးယွီလော့ မေးမြန်းလိုက်၏။

“ သင်္ဘောပေါ်က အလောင်းတွေကို ဟောင်ကောင်နဲ့ ဂျပန်ရဲတပ်ဖွဲ့ဘက်က ကိုင်တွယ်တာ ဟောင်ကောင်ဘက်ခြမ်းကတော့ ဘာပြဿနာမှ မရှိဘူး … ဒါပေမယ့် ဂျပန် ရဲတပ်ဖွဲ့ဘက်ကတော့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ အပြင်ကို ပေါက်ကြားမလာဘူး … ငါတို့ရဲ့ ဝင်စွက်ဖက်မှုကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားတယ်… သူတို့ဆီက ဘာသတင်းမှ မရဘူး …”

“ တစ်ယောက်ယောက်ကတော့ ရှိနေပြီ …” နင်ချဲ့ ပြောလိုက်ပြီး “ တကယ်လို့ ပြင်ပ ပရောဂ တစ်ခုခုကြောင့်သာ မဟုတ်ရင် ဂျပန်ရဲတပ်ဘက်က ဒီလို သဘောထားတွေ ပြလာမှာ မဟုတ်ဘူး … ဘာပဲဆိုဆို သူတို့ဘက်က ကူညီပေးဖို့ ကမ်းရိုးတန်းစောင့်တပ်တွေတောင် စေလွှတ်ပေးလာခဲ့တာပဲလေ…”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းကြီးက စီအဆင့် သွေးရည်ကြည်ကို ဖန်တီးသည့်သူ ဖြစ်ဖို့များ၏။

“ အခုလောလောဆယ်တော့ ဒီအတိုင်းထားလိုက်ဦး … ဟောင်ကောင်က ပြဿနာကို အရင်ကိုင်တွယ်ကြတာပေါ့ … ပြီးရင် ကျန်တာကို ဆက်ပြီး ကိုင်တွယ်ကြမယ်…”

“ ကောင်းပြီ .. ငါ အသင်း ၁ ကို အသိပေးထားပြီးပြီ … လူတိုင်းလည်း စုဝေးနေပြီ … ရှောင်ချိုးနဲ့ တခြားသူတွေက ကျိုးဟိုင်မှာနေပြီး သတင်းအချက်အလက်တွေ ပံ့ပိုးပေးလိမ့်မယ်…”

ပြောဆိုပြိးနောက် လျိုဟုန် ခေတ္တရပ်တန့်ကာ “ အလွန်အကျွံ မလုပ်နဲ့ .. ပြီးတော့ အခြေအနေကိုလည်း ထိန်းချုပ်မှုအောက်ကနေ မလွတ်သွားစေနဲ့ …”

“ ကျုပ်စိတ်ထဲမှာ အားလုံးရှိပြီးသား…”

ဖုန်းချပြီးနောက် လင်းရီ သူ့ဖုန်းကို ဖွင့်ကာ မြေပုံကို ခေတ္တကြည့်ရှုလိုက်သည်။

နင်ချဲ့ စကားပြောဆိုလာသည့် အချိန်မှသာ သူ့အတွေးရေယာဉ်ကြောတို့ ပြတ်တောက်သွားခဲ့ရလေသည်။

“ နင်ဘာတွေ ကြည့်နေတာ … အသင်း ၁ က လူခွဲပြီး နင်နဲ့ အတူသွားမှာ … ဘယ်အချိန်စပြီး ထွက်ခွာဖို့ ပြင်ဆင်ထားလဲ …”

“ အခုပဲ … ဒါပေမယ့် ဟောင်ကောင်ကိုတော့ တိုက်ရိုက်မသွားဘူး …” လင်းရီ ပြောလိုက်ပြီး “ ဟုန်မန်ဂိုဏ်းက ဟောင်ကောင်မှာ အတော်လေး လွှမ်းမိုးမှု ရှိထားတယ်ဆိုတော့ အခုချိန် သူတို့ဘက်က အတော်လေး သတိထားနေလောက်တယ်… လေဆိပ်မှာ သူလျှိုတွေ မလွှတ်ထားဘူးလို့ ပြောမရဘူး …”

“ အဲ့တော့ နင် စဉ်းစားထားတာက ….”

“ အရင်ဆုံး ဒူဘိုင်းကို လေယာဉ်နဲ့ သွားမယ်… ပြီးရင် ဒူဘိုင်း - ဟောင်ကောင် - ကွမ်းတုံ လမ်းကြောင်းအတိုင်း ကားနဲ့သွားမယ်… နည်းနည်း နှေးနိုင်တယ်ဆိုပေမယ့် လုံခြုံစိတ်ချရတယ်…” လင်းရီ ပြောလိုက်ပြီး “ အသင်း ၁ ကိုလည်း သတိနဲ့ လှုပ်ရှားပြီး သူတို့ရဲ့ အထောက်အထားတွေကို မဖော်ထုတ်စေမိဖို့ သတိပေးလိုက်ဦး …”

“ ကောင်းပြီ .. ငါနဲ့ အပ်ထားလိုက် … အဲ့တာအပြင် တခြား ဘာလုပ်ပေးဖို့ လိုသေးလဲ …”

လင်းရီ ခေတ္တ အတွေးနက်သွားခဲ့ပြီး “ ဗစ်တိုးရီးယား သင်္ဘောပေါ်မှာ ဒီလောက် ကြီးကြီးမားမား ဖြစ်ပျက်သွားတာကို ငါတို့တွေ ဘယ်လို ကိုင်တွယ်လိုက်လဲ …”

“ ငါ ဖုန်းဆက်ပြီး မေးကြည့်လိုက်မယ်…” ချိုးယွီလော့ ပြောပြီးသည်နှင့် ဖုန်းထုတ်ကာ လျိုဟုန်ထံသို့ ဆက်သွယ်မေးမြန်းလိုက်သည်။ အခြေအနေကို သေချာ နားလည်ပြီးသည်နောက် ချိုးယွီလော့ ပြောပြလာခဲ့၏။

“ အဲ့ဒီ အဖြစ်အပျက်ပြီးကတည်းက အနောက်တိုင်း နိုင်ငံတွေ အကုန်လုံး ဒီကိစ္စအပေါ် အာရုံစိုက်ပြီး စောင့်ကြည့်နေကြတာ အခုဆို နိုင်ငံတကာ ရာဇဝတ်မှု တစ်ခုအနေနဲ့တောင် သတ်မှတ်ထားပြီးပြီ .. ဒါပေမယ့် ဟောင်ကောင်နဲ့ ဒူဘိုင်းမှာ ဖြန့်ထားတဲ့ အေးဂျင့်တွေက ဒီကိစ္စတွေကို အသေးစိတ် စုံစမ်းဖို့ တာဝန်ယူထားတာ ငါကြားတာတော့ ဖြေရှင်းလို့တောင် ပြီးတော့မယ်ဆိုပဲ .. သူတို့ ပြန်လာဖို့တောင် လုပ်နေကြပြီ …”

“ သူတို့ကို အဲ့မှာ ရက်နည်းနည်းလောက် ထပ်နေပြီး စုံစမ်း စစ်ဆေးတာကို ထပ်ပြီး တိုးမြင့်ဖို့ ပြောလိုက် …”

“ ဒါက လှုပ်ရှားမှုကို ဖုံးကွယ်တဲ့ ပရိယာယ်လား …” နင်ချဲ့ မေးမြန်းလာခဲ့သည်။

“ ဟောင်ကောင်နဲ့ ဒူဘိုင်းရုံးတွေက ကျုံးဝေ့တပ်ဖွဲ့နဲ့ မတူညီတဲ့ အဖွဲ့အစည်း နှစ်ခုပဲ …” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ဟောင်ကောင်နဲ့ ဒူဘိုင်းရုံး ဒီကိစ္စမှာ တာဝန်ယူထားတယ်ဆိုရင် တစ်ဖက်လူကို နိုင်ငံရဲ့ အာရုံစူးစိုက်မှုက အပျော်စီး သင်္ဘောပေါ်မှာပဲ ရှိနေပြီး တခြား ဖြစ်ပျက်နေတဲ့ အရာတွေကို သတိထားမိစေမှာ မဟုတ်ဘူး … အဲ့လိုနဲ့ သူတို့ရဲ့ သတိချပ်ထားတာကို ပေါ့ဆသွားစေလိမ့်မယ်…”

“ ကောင်းပြီ .. ငါနားလည်ပြီ …” နင်ချဲ့ ပြောလိုက်၏။

လင်းရီ၏ အတွေးတို့က နားလည်ရန် မခက်ခဲပေ။

ယခု ကျုံးဝေ့တပ်ဖွဲ့က ဟောင်ကောင်အတွင်းသို့ မဝင်ရောက်သ‌ရွေ့ ၊ ဟုန်မန်ဂိုဏ်းရှိ လူများက သူတို့တွေ ပစ်မှတ်ထားခံနေရပြီ ဖြစ်ကြောင်းကို သတိမူမိမှာ မဟုတ်ဘဲ လုံခြုံသည်ဟုသာ ယူဆထားကြလိမ့်မည်။

ဤသို့ဖြင့် သူတို့ နောက်လှမ်းမည့် ခြေလှမ်းတို့က လွယ်ကူသွားနိုင်သည်။

“ ဒီလောက်ပဲ .. တကယ်လို့ တခြားရှိတယ်ဆိုရင် ဖုန်းထဲကနေ အချင်းချင်း ဆက်သွယ်ကြတာပေါ့ .. ငါအရင်သွားနှင့်ပြီ …”

“ ဒူဘိုင်းမှာ နင့်ကို လာကြိုပေးဖို့ တစ်ယောက်ယောက် စီစဉ်ပေးလိုက်မယ်…”

“ အင်း …”

လင်းရီ မတ်တပ်ရပ်၍ အစည်းအဝေးခန်းထဲက ထွက်ခွာသွားခဲ့သည်။

ကျန်လေးယောက်မှာ ထွက်ခွာသွားရစ်သည့် လင်းရီ၏ နောက်ကျောကို ငေးရင်း မကောင်းသည့် ခံစားချက်တို့က ရင်ဘက်ထဲ လှိုင်တက်လာသည်။

ဟုန်မန်ဂိုဏ်း၏ သွေးက ဗစ်တိုးရီးယား ဆိပ်ကမ်းကို နီစွေးသွားစေဖို့ အချိန်ကြာတော့မှာ မဟုတ်ချေ။

All Chapters